အခန်း ၃၀၇
Vol. 31 Ch. 307
အခန်း (၃၀၇) တာဝါပေါ်တက်ခြင်း - ၁၄
အသင်းဖော်သုံးဦးမှာ အစ်ကိုကြွယ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ စိုက်ကြည့်နေသည့် အပေါ်ဘက်သို့ လိုက်လံကြည့်ရှုလိုက်ကြသည်။
အနီးသို့ ရောက်ရှိလာသည်နှင့်အမျှ ပိုမိုကျယ်လောင်လာသော ထူးဆန်းသည့် လေတိုးသံနှင့်အတူ မျက်နှာကျက်ပေါ်ရှိ ဆေးရေးပန်းချီကားပေါ်တွင် တောက်ပသော အနီရောင်တစ်ကွက်နှင့် ငွေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မျက်စိဖြင့်မြင်သာသော အရှိန်နှုန်းဖြင့် ကျယ်ပြန့်လာလေသည်…။ စက္ကန့်အနည်းငယ်အကြာတွင်မူ မျက်နှာကျက်ထဲမှ လူရိပ်နှစ်ခု ပေါက်ထွက်လာပြီး ကြယ်ပျံများကဲ့သို့ စိမ့်တောကြီးဆီသို့ အရှိန်အဟုန်ဖြင့် ထိုးဆင်းလာတော့သည်။
ထိုအရှိန်ပြင်းပြင်းဖြင့် ဆောင့်မိမှုကြောင့် ဆဌမထပ်တစ်ခုလုံးကို လွှမ်းခြုံသွားသည့် ဧရာမ "ရွှံ့လှိုင်းကြီး" တစ်ခု ဖြစ်ပေါ်လာရတော့သည်။
ခြေချနိုင်မည့်နေရာ ကန့်သတ်ချက်ရှိပြီး ပုန်းစရာနေရာလည်း မရှိသဖြင့် ဆောင့်မိသည့်နေရာနှင့် မီတာအတော်များများ ဝေးကွာသောနေရာ၌ ရှိနေသည့် ကစားသမားများသည် စိမ့်တောထဲသို့ မကျသွားစေရန် ခြေကုပ်မြဲအောင် ထိန်းထားပြီး ငြိမ်ငြိမ်သက်သက်ရပ်နေရုံသာ တတ်နိုင်ကြသည်။
ရွှံ့များပက်ဖျန်းခံလိုက်ရသဖြင့် ဖုန်းပုကြွယ်သည် သူ့မျက်နှာကို သုတ်လိုက်ပြီး နောက်တစ်စက္ကန့်တွင်မူ ပါးစပ်အဟောင်းသား ဖြစ်သွားစေမည့် မြင်ကွင်းတစ်ခုကို မျက်ဝါးထင်ထင် တွေ့လိုက်ရတော့သည်။
ဆောင့်မိသည့်နေရာ၏ ဗဟိုချက်တည့်တည့်တွင် လူရိပ်တစ်ခု လွင့်မျောနေလေသည်။
သူမ၏ ခေါင်းစွပ်နှင့် ခြုံလွှာမှာ သွေးကဲ့သို့ ရဲရဲနီနေပြီး ၎င်းတို့အောက်တွင်မူ ကိုယ်ကျပ်ပိတ်ချောဝတ်စုံကို ဝတ်ဆင်ထားကာ ရင်ဘတ်တွင် သားရေပုခုံးသိုင်းကြိုး၊ ခါးတွင် စပါးအုန်းမြွေသားရေခါးပတ်နှင့် ခြေထောက်တွင် သမင်သားရေဖိနပ်တို့ကို ဝတ်ဆင်ထားလေသည်။
ဤဝတ်စုံနှင့် လိုက်ဖက်ညီစွာပင် ခါးတွင် ဓားတို၊ မေ့စ်ဆူးလက်နက်နှင့် အေးစက်စက် အလင်းတန်းများ တောက်ပနေသော ပေါက်ဓားမြှောင်များလည်း ရှိနေသေး၏…။
အနီရောင်ခေါင်းစွပ်မလေးသည် လေထုထဲတွင် လွင့်မျောနေပြီး သူမ၏ အမူအရာမှာ ရေခဲကဲ့သို့ အေးစက်နေလေသည်။
သူမသည် အသက် ၁၂နှစ် သို့မဟုတ် ၁၃နှစ်ခန့်သာ ရှိပုံရပြီး သေလူကဲ့သို့ ဖြူလျော်နေသော အသားအရေရှိသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဒြပ်မဲ့စွမ်းအားတစ်ခု ဖြာထွက်နေပြီး ပြည့်စုံသော စက်ဝိုင်းပုံစံ စွမ်းအင်စက်ကွင်းတစ်ခုကို ဖြစ်ပေါ်စေကာ ယင်းက သူမခြေဖဝါးအောက်ရှိ စိမ့်တောမျက်နှာပြင်ကို စက်ဝိုင်းခြမ်းပုံစံ ချိုင့်ဝင်သွားစေသည်။
ယုတ္တိဗေဒအရ သူမ၏ ရုပ်သွင်နှင့် အခြေအနေတစ်ခုတည်းဖြင့်ပင် ဟုန်ဟူကို တုန်လှုပ်သွားစေရန်နှင့် အစ်ကိုကြွယ်၊ ကျိချန်၊ ချိုးဖုန်းတို့၏ မျက်လုံးများ ပြူးထွက်သွားစေရန် လုံလောက်လှပေသည်။
သို့သော် ထို့ထက် ပို၍ မယုံနိုင်စရာကောင်းသော အရာတစ်ခု ရှိနေသေးသည်…။
ယခုအချိန်တွင် အနီရောင်ခေါင်းစွပ်မလေးသည် သွယ်လျနူးညံ့ပုံရသော သူမ၏ လက်တစ်ဖက်တည်းဖြင့် သံဖြူလူသား၏ စုတ်ပြတ်နေသော ခန္ဓာကိုယ်ကြီးကို မတင်ထားခြင်း ဖြစ်သည်။
သံဖြူလူသား၏ ခြေလက်အင်္ဂါအားလုံး ဖြတ်တောက်ခံထားရပြီး ဦးခေါင်း၏ အစိတ်အပိုင်း အတော်များများမှာလည်း ပြတ်တောက်နေကာ ခန္ဓာကိုယ်ပေါ်တွင်လည်း မရေမတွက်နိုင်သော ချိုင့်ခွက်များနှင့် အက်ကြောင်းများ ပြည့်နှက်နေလေသည်။
ဆောင့်မိသည့်နေရာ ဘေးပတ်ပတ်လည်တွင် သံဖြူအပိုင်းအစအချို့ စိမ့်တောထဲသို့ တဖြည်းဖြည်း နစ်မြုပ်နေသည်ကို မြင်တွေ့ရသည်။ ဖုန်းပုကြွယ်သည် ထိုအပိုင်းအစများထဲမှ ပုဆိန်လက်ကိုင်ရိုး ဖြစ်နိုင်ခြေရှိသော အရာတစ်ခု၊ သံဖြူလက်တစ်ဖက်နှင့် တင့်ကားသံလမ်းပိုင်းနှင့် တူသော သံတိုသံစတစ်ခုကိုပါ လှမ်းမြင်လိုက်ရသည်။ ၎င်းတို့၏ အဓိပ္ပာယ်မှာ ဘာကိုဆိုလိုမှန်း မရှင်းလင်းသော်လည်း… မည်သို့ပင်ဖြစ်စေ စက္ကန့်သုံးဆယ်ခန့်အကြာတွင်မူ အပိုင်းအစအားလုံးသည် စိမ့်တောထဲသို့ နစ်မြုပ်သွားကာ သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။
“ငါပြောဦးမယ်… သူငယ်ချင်းလေး…”
ဖုန်းပုကြွယ်သည် တစ်ဖက်လူကို စကားစပြောရန် ကြိုးစားလိုက်သည်။
“ဘယ်သူ့ကို လှမ်းခေါ်နေတာလဲ၊ အမှိုက်ကောင်ရဲ့”
အနီရောင်ခေါင်းစွပ်မလေးက တကယ်ကြီး ဆဲရေးလိုက်ပြီး သူမ၏လေသံမှာ အလွန်အမင်း ထောင်လွှားလွန်းလှသဖြင့် ဖုန်းပုကြွယ်မှာ ပြဿနာရှာရန် အလိုလိုတောင်းဆိုနေသည့်အတိုင်းပင်…။
သူမက ပြောရင်းနှင့်ပင် သူမ၏ ဘယ်ဘက်လက်ကို အသာဝှေ့ယမ်းကာ သံဖြူလူသား၏ လေးလံလှသော ခန္ဓာကိုယ်ကြီးကို လေထဲသို့ မြှောက်တင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း အနီရောင်ခေါင်းစွပ်လေး၏ ခါးမှ ဓားတိုမှာ အလိုလို ထွက်ပေါ်လာပြီးဖြစ်ကာ သူမ၏ မျက်ဝန်းထဲတွင် အေးစက်စက် အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်…။ ကစားသမားများ ဘာဖြစ်သွားမှန်း သဘောမပေါက်နိုင်သေးခင် သံဖြူလူသား၏ ခန္ဓာကိုယ်ပိုင်းကြီးက စိမ့်တောထဲသို့ ပြုတ်ကျသွားခဲ့ပြီးဖြစ်ကာ အနီရောင်ခေါင်းစွပ်မလေး၏ လက်ထဲမှ ဓားတိုပေါ်တွင်မူ သွေးများ စီးကျနေသော နှလုံးသားတစ်ခု စိုက်ဝင်လျက်သား ဖြစ်နေချေပြီ။
“နင်က ငါ့ကို အရင်စကားပြောရဲတယ်ပေါ့ ဟုတ်လား”
အနီရောင်ခေါင်းစွပ်မလေးက ပြောလိုက်သည်။ သူမသည် လေထဲမှ တဖြည်းဖြည်း သက်ဆင်းလာရင်း သူမ၏ သတ်ဖြတ်ခြင်းအရှိန်အဝါများမှာ သိသိသာသာ ထွက်ပေါ်နေလေသည်။
“သေချင်လို့လား”
“အရှင်မခင်ဗျား… အသက် ချမ်းသာပေးတော်မူပါ”
ဖုန်းပုကြွယ်သည် ချက်ချင်းပင် ဒူးထောက်ချလိုက်ပြီး ဝတ်ပြုကိုးကွယ်သည့်ပုံစံဖြင့် လက်နှစ်ဖက်ကို မြှောက်တင်လိုက်တော့သည်။
“ဒီဈေးပေါတဲ့ ဒူးထောက်မှုမျိုးတော့…”
ချိုးဖုန်းက မှတ်ချက်ချလိုက်သည်။
ကျိချန်ကလည်း ထပ်လောင်းပြောကြား၏။
“ဟုတ်ပဗျာ၊ ယောက်ျားတစ်ယောက်ဖြစ်ပြီး ခွန်အားရှေ့မှာ ဒီလောက် အလွယ်တကူ အညံ့ခံလိုက်တယ်ဆိုတော့…”
ဟုန်ဟူကလည်း ဝင်ပြောလိုက်သည်။
“တကယ့်ကို အရှက်မရှိတဲ့ လူစားပဲ”
အနီရောင်ခေါင်းစွပ်မလေးသည် ဖုန်းပုကြွယ်၏ ဦးခေါင်းကို စက္ကန့်အနည်းငယ် စိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ အေးစက်စွာ နှာမှုတ်လိုက်သည်။ ထို့နောက် မျက်လုံးကို အပေါ်ပင့်ကာ ကျန်သုံးဦး၏ မျက်နှာများဆီသို့ အကြည့်ကို ရွှေ့လိုက်သည်။
“အပေါ်ကနေ ငါ့ကို အထက်စီးနဲ့ ကြည့်နေရဲတယ်ပေါ့၊ တော်တော် ရဲတင်းတာပဲ…”
ထပ် ထပ် ထပ်…။
နောက်ထပ်အမျိုးသားသုံးဦးသည်လည်း သူတို့၏ ဒူးများကို အညံ့ခံထောက်ချလိုက်ရတော့သည်။
“တောင်းပန်ပါတယ်…”
“ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ”
“သနားညှာတာပေးပါ…”
ဖုန်းပုကြွယ်သည် သူ့အသင်းဖော်များကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ ၏
“အခုကျတော့လည်း မင်းတို့ ကိုယ်မင်းတို့ သနားစရာကောင်းမှန်း သိသွားပြီ မဟုတ်လား…”
“အဲဒါကို ပညာရှိဆိုတာ အခြေအနေကိုကြည့်ပြီး နောက်ဆုတ်တတ်ရတယ်လို့ခေါ်တယ်ကွ”
ချိုးဖုန်းက ပြန်ပြောလိုက်သည်။
ကျိချန်က နာကျင်သော အမူအရာဖြင့် ကြားဖြတ်ပြောလိုက်သည်။
“တကယ်တော့ ငြင်းခုံနေလည်း အပိုပါပဲဗျာ၊ ညီအစ်ကိုဖုန်းရဲ့ စကားတွေကို စနစ်က မပိတ်ပင်ထားဘူးဆိုကတည်းက စနစ်က ငါတို့အားလုံးကို တစ်ခုခု… လို့ သတ်မှတ်ထားလို့ပဲ…”
“တိုးတိုးတိုးတိုးနဲ့ ဘာတွေ ပြောနေကြတာလဲ၊ ငါ့အကြောင်း ပြောနေတာလား”
အနီရောင်ခေါင်းစွပ်မလေးသည် တစ်လှမ်းချင်း ချဉ်းကပ်လာလေသည်။ သူမ၏ သတ်ဖြတ်ခြင်း အရှိန်အဝါမှာ လျော့ကျမသွားခဲ့ချေ။
“ကျွန်တော်တို့ ဘယ်လိုလုပ် ရဲပါ့မလဲဗျာ…”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
“ကျွန်တော်တို့က ကိုယ့်အမှားကိုယ် ပြန်သုံးသပ်နေကြတာပါ”
“ဟွန့်…”
အနီရောင်ခေါင်းစွပ်မလေး၏ လေသံမှာ အလွန်အမင်း မထီမဲ့မြင်ပြုခြင်းများဖြင့် ပြည့်နှက်နေလေသည်။
“ဘာကို ပြန်သုံးသပ်တာလဲ၊ မသိတတ်တဲ့ လူပြိန်းအမှိုက်ကောင်အုပ်စု”
သူမတွင် အမည်မဖော်နိုင်သော ဒေါသများရှိနေပြီး ပေါက်ကွဲစရာနေရာ မရှိဖြစ်နေပုံရသည်။
“နင်တို့က အဲဒီ ဝံပုလွေလူသားကို ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်လို့ တကယ်ထင်နေတာလား”
ဟုန်ဟူ လန့်သွားရသည်။
“မင်း ဘယ်လိုလုပ် သိတာလဲ…”
“ငါက ဒီနေရာရဲ့ အရာအားလုံးကို သိတယ်”
အနီရောင်ခေါင်းစွပ်မလေးက ကြားဖြတ်ပြောလိုက်သည်။
“အဲဒီ ဝံပုလွေလူသားက လိမ်ညာတတ်ပြီး အရမ်းကောက်ကျစ်တယ်၊ ပြီးတော့ နင်တို့…”
သူမသည် ဖုန်းပုကြွယ်၏ ဦးခေါင်းကို ခြေထောက်ဖြင့် နင်းလိုက်ရင်း “အထူးသဖြင့် နင်ပဲ… အမှိုက်ကောင်၊ နင်သူ့ကို ဘာတွေ သွားပြောခဲ့လဲ”
သူမက ရက်စက်စွာ ပြောလိုက်သည်။
“သူက အခု Don Quixote ရဲ့ အလောင်းကို ဝါးစားနေပြီ၊ သူ စားလို့ပြီးရင် ဂျက်ကလေးရဲ့ အိမ်ကို သွားလိမ့်မယ်…”
“ဘာ”
ဤအခြေအနေမှာ ဖုန်းပုကြွယ်၏ မျှော်လင့်ချက်ထက် များစွာကျော်လွန်နေချေပြီ။
“ဒီနေရာလွတ်ထဲက သတ္တဝါတွေဟာ တခြားသတ္တဝါတွေကို သတ်ဖြတ်တာ ဒါမှမဟုတ် ဝါးမြိုတာနဲ့အမျှ ပိုအားကောင်းလာကြတယ်၊ သတ်ဖြတ်ခြင်းက သူတို့ကို စွမ်းရည်အသစ်တွေ ပေးစွမ်းနိုင်ပေမဲ့ ပိုပြီးတော့ ယုတ်မာကောက်ကျစ်လာစေပြီး ပိုရန်လိုလာစေတယ်”
အနီရောင်ခေါင်းစွပ်မလေးက စကားပြောရင်း သူမ၏ ဓားမြှောင်ကို မြှောက်လိုက်ပြီး ဓားထိပ်ဖျားရှိ နှလုံးသားကို စိမ့်တောထဲသို့ လွှင့်ပစ်လိုက်သည်။
“သံဖြူလူသားဟာ စုန်းမနဲ့ ခြင်္သေ့ကို သတ်ပြီးနောက်မှာ အတော်အတန် အားကောင်းတဲ့စွမ်းအားကို ရရှိခဲ့တယ်၊ Don Quixote ကို ခေါင်းဖြတ်လိုက်တာက သူ့ကို အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှုတစ်ခု ဖြစ်စေခဲ့ပြီး သံတောင်ပံတစ်စုံပါ ပေါက်လာခဲ့တယ်”
သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
“အဲဒီအချိန်မှာပဲ သံဖြူလူသားဟာ ဘော့စ်ကို စိန်ခေါ်ဖို့ စိတ်ကူးမိသွားခဲ့တာပေါ့၊ သူက ပဉ္စမထပ်ထဲကို ပျံသန်းဝင်လာပြီးနောက် ဆဌမထပ်ကိုပါ ကြိုးစားလာခဲ့တယ်… အဲဒါကြောင့် ငါကိုယ်တိုင် ထွက်လာပြီး သူ့ကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်ရတာပဲ”
အနီရောင်ခေါင်းစွပ်မလေးသည် ဖုန်းပုကြွယ်၏ ခေါင်းပေါ်မှ သူမခြေထောက်ကို ဖယ်လိုက်ပြီးနောက် လက်တစ်ဖက်တည်းဖြင့် သူ့အင်္ကျီကော်လာကို ဆွဲကိုင်ကာ မြှောက်တင်လိုက်သည်။ သို့သော်လည်း အနီရောင်ခေါင်းစွပ်မလေးမှာ အရပ် ၁.၅ မီတာကျော်ကျော်ခန့်သာ ရှိသဖြင့် သူမ ထိုသို့ လုပ်ဆောင်ရာတွင် ဖုန်းပုကြွယ်၏ ခြေထောက်များသည် မြေပြင်မှ လုံးဝ ကွာမသွားခဲ့ချေ။
“ငါ မရှိတဲ့အချိန်မှာ နင်တို့လို ငတုံးတစ်စုက ပြဿနာအသစ်တွေ ရှာလိမ့်မယ်လို့ မထင်ထားမိဘူး”
အနီရောင်ခေါင်းစွပ်မလေးက ဆိုသည်။
“ငါက အဲဒီဝံပုလွေလူသားကို ပဉ္စမထပ်ရဲ့ အဝင်ဝမှာ စောင့်ကြည့်ခွေးတစ်ကောင်အနေနဲ့ပဲ ထားခဲ့တာ၊ ပဉ္စမထပ်ကို တက်ဖို့ ကြိုးစားတဲ့ မကောင်းဆိုးဝါးတွေကို စားပစ်ဖို့အတွက်ပေါ့”
သူမ၏ အကြည့်မှာ ကျန်ကစားသမားသုံးဦးဆီသို့ ဝေ့ဝဲကျရောက်သွားလေသည်။
“နင်တို့က ဘော့စ်ငှားထားရတဲ့သူတွေမို့လို့ သူက နင်တို့ကို ဘာမှမလုပ်ရဲဘဲ ဖြတ်သွားခွင့်ပေးလိုက်တာ၊ ဟွန့်… ဒါပေမဲ့ နင်တို့က မလိုအပ်တဲ့ စကားအပိုတွေ သွားပြောခဲ့တယ်”
“တကယ်ဆိုရင် ငါ ဒီကိစ္စပြီးတာနဲ့ ပြန်သွားပြီး ပဲပင်ကြီးကို ခုတ်လှဲပစ်ရုံပဲ၊ ဒါပေမဲ့ အခုတော့… ငါကိုယ်တိုင် အဲဒီမကောင်းဆိုးဝါးနောက်ကို လိုက်ဖမ်းဆီးတော့မယ်၊ ပြီးတော့ အဲဒီကောင်က တကယ့်ကို ကောက်ကျစ်တဲ့ကောင်”
အနီရောင်ခေါင်းစွပ်မလေးသည် စကားပြောရင်း ဒေါသဖြေသည့်အနေဖြင့် သူမ၏ လက်ကို ဝှေ့ယမ်းကာ ဖုန်းပုကြွယ်ကို နောက်ဘက်သို့ လွှင့်ပစ်လိုက်လေသည်။
ဖုန်းပုကြွယ်သည် ဧရာမအင်အားတစ်ခု၏ ဆွဲထုတ်ခံလိုက်ရပြီး အဝေးရှိ နံရံပေါ်မှ ကျောက်လှေကားထစ်များဆီသို့ တန်းတန်းမတ်မတ် လွင့်စင်သွားတော့သည်။ အကယ်၍ အရှိန်ပြင်းပြင်းနဲ့ ဆောင့်မိပါက သေသွားနိုင်မှန်း သူ သိပေသည်။ သို့သော်လည်း ဝိညာဉ်ရှိသောသူတစ်ယောက်အဖို့ လှုပ်ရှားရုန်းကန်နိုင်သည့် အခွင့်အရေးကတော့ အလိုလို ရှိနေစမြဲပင်။
သူသည် လေထဲတွင် ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်ပြီး အလွန်အမင်း ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်သည်။ သူက ဆောင့်မိမည့်ဒဏ်ကို လျှော့ချရန် လက်မောင်းများကို ဖြန့်လိုက်ပြီး အင်အားကို ခွဲထုတ်ရန် ခြေထောက်များကို လေထဲတွင် လျှောတိုက်လိုက်ကာ နံရံနှင့် မဆောင့်မိခင်မှာပင် ခန္ဓာကိုယ်ကို အောင်မြင်စွာ အရှိန်လျှော့ချပြီး အောက်သို့ အမြန်ကျဆင်းသွားစေသည်။ ထို့နောက် ရွှံ့မျက်နှာပြင်ပေါ်တွင် လှေလှော်သကဲ့သို့ ကူးခတ်ကာ အရှိန်ကို ထပ်မံလျော့ကျစေပြီးမှ ကျောက်လှေကားထစ်များနှင့် သွားရောက်ထိမှန်တော့သည်။
သို့သော်လည်း အနီရောင်ခေါင်းစွပ်မလေး၏ ခွန်အားမှာ အမှန်ပင် တုန်လှုပ်စရာကောင်းလှပေရာ ဖုန်းပုကြွယ်တစ်ယောက် ရှိသမျှခွန်အားကို အသုံးချခဲ့သော်လည်း သူ၏ အသက်အမှတ် ၄၂ ရာခိုင်နှုန်းကို ဆုံးရှုံးလိုက်ရသည်။