အခန်း ၃၀၄
Vol. 31 Ch. 304
အခန်း (၃၀၄) တာဝါပေါ်တက်ခြင်း - ၁၁
မှော်ပဲစေ့များကို ရရှိပြီးနောက်တွင်မူ သူတို့လေးဦးသည် ၎င်းတို့ကို မြေမြှုပ်ရန် အလောမကြီးကြချေ။ ထို့အစား စတုတ္ထအထပ်တစ်ထပ်လုံးကို သေသေချာချာ စေ့စေ့ငုငု စစ်ဆေးရှာဖွေကြလေသည်။
အနီးကပ်ကြည့်ရှုစစ်ဆေးရန် လိုအပ်သော ကြိုးစွန်းကဲ့သို့သော သဲလွန်စမျိုးသည် တစ်ခုတည်း သီးသန့်ရှိနေခြင်းမျိုး မဟုတ်နိုင်သဖြင့် သူတို့ သေသေချာချာ စုံစမ်းစစ်ဆေးရန် လိုအပ်နေခြင်း ဖြစ်သည်။ ထို့ပြင် သူတို့ သိချင်နေသည်မှာ… သံဖြူလူသား ဘယ်ပျောက်သွားသလဲ ဆိုသည်ပင် ဖြစ်သည်။
ယုတ္တိဗေဒအရဆိုလျှင် သံဖြူလူသား၏ ကိုယ်အလေးချိန်ဖြင့် ပျော့ပျောင်းသော ရွှံ့ညွှန်များပေါ်တွင် ခြေရာလက်ရာတစ်ခုခု ချန်ထားခဲ့သင့်သည်။ သို့သော် သူတို့သည် Don Quixote ၏ အလောင်းအနီးနားတွင်သာ ခြေရာအချို့ကို ရှာတွေ့ခဲ့ကြသည်။
အကယ်၍ ခြေရာများသည် နံရံအနီးတွင် ပျောက်ကွယ်သွားပါက သံဖြူလူသားသည် နံရံဆေးရေးပန်းချီထဲ ဝင်သွားသည်ဟု ရှင်းပြ၍ ရနိုင်သော်လည်း လက်ရှိအခြေအနေက ထိုသို့မဟုတ်ပါချေ…။ ခြေရာများသည် နံရံနှင့် အတော်လေးဝေးသော မြက်ခင်းပြင်တစ်ခုထဲတင် ရုတ်တရက် အစပျောက်သွားခဲ့ခြင်းဖြစ်ပြီး သံဖြူလူသားတစ်ယောက် လေထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားသလိုမျိုး ဖြစ်နေလေသည်။
ဤဇာတ်လမ်းထဲက ပဟေဠိများသည် အလွန်များပြားလှပြီး တစ်ခုထက်တစ်ခု ပိုမိုဆန်းကြယ်လာ၏။ ပထမထပ်က ကီတာအဆင့် SCP ကတော့ သွေးပူလေ့ကျင့်ခန်း လုပ်ရုံသက်သက်မျှသာ ရှိပါသေးသည်…။ တတိယထပ်သို့ ရောက်သည့်တိုင် သူတို့သည် Wizard of Oz ၏ လူသတ်မှုဖြစ်ရပ်မှန်တစ်ခုလုံးကို သေချာရေရေရာရာ မသိရသေးသလို အခုလည်း စတုတ္ထထပ်တွင် Don Quixote သေဆုံးခဲ့ပြီး ထို့နောက်တွင် နွားနှင့် ပဲစေ့လဲခဲ့သော ကလေးကလည်း ထပ်ဖြစ်သွားပြီ ဖြစ်သည်။ နောက်ထပ် မည်သည့်အရာများနှင့် ထပ်တိုးမည်နည်းကို ဖုန်းပုကြွယ်ပင် စိတ်မကူးနိုင်တော့ချေ။
ဆယ်မိနစ်ခန့် ရှာဖွေခဲ့ကြသော်လည်း ဘာတိုးတက်မှုမှ မရှိခဲ့သလို မှော်ပဲစေ့များကို ဘယ်နေရာတွင် စိုက်ရမည်နည်းဆိုသည့် ရှင်းလင်းသော သဲလွန်စလည်း မတွေ့ရပါချေ။ ထို့ကြောင့် သူတို့သည် ပဲစေ့စိုက်ရန်အတွက် ကွက်လပ်တစ်ခုကိုသာ စည်းမရှိကမ်းမရှိ ရွေးချယ်လိုက်ကြတော့သည်။
“အခုမှပဲ ဒီအထပ်ရဲ့ ကြမ်းပြင်က ဘာလို့ မြေကြီးတွေ၊ မြက်ခင်းတွေ ဖြစ်နေလဲဆိုတာ နားလည်တော့တယ်”
ချိုးဖုန်းက ဖုန်းပုကြွယ်ပေးထားသည့် ခေါက်ဓားနှင့် မြေကြီးကို တူးဆွရင်း ပြောလိုက်၏။
“အနက်ကြီး မတူးနဲ့ဦး၊ ပုံပြင်ထဲမှာတော့ မှော်ပဲစေ့တွေကို မြေကြီးပေါ် ဒီအတိုင်း ကြဲလိုက်တာနဲ့တင် အပင်ပေါက်လာတာဆိုတော့”
ကျိချန်က သတိပေးလိုက်သည်။
“မင်းတို့ ဘယ်လိုထင်လဲ၊ ပဲစေ့တွေအကုန်လုံး စိုက်လိုက်ရမလား၊ ဒါမှမဟုတ် တစ်စေ့တည်း စိုက်ပြီး တုံ့ပြန်မှုကို အရင်ကြည့်မလား”
ဖုန်းပုကြွယ်က မေးရင်း အိတ်ထဲကနေ မှော်ပဲစေ့တစ်စေ့ကို ထုတ်ယူကာ စစ်ဆေးလိုက်သည်။
“ပစ္စည်းရဲ့ ဖော်ပြချက်မှာ ဒါက ဇာတ်လမ်းသုံးပစ္စည်းလို့ ပြောထားတာပဲမဟုတ်လား”
ဟုန်ဟူက ဆိုသည်။
“ဒီအတိုင်း သိမ်းထားလည်း ဘာမှသုံးစားလို့ ရမှာမဟုတ်ဘူးလေ”
“ဒါမှမဟုတ် ဒါက လျှို့ဝှက်အစွမ်းတွေ ရှိနေမလား၊ ဥပမာ တစ်စေ့စားလိုက်ရင် သွေးအပြည့်နဲ့ ပြန်အသက်ရှင်လာတာမျိုးပေါ့”
ဖုန်းပုကြွယ်က နောက်ပြောင်လိုက်၏။
“အဲဒါက နတ်ပဲစေ့ဟ”
ချိုးဖုန်းက ပြင်ပေးလိုက်သည်။
“ကောင်းပြီလေ”
ဖုန်းပုကြွယ် ပြောရင်း ချိုးဖုန်းအနားသို့ လျှောက်သွားကာ သူတူးထားသည့် ကျင်းလေးထဲသို့ ပဲစေ့တစ်အိတ်လုံး သွန်ထည့်လိုက်လေသည်။
ချိုးဖုန်းသည် မြေကြီးများကို လက်နှင့်ယက်ပြီး အပေါ်ယံတင် ခပ်ဖွဖွလေး ဖုံးအုပ်လိုက်ကာ ဖုန်းပုကြွယ်ထံ ဓားကို ပြန်ကမ်းပေးရင်း လက်က ဖုန်များကို ခါလိုက်သည်။
“ပြီးပြီ”
“သိပ်မကြာခင် အပြောင်းအလဲ ရှိလာမှာပေါ့ ဟုတ်လား”
ကျိချန်က မေးလိုက်သည်။
ဖုန်းပုကြွယ်က ဆိုသည်။
“ဒါမှမဟုတ်… ငါ ရေလောင်းပေးရမလား”
“မင်း ဘာတွေ ကြံစည်နေပြန်တာလဲ…”
ချိုးဖုန်းမှာ တစ်ဖန် ခံစားချက်မကောင်းဖြစ်လာပြန်သဖြင့် ဖုန်းပုကြွယ်ကို မျက်စောင်းထိုးကြည့်လိုက်သည်။
“ဒီဂိမ်းထဲမှာ ဘောင်းဘီချွတ်လို့မရဘူးနော်၊ မဟုတ်ကဟုတ်ကတွေ လျှောက်မတွေးနဲ့ဦး”
“ငါက ရေလောင်းမယ်ပဲပြောတာ၊ သေးပေါက်မယ်လို့ မပြောမိပါဘူး”
ဖုန်းပုကြွယ်က ဆိုသည်။
“မင်းက ငါဂိမ်းစကစားကတည်းက တွေ့ဖူးသမျှလူတွေထဲမှာ အီးအကြောင်း၊ သေးအကြောင်း အပြောဆုံးလူပဲ…”
ဟုန်ဟူတစ်ယောက်ပင် ဆက်သည်းမခံနိုင်တော့ပေ။
“မင်း အရင်က ပြောခဲ့တဲ့စကားတွေအရဆိုရင် မင်းက ယဉ်ကျေးလိမ်မာကျောင်းဆင်း ဖြစ်ပုံရတယ်၊ ဒါပေမဲ့ ဘာလို့ မင်းရဲ့ စကားလုံးတွေက ကျတော့…”
“ငါ့စကားလုံးတွေက ယဉ်ကျေးသိမ်မွေ့နေတော့ကော ဘာထူးမှာလဲ၊ ငါတို့ အလုပ်အကိုင်နယ်ပယ်ထဲမှာ စာပေအသုံးအနှုန်းတွေကို သေသေချာချာ ရွတ်ပြနိုင်ပေမဲ့ စရိုက်ကတော့ ဆဲဆိုတတ်တဲ့သူတွေထက် ပိုကောင်းမနေတဲ့လူတွေ အများကြီးပဲ၊ စကားပုံတစ်ခု ရှိတယ်မဟုတ်လား… ‘ထန်မင်းဆက်နဲ့ စုန့်မင်းဆက် ဧကရာဇ်တွေတောင် စာပေအရာမှာ အနည်းငယ် ညံ့ဖျင်းကြသေးတာပဲ၊ ဒါပေမဲ့ အောက်တန်းကျတဲ့ လူရမ်းကားတွေကတော့ ဒီနေ့ခေတ်အထိ အကောင်းဆုံးအဖြစ် မြင်တွေ့နေရတုန်းပဲ’ ပေါ့”
ဖုန်းပုကြွယ်က စကားပြောရင်း နံရံတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။ နံရံနား ရောက်သောအခါ သူဆောင့်ကြောင့်ထိုင်ချလိုက်ပြီး နံရံဆေးရေးပန်းချီထဲတွင် သရုပ်ဖော်ထားသည့် စမ်းချောင်းထဲကနေ သူ၏ငွေရောင်မှော်ဖိနပ်များကို သုံး၍ ရေအချို့ကို ခပ်ယူလိုက်လေသည်။
“အိုး… ဒီလိုနည်းလမ်းလည်း ရှိတာပဲကိုး”
ချိုးဖုန်းသည် ဖုန်းပုကြွယ်တစ်ယောက် ရေခပ်ပြီး ပြန်လာသည်ကို မြင်တော့မှ သူ့သဘောထားကို နားလည်သွားတော့သည်။
ဖိနပ်နှစ်ဖက်ထဲက ရေများကို မြေကြီးပေါ်သို့ လောင်းချလိုက်သည်။ ရေများသည် မြေကြီးထဲသို့ ချက်ချင်း စိမ့်ဝင်သွားပြီး ပဲစေ့မြှုပ်ထားသည့် မြေပုံလေးသည် ချက်ချင်းပင် အနည်းငယ် လှုပ်ရှားလာလေသည်။
သူတို့လေးဦးလုံးသည် တုံ့ပြန်မှု မြန်ဆန်ကြသူများဖြစ်သဖြင့် တစ်ခုခု ဖြစ်တော့မည်ဆိုသည်ကို အချင်းချင်း သတိပေးစရာပင်မလိုဘဲ အလိုအလျောက် သိလိုက်ကြကာ အားလုံးက အကွာအဝေးတစ်ခုအထိ နောက်သို့ ဆုတ်ခွာလိုက်ကြ၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ တော်လဲသံကြီးတစ်ခု မြည်ဟည်းလာလေသည်။
မျှော်စင်ကြီးတစ်ခုနီးပါး ထူထဲလှသော ပဲပင်ပင်စည်ကြီးတစ်ခုသည် နဂါးတစ်ကောင် အပေါ်သို့ ဒုန်းစိုင်းပြေးတက်သွားသလိုမျိုး မြေကြီးထဲကနေ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ပဲပင်ပင်စည်၏ ထိပ်ဖျားမှ ချွန်ထက်သောအဖူးသည် လွန်သွားတစ်ခုပုံသဏ္ဌာန်ရှိပြီး ၎င်းနောက်က ပင်စည်ကတော့ လိမ်ယှက်တွန့်လိမ်ကာ ကျစ်ဆံမြီးပုံသဏ္ဌာန် ဖြစ်ပေါ်နေခဲ့သည်။
ကစားသမားများသည် ထိုပဲပင်ကြီးက စတုတ္ထထပ်၏ မျက်နှာကျက်ကို ဖောက်ထွက်သွားလိမ့်မည်ဟု မျှော်လင့်ထားကြသော်လည်း မမျှော်လင့်ဘဲ မျက်နှာကျက်ပေါ်တွင် ဆေးဖြင့်ရေးဆွဲထားသည့် “ကောင်းကင်” ထဲသို့ တိုက်ရိုက် တိုးဝင်သွားခဲ့သည်။
ငါးမိနစ်ခန့် ကြာပြီးနောက်တွင်မူ ပဲပင်ကြီးသည် ဆက်မကြီးထွားတော့ဘဲ ငြိမ်သက်သွား၏။
လေးဦးသား အပေါ်သို့ မော့ကြည့်လိုက်ကြရာ ပဲပင်စည်၏ ထိပ်ဖျား သို့မဟုတ် “တိမ်တိုက်များ” အပေါ်က အရာများကိုကော မမြင်ရချေ။
“အင်း… ငါတို့ ဒီဇာတ်ဝင်ခန်းထဲကို ဝင်လို့ မရလောက်ဘူးထင်တယ်…”
ကျိချန်က ဆိုသည်။
“မသေချာသေးဘူး”
ဟုန်ဟူက သူ့မျက်မှန်ကို ပင့်တင်ရင်း အပေါ်သို့ မော့ကြည့်လိုက်သည်။
“ငါတို့က ဘေးပတ်ပတ်လည်က နံရံလေးခုကိုပဲ စမ်းသပ်ကြည့်ရသေးတာ၊ မျက်နှာကျက်ကိုတော့ မစမ်းရသေးဘူးလေ…”
“တကယ်လို့ ငါတို့က ပဲပင်ပင်စည်အတိုင်း အဲဒီ ‘ကောင်းကင်’ ထဲကို တကယ်တက်လို့ ရတယ်လို့ပဲ ယူဆရင်တောင် အမြင့်ကို ကြည့်ရသလောက်တော့… ၁ ကီလိုမီတာ ဒါမှမဟုတ် ၂ ကီလိုမီတာအတွင်းတော့ အပေါ်ကို ရောက်နိုင်မှာ မဟုတ်ဘူး”
ချိုးဖုန်းက ပြောလိုက်သည်။
ဖုန်းပုကြွယ်က သက်ပြင်းတစ်ချက်ချ ဆိုသည်။
“အာ… ငါအရင်တုန်းက ဒီလို မြင့်တဲ့နေရာမျိုးကို တက်ခဲ့ဖူးပြီး မျှော်စင်ထိပ်က အင်မော်တယ်တစ်ပါးဆီကနေ နတ်ရေစင်ကို လုယူခဲ့ဖူးတာ မှတ်မိသေးတယ်…”
“အဲဒါ ကာရင်မျှော်စင် (Karin Tower) ကွ”
ချိုးဖုန်းက အော်ပြောလိုက်သည်။
“ဒါပေမဲ့… ကျိချန်က ဦးထုပ်ဆောင်းထားလို့ အဆင်ပြေပေမဲ့ ချိုးဖုန်းက တံမြက်စည်းကြီး ကိုင်ပြီး ဘယ်လိုလုပ် တက်မှာလဲ”
ဟုန်ဟူက ဆိုသည်။
“ပါးစပ်ထဲမှာ ကိုက်ထားရင်ကော ဘယ်လိုလဲ”
ဖုန်းပုကြွယ်က အကြံပြုလိုက်သည်။
“မင်းပဲ လုပ်လိုက်”
ချိုးဖုန်းက တံမြက်စည်းကို ဖုန်းပုကြွယ်လက်ထဲသို့ မဆိုင်းမတွ ကမ်းပေးလိုက်သည်။
“ရတာပေါ့”
ဖုန်းပုကြွယ်က မမျှော်လင့်ဘဲ အလွယ်တကူ သဘောတူလိုက်ပြီး သူကိုင်ထားသည့် ဖိနပ်များကို ပြန်ကမ်းပေးလိုက်သည်။
“ဒါကို ခဏကိုင်ထားပေးဦး”
ချိုးဖုန်းတစ်ယောက် လုံးဝကို ဆွံ့အသွားရလေသည်။ သူက ဖိနပ်များကို ကြောင်တောင်တောင်နှင့် လှမ်းယူပြီး သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည် (ချိုးဖုန်း၏ အိတ်ကပ်များသည် ဖုန်းပုကြွယ်၏ ဝတ်စုံအိတ်ကပ်များထက် ပိုကြီးပါသည်)။ ထို့နောက်တွင်မူ… ဖုန်းပုကြွယ်သည် တံမြက်စည်းကို ပါးစပ်ထဲတွင် အလျားလိုက် ကိုက်လိုက်ပြီး ပဲပင်ပင်စည်ဆီသို့ အေးအေးလူလူ လျှောက်သွားသည်ကို အံ့ဩမှင်သက်စွာ ကြည့်နေမိတော့သည်။
“ငါ ဓားသုံးချောင်းစတိုင်အကွက်ကို လေ့ကျင့်တုန်းကလည်း ဒီထက်တောင် ပိုထူတဲ့ ဓားရိုးကို တစ်နေ့လုံး ကိုက်ထားခဲ့ရတာ မှတ်မိသေးတယ်…”
ဖုန်းပုကြွယ်သည် ပါးစပ်ထဲတွင် တံမြက်စည်းရိုးကြီး ပြည့်နေသဖြင့် သွားရည်များ တစက်စက်ကျရင်း ဗလုံးဗထွေး ရေရွတ်နေရသည်။
“ငါ မင်းတို့ကို ၅ ပြားကြေး လောင်းရဲတယ်၊ ဒီကောင်ကတော့ တကယ့်ကို စိတ်မမှန်တဲ့ကောင်ပဲ…”
ချိုးဖုန်းသည် ဖုန်းပုကြွယ်၏ နောက်ကျောကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
သူ့ဘေးက ကျိချန်နဲ့ ဟုန်ဟူကလည်း ပြိုင်တူ ပြန်ဖြေလိုက်ကြ၏။
“ဒီလောက် သိသာထင်ရှားနေတဲ့အရာကို လောင်းနေဖို့ လိုဦးမလားဟ…”
…
သူတို့လေးဦးလုံးသည် ဂိမ်းထဲတွင် သာမန်လူများထက် အဆမတန် သာလွန်သော ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များ ရှိကြသဖြင့် ပဲပင်ပင်စည်ပေါ် တက်ရသည်မှာ အတော်လေး လွယ်ကူလှသည်။ မကြာမှီ သူတို့သည် မျက်နှာကျက်ပေါ်တွင် ဆေးဖြင့်ရေးဆွဲထားသည့် “ကောင်းကင်” ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြသည်။ သို့သော်လည်း သူတို့အမြင်က ကြည့်မည်ဆိုပါက ပတ်ဝန်းကျင်က ကမ္ဘာကြီးသည် သုံးဖက်မြင်အတိုင်းပဲ ရှိနေဆဲပင်။
ယခုအချိန်မှစ၍ သူတို့ ဘယ်နှစ်ထပ်ကို ရောက်နေသည်ကို ပြောရန် မဖြစ်နိုင်တော့ပါချေ။ အကွာအဝေးအရဆိုလျှင် မိနစ်နှစ်ဆယ်ခန့် ဆက်တိုက်တက်ပြီးသည့်နောက် သူတို့ လေးဦးသည် ဘယ်အဆောက်အအုံမျိုး၏ အမြင့်ထက်မဆို ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။
သူတို့သည် တောက်လျှောက် တက်လာကြရင်း… မိနစ်နှစ်ဆယ်ခန့် ကြာသောအခါ ရွှေရောင်တိမ်တိုက်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။ ထိုတိမ်တိုက်သည် ထင်ထင်ရှားရှားပင် အခိုင်အမာ ဖြစ်တည်နေပြီး ပဲပင်ပင်စည်၏ ဘေးနားတင် ရှိနေခြင်း ဖြစ်သည်။ ပဲပင်ပင်စည်မှ ထွက်ပေါ်နေသည့် ဧရာမသစ်ရွက်ကြီးတစ်ခုသည် တိမ်တိုက်များဆီသို့ ဦးတည် ဖြန့်ကျက်ထားပြီး အစွန်းပိုင်းကတော့ အောက်သို့ တွဲလောင်းကျနေ၏။
ထိုကဲ့သို့ ရှင်းလင်းသောလမ်းကြောင်းတစ်ခုကို မြင်လိုက်ရသဖြင့် လေးဦးသား ချက်ချင်း စိတ်လှုပ်ရှားသွားကြပြီး အရှိန်မြှင့်၍ တက်လိုက်ကြရာ နှစ်မိနစ်အကြာတွင်မူ တိမ်တိုက်များပေါ်သို့ ခုန်တက်နိုင်ခဲ့ကြသည်။
ရွှေရောင်တိမ်တိုက်များပေါ်တွင် မတ်တတ်ရပ်လိုက်ချိန်၌ သူတို့၏ အမြင်အာရုံသည် သိသိသာသာ ကျယ်ပြန့်သွားလေသည်။ ယင်းသည် တိမ်တိုက်များပေါ်ရှိ ကုန်းမြေတိုက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး အရာအားလုံး ရွှေရောင်တောက်ပမှုများနှင့် လွှမ်းခြုံထားသည်။
မီတာတစ်ရာကျော်အကွာတွင်မူ ဒဏ္ဍာရီပုံပြင်များထဲကကဲ့သို့ ရဲတိုက်ကြီးတစ်ခု ရှိနေပြီး ၎င်းက ဒစ္စနေး (Disney) စတိုင် အထင်အရှား ဖြစ်နေပေသည်။ အဝေးသို့ လှမ်းကြည့်လိုက်ပါက ရဲတိုက်၏ အမြင့်ဆုံး မျှော်စင်ထိပ်ဖျားကို မရေမရာ မြင်တွေ့နေရသည်။ ထိုနေရာတွင် ရှည်လျားလှသော လှေကားတစ်ခုက တိမ်တိုက်များ၏ အထက်ဆီသို့ တောက်လျှောက် ဆန့်တန်းနေလေသည်။
“အဲဒီ လှေကားက ငါတို့ကို ပဉ္စမထပ်ကို ခေါ်သွားမယ့် လှေကားဖြစ်မယ်မလား”
ဖုန်းပုကြွယ်က ဆိုသည်။
“မင်းမှာ အဆောက်အအုံရဲ့ အထပ်တွေဆိုတဲ့ အယူအဆတွေ ရှိနေသေးတာလား”
ချိုးဖုန်းက ပြောလိုက်သည်။
“အထပ်တွေထက်စာရင် ငါ ပိုစိတ်ဝင်စားတာက… သံဖြူလူသားက ဘယ်ပျောက်သွားတာလဲ ဆိုတာပဲ၊ ငါတို့ အပေါ်ထပ်တွေမှာ သူ့ကို တွေ့ရဦးမှာလား”
ဟုန်ဟူက တွေးတောရင်း ဆို၏။
“လက်ရှိ အခြေအနေကိုပဲ အရင်အာရုံစိုက်သင့်တယ်လို့ ထင်တယ်”
ကျိချန်က ပြောသည်။
“တကယ်လို့ ငါတို့က ‘ဂျက်နဲ့ ပဲပင်’ ပုံပြင်ထဲမှာ ရှိနေသေးတာဆိုရင်၊ ရှေ့က ရဲတိုက်ကြီးထဲမှာ… ဘီလူးကြီးတစ်ကောင်နေနေရင် ဘယ်လိုလုပ်မလဲ”
“ကဲ… မင်းရဲ့ တံမြက်စည်း ပြန်ယူတော့”
ဖုန်းပုကြွယ်သည် သူတို့၏ စကားများကို ဂရုမစိုက်ဘဲ တံမြက်စည်းကို ချိုးဖုန်းထံသို့ ကမ်းပေးလိုက်သည်။
“မင်းပဲ ဆက်ကိုင်ထားလိုက်ပါ၊ ငါက ဖိနပ်တွေကို ဘေးကင်းအောင် သိမ်းထားပေးမယ်”
ချိုးဖုန်းသည် သွားရည်များ ပေကျံနေသည့် တံမြက်စည်းကို ပြန်မကိုင်ချင်သဖြင့် ငြင်းလိုက်သည်။
“တကယ်လား…”
ဖုန်းပုကြွယ်က လေသံကို ရှည်ရှည်ဆွဲ၍ မေးလိုက်လေသည်။
“သေချာတာပေါ့”
ချိုးဖုန်းက ပြန်ဖြေသည်။
“အိုကေလေ”
ဖုန်းပုကြွယ်က လွယ်လွယ်ကူကူပင် ထပ်မံသဘောတူလိုက်ပြန်လေသည်။ ထို့နောက် သူသည် တံမြက်စည်းကို သူ့လည်ပင်းနောက်တွင် အလျားလိုက်တင်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ တံမြက်စည်း၏ အစွန်းနှစ်ဖက်ပေါ်တွင် လက်ကောက်ဝတ်များကို တင်ထားရင်း ရဲတိုက်ဆီသို့ ယိမ်းထိုးကာ လျှောက်သွားလိုက်တော့သည်။ သူသည် သီချင်းတစ်ပုဒ်ကိုလည်း ညည်းဆိုနေသေးသည်။
“ဒုက္ခပင်လယ်ပြင်ကြီးထဲမှာ~ ချစ်ခြင်းနဲ့ မုန်းခြင်းတွေ ဖြစ်ပေါ်လာတယ်~ ဒီလောကကြီးထဲမှာတော့~ ကံကြမ္မာကနေ လွတ်မြောက်ဖို့ ခက်ခဲလှပါတယ်~”
“ဟဲ… ဟားဟား…”
ဟုန်ဟူတစ်ယောက် မအောင့်နိုင်ဘဲ ရယ်မောလိုက်မိ၏။
“သူကတော့ တကယ့်ကို… ဘယ်လို အခြေအနေမျိုးမှာမဆို ပျော်အောင် နေနိုင်တာပဲ”
“အဲဒီအချက်ကိုတော့ သူ့ကို မချီးကျူးဘဲ မနေနိုင်ဘူး”
ကျိချန်ကလည်း သဘောတူလိုက်သည်။
သုံးဦးသားသည် ရဲတိုက်ဆီသို့ အစ်ကိုကြွယ်နောက်မှ လိုက်ပါလာကြပြီး မိနစ်အနည်းငယ်အကြာတွင် တံခါးဝသို့ ရောက်ရှိလာကြလေသည်။
“ဒီကို ရောက်တော့မှပဲ ရှင်းရှင်းလင်းလင်း သိရတော့တယ်”
ဖုန်းပုကြွယ်က ဆိုသည်။
“အနည်းဆုံးတော့ ဒီတံခါးရဲ့ အရွယ်အစားကို ကြည့်ရသလောက် ဒီရဲတိုက်ထဲမှာ ဘီလူးတွေနေတာ မဟုတ်ဘူး”
သူ ပြောသည်မှာ မှန်ပါသည်။ တံခါး၏ အမြင့်နှင့် အနံက ကြီးမားသော်လည်း ယင်းသည် သာမန်အရွယ်အစားရှိသော လူသားများအတွက်သာ ဒီဇိုင်းဆွဲထားခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
“ဒါဆို ငါတို့ တံခါးခေါက်ရမလား၊ ဒါမှမဟုတ်…”
ကျိချန် စကားမဆုံးသေးမီမှာပင် ဖုန်းပုကြွယ်သည် ၁၀မီတာခန့်အကွာအထိ နောက်သို့ ဆုတ်ခွာသွားခဲ့ချေပြီ။
“ငါ မင်းတို့ကို စိတ်ဓာတ်ပိုင်းအရ ပံ့ပိုးပေးမယ်”
သူသည် ယင်းမှာ အလွန်သဘာဝကျသောအရာတစ်ခုကဲ့သို့ နောက်ကနေ အော်ပြောလိုက်လေသည်။
“ဒါဆို ဒီတစ်ကြိမ်တော့ ငါပဲ တံခါးခေါက်လိုက်မယ်”
ကျိချန်က ဆို၏။ သူသည် အခုထိ အလှည့်မကျသေးသဖြင့် အလှည့်ကျစနစ်အရ ဒီတစ်ကြိမ်သည် သူ့အလှည့်ဖြစ်သည်။
ဒုန်း၊ ဒုန်း၊ ဒုန်း။
ကျိချန်သည် တံခါးပေါ်က ကွင်းကြီးကို ဆုပ်ကိုင်ပြီး သုံးကြိမ် ခေါက်လိုက်သည်။ စက္ကန့်နှစ်ဆယ်ခန့် ကြာသည့်အထိ အတွင်းမှ ဘာတုံ့ပြန်မှုမှ မရှိသဖြင့် သူ နောက်ထပ်သုံးကြိမ် ထပ်ခေါက်လိုက်ပြန်သည်။
တစ်မိနစ်ခန့် ကြာသွားသော်လည်း ဘာလှုပ်ရှားမှုမှ မရှိပါချေ။
သူတို့ လူခွဲ၍ ပြတင်းပေါက်များကနေတစ်ဆင့် အထဲကို ချောင်းကြည့်ရန် ကြိုးစားခဲ့ကြသော်လည်း ရဲတိုက်၏ ပြတင်းပေါက်များသည် အလွန်မြင့်မားလွန်းပြီး ရောင်စုံမှန်များ တပ်ဆင်ထားသဖြင့် ရွှေရောင်အလင်းတန်းအောက်တွင် အတွင်းပိုင်းကို မြင်ရန် မဖြစ်နိုင်ပါချေ။
“တခြားနည်းလမ်း မရှိတော့ဘူး… ဒီအတိုင်းပဲ အတင်းဝင်ကြရအောင်”
ချိုးဖုန်းက အကြံပြုလိုက်သည်။
ဟုန်ဟူက ခေါင်းညိတ်၍ သဘောတူလိုက်၏။
ကျိချန်က ရှေ့တိုးလာရင်း ပြောလိုက်သည်။
“ငါ့နဲ့ပဲ ထားလိုက်စမ်းပါ၊ ဒီလိုတံခါးမျိုးကို ငါ ဖွင့်နိုင်ပါတယ်”
သူ တံခါးကို မျက်နှာမူ၍ အနေအထားပြင်လိုက်ကာ သူ့လက်ကောက်ဝတ်ကို လှုပ်ရှားပြီး စကေးတစ်ခု ထုတ်သုံးလိုက်လေသည်။
ရလဒ်ကတော့… ဘာမှဖြစ်မလာပါချေ။
“ဟီးဟီး… ဆောရီးပဲ၊ ငါ့ရဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှု အဆင့် E ပဲ ရှိသေးတော့ စကေးက ကျရှုံးသွားတယ်”
ကျိချန်က ရှက်ပြုံးလေးနှင့် ပြောလိုက်သည်။
ဟုန်ဟူနှင့် ချိုးဖုန်းတို့လည်း ပြုံးလိုက်ကြသည်။
“ဘာမှမဖြစ်ပါဘူး၊ ဒါက သဘာဝပါပဲ”
ကျိချန်က ဆိုသည်။
“ငါ နောက်တစ်ကြိမ် ထပ်စမ်းကြည့်မယ်”
သူနောက်တစ်ကြိမ် ထပ်ကြိုးစားလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင် အောင်မြင်သွားပုံ ရသည်။ ဝှစ်ခနဲအသံနှင့်အတူ လက်ဖဝါးရိုက်ချက်တစ်ခုသည် ရှေ့သို့ ပြေးဝင်သွားပြီး တံခါးသော့ခလောက်ဝန်းကျင်ကို ထိမှန်သွားလေသည်။ ထူထဲလှသည့် တံခါးမကြီး၏ အလယ်ဗဟိုတွင် လက်ဆေးကန်အရွယ်အစားရှိသော အပေါက်ကြီးတစ်ခု ပေါက်ထွက်သွားပြီး တံခါးချပ်နှစ်ချပ်လည်း ပြေလျော့သွားကာ ဘေးသို့ ဖြည်းညင်းစွာ ပွင့်ဟသွားတော့သည်။
သိုင်းပညာရှင်မဟုတ်သော ကစားသမားများထဲတွင်မူ ယခုကဲ့သို့ E အဆင့် လက်တွေ့တိုက်ခိုက်ရေး စွမ်းရည်မျိုးသည် လူတိုင်းအတွက် အသုံးဝင်ပေသည်။ အကယ်၍ ဇာတ်လမ်းထဲကနေ မရခဲ့လျှင်ပင် ကစားသမားများသည် လေလံခန်းမကနေ ဝယ်ယူတတ်ကြသည်။ မည်သို့ပင်ဖြစ်စေ ယခုလိုစွမ်းရည်များသည် ဈေးမကြီးလှသလို တန်ဖိုးလည်း မျှတမှုရှိသောကြောင့် ဖြစ်သည်။
ပဟေဠိဖြေရှင်းသည့် လမ်းကြောင်းကို လျှောက်လှမ်းပြီး စကေးများကို သီးသန့် ဝယ်ယူလေ့မရှိသော ဖုန်းပုကြွယ်တစ်ယောက်သာ အကြောင်းရင်းမသိဘဲ သူ၏ တိုက်ခိုက်ရေးကျွမ်းကျင်မှုကို C အဆင့်ထိ ရောက်အောင် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်…။
“ညီအစ်ကိုဖုန်း၊ ဘာအန္တရာယ်မှ မရှိတော့ဘူး၊ အခု လာလို့ရပြီမလား”
ဟုန်ဟူက နောက်သို့ လှမ်းအော်ခေါ်လိုက်သည်။
“တကယ်လို့ တံခါးက ရုတ်တရက် အလိုအလျောက် ပြန်ပိတ်သွားရင် ဒုက္ခရောက်လိမ့်မယ်နော်”
ဖုန်းပုကြွယ်သည် သူ့သတိပေးမှုကို မလိုအပ်ချေ။ သူသည် အဝေးမှ မျက်မှောင်ကြုတ်၍ အခြေအနေကို စောင့်ကြည့်နေခဲ့သည်မှာ အတော်လေး ကြာပြီဖြစ်ရာ ဟုန်ဟူ စကားမဆုံးခင်ကတည်းက ရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီးသား ဖြစ်သည်။
လေးဦးသား ရဲတိုက်ထဲသို့ အတူတူ ဝင်ရောက်လိုက်ကြသည်။ တံခါးပွင့်သွားချိန်တွင် သူတို့ရှေ့ တည့်တည့်၌ အပေါ်သို့ ကွေ့ပတ်တက်သွားသည့် လှေကားကြီးတစ်ခု ရှိနေပြီး ထိုလှေကားထစ်များသည် နံရံလေးခုအတိုင်း ဝိုင်းပတ်ကာ အပေါ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ အလွန်ရှည်လျားလှသည့် သံကြိုးကြီးတစ်ခုတွင် ဆွဲချိတ်ထားသော ဧရာမဖန်မီးဆိုင်းကြီးတစ်ခုသည် ထိပ်ဖျားမှ အောက်သို့ တွဲလောင်းကျနေ၏။ ရဲတိုက်၏ အမိုးခုံးသည် အလွန်မြင့်မားလှသော်လည်း ဖန်မီးဆိုင်းမှာ ကြမ်းပြင်နှင့် အလွန်နီးကပ်နေပြီး အမြင့်က နှစ်မီတာကျော်ရုံသာ ရှိသဖြင့် လက်လှမ်းမီနိုင်သော အနေအထားတွင် ရှိနေခဲ့သည်။
လှေကား၏ ဘေးပတ်ပတ်လည်မှတစ်ဆင့် ရဲတိုက်ပထမထပ်၏ အစွန်းနှစ်ဖက်နှင့် နောက်ဘက်ဆီသို့ ရောက်ရှိနိုင်ပေသည်။ သူတို့လေးဦးသည် သဘာဝအတိုင်း အပေါ်ထပ်သို့ ချက်ချင်း တက်မသွားကြဘဲ ပထမထပ်တွင် ပစ္စည်းကိရိယာများ သို့မဟုတ် သဲလွန်စများ ရှိမရှိကို သိနိုင်ရန်အတွက် ဦးစွာရှာဖွေရန် စီစဉ်လိုက်ကြလေသည်။ “ဂျက်နဲ့ ပဲပင်” ပုံပြင်ထဲတွင် ဘီလူးရဲတိုက်ထဲ၌ “ရွှေဥဥသော ငန်းမကြီး” ရှိနေတတ်ခြင်း ဖြစ်သည်။ ဒီရဲတိုက်ထဲမှာ ရွှေဥဥတဲ့ ငန်းမကြီး မရှိလျှင်ပင် သဲလွန်စတချို့ ရလျှင်လည်း ကောင်းတာပဲမဟုတ်လား။
သို့သော်လည်း မရှာဖွေသည်က ပိုကောင်းပေဦးမည်။ ရှာဖွေလိုက်ချိန်တွင်တော့ သူတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုများကို လျော့ပါးစေမည့်အရာများ ဖြစ်လာခဲ့တော့သည်…။
ရဲတိုက်သည် ခမ်းနားထည်ဝါမှုထက် ပို၍ထူးခြားဆန်းကြယ်ကာ စိတ်ကူးယဉ်ဆန်လှသည်။ ရွှေရောင် တိမ်တိုက်များ၏ အိမ်မက်ဆန်သော အလင်းတန်းများအောက်တွင် ရေချိုးနေရသော်လည်း… ရဲတိုက်ကြီးသည် ပုံပြင်ဆန်သော ခံစားချက်မျိုးကို လုံးဝမပေးစွမ်းနိုင်ဘဲ အဓိပ္ပာယ်ဖွင့်ဆိုရခက်သည့် ထူးဆန်းပြီး ခြောက်ခြားအငွေ့အသက်မျိုး ပေးစွမ်းနေလေသည်။
ပင်မတံခါးဝက လှေကားနှင့် ဖန်မီးဆိုင်း၏ ဒီဇိုင်းနှင့်တင် အတော်လေး ဆန်းကြယ်နေပြီ ဖြစ်သော်လည်း ယင်းက အစပျိုးရုံသာ ရှိသေးသည်။ ဤကဲ့သို့ဒီဇိုင်းမျိုးများကို အတွင်းထဲတွင် နေရာအနှံ့ မြင်တွေ့နိုင်ပေသည်…။
ဥပမာအားဖြင့် ပထမထပ်က စားသောက်ခန်းပင်။ အလယ်ဗဟိုတွင် မီတာအတော်များများ ရှည်လျားသော စားပွဲကြီးရှည်တစ်လုံးရှိနေပြီး ၎င်းအပေါ်တွင် အကွက်ကျားစင်းပါသော စားပွဲခင်းတစ်ခု ခင်းထားကာ ဘေးပတ်ပတ်လည်တွင်မူ… တင်းနစ်ဒိုင်လူကြီးများ ထိုင်သည့် ထိုင်ခုံကြီးများကဲ့သို့ ဧရာမ ထိုင်ခုံမြင့်ကြီးများ ဝန်းရံထားခြင်းဖြစ်သည်။
ထို့နောက် မီးဖိုချောင်က ဘေစင်နှင့် ကောင်တာများလည်း ရှိသေးသည်။ ဘေစင်သည် ရေချိုးကန်တစ်ခုနီးပါး ကြီးမားလှပြီး ကောင်တာကတော့ မိုဘိုင်းဖုန်းစခရင်တစ်ခုစာလောက်သာ ကြီးမားလေသည်။ မီးဖိုသည် ဗိုလ်ထိုင်အိမ်သာတစ်ခုလိုမျိုး နိမ့်ဆင်းနေပြီး ထင်းများကိုတော့ စောင်းနေသည့် လျှောလမ်းတစ်ခုမှတစ်ဆင့် ထည့်သွင်းရတာမျိုး ဖြစ်သည်။
ပြီးလျှင် ကပွဲခန်းမလည်း ရှိပါသေးသည်။ အလယ်က ကပွဲကွင်းပြင်သည် စက်ဝိုင်းပုံစံလည်းမဟုတ်၊ စတုရန်းပုံစံလည်းမဟုတ်ဘဲ လျှပ်စီးကြောင်းပုံစံ ဖြစ်နေခြင်းဖြစ်သည်။ ယင်းသည် အမှန်တကယ်ပင် လျှပ်စီးလို မြန်ဆန်သည့် မြွေဟောက်တစ်ကောင် လျှပ်တပြက် လှုပ်ရှားကပြနိုင်မည့် နေရာမျိုးပင်။ တီးဝိုင်းအတွက် စင်မြင့်မှာ စကိတ်စီးသည့် လျှောခုံတစ်ခုနှင့် ဆင်တူနေပြီး ယူပုံသဏ္ဌာန် ကြမ်းပြင်ကြောင့် တူရိယာအကြီးစားများကို ညီညီညာညာ ချထားရန် မဖြစ်နိုင်ပါချေ။
“အင်း… ဒီရဲတိုက်က အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက်နဲ့ တူတယ်”
လေးဦးသား ပထမထပ်ကို တစ်ပတ်ပတ်၍ ရှာဖွေပြီးနောက် ပင်မတံခါးဝသို့ ပြန်ရောက်လာချိန်တွင် ဖုန်းပုကြွယ်က အေးအေးလူလူ မှတ်ချက်ချလိုက်သည်။
“ဟော်မုန်း မညီမမျှ ဖြစ်နေတာလား”
ချိုးဖုန်းက ဝင်ပြောလိုက်သည်။
ဖုန်းပုကြွယ်က “ငါက စိတ်ဂနာမငြိမ်ဘဲ ယုတ္တိမရှိတာကို ပြောမလို့ပါ၊ ဒါပေမဲ့ မင်းပြောလိုက်တဲ့ စကားကကျတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတစ်ခုလို ဖြစ်သွားပြီ”
“ဘယ်သူက ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေလို့လဲ၊ မင်းက အသက်၊ လိင်နဲ့ စရိုက်လက္ခဏာကို ကန့်သတ်ပြီး ပြောတာ၊ ငါကတော့ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တစ်ခုကိုပဲ ပြောတာလေ၊ အဲဒါကို ငါက ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တယ် ဖြစ်သွားရတာလား”
ချိုးဖုန်းက အော်ဟစ်လိုက်သည်။
“ကဲပါ… ဒီက အထဲက ဒီဇိုင်းတွေက ငါတို့နဲ့ ဘာမှမဆိုင်ပါဘူး”
ဟုန်ဟူက ဆိုသည်။
“ပထမထပ်မှာ ဘာမှရှာမတွေ့တော့လည်း အပေါ်တက်ပြီး သွားကြည့်ကြတာပေါ့”
အဖွဲ့သားများသည် ပင်မတံခါးဝက လှေကားထစ်များအတိုင်း တက်သွားလိုက်ကြသည်။ ထိုလှေကားထစ်များသည် သူတို့ကို အပေါ်ဆုံးထပ်အထိ တောက်လျှောက် ခေါ်ဆောင်သွားပြီး လမ်းခုလပ်တွင် တံခါး သို့မဟုတ် ဝင်ပေါက် တစ်ခုတစ်လေပင် မရှိချေ။
“ဒီရဲတိုက်ရဲ့ အလယ်ထပ်တွေကို ရောက်ဖို့အတွက် အပေါ်ဆုံးထပ်ကနေတစ်ဆင့် ပြန်ပတ်ဆင်းရမယ့် ပုံပဲ”
ကျိချန်က ဆိုသည်။
“ဒါမှမဟုတ်… ပထမထပ်မှာ ငါတို့ ရှာမတွေ့သေးတဲ့ လျှို့ဝှက်လမ်းကြောင်းတစ်ခုခု ရှိနေတာလား”
“မဟုတ်ဘူး၊ မဟုတ်ဘူး… ရဲတိုက်တွေက များသောအားဖြင့် ဒီလိုပုံစံမျိုးပဲ”
ဖုန်းပုကြွယ်က ငြင်းလိုက်သည်။
“တကယ်လို့ မင်းမှာ ရဲတိုက်တစ်ခုရဲ့ အပိုင်းလိုက်မြင်ကွင်း ရှိနေရင် နားလည်လိမ့်မယ်၊ အလယ်ဗဟိုက နေရာက များသောအားဖြင့် နောက်ဆုံးမှ ရောက်ရမယ့် နေရာမျိုးပဲ၊ မင်းအနေနဲ့ သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း နေရာမျိုးစုံကို ဖြတ်သန်းရမှာ၊ ဥပမာ… အရှေ့ဘက် ဝရန်တာ၊ ဝတ်ပြုကျောင်းဆောင်၊ အနောက်ဘက် ဝရန်တာ၊ ကပွဲခန်းမ၊ မြေအောက်ရေလမ်းကြောင်း၊ နာရီစင် အဲ့ဒါတွေကို ဖြတ်ပြီးမှ နောက်ဆုံးအလယ်ဗဟိုကို ရောက်နိုင်တာမျိုးပေါ့”
“အလယ်ဗဟိုက နေရာကို ‘Castlevania’s Upper Staircase’ လို့ ခေါ်တာမဟုတ်လား၊ အဲဒီမတိုင်ခင်မှာ မင်းအနေနဲ့ နေရာတိုင်းမှာ ဘော့စ်တစ်ကောင်စီကို သတ်ပြီး စကေးအသစ်တစ်ခုစီ ယူခဲ့ရမှာမလား”
ဟုန်ဟူတစ်ယောက် မအောင့်နိုင်ဘဲ ပြစ်တင်ဝေဖန်လိုက်၏။
“ဟုတ်တယ်”
ဖုန်းပုကြွယ် ခေါင်းညိတ်လိုက်ပြီး ကျိချန်ကို ပြောလိုက်သည်။
“တွေ့လား၊ အဲဒါကို အခြေအနေကို နားလည်တဲ့လူလို့ ခေါ်တာ”
“ဘာ အခြေအနေကို နားလည်တာလဲ၊ Castlevania ဂိမ်းကို ဘယ်သူမှ မကစားဖူးတာကျလို့…”
အဖွဲ့သားများသည် လမ်းတစ်လျှောက် စကားတပြောပြောနှင့် မကြာခင် လှေကားအဆုံးသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင်တော့ အမိုးခုံးပုံသဏ္ဌာန် သစ်သားတံခါးတစ်ချပ် ရှိနေခဲ့သည်။
ချိုးဖုန်းသည် အရှေ့မှ လျှောက်လာခြင်းဖြစ်သဖြင့် တံခါးပေါ်တွင် ရေးသားထားသည့် စာသားများကို ပထမဆုံး မြင်တွေ့လိုက်ရလေသည်။
ယင်းသည်ဟာ ရွှေရောင်နှင့် ထွင်းထုထားသည့် စာကြောင်းတစ်ကြောင်းဖြစ်ပြီး အင်္ဂလိပ်ဖန်စီဖောင့်ဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ၎င်း၏ အကြောင်းအရာမှာ [ယုတ္တိမရှိခြင်းဆိုသည်မှာ အမြဲတမ်း သိသာထင်ရှားမနေပါပေ။]
“ထပ်ပြီးတော့လား”
ချိုးဖုန်းက ဆိုသည်။
“ဘာမှ ပြောမနေနဲ့တော့… အထဲမှာ ငါတို့ကို စောင့်နေတဲ့ အလောင်းတစ်လောင်း ရှိနေမှာ သေချာတယ်”
ထိုသို့ပြောရင်း တံခါးကို ရိုးရှင်းစွာ တွန်းဖွင့်လိုက်သည်။
ကစားသမားလေးဦးလုံးသည် တစ်ဦးပြီးတစ်ဦး အထဲကို ဝင်ရောက်ကြရာ သူတို့ရှေ့တွင် ထွက်ပေါ်လာသည်မှာ အိပ်ခန်းတစ်ခု ဖြစ်သည်။
ဤသည်မှာ သူတို့ ရဲတိုက်ထဲ ဝင်လာကတည်းက တွေ့ဖူးသမျှထဲတွင် ပုံမှန်အဖြစ်ဆုံး အခန်းဖြစ်ပေလိမ့်မည်။ ပန်းရောင်နံရံများနှင့် မျက်နှာကျက်၊ သစ်သားကြမ်းပြင်၊ အခန်းအလယ်တွင် ကုတင်ကြီးတစ်လုံး ရှိနေပြီး နံရံနားတွင်တော့ မှန်တင်ခုံနှင့် ဗီရိုတစ်ခု ရှိနေ၏။ ယင်းသည် သေချာပေါက် အမျိုးသမီးတစ်ယောက်၏ အခန်းဖြစ်ပြီး၊ အတိအကျ ပြောရလျှင်တော့… မင်းသမီးလေးတစ်ပါးရဲ့ အိပ်ဆောင်ပင်။
“ဟေး… ကုတင်ပေါ်မှာ တစ်ယောက်ယောက် ရှိနေတယ်”
ချိုးဖုန်းသည် ကုတင်ပေါ်က စောင်များမှာ အနည်းငယ် ဖောင်းကြွနေပြီး အတွင်းမှ အိပ်ပျော်နေသည့် ခန္ဓာကိုယ်သည် အသက်ရှူမှုကြောင့် အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်ကို တစ်ချက်ကြည့်ရုံနှင့် သတိထားမိလိုက်သည်။
“ငါ့ကိုပဲ ကိုင်တွယ်ခွင့်ပေးလိုက်”
ဖုန်းပုကြွယ်သည် လျင်မြန်စွာတုံ့ပြန်၍ အော်ဟစ်လိုက်ပြီး ကိုင်ထားသည့် တံမြက်စည်းကို ကြမ်းပြင်ပေါ် ပစ်ချကာ ရှေ့သို့ပြေးဝင်သွားလေသည်။
ကျန်သုံးဦးက သူ့ကို ချက်ချင်း လှမ်းဖမ်းလိုက်ကြသည်။ ကျိချန်က ပထမဆုံး မေးလိုက်သည်။
“မင်း ဘာလုပ်မလို့လဲ”
ဖုန်းပုကြွယ် မဖြေရသေးခင်မှာပဲ ချိုးဖုန်းက ဆိုသည်။
“ဒါက ထိပ်ပြောင်နေတဲ့လူရဲ့ ခေါင်းပေါ်က သန်းလို သိသာမနေဘူးလား”
သူက နှာခေါင်းရှုံ့ရင်း အေးစက်စွာ ပြောလိုက်သည်။
“လက်ရှိ အခြေအနေကို ကြည့်ရသလောက် ဒါဟာ သေချာပေါက် ‘Sleeping Beauty (အိပ်ပျော်နေတဲ့ မင်းသမီးလေး)’ ပုံပြင်ပဲ ဖြစ်ရမယ်”
“အင်း… အလှည့်ကျ ဦးဆောင်ရမယ့် စနစ်အရဆိုရင် ဒီတစ်ကြိမ်တော့ ငါ့အလှည့် ဖြစ်သင့်တယ်…”
ဟုန်ဟူ စကားပြောလိုက်ရင်း သူ့မျက်မှန်မှ ဖြူဖွေးသည့် အလင်းတန်းများ ဖြာထွက်လာကာ ရှေ့သို့ တစ်လှမ်း လှမ်းလိုက်လေသည်။
“သုံးခွချိတ်တိုက်ခိုက်မှု”
ဖုန်းပုကြွယ်သည် ရှေ့သို့ ပြေးဝင်သွားပြီး ဟုန်ဟူကို နောက်မှ လှမ်းဖက်ကာ ကြမ်းပြင်ပေါ်သို့ ဖိချပစ်လိုက်သည်။
“ဟမ့်… မူမူ၊ မင်းက တည်ငြိမ်ချင်ယောင်ဆောင်ပြီး ဒီလိုအမြတ်ထုတ်ဖို့ ကြံစည်နေတာကို ငါ မသိဘူးများ မှတ်နေလား”
“ငါ့အိုင်ဒီက ဟုန်ဟူဆိုတာကို မင်း ယာယီမေ့သွားခဲ့ရင်တောင်… မူမူဆိုတဲ့ နာမည်ကြီးကကျတော့…”
ဟုန်ဟူ စကားမဆုံးခင် ချိုးဖုန်းက ကြားဖြတ်ပြောလိုက်သည်။
“ဒါက ဘာအမူအရာလဲ၊လူကြီးလူကောင်း မဆန်လိုက်တာ၊ မင်းသမီးလေး နိုးလာတဲ့အခါ ဘယ်လောက်တောင် စိတ်ပျက်သွားမလဲ”
သူက သူ့အင်္ကျီကော်လာကို ပြင်လိုက်သည်။
“ဒီလို အခြေအနေမျိုးမှာတော့ ငါကပဲ…”
“ရွေ့လျားမီးဘီးပျံ”
ဖုန်းပုကြွယ်သည် ချိုးဖုန်းပေါ်သို့ ထပ်မံ ခုန်အုပ်လိုက်ပြန်သည်။
“လဲ့ချူး ၊ ငါ မင်းကို အကြံပေးပါရစေ၊ ဇွတ်အတင်း မလုပ်နဲ့ဦး… တံခါးအပြင်ဘက်မှာ အရှည်ကြီး ရှိနေတဲ့ လှေကားထစ်တွေ ရှိတယ်၊ ငါ့ရဲ့ ရွေ့လျားမီးဘီးပျံစွမ်းရည်နဲ့ဆိုရင် နတ်ဘုရားတစ်ပါးကိုတောင် သတ်ပစ်လို့ ရတယ်နော်”
သုံးဦးသားသည် ဆော့ကစားပြီး ရန်ဖြစ်နေကြခြင်း ဖြစ်သော်လည်း ယင်းမှာ နောက်ပြောင်ရုံသက်သက်သာ ဖြစ်၏။ အကြောင်းမှာ အသင်းဖော်အချင်းချင်း အမှန်တကယ် နာကျင်အောင် လုပ်လို့မရသောကြောင့် ဖြစ်သည်။
သို့သော်လည်း သူတို့၏ လုပ်ရပ်များကို ကြည့်ပြီး ပိုမိုတည်ငြိမ်လှသည့် ကျိချန်မှာ ဘေးနားတွင်ရပ်ရင်း ခေါင်းခါယမ်းကာ သူ့နဖူးကို လက်နဲ့ ပွတ်သပ်နေမိတော့သည်။
“အား…”
ရုတ်တရက်ဆိုသလိုပဲ စောင်အောက်မှ အမျိုးသား အသံနက်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။
ထိုအော်ဟစ်သံကြောင့် ကစားသမားလေးဦးလုံး ချက်ချင်း တောင့်တင်းသွားရသည်။
“ပါးစပ်ပိတ်ထားကြစမ်း… ဆူညံနေတာပဲ”
ထိုအသံကြီးသည် အာဏာပါပါဖြင့် ဟိန်းထွက်လာခဲ့ခြင်းဖြစ်သည်။
နောက်တစ်စက္ကန့်တွင်မူ… မီးခိုးရောင် လည်ဆံမွေးများ အပြည့်ရှိနေပြီး ပန်းရောင်ရေချိုးဝတ်စုံနှင့် ပလတ်စတစ်ရေချိုးဦးထုပ် ဆောင်းထားသည့် ဧရာမ ဝံပုလွေလူသားကြီးတစ်ကောင်သည် စောင်ကို ဆွဲဖယ်ပြီး ထထိုင်လာလေသည်။