အခန်း ၃၀၂
Vol. 31 Ch. 302
အခန်း (၃၀၂) တာဝါပေါ်တက်ခြင်း - ၉
“ဒီလှေကားက စတုတ္ထထပ်ဖြစ်ဖြစ် တခြားနေရာကို ဖြစ်ဖြစ် ဦးတည်နေမှာပဲ၊ ငါတို့ကို ရှေ့ဆက်သွားခွင့် ပေးသရွေ့တော့ အဆင်ပြေပါတယ်”
ဖုန်းပုကြွယ် ပြောဆိုရင်း သူ့လက်နှိပ်ဓာတ်မီးကို အပေါ်သို့ ထိုးပြလိုက်သည်။
သူတို့လေးဦး၏ ရှေ့တွင် အပေါ်သို့ တက်သွားသော ကြောင်လိမ်လှေကားတစ်ခု ရှိနေလေသည်။ ထိုလှေကားကို ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး ၎င်း၏ ပုံသဏ္ဌာန်မှာ အလွန် ထူးဆန်းလှသည်။ ဗိသုကာပညာအရဆိုလျှင် ဤလှေကားသည် ထောက်တိုင်များ အလုံအလောက်မရှိသဖြင့် တည်ဆောက်ရန် မဖြစ်နိုင်ပါချေ။ သို့သော် ဤအရာက ဂိမ်းတစ်ခု ဖြစ်နေခြင်းနှင့် ဤဇာတ်လမ်းက ယုတ္တိဗေဒ မရှိခြင်းတို့ကို ထည့်တွက်ပါက ဘယ်သူမှ ထိုအချက်ကို အလေးမထားကြတော့ပေ…။
“အင်း… လှေကားထစ်တွေပေါ်မှာ ခြေရာတွေ တကယ်ရှိနေတာပဲ”
ကျိချန်က သေချာကြည့်ရန် အနားသို့ တိုးကပ်ရင်း ဆိုသည်။
“ပြီးတော့ အပေါ်ကို တက်သွားတဲ့ ခြေရာတွေပဲ ရှိတာ…”
ဟုန်ဟူက ဖြည့်စွက်ပြောသည်။
ချိုးဖုန်းက “သူတို့ ဒီအထပ်ကို နောက်ပြန်ဆုတ်လာတဲ့ ခြေရာတွေကို ထည့်မတွက်ရင်… စာခြောက်ရုပ်နဲ့ သံဖြူလူသားက စတုတ္ထထပ်ကို တက်သွားကြပြီး ပြန်မလာတော့တဲ့ သဘောပဲ”
ဖုန်းပုကြွယ်က ဆိုသည်။
“ငါ တတိယထပ်ရဲ့ အပြင်ဘက် ပတ်လည်တစ်ခုလုံးကိုပတ်ပြီး ဧရိယာကို တွက်ချက်ခဲ့တယ်၊ ဒါက မီးလင်းနေတဲ့ အောက်ကနှစ်ထပ်ထက် အများကြီး ပိုကျယ်နေတယ်၊ ဒါက ထင်ရှားတဲ့ နေရာလွတ် ပြဿနာပဲ၊ ကြည့်ရတာ မီးမရှိတာက ဒါကို ဖုံးကွယ်ဖို့ ဖြစ်လိမ့်မယ်”
သူ ခဏရပ်လိုက်သည်။
“ဒီအထပ်ရဲ့ လမ်းညွှန်သဲလွန်စက အနံ့လို့ ငါထင်တယ်၊ ရှာဖွေစုံစမ်းနေတဲ့အချိန်မှာ အလောင်းနံ့ကို ရရုံနဲ့ လူသတ်မှုဖြစ်ပွားရာ နေရာနှစ်ခုထဲက တစ်ခုကို ရှာတွေ့နိုင်တယ်၊ အဲဒီနောက် သွေးစွန်းနေတဲ့ ခြေရာတွေနောက်ကို လိုက်ရင် အခြားနေရာတစ်ခုနဲ့ စတုတ္ထထပ်ကိုတက်မယ့် လှေကားကို ရှာတွေ့နိုင်တာပဲ”
“ဒါဆို… မင်းက ဒီနေရာသုံးခုကလွဲရင် ဒီအထပ်မှာ တခြားသဲလွန်စမရှိတော့ဘူးလို့ ဆုံးဖြတ်လိုက်တာလား”
ဟုန်ဟူက မေးသည်။
“အနည်းဆုံးတော့ ငါ အဲဒီလို ထင်တာပဲ၊သေချာတာပေါ့ … တကယ်လို့ ဒီအထပ်ရဲ့ အလယ်ဧရိယာကို အသေးစိတ် ထပ်ရှာချင်ရင်လည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီလိုကျယ်ဝန်းပြီး မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်မှာ အချိန်အများကြီး ကုန်မှာဖြစ်သလို ရလဒ်လည်း ရှိချင်မှ ရှိမှာ”
ဖုန်းပုကြွယ်က ဆိုသည်။
“အခုအချိန်မှာ အပေါ်မှာ ဘယ်နှစ်ထပ် ကျန်သေးလဲဆိုတာရယ်၊ အဲဒီအထပ်တွေမှာ မီးလင်းမလင်းဆိုတာရယ်က အားလုံးက မသိကိန်းတွေပဲ… ငါတို့ရဲ့ လက်နှိပ်ဓာတ်မီးအားကို ခြွေတာတာ အကောင်းဆုံးပဲ”
“ငါလည်း ဒီအထပ်ကို ထပ်ရှာဖို့ မလိုတော့ဘူးလို့ ထင်တယ်”
ချိုးဖုန်းက ဆိုသည်။
“ညီအစ်ကိုဖုန်းက ပတ်ဝန်းကျင်ဧရိယာကို ရှာဖွေပြီး ပြည့်စုံတဲ့ သတင်းအချက်အလက် ကွင်းဆက်တစ်ခု ဖြစ်ပေါ်စေနိုင်တဲ့ ဒီနေရာသုံးခုကို ရှာတွေ့ခဲ့ပြီးပြီ၊ တကယ်လို့ ငါတို့ ထပ်ရှာမယ်ဆိုရင် လက်နှိပ်ဓာတ်မီးက နှစ်လက်ပဲရှိတာမို့ နှစ်ဖွဲ့ခွဲရလိမ့်မယ်၊ အဲဒါဆို အဖွဲ့တစ်ဖွဲ့ရဲ့ ရှာဖွေမှု ထိရောက်မှုနူန်းက အစ်ကိုဖုန်းရဲ့ နှုန်းထက် အများကြီး နှေးကွေးသွားနိုင်တယ်”
“ငါလည်း သဘောတူတယ်”
ကျိချန်က ဆိုသည်။
ဟုန်ဟူလည်း ပြောလိုက်သည်။
“ငါလည်း ကန့်ကွက်စရာ မရှိပါဘူး၊ ဒါပေမဲ့…”
သူ ကြောင်လိမ်အူလှေကား၏ အဆုံးဆီသို့ မော့ကြည့်လိုက်ရာ ထိုနေရာတွင် မျက်နှာကျက်၌ မြှုပ်နှံထားသော ထောင့်မှန်စတုဂံပုံ သစ်သားတံခါးချပ်တစ်ခု ရှိနေလေသည်။
“အဲဒီ သစ်သားပြားကို ဘယ်သူက သွားတွန်းဖွင့်မှာလဲ၊ တကယ်လို့ အပေါ်မှာ ပုဆိန်တစ်လက် စောင့်နေရင် ဘယ်လိုလုပ်မလဲ…”
“ချိုးဖုန်းကို တံမြက်စည်းသုံးပြီး တွန်းဖွင့်ခိုင်းလိုက်ရုံပေါ့”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“ပုဆိန်က တံမြက်စည်းကိုပဲ ထိမှာလေ”
“မင်းကတော့ သောက်ကျိုးနဲ ပါးနပ်လွန်းတယ်…”
ချိုးဖုန်း ပြန်ပြောလိုက်ရာ ဆဲရေးသံနှင့် ဆင်တူသော ထိုစကားစုမှာ စနစ်၏ စစ်ထုတ်မှုကို မည်သို့မည်ပုံ ကျော်ဖြတ်နိုင်ခဲ့သည်တော့ မသိပါချေ။ သို့သော် သူပြောပြီးနောက်တွင်မူ မတတ်သာသည့် အမူအရာဖြင့် လှေကားအတိုင်း ရှေ့ကဦးဆောင်ကာ တက်သွားခဲ့သည်။
ဖုန်းပုကြွယ် ပခုံးတွန့်လိုက်ပြီး သူ့အသင်းဖော် နှစ်ဦးကို လှမ်းကြည့်လိုက်သည်။ သူတို့သုံးဦးလုံး ဘာမှမပြောဘဲ ပြုံးရုံသာပြုံးလျက် ချိုးဖုန်းနောက်မှ လိုက်ပါသွားကြတော့သည်။
လှေကားက သိပ်မရှည်ချေ။ တစ်ပတ်ခွဲခန့် ပတ်ပြီးနောက် ချိုးဖုန်းသည် မျက်နှာကျက်အမြင့်နားသို့ ရောက်လုနီးပါး ဖြစ်သွား၏။ သူသည် တံမြက်စည်းကို ကောက်ကိုင်၍ အရိုးအစွန်းကို အပေါ်သို့ မြှောက်လျက် သစ်သားတံခါးချပ်ကို တွန်းရန် အသုံးပြုလိုက်သည်။ အားစိုက်တွန်းလိုက်ရာ သစ်သားပြားမှာ တကျီကျီ မြည်သံနှင့်အတူ ပွင့်သွားခဲ့လေသည်။
အလင်းရောင် အနည်းငယ် အောက်သို့ ဖြာကျလာပြီး သစ်သားတံခါးမှတစ်ဆင့် အပေါ်သို့ မော့ကြည့်လိုက်ရာ စတုတ္ထထပ်မှာ အတော်လေး မြင့်မားသော မျက်နှာကျက်ရှိသည့် နေရာလွတ်တစ်ခု ဖြစ်ပုံရသည်။ အနီးနားတွင် ကွေးညွတ်နေသော နံရံတစ်ခု ရှိနေခဲ့သည်။ အလင်းရောင်က ဘေးဘက်မှ လာနေခြင်း ဖြစ်သဖြင့် အလင်းမြစ်ဖျားခံရာနေရာကိုတော့ မသိရသေးချေ။
“ဟေး… ဒါက ဘာအနံ့လဲ…”
ရှေ့ဆုံးတွင် ရပ်နေသော ချိုးဖုန်းသည် သစ်သားပြားကို မလိုက်သည်နှင့်တပြိုင်နက် ထူးဆန်းသော အနံ့ဆိုးတစ်ခုကို ရရှိလိုက်သည်။
“အလောင်း နောက်တစ်လောင်း ဖြစ်ဖို့များတယ်”
ဖုန်းပုကြွယ်က သူ့နောက်မှနေ၍ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ငါ ဒီအတိုင်း တက်သွားရင် အဆင်ပြေပါ့မလား…”
ချိုးဖုန်းက ထပ်မံ မေးမြန်းသည်။
“အလောင်း ဖြစ်နေပြီပဲဥစ္စာ၊ ဘာကြောက်စရာ ရှိလို့လဲ”
ဖုန်းပုကြွယ်က ဆိုသည်။
သူ့စကားလုံးများက ကောက်ချက်ချစရာ အများကြီး ရှိပေသည်။ ကမ္ဘာပေါ်ရှိ လူအများစုသည် အလောင်းများကို ကြောက်လန့်ကြသော်လည်း အခြားလူအများအပြားမှာမူ သေသူများထက် ရှင်နေသူများကို ပိုမို ကြောက်လန့်တတ်ကြပေသည်။
အသက်ကို ခပ်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းပြီးနောက် ချိုးဖုန်းသည် သတ္တိမွေးကာ အပေါ်သို့ ဝုန်းခနဲ တက်သွားလိုက်တော့သည်။ သူ၏ မျက်ကွယ်နေရာ၌ ပုဆိန်တစ်လက် အမှန်တကယ် စောင့်ကြိုနေပါက ချောင်းမြောင်းကြည့်ရှုနေခြင်းက ပိုအန္တရာယ်များကြောင်း သူသိထားသဖြင့် ချက်ချင်း ဝုန်းဒိုင်းကြဲတက်သွားပြီး ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းက ပို၍ ကောင်းမွန်ပေသည်။
သူ့နောက်မှ ကပ်လျက် လိုက်ပါလာသော ဖုန်းပုကြွယ်မှာမူ သက်တောင့်သက်သာနှင့် အေးအေးလူလူ အမူအရာဖြင့် လိုက်ပါလာခဲ့သည်။ အစ်ကိုကြွယ်၏ နောက်တွင် ပိတ်မိနေသော ဟုန်ဟူနှင့် ကျိချန်တို့မှာလည်း သူ့နောက်အတိုင်း လိုက်ပါသွားကြရုံသာ ရှိတော့သည်။
သူတို့လေးဦး စတုတ္ထထပ်သို့ ရောက်ရှိပြီးနောက်တွင်မူ သစ်သားတံခါး၏ အပေါ်ဘက်ရှိ အခြေအနေကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရတော့သည်။
ဒါက လေရဟတ်တစ်ခုရဲ့ အတွင်းပိုင်းပဲ…။
နံရံများကို အုတ်နှင့် သစ်သားများဖြင့် ပြုလုပ်ထားပြီး စက်ဝိုင်းပုံသဏ္ဌာန် ဖြစ်ပေါ်နေလေသည်။ အလင်းရောင်မှာမူ… နေရောင်ခြည် ဖြစ်ပုံရပြီး လေရဟတ်စက်ထိပ်ပိုင်းရှိ ပြတင်းပေါက် အသေးလေးတစ်ခုမှတစ်ဆင့် အတွင်းသို့ ဖြာကျနေခြင်း ဖြစ်သည်။
ထူးဆန်းသော အနံ့ဆိုးနှင့် ပတ်သက်၍မူ… ၎င်းမှာ စာခြောက်ရုပ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကစားသမားလေးဦးသည် လေရဟတ်၏ ဘေးဘက်နံရံပေါ်တွင် ၎င်း၏ အလောင်းကို ရှာတွေ့ခဲ့ကြသည်။ ၎င်း၏ သေဆုံးမှုမှာ သူတို့ တစ်ခါမှ မမြင်ဖူးသည့် ထူးဆန်းဆန်းပြားသော မြင်ကွင်းမျိုး ဖြစ်နေလေသည်။
သံချေးတက်နေသော လှံတစ်စင်းသည် လေရဟတ်၏ အပြင်ဘက်မှနေ၍ အုတ်နံရံကို ဖောက်ထွက်ကာ အတွင်းထဲတွင် ရပ်နေသော စာခြောက်ရုပ်ကို ထိုးစိုက်ထားခြင်း ဖြစ်သည်။ စာခြောက်ရုပ်၏ ခန္ဓာကိုယ်မှာ နံရံပေါ်တွင် ဝက်အူချောင်းတစ်ခုကဲ့သို့ တွဲလောင်း ဆွဲခံထားရခြင်း ဖြစ်သည်။
၎င်း၏ ကောက်ရိုးခေါင်းထဲတွင် စုန်းမ၏ ဦးနှောက်ကို သွတ်သွင်းထားခြင်းဖြစ်ပြီး လှံက ၎င်း၏ ဦးခေါင်းကို ဖောက်ထွက်သွားခဲ့သဖြင့် ဦးနှောက်နှင့် သွေးများမှာ စာခြောက်ရုပ်တစ်ခုလုံးပေါ်သို့ ပေကျံ ဖိတ်စင်နေခဲ့သည်။
“ဘယ်ကနေစပြီး ဝေဖန်ရမှန်းတောင် မသိတော့ဘူး…”
ချိုးဖုန်းက ထိုမြင်ကွင်းကို ကြည့်ရင်း ဆိုသည်။
“အပြင်ထွက်ပြီး ဘာတွေ ဖြစ်နေလဲဆိုတာ ကြည့်လိုက်ရင် သိရမှာပေါ့”
ဖုန်းပုကြွယ်က ပြောပြောဆိုဆိုနှင့် လေရဟတ်၏ တံခါးဆီသို့ လျှောက်လှမ်းသွားကာ ၎င်းကို တွန်းဖွင့်ပြီး ထွက်ရန် ပြင်ဆင်လိုက်သည်။
သူ့အသင်းဖော်များကလည်း သူ့ကို မတားဆီးဘဲ သူ့နောက်မှသာ တိတ်တဆိတ် လိုက်ပါသွားကြသည်။
လေရဟတ်၏ အပြင်ဘက်တွင် ဇာတ်စင်တစ်ခုနှင့် ဆင်တူသော နေရာလွတ်တစ်ခု ရှိနေပေသည်။
စတုတ္ထထပ်မှာ ပထမထပ်နှင့် အရွယ်အစား အတူတူပင်ဖြစ်ပြီး ဆယ်မီတာကျော် မြင့်သော မျက်နှာကျက် ရှိသော်လည်း မည်သည့် ထောက်တိုင်မျှ မရှိချေ။ မျက်နှာကျက်ပေါ်တွင် မိုးပြာရောင် ကောင်းကင်နှင့် တိမ်တိုက်ဖြူဖြူများကို ရေးဆွဲထားပြီး… အဝေးရှိ နံရံလေးခုပေါ်တွင်လည်း ထိုကောင်းကင်နှင့် တိမ်တိုက်များအပြင် စိမ်းလန်းသော တောင်တန်းများနှင့် မြစ်ချောင်းများ၏ ပန်းချီကားများကို ရေးဆွဲထားလေသည်။
မျက်နှာကျက်နှင့် နံရံနှစ်ခုအကြား ထောင့်စွန်းတစ်ခုတွင် စတီးကြိုးလေးချောင်းဖြင့် ဆွဲချိတ်ထားသော “နေမင်းကြီး” တစ်စင်း ရှိနေခဲ့သည်။ ဤအရာမှာ အချင်းသုံးမီတာခန့် ရှိပြီး စက္ကူဖြင့် ပြုလုပ်ထားပုံရသော်လည်း အကြောင်းရင်းတချို့ကြောင့် အမှန်တကယ်ပင် အလင်းရောင်များ ဖြာထွက်နေစေကာ… ၎င်းမှ ထွက်ပေါ်လာသော အလင်းရောင်မှာ နေရောင်ခြည်အစစ်နှင့် ခွဲခြား၍မရဘဲ လူတစ်ယောက်ပေါ်သို့ ကျရောက်လာချိန်၌ အနည်းငယ် နွေးထွေးသော ခံစားချက်ကိုပင် ပေးစွမ်းနိုင်လေသည်။
“တစ်ထပ်ထက် တစ်ထပ် ပိုပြီး ထူးဆန်းလာတာပဲ…”
ကျိချန်က ရေရွတ်လိုက်သည်။
ဖုန်းပုကြွယ်သည် လေရဟတ်၏ တစ်ဝက်ခန့်ကို ပတ်လျှောက်လိုက်ပြီးနောက် စာခြောက်ရုပ် လှံစိုက်ခံရထားခြင်း၏ နောက်ကွယ်က အမှန်တရားကို မြင်တွေ့လိုက်ရသည်။
“ဟမ့်… ငါ သိသားပဲ၊ ဒီကောင် ဖြစ်နေတာကိုး…”
ကျန်သုံးဦးစလုံးလည်း ထိုနေရာသို့ လှမ်းကြည့်လိုက်ကြပြီး မြင်တွေ့လိုက်ရသည်မှာ… လေရဟတ်၏ အပြင်ဘက်တွင် စာခြောက်ရုပ်ကို သတ်ခဲ့သော လှံ၏ နောက်ဘက်တစ်ဝက်က လေထုထဲတွင် တွဲလောင်း ရှိနေဆဲဖြစ်သော်လည်း ထိုလှံကို အသုံးပြု၍ တိုက်ခိုက်ခဲ့သော “မြင်းစီးသူရဲ” မှာမူ မြေပြင်ပေါ်တွင် သေဆုံးနေခဲ့ပြီ ဖြစ်သည်။
သေဆုံးသူမှာ အလယ်ခေတ် မြင်းစီးသူရဲများ ဝတ်ဆင်လေ့ရှိသော စံပြသံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်း၏ ဦးခေါင်းမှာ ၎င်းဝတ်ဆင်ထားသော သံဦးထုပ်နှင့်အတူ ခုတ်ဖြတ်ခံထားရသည်။ ၎င်း၏ လည်ပင်းပေါ်ရှိ ဒဏ်ရာမှာ သန့်စင်နေပြီး ၎င်းမှာ ပုဆိန်ချက် ဖြစ်ကြောင်း ထင်ရှားလှသည်။