← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 14 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 14 Ch. 159-160

အခန်း (၁၅၉ ) - ဒီက မစ္စတာဆန်ကုန်မြေလေးရှင့်၊ ရှင်စိတ်တိုနေတာ သိပေမယ့် အရင်ဆုံး စိတ်တိုမနေပါနဲ့ဦး

သူတို့က ရှီယွီယွဲ့ ဗီလာအပြင်က ကော်ဖီဆိုင်တွင် တွေ့ဆုံခဲ့သည်။

အားလပ်ရက် မဟုတ်သဖြင့် လူများစွာ ရှိမနေပေ။

ပြတင်းပေါက်ဘေးခုံတွင် ထိုင်ကာ ရှန်းမူမူနှင့် ချင်ကျားမူက စုထင်းရန်ကို ဘေးမှ အဖော်ပြုကာ စောင့်ပေးနေသည်။

စုန့်ယွဲ့က တံခါးဖွင့်ကာ ဝင်လာခဲ့သည်။

သူက ဘယ်ညာကြည့်ပြီး စုထင်းရန်ကို တွေ့သွားပြီးသည့်အခါ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

စုထင်းရန်၏ ဘေးက အမျိုးသမီးနှစ်ဦးကို တစ်ခါမှ သူ မတွေ့ဖူးပေ။

သူတို့က စုထင်းရန်၏ သူငယ်ချင်းတွေဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

စုန့်ယွဲ့၏ မျက်နှာထက်က အံ့ဩခြင်းတွေ ပပျောက်သွားပြီး နှုတ်ခမ်းတွေ ကော့တက်သွားခဲ့သည်။

သူ့အမြင်တွင် စုထင်းရန်က အလွန်နူးညံ့ကာ တစ်ပါးသူနှင့် ရန်ဖြစ်စကားများခြင်း၊ ဒေါသထွက်ခြင်းက ရှားပါးသည်။

ယနေ့ ကွာရှင်းရန် ဆွေးနွေးမည့် နေရာကို သူငယ်ချင်းတွေကို ခေါ်လာရသည့် အကြောင်းအရင်းက သိသာသည်။

သူ့ကို လက်မလွှတ်နိုင်သည့် အကြောင်းအရင်းသာ ဖြစ်ပေလိမ့်မည်။

သူ စိတ်ကူးပြောင်းအောင် ပြောပေးဖို့ လူနှစ်ဦး ခေါ်လာခြင်း ဖြစ်နိုင်သည်။

စုန့်ယွဲ့က တိတ်တဆိတ် သက်ပြင်းအေးချလိုက်သည်။

တစ်ဖက်တွင် စုထင်းရန်ကို သေချာနားလည်နေခြင်းကို သူ ကျေးဇူးတင်မိသည်။

တစ်ဖက်တွင်တော့ သနားစရာကောင်းသည်။

စုထင်းရန် သူတို့ဆက်ဆံရေးကို မည်မျှ ပြန်လိုချင်နေပါစေ သူက စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်နေသည်။

သူက ကွာရှင်းမည့် ဆုံးဖြတ်ချက်က ပြောင်းလဲမည် မဟုတ်ပေ။

“ထင်းရန်။” စုန့်ယွဲ့က အတွေးတွေဖြတ်တောက်ပြီး ခေါ်လိုက်သည်။

စုထင်းရန်က ရင်းနှီးသည့်အသံကိုကြားတော့ မော့ကြည့်လိုက်သည်။

ထိုအချိန်တွင် သူမ အတွေးများသွားခဲ့သည်။

ထင်းရန်…..

သူမကို ထိုသို့ မခေါ်သည်မှာ ကြာပြီ ဖြစ်သည်။

သူတို့လက်ထပ်ပြီးကတည်းက သူမကို မိန်းမဟုသာခေါ်ခဲ့သည်။

သူ နာမ်စားပြောင်းခေါ်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ ဆက်ဆံရေးက အရင်လို ပြန်အဆင်ပြေရန် မဖြစ်နိုင်တော့ကြောင်း သူမ လက်ခံသွားခဲ့သည်။

စုထင်းရန်က အသက်ရှူသွင်းပြီး တည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။

စုန့်ယွဲ့ နောက်က လှပသည့် အမျိုးသမီးတစ်ဦးကို သူမ တွေ့သည်။

ထိုအမျိုးသမီး၏ အမူအရာက ကြောက်ရွံ့ခြင်း၊ အနိုင်ရသူအဖြစ် ပျော်ရွှင်ခြင်း စသည့် အမူအရာ နှစ်ခု ရောယှက်နေသည်။

သူမက ဟယ်ချင်းဖြစ်မည်။

ထိုဆန်ကုန်မြေလေးကောင်က မယားငယ်ကို ခေါ်မည်ဟု သူမ မထင်မိခဲ့ပေ။

ထိုလူက အလွန်အရှက်ကင်းမဲ့ကာ ရွံဖွယ်ကောင်းသည်။

ရှန်းမူမူက ဒေါသထွက်နေသော်လည်း ဘာမှ မပြောခဲ့ပေ။ သူမက လက်ထဲက ဖိုင်တွေကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

စုန့်ယွဲ့နှင့် ဟယ်ချင်းက သူတို့၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

လေထုက တင်းကြပ်နေသည်။

ကွာရှင်းစာချုပ် ဆွေးနွေးပွဲ မသက်မသာမှု လျော့နည်းစေရန်အတွက် နှစ်ဖက်လုံးက မည်သူ စကားစပြောမည်ကို စောင့်နေကြသည်။

သို့သော် စကားစပြောသူက မယားငယ် ဖြစ်နေမည်ဟု နှစ်ဖက်စလုံး မမျှော်လင့်ထားခဲ့ပေ။

“အစ်မ ကျွန်မ တောင်းပန်ပါတယ်၊ အစ်မတို့မိသားစုကို ဖြိုခွဲဖို့ မရည်ရွယ်ခဲ့ပါဘူး၊ ကျွန်မ…..”

ဟယ်ချင်းက မျက်လုံးလေး ကလယ်ကလယ်ဖြင့် စုထင်းရန်ကို ထိတ်လန့်စွာ ကြည့်နေသည်။

သူမ စကားမဆုံးသေးခင်မှာပင် မျက်ရည်များ ဝဲတက်လာပြီး လက်နှစ်ဖက်ကိုဆုပ်ကာ ခေါင်းငုံ့လိုက်သည်။

ထိုအခြင်းအရာကို စုန့်ယွဲ့ မြင်တော့ စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ သူက သူမရဲ့ လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးခဲ့သည်။

ထိုအခါ ဟယ်ချင်းက နှုတ်ခမ်းလေးကိုက်ကာ စုထင်းရန်ကို သနားစဖွယ် ထပ်ကြည့်လိုက်သည်။

“အစ်မ ကျွန်မ သူ့ကို တကယ်ချစ်တာပါ၊ ကျွန်မတို့…ကျွန်မတို့ကို အတူတူရှိခွင့်ပေးမလားဟင်။”

ရုတ်တရက်ပင် ခုံ‌ခေါက်သံကို ကြားလိုက်ရလေသည်။

ချင်ကျားမူက လက်ဆစ်ဖြင့် သစ်သားစားပွဲကို ခေါက်ပြီး ဟယ်ချင်းကို ကြည့်လိုက်သည်။

“ဒီနေရာက နင်စကားပြောလို့ရတဲ့နေရာလား။”

သူမ၏ ပြောစကားက ခက်ထန်နေကာ ဟယ်ချင်း အသံတိတ်သွားပြီး စုန့်ယွဲ့၏ အနောက်သို့ ပုန်းကွယ်လိုက်သည်။

စုန့်ယွဲ့က ချင်ကျားမူကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

စုထင်းရန် ခေါ်လာသည့်လူတွေက စုထင်းရန်ကဲ့သို့ နူးညံ့သိမ်မွေ့မည်ဟု သူထင်ခဲ့သည်။

အစကတည်းက ရန်လိုသည့်အသံဖြင့် ပြောလာလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

သူက ပြတင်းပေါက်ဘေးတွင် ထိုင်နေသည့် အမျိုးသမီးကို ကြည့်လိုက်သည်။

သူမက စကားမပြောသော်လည်း သူမ၏ မျက်ဝန်းတွေက တည်ငြိမ်ကာ စူးရှနေသည်။

ထိုအမျိုးသမီးက စကားပြောသည့် အမျိုးသမီးထက် ကိုင်တွယ်ရပိုခက်မည်ဟု စုန့်ယွဲ့ ထင်သည်။

ထိုသို့တွေးပြီး စုန့်ယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။

စုထင်းရန်က ထိုနှစ်ယောက်နှင့် မည်သည့်အချိန်က မိတ်ဆွေဖြစ်ခဲ့သနည်း။ အဘယ်ကြောင့် သူ မသိရသနည်း။

စုန့်ယွဲ့က အကြည့်ကို ပြန်ရုတ်သိမ်းပြီး စုထင်းရန်ကို ကြည့်ကာ မေးလိုက်သည်။ “သူတို့က ဘယ်သူတွေလဲ။”

“ကျွန်မ သူငယ်ချင်းတွေ အဖော်လိုက်လာပေးတာ။” စုထင်းရန်၏ လေသံက အေးစက်နေသည်။

“ပြောစရာရှိတာ ပြောရအောင် စုန့်ယွဲ့။” စုထင်းရန်၏ အကြည့်က ဟယ်ချင်းထံ ရောက်သွားသည်။ သူမက စုန့်ယွဲ့ကို ပြောလိုက်သည်။ “မဆိုင်တာ ဝင်မပြောနဲ့၊ အချိန်ကုန်တယ်။” သူမက ဟယ်ချင်း၏ စုန့်ယွဲ့ကို မည်မျှ ချစ်ကြောင်း ပြောဆိုနေသည်ကို သူမ မကြားချင်ဘူးဟု ဆိုလိုခြင်း ဖြစ်သည်။

ဟယ်ချင်းက ခဏတာ ဆွံ့အသွားပြီး လက်သီးဆုပ်လိုက်သည်။ တစ်ဖက်လူက ဘာမှမပြောချင်မှတော့ သူမ ဘာမှမပြောတော့ပေ။

အရှေ့က လူသာ ကွာရှင်းစာချုပ်တွင် လျင်မြန်စွာ လက်မှတ်ထိုးပေးရန် လိုအပ်သည်။

ယနေ့ သူမ လိုက်လာကတည်းက သူမ ဒေါသထွက်ခံရမည်ကို မျှော်လင့်ပြီးသားဖြစ်သည်။

မည်မျှ ဒေါသထွက်ခံရပါစေ သူမဘေးကလူက သူမအတွက်ဖြင့် တစ်ဖက်အမျိုးသမီးကို ထားခဲ့ဖို့က သူမ၏ ရည်ရွယ်ချက် ဖြစ်သည်။

“ဒါက ငါ ရှေ့နေနဲ့ တိုင်ပင်ထားတဲ့ ကွာရှင်းစာချုပ်ပဲ၊ မင်း ကြည့်ကြည့်လိုက်ဦး...”

စုန့်ယွဲ့က စာရွက်စာတမ်းအိတ်ထဲက ကော်ပီကူးထားသည့် စာရွက်နှစ်ခုကိုထုတ်ကာ ရှေ့တိုးပေးလိုက်သည်။

“တကယ်လို့ ဘာပြဿနာမှ မရှိဘူးဆိုရင် အခုပဲ လက်မှတ်ထိုးလိုက်ရအောင်။”

စုထင်းရန်က စာချုပ်ကိုကြည့်ရုံသာကြည့်ပြီး မကိုင်ခဲ့ပေ။

ထိုအစား သူမက သူမ အိတ်ထဲက စာရွက်စာတမ်းများထုတ်ကာ စုန့်ယွဲ့ကို ပေးလိုက်သည်။

“ဒါလေးကို အရင်ကြည့်ကြည့်ပါဦး။”

စုန့်ယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။ “မင်းလည်း စာချုပ်ပြင်လာတာလား။”

စုထင်းရန်က ထိုသို့ ပြင်ဆင်လာမည်ဟု သူ မထင်မိခဲ့ပေ။

အတိတ်ကဆိုလျှင် သူ ပြောသမျှကို စုထင်းရန် မငြင်းဆန်ခဲ့ပေ။

သူမ ဘယ်လိုလုပ်ပြီး…

ရုတ်တရက်ပင် သူ့ရင်ထဲ ပြည့်တက်လာသည့် ဆုံးရှုံးမှုများကို မထိန်းနိုင်ခဲ့ပေ။

သူတို့ အဆက်အသွယ် မရှိသည့် နေ့ရက်တွေအတွင်း စုထင်းရန်က သူ့ကို ဆွဲထားဖို့ တွေးမနေဘဲ ရှေ့နေနှင့်တွေ့ကာ ကွာရှင်းစာချုပ်ကို ပြင်ဆင်နေခဲ့သဖြင့် သူ့နှလုံးသား နာကျင်နေခဲ့သည်။

ဒါက သူ သိတဲ့ သူ့မိန်းမ ဟုတ်ပါရဲ့လား။

သူမ၏ ပုံစံက သူ့အတွက် အလွန်စိမ်းသက်နေသည်။

စုန့်ယွဲ့က သူ့စိတ်ကိုထိန်းကာ လူကြီးလူကောင်းတစ်ဦး၏ ဂုဏ်သိက္ခာကို ထိန်းထားသည်။ သူက ပေါ့ပါးစွာ ပြောလိုက်သည်။ “ကောင်းပြီ၊ ကြည့်ရအောင်လေ။”

စုန့်ယွဲ့က စာရွက်ကိုကြည့်ပြီး သူ့အမူအရာက အေးစက်သွားသည်။

ဟယ်ချင်းကလည်း သူ့ဘက်ကိုကြည့်ပြီးနောက်တွင် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။

ဟယ်ချင်း၏ အကြည့်က သူမ ပြောသည့် အလွန်ချစ်ရသူထံ ရှိမနေဘဲ စာချုပ်ထက်ကိုသာ အကြည့်ရောက်နေကြောင်း ရှန်းမူမူ သတိထားမိခဲ့သည်။

စုန့်ယွဲ့က စာကြောင်း အနည်းငယ် ဖတ်ကြည့်ပြီးသည့်အခါ မျက်မှောင်ကြုတ်ပြီး စာချုပ်ကို ထပ်မဖတ်တော့ဘဲ မော့ကြည့်လိုက်သည်။

အစောပိုင်းက ဂုဏ်သိက္ခာအပြည့်ရှိနေသည့် သူ့မျက်နှာထားက ယခုတော့ မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေသည်။

“( ၈၀ ) ရာခိုင်နှုန်း ဟုတ်လား၊ ငါ့ပိုင်ဆိုင်မှုရဲ့ ( ၈၀ ) ရာခိုင်နှုန်းကို လိုချင်တာလား။”

စုန့်ယွဲ့က စကားပြောပြီးသည်နှင့် စာချုပ်ကို စားပွဲထက် ချလိုက်သည်။

“ငါ မင်းကို ပိုင်ဆိုင်မှု ( ၈၀ ) ရာခိုင်နှုန်း ပေးရမယ်လို့ ဘာလို့ ထင်တာလဲ။”

ထိုစကားကိုကြားတော့ သတင်းဆိုးကြားရသကဲ့သို့ ဟယ်ချင်း၏ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားခဲ့သည်။ သူမက အတည်ပြုရန်အတွက် စာချုပ်ကို ယူကြည့်လိုက်သည်။

စုန့်ယွဲ့၏ မကျေနပ်သည့် မေးခွန်းကို ကြားသည့်တိုင် စုထင်းရန်က တည်ငြိမ်နေကာ ခေါင်းငြိမ့်ပြီး ဖြေလိုက်သည်။ “အင်း၊ ရှင့်အတွက် ( ၂၀ ) ရာခိုင်နှုန်း ချန်ထားပေးမယ်။”

ယခုနှစ်တွေအတွင်း စုန့်ယွဲ့၏ ကုမ္ပဏီက မည်မျှ တိုးတက်ကာ ဝင်ငွေ မည်မျှရှိကြောင်း သူမ မသိသော်လည်း သူမ ခန့်မှန်းကြည့်နိုင်သည်။

သူမ ( ၈၀ ) ရာခိုင်နှုန်း ယူလိုက်လျှင်တောင် ကျန်သည့် ( ၂၀ ) ရာခိုင်နှုန်း၏ ပမာဏက နည်းပါးမည် မဟုတ်ပေ။

“ငါ့ကို နောက်နေတာလား စုထင်းရန်။”

စုထင်းရန်၏ စကားကို စုန့်ယွဲ့က မဲ့ပြုံးပြုံးလိုက်ကာ စာရွက်ကို လှည့်ပြလိုက်သည်။

“ဘာကိစ္စနဲ့ ငါက မင်းကို ပိုင်ဆိုင်မှု ( ၈၀ ) ရာခိုင်နှုန်း ပေးရမှာလဲ။”

ထိုစကားကိုကြားတော့ စုထင်းရန်၏ မျက်ဝန်းက အနည်းငယ် မည်းနက်သွားခဲ့သည်။ သူမက တည်ငြိမ်စွာပင် စကားလိုက်ပြောခဲ့သည်။ “ဘာကိစ္စအတွက်လဲ ဟုတ်လား။”

စုန့်ယွဲ့က ပိုဒေါသထွက်လာကာ အသံထွက်အောင်ပင် စားပွဲကို ရိုက်လိုက်သည်။

စုထင်းရန် ပြန်မဖြေခင်မှာပင် စုန့်ယွဲ့က ထပ်ပြောလိုက်သည်။ “ငါတို့ လက်ထပ်ထားတဲ့အချိန်အတွင်း မင်းက အိမ်မှာပဲ နေနေပြီး ကုမ္ပဏီကိစ္စတွေမှာ ဝင်မပါခဲ့ဘူး၊ နိယာမအရ မင်းမှာ ( ၈၀ ) ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် မရှိဘူး။”

“ပြီးတော့ အတွင်းရေးအရဆိုရင်….”

စုန့်ယွဲ့က စကားကို ရပ်လိုက်သည်။ သူ ထပ်ပြောမည့်စကားက သူမကို နာကျင်စေမည့်စကားဖြစ်သော်လည်း သူက ဆက်ပြောရန် ဆုံးဖြတ်လိုက်သည်။

“မင်းက စုန့်မိသားစုအတွက် သားသမီးရတနာ မမွေးပေးနိုင်ခဲ့ဘူး၊ တကယ်လို့ မင်းမှာ ကလေးရှိမယ်ဆိုရင်တော့ ပိုပြီး ပိုင်ဆိုင်ခွင့်ရှိတယ်၊ ဒါပေမယ့် အခုအခြေအနေအရဆိုရင် ဒါက တရားလွန်တယ်လို့ မထင်ဘူးလား။”

သူက ဉာဏ်အလင်းရရှိသွားဟန်ဖြင့် ခေါင်းခါလိုက်သည်။

“ဒါမှမဟုတ် ငါ ဘယ်တော့မှ သဘောမတူတဲ့ကိစ္စနဲ့ ချည်နှောင်ပြီး မင်းက မကွာရှင်းအောင်လုပ်ဖို့ ကြံနေတာလား။”

သူက ထိုသို့ပြောပြီးသည့်အခါ စုထင်းရန်၏ မလုံမလဲဖြစ်နေမည့် အပြုအမူကို ရှာဖွေရန်အတွက် စုထင်းရန်၏ မျက်ဝန်းကို စုန့်ယွဲ့က စိုက်ကြည့်နေသည်။

သို့သော် စုထင်းရန်က သူ့ကို ကြည့်မနေပေ။ သူမက ကော်ဖီတစ်ငုံ သောက်လိုက်ပြီး သူမ မျက်ဝန်းထဲတွင် စိတ်ပျက်မှုများသာ ရှိသည်။

စုထင်းရန်က သူ့အတွက် ပို၍ စိမ်းသက်လာသည်ဟု စုန့်ယွဲ့ ခံစားလိုက်ရသည်။

သူ စကားထပ်ပြောမည့်အချိန်တွင် ပြတင်းပေါက်ဘေးက အမျိုးသမီးက စကားပြောလိုက်လေသည်။

သူမ အသံက အလျင်လိုခြင်း၊ နှေးကွေးခြင်း မရှိဘဲ လှောင်ရယ်ခြင်း၊ ရွံရှာခြင်းများသာ ရှိနေသည်။

“ဒီက မစ္စတာဆန်ကုန်မြေလေးရှင့်၊ ရှင်စိတ်တိုနေတာ သိပေမယ့် အရင်ဆုံး စိတ်တိုမနေပါနဲ့ဦး။”

***

အခန်း (၁၆၀ ) - သစ္စာဖောက်နှင့် မယားငယ်

“ရှင်က မေးခွန်းမေးထားမှတော့ ကျွန်မက တစ်ခုချင်းစီ ပြန်ဖြေပေးမယ်။”

ရှန်းမူမူ၏ မျက်နှာက တည်ငြိမ်နေကာ သူမ အရှေ့က ဒေါသထွက်နေသည့် အမျိုးသားကို စေ့စေ့ကြည့်နေသည်။

သူမက ပြောလိုက်သည်။ “ပထမဆုံး မျှမျှတတ ပြောရရင် ထင်းရန်က ဒီနှစ်တွေအတွင်း ကုမ္ပဏီကိစ္စတွေမှာ မပါဝင်ခဲ့ပေမယ့် ဒီနှစ်တွေအတွင်း ရှင်တို့နှစ်ယောက်ပိုင်တဲ့ ရင်းနှီးမြှုပ်နှံတဲ့ငွေတွေကနေ တိုးပွားလာတဲ့ငွေတွေ၊ သူရဲ့ မူလပိုင်ဆိုင်မှူတွေ စတာတွေ ရှိတယ်လေ။”

“ပြီးတော့ ထင်းရန်က အိမ်မှာပဲ နေတယ်လို့ ပြောခဲ့တယ်နော်….”

“ဒီနှစ်တွေအတွင်း အိမ်မှာပဲနေတယ်ဆိုတဲ့ စကားနဲ့ သူ့ထောက်ပံ့မှုတွေကို ပယ်ချလို့ မရဘူး။”

ရှန်းမူမူက စကားရပ်လိုက်ပြီး သူမရဲ့အကြည့်တွေက ပိုစူးရှနေသည်။

“ရှင် နားလည်ထားရမှာ တစ်ခု ရှိတယ်၊ သူ အိမ်မှာနေတယ်ဆိုတာ မဖြစ်မနေ၊ မတတ်နိုင်လို့ နေတာ မဟုတ်ဘဲ၊ သူ့ဆန္ဒအရ သူ စိတ်ပါလို့ ရှင့်မိသားစုကို စောင့်ရှောက်ဖို့ အိမ်မှာ နေခဲ့တာ။”

“အခု သူ ဆန္ဒမရှိတော့ဘူးဆိုတော့ ပိုင်ဆိုင်မှုတွေ ခွဲယူရမှာပဲလေ။”

စုန့်ယွဲ့က ဘာမှ မငြင်းပယ်နိုင်ဘဲ အံ့အားသင့်စွာ နားထောင်နေရသည်။

သို့သော် ရှန်းမူမူက ပြောလို့ မပြီးသေးပေ။

“အခုတော့ မျှမျှတတဖြစ်အောင် ပြောပြီးပြီ၊ အတွင်းရေးကိစ္စ ပြောကြရအောင်။”

“ဒါက အ‌ခြေခံ ဇီဝဗေဒနဲ့ ဆိုင်တယ်…”

ရှန်းမူမူက ခပ်ဖွဖွ ရယ်မောကာ သူမ အသံက လှောင်ပြောင်နေသယောင် စွက်ဖက်သည်။

“ကလေးရဖို့ဆိုတာ လူတစ်ယောက်တည်းနဲ့ မဖြစ်နိုင်တာကို မူလတန်းကလေးတောင် သိတယ်၊ ရှင်က တစ်နှစ်လုံးမှ အိမ်မှာရှိတဲ့အချိန် သိပ်မရှိတာတောင် ကလေးရဖို့ အိပ်မက်မက်နေသေးတယ်၊ ယုတ္တိရှိတာကို တွေးစမ်းပါ။”

“ပြီးတော့ ကလေးသာ ရှိခဲ့မယ်ဆိုရင် ရှင်က စာချုပ်ထဲကအတိုင်း ( ၂၀ ) ရာခိုင်နှုန်းကိုတောင် ရမှာ မဟုတ်ဘူး။”

“ကိုယ့်ကျင့်သိက္ခာမရှိတဲ့ဖခင်၊ တာဝန်ယူမှုမရှိတဲ့ဖခင်ကြောင့် ကလေးတွေ ရလာမယ့် စိတ်ဒဏ်ရာကို ကုသဖို့ဆိုရင် လျော်ကြေး ပိုပေးရမယ် မလား။”

ရှန်းမူမူက စကားကို ရပ်လိုက်သည်။

စုန့်ယွဲ့ကို စကားပြောခွင့်မပေးသည့်အပြင် သူမက ဖိုင်တွဲထဲက စာရွက်ကို ထုတ်ပြလိုက်သည်။

သူမက စာရွက်ကို စုန့်ယွဲ့ရှေ့တွင် ထားလိုက်သည်။

သူမက စာရွက်တွေကို တစ်ရွက်ချင်း ပြသခဲ့သည်။

“ဒါက ထင်းရန် ရှင့်ပိုင်ဆိုင်မှုတွေ တိုးပွားအောင် လုပ်ပေးခဲ့တဲ့ သက်သေတွေ။”

“ဒီနှစ်ရွက်က ဒီနှစ်တွေအတွင်း ထင်းရန်ရဲ့ ပိုင်ဆိုင်မှုကနေ ရလာတဲ့ အမြတ်ငွေ အသေးစိတ်။”

“ဒါက ရင်းနှီးမြှုပ်နှံမှုကနေ ရလာတဲ့ ငွေကြေး။”

“ဪ... ဒါလေးကို သေချာကြည့်ဦး။”

သူမက ဖိုင်အထပ်လိုက်ကို ချပြကာ သူမ၏ အကြည့်တွေက စူးရှနေသည်။

“ဒါက ရှင်နဲ့ ဟယ်ချင်း ဖောက်ပြန်ထားတဲ့ သက်သေတွေ၊ ရှင်တို့တွေ အခန်းထဲ အတူတူ ဝင်သွားတဲ့ သက်သေ၊ ဝီချက်ကနေ အီစီကလီရိုက်ထားတဲ့စာတွေ၊ ဟိုတယ်အခန်း ယူထားတဲ့ သက်သေတွေ…”

“ရပြီ၊ ထပ်မပြောနဲ့တော့။” စုန့်ယွဲ့၏ ခန္ဓာကိုယ်က ဒေါသကြောင့် တောင့်တင်းနေကာ အလျင်စလို ဖြတ်ပြောလိုက်သည်။

“ဘာကိစ္စ ရပ်ရမှာလဲ။” ရှန်းမူမူက ချေပလိုက်သည်။ “ရှင့်မယားငယ်လေးရဲ့ စကား‌ချိုချိုလေးတွေ နားထောင်ပြီး ရှင့်စကားတွေက ဆွဲဆောင်မှုရှိတယ်၊ ယောက်ျားဆန်တယ်လို့များ ထင်နေတာလား။”

“အထင်လွဲမနေနဲ့။” ရှန်းမူမူက စုန့်ယွဲ့၏ မည်းမှောင်နေသည့် အမူအရာကိုကြည့်ကာ ရယ်ချင်စိတ်ကို ထိန်းချုပ်နေသည်။ “ရှင်က မလုံမလဲနဲ့ လေသံအကျယ်ကြီး အော်ဟစ်ပြောဆိုတာက ရှင့်သိက္ခာရှင်ချတာပဲ။”

“အစ်မ ပြောစရာရှိရင် ကျွန်မကို ပြောပါ၊ ကျွန်မက အမှားလုပ်ထားတဲ့လူမလို့ ရိုက်ချင်ရိုက်၊ ဆဲချင်ဆဲပါ၊ ကျွန်မ စိတ်ထဲမထားပါဘူး….”

“ဒါပေမယ့် တောင်းဆိုချက်က မများလွန်း….”

ရှန်းမူမူက မျက်မှောင်ကြုတ်ကာ ကြည့်ပြီး စကားဖြတ်ပြောခံလိုက်ရသည်ကို စိတ်မရှည်ဖြစ်နေဟန်ပေါ်သည်။

ထိုအချင်းအရာကိုမြင်တော့ ဟယ်ချင်း၏ လေသံက သိမ်ဝင်သွားကာ စကားဆက်ပြောလိုက်သည်။ “တောင်းဆိုချက်က မများလွန်းဘူးလား။”

မူလက ရှန်းမူမူက မယားငယ်ကို အာရုံစိုက်ရန် အစီအစဉ် မရှိပေ။

ဆန်ကုန်မြေလေးနှင့် မယားငယ် ဖောက်ပြန်မှုတွင် ဆန်ကုန်မြေလေးက ပိုမှားကာ ပို၍ အပြစ်တင်ခံရမည်ဟု သူမ တွေးခဲ့သည်။

သို့သော် မယားငယ်က အာရုံစိုက်ခံချင်နေသဖြင့် ရှန်းမူမူက ပျော်သွားသည်။

သူမနှင့် ချင်ကျားမူက ထိုရက်တွေအတွင်း အလကား မနေခဲ့ပေ။

ထင်းရန် အတိတ်မှ ရုန်းထွက်နိုင်အောင် အဖော်ပြုပေးရင်း စုန့်ယွဲ့၏ ပြဿနာကို သက်သေများ ရှာဖွေခဲ့သည်။

သူမတို့ ရှာဖွေနေရင်း အံ့ဖွယ်ကောင်းသည်များကိုလည်း တွေ့ခဲ့ရသည်။

“ဟုတ်သားပဲ၊ မင်းမျိုးရိုးနာမည်က ဟယ် ဟုတ်တယ်နော်။” ရှန်းမူမူက စာရွက်စာတမ်းများကို ရှာဖွေလိုက်သည်။

“မစ်ဟယ်က ရန်ပုံငွေတွေနဲ့ လက်ဝတ်ရတနာတွေ အိတ်တွေကို ဝယ်ခဲ့တယ်နော်၊ ဒါတွေက လင်မယား နှစ်ဦးပိုင် ပစ္စည်းတွေ ဖြစ်တာကြောင့် ပစ္စည်းခွဲပေးရမယ့်အထဲမှာ ပါတယ်။”

ဟယ်ချင်း၏ ခန္ဓာကိုယ်က တောင့်တင်းသွားကာ သူမ၏ အမူအရာက ပိုဆိုးသွားသည်။

ထိုအချိန် ဖုန်းမြည်လာခဲ့သည်။

ထိုဖုန်းက စုန့်ယွဲ့၏ ဖုန်း ဖြစ်သည်။

စုန့်ယွဲ့က ဖုန်းကိုကြည့်ရင်း သူ့မျက်နှာထက်တွင် မူမမှန်သည့် အမူအရာ ဖြတ်ပြေးသွားသည်။

ထို့နောက် သူက ဖုန်းကိုကောက်ကိုင်ကာ ထရပ်ပြီး ပြောလိုက်သည်။ “အပြင်မှာ ဖုန်းသွားပြောလိုက်ဦးမယ်။”

စုန့်ယွဲ့ ထွက်သွားသည့်အခါ ရှန်းမူမူနှင့် ချင်ကျားမူတို့က အကြည့်ချင်း ဖလှယ်လိုက်သည်။

မည်သည့်နေရာက ဖုန်းလာသည်ကို သူတို့ သိသည်။

သူတို့နှစ်ဦးက ပြတင်းပေါက်နား ထိုင်နေသဖြင့် အပြင်၌ ဖုန်းပြောနေသည့် စုန့်ယွဲ့၏ မျက်နှာအမူအရာကို မြင်နေရသည်။

သူက အရင်ဆုံး သတိထားနေရာမှာ အံ့ဩထိတ်လန့်သည့်ပုံဖြစ်သွားသည်။

သူက ခါးကိုထောက်လိုက် လက်ပြန်ချလိုက် လုပ်နေသည်။

ကော်ဖီဆိုင်တွင် ဖြစ်သည်။

လူသုံးဦးကို သူမ တစ်ယောက်တည်း မျက်နှာချင်းဆိုင်ရသည့် အခါတွင်တော့ ဟယ်ချင်းက အစောပိုင်းကလို နူးညံ့မနေနိုင်တော့ပေ။

သူမ၏ စိတ်ဓာတ်က ခက်ထန်နေသည်။

“အစ်မ ဒီလောက်ထိ လုပ်စရာ မလိုဘူးမလား၊ အားလုံး ညှိနှိုင်းနေတာပဲလေ၊ လက်မှတ်မြန်မြန်ထိုးလိုက်ပါလား၊ ဒါက အားလုံး အဆင်ပြေမယ့် ကိစ္စပဲလေ။”

အခြေအနေအရ စုထင်းရန်က စုန့်ယွဲ့နှင့် ပြန်ပေါင်းသင်းရန် အစီအစဉ် မရှိကြောင်း ဟယ်ချင်း သိလိုက်သည်။

ထို့ကြောင့် သူတို့၏ ပန်းတိုင်က တစ်ခုတည်း ဖြစ်သည်။

တစ်ဦးက ထိုလူကို ရှင်းထုတ်ချင်နေပြီး တစ်ဦးက သူမ နေရာကို ဝင်ယူချင်နေခြင်း ဖြစ်သည်။

ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးဖို့က အရေးအကြီးဆုံး ဖြစ်သည်။

ချင်ကျားမူက ဟယ်ချင်းကိုကြည့်ပြီး လှောင်ရယ်ကာ ပြောလိုက်သည်။ “ညီမလေး မလောပါနဲ့၊ သူ ပြန်လာရင် လက်မှတ်ကို ချက်ချင်းထိုးပေးမယ်၊ နင့်ကိစ္စကို နောက်မှရှင်းမယ်။”

“!!!” ဟယ်ချင်းက ကြက်သီးထသွားသည်။

သူတို့လေသံက ထူးဆန်းနေတယ်။ မဟုတ်မှလွဲရော…

သူမ အတွေးမဆုံးသေးခင်မှာပင် ကော်ဖီဆိုင်တံခါး ပွင့်လာသည်။

စုန့်ယွဲ့က သူတို့ စားပွဲဝိုင်း မရောက်ခင်မှာပင် စကားစပြောလာခဲ့သည်။

“မင်း ငါ့နောက်ကို တိတ်တဆိတ် စုံစမ်းနေတာလား၊ မင်း ငါ့ကို မပြောဘဲ နိုင်ငံခြားက ဘဏ်အကောင့်တွေ ပိတ်လိုက်တာလား။”

စုန့်ယွဲ့က စုထင်းရန်ကို ကြည့်နေကာ သူ့လေသံတွင် ဒေါသများ မယုံကြည်နိုင်မှုများ ပါဝင်နေသည်။

“ဟုတ်တယ်။” စုထင်းရန်က တိတ်ဆိတ်နေပြီးမှ ပြန်ဖြေကာ မော့ကြည့်လိုက်သည်။

ထိုနူးညံ့သည့် မျက်ဝန်းထဲတွင် စုန့်ယွဲ့ တစ်ခါမှ မမြင်ဖူးသည့် အေးစက်မှုတို့ ပါဝင်နေသည်။

စုထင်းရန်က ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။

“ရှင်လည်း ကျွန်မ ခွင့်ပြုချက် မရဘဲ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းခဲ့တာ မဟုတ်လား။”

“ရှင် ကျွန်မအပေါ်ကို လုပ်ခဲ့တဲ့အတိုင်း ပြန်လုပ်ခဲ့တာလေ၊ ဘာတွေ ဒေါသထွက်နေတာလဲ။”

***

All Chapters