အခန်း ၃၀၃
Vol. 31 Ch. 303
အခန်း (၃၀၃) တာဝါပေါ်တက်ခြင်း - ၁၀
ဤစတုတ္ထထပ်၏ ကြမ်းပြင်မှာ စကျင်ကျောက်ပြားများ မခင်းထားတော့ဘဲ ရွှံ့နွံများနှင့် မြက်ခင်းပြင်များသာ ဖြစ်နေလေသည်။
ထိုအချိန်တွင် ပိန်လှီနေသော မြင်းအိုကြီးတစ်ကောင်သည် ခေါင်းပြတ်အလောင်း၏ ဘေးတွင် မြက်စားနေလေသည်။ မြင်းခွာ၊ မြင်းကုန်းနှီးနှင့် ဇက်ကြိုးများကို ကြည့်ခြင်းအားဖြင့် ယင်းသည် ထို “မြင်းစီးသူရဲ” ၏ စီးတော်မြင်းဖြစ်ကြောင်း သံသယဝင်စရာ မလိုပါချေ။
ဖုန်းပုကြွယ်က လျှောက်သွားလိုက်ပြီး ကိုယ်ကိုကိုင်းကာ မြင်းအိုကြီး၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ထိုမြင်းအိုကြီးမှာမူ ဘာတုံ့ပြန်မှုမျှ မရှိဘဲ မြက်သာ ဆက်စားနေခဲ့သည်။
“ဒီတစ်ခါတော့ Don Quixote ရဲ့ အလှည့်ပေါ့…”
ချိုးဖုန်းက ဆိုသည်။
“ဟုတ်တယ်… ဆယ်ကျော်သက်စိတ်ကူးယဉ်ရောဂါလောကမှာ အထွတ်အထိပ် ရောက်နေတဲ့သူပဲ”
ဖုန်းပုကြွယ်က ဆက်ပြောလိုက်သည်။
“တစ်ခါမှ မရှိဖူးသလို ပြိုင်ဘက်လည်း မရှိတဲ့သူပေါ့”
“ဒါဆို… မူရင်းပုံပြင်ထဲကလိုပဲ၊ သူက လေရဟတ်ကြီးကို ဘီလူးကြီးတစ်ကောင်လို့ ထင်ပြီး မြင်းစီးပြီး အတင်းဝင်တိုက်ခဲ့တာပေါ့၊ ပြီးတော့ တတိယထပ်ကနေ အပေါ်ကို တက်ခါစ ရှိသေးတဲ့ စာခြောက်ရုပ်ကို သူ့ရဲ့လှံနဲ့ အမှတ်မထင် ထိုးမိသွားတာပဲ”
ကျိချန်က အခြေအနေနှင့် ဇာတ်လမ်း၏ ယုတ္တိဗေဒအပေါ် အခြေခံ၍ သုံးသပ်ရန် ကြိုးစားလိုက်သည်။
“အဲဒီနောက်မှာ သံဖြူလူသားက လေရဟတ်ထဲကနေ ဝုန်းခနဲ ပြေးထွက်လာပြီး သူ့ကို သတ်ပစ်လိုက်တာ ဖြစ်မယ်”
ဟုန်ဟူ၏ မျက်လုံးများက အနည်းငယ် ပြောင်းလဲသွားသည်။
“ဒါဆို သံဖြူလူသားကော”
သူသည် ပတ်ဝန်းကျင်ကို ထပ်မံ ဝေ့ဝဲကြည့်ရှုလိုက်၏။
“ဒီအထပ်တစ်ထပ်လုံးကို တစ်ချက်ကြည့်ရုံနဲ့ အကုန်မြင်နေရတာ၊ ငါတော့ သူ့ကို မတွေ့ဘူး”
သူ ပြန်လှည့်လာပြီး ပြောလိုက်သည်။
“ပြီးတော့ ပဉ္စမထပ်ကိုတက်မယ့် လမ်းကြောင်းလည်း မတွေ့ဘူး၊ မျက်နှာကျက်တစ်ခုလုံးက အပိတ်ကြီးပဲ”
“ဒီမှာ စာသားတစ်ကြောင်း ရှိနေတယ်၊ ဒါပေမဲ့ ဒါကို သတင်းစကားတစ်ခုလို့ သတ်မှတ်လို့ရမလားတော့ မသိဘူး”
ဖုန်းပုကြွယ် ရုတ်တရက် ပြောလိုက်သည်။ ထိုအချိန်တွင် သူသည် လှံတစ်ဝက်၏ နောက်ဘက်ဘေးတွင် ရပ်နေခြင်း ဖြစ်သည်။
“ကြည့်လိုက်၊ လှံရိုးပေါ်မှာ ရေးထားတာ…”
ထိုစကားကို ကြားသောအခါ အသင်းဖော်များက ဝိုင်းအုံလာကြပြီး သေချာ ကြည့်လိုက်ကြသည်။ သေချာပေသည်၊ လှံရိုးပေါ်တွင် စာသားတစ်ကြောင်းကို ထွင်းထုထားခြင်းဖြစ်သည်။ ၎င်းက စပိန်ဘာသာစကားဖြင့် ဖြစ်ပုံရသော်လည်း ဂိမ်းမီနူးတွင် စနစ်၏ ဘာသာပြန်ချက်ကို ဖော်ပြထားသည်။ “[မင်းရဲ့ ဝမ်းနည်းဖွယ် ကံကြမ္မာဆိုးကို ပြုံးပြုံးလေး ကြိုဆိုလိုက်ပါ၊ ပြီးတော့ ဒီကံဆိုးမှုတွေ အားလုံးကို ဆယ်ဆမကတဲ့ သတ္တိတွေနဲ့ ရင်ဆိုင်လိုက်ပါ။]”
“အင်း…”
ထိုလူစုမှာ နောက်တစ်ကြိမ် နက်နက်နဲနဲ အတွေးနစ်သွားကြပြန်သည်။
“ဒါက ဟန်ပြသက်သက်ပဲလား…”
ချိုးဖုန်းက ဆိုသည်။
“မူရင်းလက်ရာကို အရိပ်အမြွက်ပြတာကလွဲရင် ဒီသတင်းစကားတွေက ဒဿနပိုင်းဆိုင်ရာ ဆွေးနွေးချက်လေးပဲ၊ လူသတ်မှု ဖြစ်ပွားတဲ့နေရာရဲ့ အခြေအနေနဲ့ ယှဉ်ရင် သရော်ထားသလို ဖြစ်နေပေမဲ့ ပဟေဠိဖြေရှင်းဖို့နဲ့တော့ ဘာမှမဆိုင်ဘူး”
ဟုန်ဟူက မျက်မှောင်ကြုတ်လိုက်ပြီး သူ့အတွေးများလည်း ပိတ်ဆို့နေပုံရသည်။
“ပြောရခက်တယ်… နောက်ပိုင်းကျရင် သတင်းစကားတွေ ထပ်ပေါ်လာဦးမှာ ဖြစ်နိုင်တယ်၊ အခုက ငါတို့မှာ ပဟေဠိဖြေရှင်းဖို့ သတင်းအချက်အလက် မလုံလောက်သေးတာပဲ ဖြစ်နိုင်တယ်”
“အင်း၊ အဲဒါ အကြံကောင်းပဲ”
ကျိချန်က ဖြည့်စွက်ပြောသည်။
“တကယ်လို့ ဒီသတင်းစကားတွေကို ဂျစ်ဆောပဟေဠိရဲ့ အပိုင်းအစတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ပုံရဲ့ အလုံးစုံ ဖွဲ့စည်းပုံကို မမြင်ရမချင်း ဒါမှမဟုတ် အပိုင်းအစ ၈၀ ရာခိုင်နှုန်းကျော်ကို မစုမိမချင်း ငါတို့ ပဟေဠိကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”
“အဲဒီလိုဆို ပဉ္စမထပ်ကို ဘယ်လိုတက်ရမလဲဆိုတာကိုပဲ အာရုံစိုက်ကြရအောင်”
ချိုးဖုန်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ပြောလိုက်သည်။
“လောလောဆယ် ငါတို့ဆီမှာ ရှိတဲ့ သဲလွန်စတွေက ဒီလေရဟတ်၊ အလောင်းတစ်လောင်းနဲ့ မြင်းအိုကြီးတစ်ကောင်ပဲ ရှိတာ”
“အဲဒီမြင်းကို ‘ရိုစီနန်တေး’ (Rocinante) လို့ ခေါ်တယ်”
ဖုန်းပုကြွယ်က ဆိုသည်။
“ဘာလဲ”
ချိုးဖုန်းမှာ ဆွံ့အသွားပြီး တစ်ဖက်လူ ဘာကို ဆိုလိုသည်ကို ချက်ချင်း သဘောမပေါက်နိုင် ဖြစ်သွားရသည်။
“ငါက မြင်းနာမည်ကို ပြောတာ မြင်းကို နုရှင်းနန်တွန် (Nuxing Nandun) လို့ ခေါ်တယ်”
ဖုန်းပုကြွယ်က ရှင်းပြလိုက်သည်။
“ဘာလဲ… မင်းဖတ်တဲ့ Don Quixote စာအုပ်က ဘာသာပြန်မတူလို့လား၊ ငါကတော့ ဒီနာမည်က အသံထွက်ရော အဓိပ္ပာယ်ရော ပိုကောင်းတယ်လို့ ထင်တာပဲ…”
“နိုး နိုး နိုး…”
ချိုးဖုန်း စကားဖြတ်ပြောလိုက်သည်။
“ငါ အဲဒီစာအုပ်ကို လုံးဝမဖတ်ဖူးဘူး၊ အကြမ်းဖျင်း အကြောင်းအရာလောက်ပဲ သိတာ၊ ဖတ်ဖူးရင်တောင် မြင်းရဲ့ နာမည်ကို မှတ်မိနေမှာ မဟုတ်ဘူး”
“အိုး… မင်း မဖတ်ဖူးဘူးပေါ့”
ဖုန်းပုကြွယ်က အမူအရာကင်းမဲ့စွာဖြင့် လှောင်ပြောင်လိုက်သည်။
“ဟမ့်… မင်းလည်း မစင်မျိုချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာပဲ ကောင်းမယ်”
“ဟေး အဲဒါကို မဖတ်ဖူးတဲ့ လူတွေ အများကြီး ရှိပါတယ်ကွ၊ သေဖို့အထိတော့ မလိုပါဘူး”
ချိုးဖုန်း အော်ဟစ်လိုက်သည်။
“ဒါနဲ့ အဲဒါက ဘာလို သတ်သေတဲ့ နည်းလမ်းလဲဟ”
ဟုန်ဟူက ဝင်ပြော၏။
“အာ… အဲဒီစာအုပ်က တကယ်ကို တော်တော်လေး ကောင်းပါတယ်”
“ကောင်းတယ် ဟုတ်လား”
ဖုန်းပုကြွယ်သည် စကားဝိုင်းကို ပြေလည်အောင် လုပ်ပေးနေသူထံသို့ အာရုံပြောင်းလိုက်သည်။
“မင်းက ဒါကို ထက်မြက်ပြီး နက်နဲတဲ့၊ ရက်စက်ပြီး ဟာသမြောက်တဲ့၊ ကြေကွဲစရာ ကောင်းတဲ့ မဟာကဗျာကဗျာရှည်ကြီး တစ်ပုဒ်အနေနဲ့ပဲ ကောင်းတယ်လို့ ထင်တာလား”
သူသည် မြေပြင်ပေါ်မှ ဦးခေါင်းကို လေးနက်သောအမူအရာဖြင့် ကောက်ကိုင်လိုက်ပြီး သံဦးထုပ်၏ မျက်နှာဖုံးကိုဖွင့်ကာ အလောင်း၏ ကြောက်မက်ဖွယ်မျက်နှာကို ဖော်ထုတ်လိုက်သည်။
“ဒီလို ရယ်စရာကောင်းပြီး၊ သနားစရာ ကောင်းတဲ့၊ စိတ်မကောင်းဖြစ်ရပေမဲ့ လေးစားဖို့ကောင်းတဲ့ မသေမျိုးပုဂ္ဂိုလ်ကြီးရှေ့မှာ အဲဒီစကားတွေကို ထပ်ပြောရဲသေးတာလား”
“အာ… ငါ မှားသွားပါတယ်”
ဘယ်ကမှန်းမသိသော ဖိအားတစ်ခုကြောင့် ဟုန်ဟူမှာ ထိုစကားကို အမှတ်မထင် ပြန်လည် ဖြေကြားလိုက်မိသည်။
“မင်းက တကယ်ကြီး တောင်းပန်လိုက်တာလား”
ချိုးဖုန်းက အံ့ဩတကြီး ရေရွတ်ရင်း ဖုန်းပုကြွယ်ဘက်သို့ လှည့်လာလေသည်။
“မင်းက စာရေးဆရာလည်း မဟုတ်ဘဲနဲ့ ပရိသတ်တစ်ယောက် သက်သက်ပဲလေ၊ ဘာဖြစ်လို့ ဒီလောက်တောင် တရားမျှတမှုအတွက် ဒေါသထွက်နေရတာလဲ”
“Don Quixote က လက်တွေ့ကျမှုနဲ့ ဇာတ်ကြောင်းပြောပြချက်၊ ကြေကွဲစရာနဲ့ ဟာသ၊ တည်ကြည်မှုနဲ့ အဓိပ္ပာယ်မရှိမှု၊ အောက်တန်းကျမှုနဲ့ ကြီးမြတ်မှုတွေကို တစ်ချိန်တည်း ပိုင်ဆိုင်ထားပြီး အားလုံးကို ချောချောမွေ့မွေ့ ပေါင်းစပ်ထားတာ၊ ဆာဗေးတီးစ် (Cervantes) က သူ့ရဲ့ စကားလုံးတွေနဲ့ ကမ္ဘာကြီးကို စိတ်ကူးစိတ်သန်းတွေ ပေးခဲ့ပြီး လှုပ်ရှားစေခဲ့တာ”
ဖုန်းပုကြွယ်က ဩဝါဒ ချွေတော့သည်။
“ငါ ငယ်ငယ်တုန်းက ဒီစာအုပ်ကို ဖတ်ပြီးကတည်းက ဒီလိုမျိုး ဝေဖန်ပိုင်းခြားမှုရှိတဲ့ လက်တွေ့ဆန်တဲ့ စိတ်ကူးယဉ်လက်ရာမျိုးကို ရေးဖို့ ဆုံးဖြတ်ခဲ့တာ၊ တကယ်လို့ ငါသာ အဲ့ဒါရဲ့ အရည်အသွေး ၃၀ ရာခိုင်နှုန်းလောက်ပဲ ရေးနိုင်ပြီး ထာဝရအမွေအနှစ် ချန်ထားနိုင်ခဲ့ရင်တောင် နောင်တမရှိဘဲ သေပျော်ပါပြီ၊ ငါနဲ့ ဆာဗေးတီးစ်ကြားက သံယောဇဉ်ကို… တစ်နေ့ကုန် ပိုကီဘော (Poké Ball) ထဲမှာပဲ အချိန်ဖြုန်းနေတဲ့ မင်းလိုကောင်က ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး”
“ငါဘယ်မှာ အချိန်ဖြုန်းနေလို့လဲ… ဒီလို ဟာသမျိုးတွေကို ဆက်သုံးနေဖို့ တကယ် လိုအပ်လို့လားဟ”
ချိုးဖုန်းမှာ စကားများပင် ဆွံ့အသွားရသည်။
ကျိချန်းသည် သူ့မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ ခေါင်းခါလိုက်မိသည်။
“ငါတို့ ပဟေဠိဆီကို ပြန်သွားလို့ ရမလား၊ ဒီအပိုင်းက တစ်ဝက်တောင် ကျိုးနေပြီ၊ မင်း ဒီလောက်နဲ့ပဲ တော်လိုက်ပါတော့”
“အိုကေ”
ဖုန်းပုကြွယ် ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်သည်။
“အဓိက အချက်ဆီကို ပြန်သွားကြရအောင်…”
“မင်းက ကွေ့ပတ်ဖို့အတွက်နဲ့တင် ဒီလောက်အကြာကြီး လျှောက်ပြောနေတာကိုး”
ချိုးဖုန်း ညည်းတွားလိုက်မိသည်။
ဖုန်းပုကြွယ်က သူ့ကို လျစ်လျူရှုရင်း ဆက်ပြော၏။
“မင်းတို့ အဲဒါကို မြင်တယ်မလား…”
သူသည် ဦးခေါင်းကို ဂရုတစိုက် ပြန်ချလိုက်ပြီး အဝေးရှိ လင်းထိန်နေသော “နေမင်းကြီး” ထံသို့ လက်ညှိုးထိုးပြလိုက်သည်။
“ဘယ်လိုလုပ် မမြင်ဘဲ နေမလဲ… စက္ကူနေမင်းကြီးက လင်းထိန်နေတာပဲကို”
ကျိချန်က ဆိုသည်။
“တကယ်လို့ စက္ကူနေမင်းကြီးက လင်းနိုင်တယ်ဆိုရင်…”
ဖုန်းပုကြွယ်က ဘေးဘက်သို့ ညွှန်ပြလိုက်သည်။
“နံရံပေါ်မှာ ဆွဲထားတဲ့ စိမ်းလန်းတဲ့ တောင်တန်းတွေ၊ ကြည်လင်တဲ့ ရေပြင်တွေ၊ ပန်းတွေနဲ့ မြက်ပင်တွေကလည်း အသုံးဝင်နိုင်မလား”
စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား၊ စိတ်ဝေဒနာရှင်များတွင် ကျယ်ပြန့်သော စိတ်ကူးစိတ်သန်းများ ရှိတတ်ကြသည်ဟူ၍။အကယ်၍ သူသာ မပြောခဲ့လျှင် ဤတည်ကြည်လှသော ဗျူဟာမှူးကြီးများမှာ ထိုအချက်ကို အမှန်တကယ်ပင် တွေးမိကြမည် မဟုတ်ပါချေ။
အသင်းဖော်သုံးဦးလုံး ရုတ်တရက် သဘောပေါက်သွားကြပြီး ပတ်ဝန်းကျင်ကို ပြန်လည် စူးစမ်းလေ့လာကြတော့သည်။ ဤတစ်ကြိမ်တွင်မူ သူတို့သည် ရုတ်တရက် အသိဉာဏ် ပွင့်လင်းသွားသလိုဖြစ်ကာ ဖြစ်နိုင်ခြေရှိသော သဲလွန်စများစွာကို ရရှိသွားကြသည်။
“အင်း… ပန်းချီကားကနေ ပေးစွမ်းတဲ့ အကွာအဝေး ခံစားချက်အရဆိုရင် ဟိုးက နွားမကြီးက နံရံမျက်နှာပြင်နဲ့ အနီးဆုံး ဖြစ်ပုံရတယ်”
ဟုန်ဟူက နံရံတစ်ခုဆီသို့ ညွှန်ပြရင်း ဆိုသည်။
ဖုန်းပုကြွယ်က ထိုဘက်သို့ တစ်ချက်လှမ်းကြည့်ပြီး လျှောက်သွားလိုက်သည်။ နံရံဘေးတွင် ရပ်လိုက်သောအခါ ပန်းချီကားထဲရှိ နွားမကြီးကို ချည်နှောင်ထားသည့် ကြိုး၏ အစွန်းအနည်းငယ်က နံရံထဲမှ ထွက်နေပြီး ကြိုး၏ ကျန်ရှိသော အစိတ်အပိုင်းများမှာ ပန်းချီကား၏ အစိတ်ပိုင်းတစ်ခုအနေဖြင့် တည်ရှိနေသည်ကို သူ သတိပြုမိလိုက်သည်။
ဤအသေးစိတ် အချက်အလက်ကို အဝေးမှ မမြင်နိုင်သော်လည်း ယခုအခါတွင်မူ ဖုန်းပုကြွယ်သည် တစ်ချက်မျှ ဆွဲလိုက်ရုံဖြင့် ထိုကြိုးကို ပန်းချီကားထဲမှ လွယ်ကူစွာ ဆွဲထုတ်လိုက်နိုင်ခဲ့သည်။ အဲဒီနောက်မှာ နွားမကြီးတစ်ကောင်လုံးသည် “နံရံ” ထဲမှနေ၍ သုံးဖက်မြင် နေရာလွတ်ဖြစ်သော မြက်ခင်းပြင်ပေါ်သို့ ပါလာတော့သည်။
“တကယ်ကြီး အလုပ်ဖြစ်တာပဲ”
ချိုးဖုန်းမှာ အံ့ဩတကြီး ရေရွတ်လိုက်သည်။
ကျိချန်က မေးလိုက်သည်။
“ဒါဆို ငါတို့လည်း နံရံပေါ်မှာ ဆွဲထားတဲ့ ရှုခင်းတွေထဲကို လမ်းလျှောက်ဝင်သွားလို့ ရတာပေါ့”
“မရဘူး”
ဖုန်းပုကြွယ်က သူ့လက်ဝါးကို နံရံပေါ်သို့ ဖိကပ်ရင်း ပြန်ဖြေလိုက်သည်။
“ငါ ဝင်လို့မရဘူး”
ဟုန်ဟူနှင့် အခြားသူများလည်း စမ်းသပ်ကြည့်ကြရာ တကယ်ပင် အလုပ်မဖြစ်ချေ။
“ဒါဆို အခု… ဒီနွားမကြီးကို ငါတို့က ဘာလုပ်ရမှာလဲ…”
ဟုန်ဟူက သူ့မေးစေ့ကို လက်ဖြင့် ထောက်ရင်း ဆိုသည်။
“သူ့ရဲ့ ဂျိုတွေနဲ့ ငါတို့ကို ပဉ္စမထပ်ရောက်အောင် ဝှေ့ခိုင်းလို့တော့ မရဘူးမလား”
“ဟဲ… တွမ်နဲ့ဂျယ်ရီ ကမ္ဘာထဲမှာဆိုရင်တော့ အဲဒါက အလုပ်ဖြစ်နိုင်တာပေါ့”
ချိုးဖုန်းက ရယ်မောလိုက်သည်။
“ဟေး လူကြီးမင်းတို့ရေ”
ရုတ်တရက် ကလေးတစ်ယောက်၏ အသံနှင့် တူသော အခြားအသံတစ်ခု ထွက်ပေါ်လာလေသည်။
ကစားသမား လေးဦးလုံး လှည့်ကြည့်လိုက်ကြရာ အခြားနံရံတစ်ခုပေါ်ရှိ ပန်းချီကားတွင် အနက်ရောင် အစက်အပြောက် သေးသေးလေးတစ်ခု ရှိနေသည်ကို သတိပြုမိလိုက်ကြသည်။ ၎င်းက တဖြည်းဖြည်းနှင့် လူတစ်ယောက်၏ ပုံသဏ္ဌာန်အဖြစ် ကြီးထွားလာပြီး အဝေးမှနေ၍ အနားသို့ တိုးကပ်လာသည့် ပုံရိပ်သက်ရောက်မှုကို ဖြစ်ပေါ်လာစေသည်။
ခဏအကြာတွင် ထိုပုံရိပ်သည် နံရံထဲမှနေ၍ ချောမွေ့စွာ ထွက်ပေါ်လာပြီး ကစားသမားများထံသို့ ပြေးထွက်လာတော့သည်။
၎င်းမှာ အညိုရောင်ဆံပင်ရှိသော ကောင်လေးတစ်ယောက် ဖြစ်ပြီး ဖာထေးထားသည့် အဝတ်ဟောင်းများနှင့် ဦးထုပ်အသေးလေးတစ်ခုကို ဝတ်ဆင်ထား၏။ သူသည် အလွန်စိုးရိမ်တကြီး ပြေးလာပုံရပြီး ဖုန်းပုကြွယ်နှင့် အခြားသူများ၏ ရှေ့သို့ ရောက်ချိန်တွင် အမောတကော ဖြစ်နေသဖြင့် စကားပင် မပြောနိုင် ဖြစ်နေရှာသည်။
“မစိုးရိမ်ပါနဲ့ ကောင်လေး၊ ဖြည်းဖြည်းပြောပါ၊ ငါတို့ ဘယ်မှ မသွားပါဘူး”
ကျိချန်က ကြင်နာစွာ ဆိုသည်။
“ဟူး… ဟူး…”
ကောင်လေးက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ပြောလိုက်သည်။
“ဟူး… လူကြီးမင်းတို့ခင်ဗျာ၊ စိတ်မရှိပါနဲ့… ကျွန်တော်… ကျွန်တော့်ရဲ့ နွားမကြီးကို ပြန်ပေးလို့ ရမလားခင်ဗျာ”
“မင်းကို ပြန်ပေးရမယ် ဟုတ်လား”
ကျိချန်က သံသယဖြင့် မေးမြန်းလိုက်သည်။
“ဒီလိုပါ…ခင်ဗျာ…”
ကောင်လေးက အနည်းငယ် ဝမ်းနည်းပက်လက် အမူအရာဖြင့် ဆိုသည်။
“ကျွန်တော် အမေ့ကို လူကြီးမင်းတို့ ပေးလိုက်တဲ့ မှော်ပဲစေ့တွေ ပြခဲ့တာ၊ အမေက ကျွန်တော့်ကို ဂုဏ်ယူလိမ့်မယ်လို့ ထင်ခဲ့တာပေါ့၊ ဒါပေမဲ့ အမေက စိတ်ဆိုးပြီး ပဲစေ့တွေကို အိမ်အပြင်ဘက်ကို လွှင့်ပစ်လိုက်တယ်၊ ပြီးတော့ ကျွန်တော့်အပေါ် စိတ်ပျက်မိတယ်လို့လည်း ပြောပြီး ကျွန်တော်က လူအ တဲ့”
သူက ထစ်ထစ်ငေါ့ငေါ့ဖြင့် ဆက်ပြောသည်။
“ဒါကြောင့် ကျွန်တော် ပဲစေ့တွေကို အမြန်ပြန်ကောက်ပြီး ပြေးလာခဲ့တာ၊ တော်သေးတာပေါ့ လူကြီးမင်းတို့ ဒီမှာ ရှိနေသေးလို့၊ လူကြီးမင်းတို့၊ ဒီမှော်ပဲစေ့တွေနဲ့ မီကို (Miko - နွားမကြီးရဲ့ နာမည်) ကို ပြန်လဲလို့ ရမလား၊ တောင်းပန်ပါတယ်ဗျာ”
ကောင်လေးက တောင်းပန်တိုးလျှိုးသည့် အကြည့်ဖြင့်ကြည့်၍ သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ထိုလက်ထဲတွင် မှော်ပဲစေ့များပါရှိသော အဝတ်အိတ် သေးသေးလေးတစ်ခု ရှိနေလေသည်။
“ငါတို့ ဒါကို ခဏ ဆွေးနွေးကြရအောင်”
ဖုန်းပုကြွယ် ရုတ်တရက် ကြားဖြတ်ပြောလိုက်ပြီး သူ့အသင်းဖော်များကို လှမ်းကြည့်၍ ထိုဘက်သို့ လာရန် အချက်ပြလိုက်သည်။
သူတို့လေးဦး အတူတူစုဝေးလိုက်ကြပြီး တိုးတိုးတိတ်တိတ် တိုင်ပင်ကြတော့သည်။
“ငါ အခုတော့ နားလည်သွားပြီ… ဒီကလေးက ‘ဂျက်နဲ့ ပဲပင်ကြီး’ (Jack and the Beanstalk) ထဲက ဇာတ်လိုက်မလား”
ချိုးဖုန်းက ဆိုသည်။
“နွားမကြီးကို ထုတ်လိုက်တာက ဖြစ်ရပ်တစ်ခုကို စတင်စေတာပဲ၊ ငါတို့ သူ့ဆီကနေ မှော်ပဲစေ့ကို လဲလိုက်ရုံနဲ့ ပဉ္စမထပ်ကို တက်နိုင်လိမ့်မယ်”
“ဒါပေါ့၊ ငါလည်း အဲဒါကို တွေးမိပြီးသားပါ”
ဖုန်းပုကြွယ်က ဆိုသည်။
ဟုန်ဟူက မေးလိုက်သည်။
“ဒါဆို မင်းက ဘာဖြစ်လို့ ငါတို့ကို ဒီလိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့ပုံစံနဲ့ ခေါ်လာရတာလဲ”
ကျိချန်ကလည်း အစ်ကိုကြွယ်ကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ငါက မင်းတို့ရဲ့ သဘောထားကို မေးရုံတင်ပါ…”
ဖုန်းပုကြွယ်က ဆိုသည်။
“ငါတို့ ဒီကလေးကို ရိုက်သတ်ပြီး ပဲစေ့တွေကို ဒီအတိုင်း လုယူလိုက်ရင်ကော ဘယ်လိုလဲ…”
“မင်းကတော့ တကယ့်ကို နှလုံးသား မရှိတဲ့ကောင်ပဲ…”
“လူမဆန်လိုက်တာ…”
“ကလေးတစ်ယောက်ကိုတောင် မချန်ဘူးလား…”
ဤစကားသုံးခွန်းကို ကြားပြီးနောက်တွင်မူ ဖုန်းပုကြွယ်သည် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်လေသည်။ နောက်တစ်စက္ကန့်တွင် သူသည် တောက်ပသော အပြုံးကြီးဖြင့် ဂျက်လေး၏ အနားသို့ နွားမကြီးကို ဆွဲလျက် လျှောက်သွားကာ ကြင်နာတတ်သော ပုံစံဖြင့် ပြောဆိုလိုက်သည်။
“ဟားဟား၊ ဒါပေါ့၊ ကောင်လေးရဲ့”
သူက နွားမကြီး၏ ကြိုးကို ဂျက်လက်ထဲသို့ ထည့်ပေးရင်း ဆိုသည်။
“နောက်တစ်ခါကျရင် ကတိရှိရမယ်ဆိုတာကို မှတ်ထားဦး၊ ပြီးတော့ သူစိမ်းတွေကို အလွယ်တကူ မယုံနဲ့၊ ဘာမဆို မလုပ်ခင် သေချာစဉ်းစား၊ မင်းရဲ့ အမေကို စိတ်မပျက်စေနဲ့၊ ပါတီနဲ့ နိုင်ငံတော်က မင်းအပေါ် ထားရှိတဲ့ ယုံကြည်မှုကို စောင့်သိပြီး အသုံးဝင်တဲ့ လူတစ်ယောက် ဖြစ်အောင် လုပ်၊ ပြည်သူတွေအတွက်၊ မိခင်နိုင်ငံတော်အတွက်၊ လူသားမျိုးနွယ်စုအတွက် အကျိုးပြုတဲ့သူ ဖြစ်အောင် လုပ်… အင်း… *&...%...&...”
ဟုန်ဟူနှင့် ချိုးဖုန်းတို့သည် အစ်ကိုကြွယ်၏ ပါးစပ်ကို ပိတ်ကာ သူ့ကို အတင်း ဆွဲခေါ်သွားကြတော့သည်။
ကျိချန်က ဂျက်ကလေးကို ကိုးရိုးကားယားဖြင့် ပြောလိုက်သည်။
“အဲဒီ ဦးလေးကြီးပြောတာတွေကို စိတ်ထဲမထားပါနဲ့၊ အိမ် အမြန်ပြန်တော့နော်”
သူပြောဆိုရင်း ဂျက်ကလေး၏ လက်ထဲမှ မှော်ပဲစေ့ကို ယူလိုက်လေသည်။
ဂျက်သည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ကျေးဇူးတင်စကား ပြောကားလိုက်ပြီး နွားမကြီးကို ဆွဲ၍ ပြန်လှည့် ထွက်ခွာသွားတော့သည်…။