← Chapters

အခန်း ၃၀၈

Vol. 31 Ch. 308

အခန်း ၃၀၈

Vol. 31 Ch. 308

အခန်း (၃၀၈) ဦးနှောက်ခြောက်ရသော အခြေအနေ - ၁၅

ဗျူဟာရှင်ဟု ခေါ်ဝေါ်ကြသူများသည် အခြေအနေအရပ်ရပ်က မိမိတို့ဘက်တွင် လုံးဝမသာကြောင်း ကောင်းကောင်းကြီး သိရှိနားလည်ထားပါက တိုက်ပွဲကို ရှောင်ကွင်းရန် ရွေးချယ်ကြမည်မှာ ဓမ္မတာပင် ဖြစ်သည်။

သို့သော် ဆုတ်စရာလမ်းမရှိတော့သည့် အချိန်၌မူ သူတို့သည်လည်း ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုနှင့် သေသည်အထိ တိုက်ခိုက်သွားကြမည် ဖြစ်သည်။

ယခုအချိန်တွင် သူတို့အသင်းဖော် ပစ်လွင့်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသဖြင့် ဟုန်ဟူ၊ ချိုးဖုန်းနှင့် ကျိချန်တို့သည်လည်း သဘာဝကျကျ ဆက်လက်ဒူးမထောက်နိုင်ကြတော့ပေ။ သူတို့သည် ချက်ချင်း ထရပ်လိုက်ကြပြီး တစ်ယောက်ချင်းစီအလိုက် တိုက်ပွဲဝင်ပုံစံများကို ပြင်ဆင်ကာ ရန်သူကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်ကြတော့သည်။

“ငါ့ကို တိုက်ချင်တာလား”

အနီရောင်ခေါင်းစွပ်မလေးက နောက်လှည့်လာပြီး သူမ၏ အကြည့်ကို ထိုသုံးဦးထံသို့ ပြန်လည်စုစည်းလိုက်သည်။

“ဟွန့်… အသက်ရှင်ရတာကို ငြီးငွေ့နေကြပြီထင်တယ်”

“မတိုက်ကြနဲ့ဦး”

ဖုန်းပုကြွယ်က လှမ်းအော်လိုက်သည်။

“ငါ ဘာမှမဖြစ်ဘူး”

အစ်ကိုကြွယ်၏ အချိန်ကိုက် ကြားဖြတ်တားဆီးမှုကြောင့် အသက်နှင့်လဲ၍ တိုက်ပွဲဝင်ရန် ပြင်နေသော ထိုသုံးဦးမှာ သူတို့၏ လှုပ်ရှားမှုများကို အချိန်မီ ထိန်းချုပ်လိုက်နိုင်ကြသည်။

“အနီရောင်ခေါင်းစွပ်မလေး… မင်း ငါတို့ကို သတ်မှာမဟုတ်ပါဘူး”

ဖုန်းပုကြွယ်သည် အနည်းငယ် ဒယိမ်းဒယိုင်ဖြင့် ထရပ်လိုက်သည်။

“ငါတို့က ဘော့စ်ရဲ့ ‘ဧည့်သည်တွေ’ ပဲ၊ မင်း ဒီလိုလုပ်လို့ မရပါဘူး…”

အနီရောင်ခေါင်းစွပ်မလေးသည် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီး အဝေးမှ ဖုန်းပုကြွယ်ကို စူးစိုက်ကြည့်ကာ အေးစက်စက် နှာမှုတ်လိုက်သည်။

“နင်က ဘာအခြေခံနဲ့ ဒီလို ကောက်ချက်ချလိုက်တာလဲ”

“မင်းတို့အခေါ် ‘တခြားကမ္ဘာက ခရီးသွားတွေ’ ဖြစ်တဲ့ ငါတို့မှာ ဒီလိုမျိုး ခရီးတိုထွက်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းတချို့ ရှိတယ်”

ဖုန်းပုကြွယ်က ဇာတ်ကောင်နားလည်နိုင်မည့် စကားလုံးမျိုးကိုသုံး၍ ရှင်းပြလိုက်သည်။

“ပြီးတော့ မင်းက… အရမ်းသန်မာလွန်းတယ်၊ တကယ်လို့ ငါတို့ မင်းနဲ့ တိုက်ခိုက်ရင် ရှင်သန်နိုင်ခြေက သုညပဲ၊ လုံးဝကို ၀… ၀.၀၀ ရာခိုင်နှုန်းပဲ”

သူ ဤအချက်ကို ထပ်ခါတလဲလဲ အလေးပေး ပြောကြားနေခြင်းမှာ သူ့အသင်းဖော်များကို လှမ်းသတိပေးနေခြင်း ဖြစ်သည်။

ဗျူဟာသမားတစ်ဦးအနေဖြင့် ဖုန်းပုကြွယ်သည် ခွန်အားချင်းကွာခြားမှုကို ပိုမိုအတိအကျ တွက်ချက်နိုင်စွမ်း ရှိပေသည်။ အနီရောင်ခေါင်းစွပ်မလေး၏ စွမ်းရည်များသည် သူ့ကို အောင်ပွဲရနိုင်ရန် မည်သည့်အခွင့်အရေးမျှ မပေးနိုင်ချေ။ ဂေါ့သမ်မြို့တွင် သူကြုံတွေ့ခဲ့ရသော စူပါဟီးရိုးအဖွဲ့ကြီးပင်လျှင် ဤကောင်မလေးကို ယှဉ်နိုင်မည် မဟုတ်ချေ။

“ငါတို့ရဲ့ ခရီးစဉ်က ဒီလိုမျိုး သေချာပေါက်သေရမယ့်လမ်းနဲ့ လုံးဝ လမ်းဆုံးလို့မရဘူး…”

ဖုန်းပုကြွယ်က ဆိုသည်။

“ဒါကြောင့် မင်းငါတို့ကို မသတ်ချင်ဘူး၊ ဒါမှမဟုတ် သတ်လို့မရဘူးလို့ ငါထင်တယ်”

သူသည် နာကျင်နေသော သူ့ကျောကို ပွတ်သပ်လိုက်မိသည်။

“မင်း ငါ့ကို ဒီဘက် လွှင့်ပစ်လိုက်တုန်းက တကယ်တော့ ခွန်အားကို ထိန်းထားခဲ့တာပဲ၊ ငါ ဘာမှမလုပ်ခဲ့ရင်တောင် သေမှာမဟုတ်ဘူး၊ အလွန်ဆုံးရှိလှ နည်းနည်းအရှက်ရသွားရုံပေါ့”

ဖုန်းပုကြွယ်၏ စကားကို ကြားရသော်လည်း အနီရောင်ခေါင်းစွပ်မလေး၏ အမူအရာက များစွာ ပြောင်းလဲမသွားချေ။ သို့သော် သူမထံမှ သိသိသာသာ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်း အရှိန်အဝါများမှာမူ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

“မင်း ဒေါသထွက်နေတာကို ငါသိပါတယ်… ပြီးတော့ ငါ့ဘာသာ ပြဿနာရှာလို့ မင်းဒေါသပုံချတာ ခံရတာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့…”

ဖုန်းပုကြွယ်က ဆိုသည်။

“ကိစ္စတွေက ဒီလိုဖြစ်ပျက်လာပြီဆိုတော့ မင်း ဝံပုလွေလူသားနောက်ကို အမြန်ဆုံး လိုက်ဖမ်းဖို့ ငါအကြံပြုချင်ပါတယ်၊ ကျန်တဲ့ငါတို့ကတော့ သတ္တမထပ်ကို သွားပြီး သူဌေးနဲ့တွေ့ကာ ငါတို့ကိစ္စကို အရင်ရှင်းလိုက်မယ်၊ အဲဒီနောက်ပိုင်းမှ မင်းစိတ်မကျေနပ်သေးရင် ငါ့ကို ပြန်လာသတ်လို့ ရတာပဲ”

“ဟွန်း…”

အနီရောင်ခေါင်းစွပ်မလေးသည် တခဏမျှ စဉ်းစားလိုက်ပြီးနောက် အနီရောင်အရိပ်တစ်ခုအသွင် ပြောင်းလဲကာ ဖုန်းပုကြွယ်ထံသို့ ချဉ်းကပ်လာလေသည်။

သူမသည် မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ရွှံ့နွံပေါ်တွင် သက်သောင့်သက်သာ လျှောက်လှမ်းလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အစ်ကိုကြွယ်၏ ရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။ သူမက “နင်က သတ္တိလည်း ရှိတယ်၊ ပြောတာလည်း ယုတ္တိရှိသားပဲ” ဟု ဆိုသည်။ ဖုန်းပုကြွယ်၏ အယူအဆကို နှုတ်က သဘောတူညီသကဲ့သို့ ပြောဆိုနေသော်လည်း သူမလက်ထဲမှ မေ့စ်ဆူးလက်နက်ကိုမူ မညှာမတာ လွှဲရိုက်ချလိုက်လေသည်။

ဂျွတ်ခနဲ အသံနှင့်အတူ မေ့စ်ဆူးလက်နက်သည် ဖုန်းပုကြွယ်၏ ဘယ်ဘက်ဒူးဆစ်ကို အရှိန်ပြင်းပြင်း ထိမှန်သွားကာ ၎င်းကို ကြေမွသွားစေတော့သည်။

“ဒါပေမဲ့ ငါက သူတစ်ပါးရဲ့ အမိန့်ပေးခံရတာကို အရမ်းမုန်းတာ၊ ဘော့စ်ဆီက အမိန့်ဆိုရင်တောင်မှပေါ့”

အနီရောင်ခေါင်းစွပ်မလေးသည် ဖုန်းပုကြွယ်၏ ဒူးဆစ်ထဲမှ သွေးချင်းချင်းနီနေသော မေ့စ်ဆူးလက်နက်ကို ဆွဲထုတ်လိုက်ပြီး ၎င်းကို ပုခုံးတွင်ထမ်းကာ လှောင်ပြုံး ပြုံးလိုက်သည်။

“ဒါကြောင့် ဒါက နင့်အတွက် အပိုဆောင်း အပြစ်ဒဏ်ပဲ”

သူမသည် ဖုန်းပုကြွယ်၏ နာကျင်နေသောမျက်နှာပုံစံကို ကြည့်ကာ ကျေနပ်သည့်အမူအရာ ပြသလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

သူမသည် ဟုန်ဟူနှင့် ကျန်လူများ၏ ဘေးမှ ဖြတ်ကျော်သွားစဉ် ထိုသုံးဦးမှာ အသက်ပင် ဝဝမရှူရဲကြဘဲ အနီရောင်ခေါင်းစွပ်မလေး ဖြတ်သွားသည်အထိ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြရသည်။

မည်သူမျှ စကားမပြောကြသလို… မျက်လုံးချင်းလည်း မဆုံဝံ့ကြချေ…။

အနီရောင်ခေါင်းစွပ်မလေး ဓာတ်လှေကားထဲသို့ ဝင်ရောက်သွားပြီး ဓာတ်လှေကားတံခါးများ ပိတ်သွားခါမှ ချိုးဖုန်းသည် အဝေးရှိ ဖုန်းပုကြွယ်ကို လှမ်း၍ အသံမြှင့်မေးရဲတော့သည်။

“အဆင်ပြေရဲ့လား၊ ညီအစ်ကိုဖုန်း”

“အဓိပ္ပါယ်မရှိတာတွေေ”

ဖုန်းပုကြွယ် ပြန်ဖြေလိုက်သည်။

“ငါ အဖြူရောင်အလင်းအဖြစ် ပြောင်းလဲပြီး မပျောက်ကွယ်သွားဘူးဆိုကတည်းက အသက်ရှင်နေသေးတယ်လို့ ဆိုလိုတာပေါ့”

“အဲဒါတော့ ငါတို့လည်း သိတာပေါ့”

ဟုန်ဟူက ဆိုသည်။

“ငါတို့က မင်း သွေးထွက်ခြင်းအခြေအနေထဲ ရောက်သွားမှာကို နည်းနည်း စိုးရိမ်နေတာ”

သူ၏ စိုးရိမ်ပူပန်မှုမှာ အလွန်အရေးကြီးပေသည်။ အကြောင်းမူကား ဤဇာတ်လမ်းထဲတွင် အိတ်ထဲရှိ ပစ္စည်းများကို အသုံးပြု၍မရပါချေ။ အကယ်၍ ဖုန်းပုကြွယ်သာ သွေးထွက်ခြင်းအခြေအနေသို့ ရောက်ရှိသွားပြီး သွေးတိတ်အောင် မလုပ်နိုင်ခဲ့ပါက သူသည် သေချာပေါက် အသက်ပျောက်ရပေလိမ့်မည်။

“ရပါတယ်၊ ငါက အရိုးကျိုးတဲ့ အခြေအနေပဲ ဖြစ်သွားတာ၊ သွေးတွေတော့ အဆက်မပြတ် ထွက်မနေပါဘူး”

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

“ငါ့ရဲ့ အသက်အမှတ်က ၈ ရာခိုင်နှုန်း ကျန်သေးတယ်၊ နောက်ထပ် ဒဏ်ရာမရဖို့ပဲ လိုတယ်”

“၈ ရာခိုင်နှုန်းဆိုတာ အရမ်းအန္တရာယ်များတယ်ဟ”

ကျိချန်က ဆိုသည်။

“ဒါ့အပြင် ဒီလိုဒဏ်ရာမျိုးက သူ့အလိုလို ပျောက်ဖို့ အရမ်းနှေးတယ်၊ တကယ်လို့ ဒီအခြေအနေကို ဖယ်ရှားပေးနိုင်မယ့် ပစ္စည်းမရှိရင် ဒီအရိုးကျိုးတဲ့ဒဏ်ရာက ဇာတ်လမ်းပြီးဆုံးတဲ့အထိ မင်းနဲ့အတူ ရှိနေလိမ့်မယ်”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“မင်းပြောတာ မှန်တယ်၊ ဒါဆိုရင် ငါ့ကို ဒီကနေ ထမ်းသွားပေးကြပါဦး”

သူသည် ဤအခြေအနေကို အခွင့်ကောင်းယူကာ အကြောင်းပြချက်အဖြစ် သုံးလိုက်ခြင်းဖြစ်သည်။

“အိုး… ဟုတ်သားပဲ၊ စောစောက အနီရောင်ခေါင်းစွပ်မလေး ငါ့ကို မလိုက်တုန်းက တံမြက်စည်းကို မြေကြီးပေါ် လွှင့်ပစ်လိုက်မိတယ်”

သူက ထိုသုံးဦးနှင့် မလှမ်းမကမ်းရှိ ခြေကုပ်နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်ရင်း “အဲဒါကို ကောက်သွားဖို့ မမေ့နဲ့ဦးနော်”

ဆယ်မိနစ်ခန့် ကြာပြီးနောက်…

သူတို့ လေးဦးသည် စိမ့်တောကြီးကို ဖြတ်ကျော်နိုင်ခဲ့ပြီး ကျောက်လှေကားထစ်များမှတစ်ဆင့် ဆေးရေးပန်းချီကားထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြသည်။

အတော်အတန် ထွားကျိုင်းသော ကျိချန်က ဖုန်းပုကြွယ်ကို ချီပိုးရန် တာဝန်ယူထားပြီး အဖွဲ့အလယ်တွင် လမ်းလျှောက်နေသည်။ ချိုးဖုန်းမှာ တံမြက်စည်းကိုကိုင်ကာ ရှေ့မှ လမ်းပြနေပြီး ဟုန်ဟူကမူ အနောက်မှ လိုက်ပါစောင့်ရှောက်ရန် တာဝန်ယူထားလေသည်။

ကျောက်လှေကားထစ်များသည် သူတို့ ထင်ထားသည်ထက် ပိုမိုရှည်လျားလှပြီး အပေါ်သို့ ဆက်လက်ဆန့်တန်းနေကာ လမ်းကြောင်းမှာ ပိုမိုမတ်စောက်ပြီး ကျဉ်းမြောင်းလာသောကြောင့် ပို၍ပင် အန္တရာယ်များလာတော့သည်။

နောက်ထပ် ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင်မူ သူတို့သည် အတော်အတန် မြင့်သော အမြင့်တစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။ ဤနေရာမှ အောက်သို့ ငုံ့ကြည့်လိုက်လျှင် ဝေဝေဝါးဝါး မြူခိုးများကိုသာ မြင်တွေ့ရတော့သည်။ မြူခိုးများအောက်ရှိ စိမ့်တောကြီးသည် လရောင်အောက်တွင် အိပ်မက်တစ်ခုကဲ့သို့ပင် လှပသော အရောင်အသွေးမျိုးစုံကို ထာဝရ ထွက်ပေါ်နေစေသည်။

“ပြုတ်မကျစေနဲ့ဦးနော်၊ ငါ့ကို ဒဏ်ရာရအောင် မလုပ်နဲ့”

ဖုန်းပုကြွယ်သည် စုန်းမ၏ ဦးထုပ်ချွန်ကြီးကို ဆောင်းလိုက်ပြီး တမင်သက်သက် အထက်စီးဆန်သော လေသံဖြင့် ဆိုလိုက်သည်။

“ငါ့ရဲ့ ဒီအရိုးအိုကြီးတွေက တစ်ခါလောက် ပြုတ်ကျရုံနဲ့တင် လမ်းဆုံးသွားနိုင်တယ်ကွ”

“ငါလည်း မင်းကို ဒီချောက်ထဲ ပစ်ချခဲ့ချင်တာပဲ၊ ဒါပေမဲ့ စနစ်က ခွင့်မပြုလို့ပေါ့”

ကျိချန်က ပြန်ပြောလိုက်သည်။

“အာ… ဟိုးတုန်းက ငါ ဘာရော့ခ်နဲ့ တိုက်ခိုက်တုန်းကလည်း ချောက်ထဲ ပြုတ်ကျခဲ့ဖူးတာပဲ”

ဖုန်းပုကြွယ်က သူ့ဦးထုပ်ချွန်ကို ပုတ်လိုက်သည်။

“အဲဒီတိုက်ပွဲပြီးတော့ ငါက မီးခိုးရောင်ဝတ်ရုံက အဖြူရောင်ဝတ်ရုံ ဖြစ်သွားခဲ့ရတယ်”

“မင်းက ဂန်ဒဖ် (Gandalf) အကြောင်းကို ထပ်ပြီး ဆွဲထည့်နေပြန်ပြီ…”

ဟုန်ဟူက ဆိုသည်။

“မင်းကတော့ အဓိပ္ပာယ်မရှိတာတွေ ဘယ်လိုပြောရမလဲဆိုတာ တကယ်သိတာပဲ”

“ဟေး ငါတို့ လမ်းဆုံးကို ရောက်ပြီထင်တယ်”

အဖွဲ့၏ ရှေ့ဆုံးမှ လျှောက်နေသော ချိုးဖုန်းက သူတို့၏ စကားဝိုင်းကို ကြားဖြတ်ကာ လှည့်ပြောလိုက်သည်။

အပေါ်သို့ မော့ကြည့်လိုက်ရာ သူတို့၏ ရှေ့တည့်တည့် မီတာနှစ်ရာခန့်အကွာနှင့် အနည်းငယ် အပေါ်ကျနေသောနေရာတွင် ကျောက်လှေကားထစ်များ၏ ထိပ်ဆုံးပိုင်း တည်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ လက်စွပ်ကွင်းပုံစံ ပုံသဏ္ဌာန်ရှိသော မှောင်မည်းနေသည့် မီးခိုးရောင် တိမ်တိုက်ကြီးတစ်ခုက ထိုနေရာကို ဖုံးလွှမ်းထားပြီး ၎င်းအတွင်းပိုင်းမှ ရေစီးသံကဲ့သို့သော တိုးညှင်းသည့် အသံများကို ကြားနေရလေသည်…။

ကစားသမားများသည် သူတို့၏ ခြေလှမ်းများကို အနည်းငယ် မြန်နူန်းမြှင့်လိုက်ကြပြီး လှေကားထစ်များ၏ ထိပ်ဆုံးသို့ ဆက်လက်တက်လှမ်းကာ ချောမွေ့သော ကျောက်ဆောင်မျက်နှာပြင်ပေါ်သို့ ခြေချလိုက်ကြသည်။

ထိုနေရာတွင် သူတို့သည် နောက်ထပ် အံ့အားသင့်စရာ မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရပြန်သည်။

သူတို့ခေါင်းပေါ်ရှိ တိမ်တိုက်ကွင်းကြီး၏ အတွင်းပိုင်းတွင် ရေတံခွန်တစ်ခု ရှိနေပြီး ၎င်းမှာ ပြောင်းပြန်စီးဆင်းနေသော ရေတံခွန်တစ်ခု ဖြစ်သည်။ ဒလဟော စီးဆင်းနေသော ရေများသည် ကမ္ဘာမြေဆွဲအားနိယာမများကို ဆန့်ကျင်ကာ အပေါ်သို့ တည့်မတ်စွာ လျှံတက်နေခြင်း ဖြစ်၏။ ဤတိမ်တိုက်အောက်တွင် ရပ်နေရခြင်းမှာ လေထဲ၌ ဇောက်ထိုး ဆွဲချိတ်ခံထားရသည့်အလား အထင်မှားစရာ ခံစားချက်ကို ပေးစွမ်းနေလေသည်။

ကျိချန်က ဖုန်းပုကြွယ်အား အောက်ချပေးလိုက်သည်။ ဖုန်းပုကြွယ်သည် လူမိုက်တစ်ယောက်၏ ပုံစံအတိုင်း ခြေထောက်တစ်ဖက်တည်းဖြင့် မတ်တတ်ရပ်ကာ လက်တစ်ဖက်ကို ခါးထောက်လျက် အပေါ်မော့ကြည့်ပြီး မေးလိုက်သည်။

“အားလုံးရဲ့ အမြင်က ဘယ်လိုရှိလဲ”

“အင်း…”

ဟုန်ဟူသည် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးမှ ဆိုလာသည်။

“ငါ့မှာ အကြံတစ်ခုရှိတယ်၊ ငါတို့သုံးယောက် အတူတူ ပူးပေါင်းပြီး ညီအစ်ကိုဖုန်းကို အပေါ်ကို အရင်ဆုံး ပစ်တင်လိုက်ကြရအောင်”

“အိုး အကြံကောင်းပဲ”

ချိုးဖုန်းက ချက်ချင်းပင် သဘောတူလိုက်သည်။

ကျိချန်ကလည်း စဉ်းစားနေဟန်ဖြင့် သူ့မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။

“ညီအစ်ကိုဖုန်း အပေါ်ရောက်သွားပြီး မိနစ်နည်းနည်းလောက်ကြာတဲ့အထိ အသင်းမှတ်တမ်းထဲမှာ သေဆုံးကြောင်း မပြဘူးဆိုရင် အပေါ်တက်မယ့်လမ်းကြောင်းက ဘေးကင်းတယ်လို့ ဆိုလိုတာပဲ၊ အဲဒီကျမှ ငါတို့ သတ္တမထပ်ကို အောင်အောင်မြင်မြင် တက်သွားကြတာပေါ့”

“အင်း… ဒါက တကယ့်ကို ကောင်းတဲ့အကြံပဲ”

ထိုသုံးဦး၏ ယုတ်မာသော အကြံအစည်ကို ရင်ဆိုင်နေရသော်လည်း ဖုန်းပုကြွယ်မှာ မထင်မှတ်ဘဲ တည်ငြိမ်စွာ သဘောတူလိုက်သည်။

“ငါ့ခြေထောက်က ဒဏ်ရာရထားတာဆိုတော့ ငါ့ဘာသာ အပေါ်ကို ခုန်တက်ဖို့က အရမ်းအားစိုက်ထုတ်ရလိမ့်မယ်၊ တကယ်လို့ လမ်းကြောင်းလွဲပြီး ခုန်မိရင် ဒီလောက်အမြင့်ကနေ အောက်က စိမ့်တောထဲကို ပြုတ်ကျပြီး သေချာပေါက် သေရလိမ့်မယ်”

သူက ပြောရင်းနှင့် သူ့ဦးထုပ်ကို ချွတ်ကာ ကျိချန်ထံသို့ ကမ်းပေးလိုက်သည်။

“ဘေးကင်းစေဖို့အတွက် မင်းတို့ ဇာတ်လမ်းပစ္စည်းတွေကို အရင်ကိုင်ထားလိုက်ဦး၊ ငါ့ကို အပေါ် ပစ်တင်ပြီးရင် သုံးမိနစ်လောက်ပဲ စောင့်လိုက်ကြ၊ တကယ်လို့ အဲဒီအချိန်အထိ ငါ အသက်ရှင်နေသေးရင် မင်းတို့ တစ်ယောက်ချင်းစီ အပေါ်ကို ခုန်တက်လာခဲ့ကြပေါ့”

ဖုန်းပုကြွယ်၏ ပူးပေါင်းဆောင်ရွက်လိုသဘောထားကြောင့် ဟုန်ဟူမှာ အတော်လေး အံ့အားသင့်သွားရသည်။ အမှန်တကယ်တွင် သူ၏ အကြံပြုချက်မှာ စနောက်လိုသည့် သဘောအနည်းငယ် ပါဝင်သော်လည်း ကာယကံရှင်ကိုယ်တိုင်က ဤမျှ လွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု မထင်ထားမိချေ။

ယခုအခါ ဗျူဟာကို ဆုံးဖြတ်ပြီးသွားပြီဖြစ်ရာ အသေးစိတ်အချို့ကို ဆွေးနွေးပြီးနောက် သူတို့သည် ၎င်းကို လက်တွေ့အကောင်အထည်ဖော်လိုက်ကြသည်။ ကျိချန်၊ ဟုန်ဟူနှင့် ချိုးဖုန်းတို့သည် သူတို့၏ တည်နေရာများတွင် အသင့်ပြင်ကာ ဖုန်းပုကြွယ်ကို ပင့်မလိုက်ပြီး လေထဲသို့ မြှင့်တင်ကာ တိမ်တိုက်ဝဲဂရက်ကြီးထဲသို့ ခေါင်းစိုက်လျက် လွင့်စင်သွားစေတော့သည်။

သူ့ခန္ဓာကိုယ်က ပြောင်းပြန်စီးဆင်းနေသော ရေတံခွန်နှင့် ထိတွေ့လိုက်သည့်ခဏ၌ ဖုန်းပုကြွယ်သည် သူ့ကိုယ်တွင်းရှိ သွေးများအားလုံး ခြေဖဝါးမှ ဦးခေါင်းဆီသို့ ဆန်တက်သွားသလို ခံစားလိုက်ရသည်။ ကမ္ဘာမြေဆွဲအားမှာ ထိုခဏ၌ ပြောင်းပြန်ဖြစ်သွားသည့်အလား ခံစားရစေကာ သူ့ကို ရေထဲသို့ “ထိုးဆင်း” သွားစေတော့သည်။

အစောပိုင်းက ပြောခဲ့သည့်အတိုင်းပင်… သူ ရေမကူးတတ်ပါချေ။

မှန်ပေသည်… ယခုကဲ့သို့ ပြင်းထန်သော ရေစီးကြောင်းထဲတွင် ရေကူးတတ်သည်ဖြစ်စေ၊ မကူးတတ်သည်ဖြစ်စေ များစွာထူးခြားမှု မရှိလှချေ။

ဖုန်းပုကြွယ်သည် အိမ်သာအိုးထဲသို့ ပစ်ချခံလိုက်ရသည့် အရာဝတ္ထုတစ်ခုကဲ့သို့ မြန်နူန်းမြင့်ရေစီးကြောင်း၏ ဆွဲခေါ်ခံလိုက်ရလေသည်။ သူသည် သူ့မျက်လုံးများကို လုံးဝဖွင့်မရတော့သလို သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း အတော်အတန် ပြင်းထန်သော ရေဖိအားကို ခံစားနေရသည်။ သို့သော်လည်း ဤအရာက သူ့ကို အသက်အမှတ်များ မဆုံးရှုံးသွားစေပေ။ ထို့ပြင် အေးစက်လှသော ရေအပူချိန်ကလည်း သူ့ဘယ်ဘက်ဒူးဆစ်မှ နာကျင်မှုများကို ယာယီအားဖြင့် ထုံကျင်သွားစေသည်။

စက္ကန့်သုံးဆယ်ခန့်အကြာတွင် ဖုန်းပုကြွယ်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများ ရုတ်တရက် လျော့နည်းသွားသည်ကို ခံစားလိုက်ရပြီး သူ့ကျောပြင်က အရာတစ်ခုခုကို မှီထားသလို ဖြစ်သွားကာ လှဲလျောင်းနေသည့် အနေအထားသို့ ရောက်ရှိသွားရသည်။

သူ ထထိုင်ရန် ကြိုးစားလိုက်သော်လည်း မထင်မှတ်ဘဲ ဤလှုပ်ရှားမှုကြောင့် သူ့ခန္ဓာကိုယ်အထက်ပိုင်းက ရေထဲမှ ပေါ်ထွက်လာခဲ့သည်။

“ဟင်”

ဖုန်းပုကြွယ် မျက်လုံးဖွင့်လိုက်ရာ တောက်ပသော အလင်းရောင်ကြောင့် သူသည် ခဏမျှ ဝေဝေဝါးဝါး ဖြစ်သွားရသည်။ သူ့ပတ်ဝန်းကျင်ကို မြင်တွေ့လိုက်ရသောအခါတွင်မူ သူသည် ရှားရှားပါးပါး အံ့အားသင့်သည့် အမူအရာကို ပြသမိသွားတော့သည်။

ယခုအချိန်တွင် သူ မြင်တွေ့နေရသည်မှာ သူ့ဘာသာသူ အသုံးပြုနေကျ ရေချိုးခန်းဖြစ်ပြီး သူသည် ရေချိုးကန်ထဲတွင် လှဲလျောင်းနေခြင်း ဖြစ်သည်။

“ဘာလဲ… ငါရေချိုးရင်း အိပ်ပျော်သွားတာလား…”

ဖုန်းပုကြွယ်က ရေရွတ်လိုက်သည်။

ဝတ်ရုံလုပွဲပြီးဆုံးသွားပြီးနောက် အစ်ကိုကြွယ်သည် ရေချိုးရန် ဂိမ်းမှ ထွက်ခဲ့ခြင်းဖြစ်ပြီး အဆုံး၌ ရေချိုးကန်ထဲတွင် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ပုံရသည်။ အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ အိပ်မက်တစ်ခုသာ ဖြစ်ချေသည်။

…

ဒါက… လုံးဝ မဖြစ်နိုင်ချေ။

ဖုန်းပုကြွယ်သည် ဇာတ်လမ်းကမ္ဘာထဲတွင် “ဇာတ်လိုက်က နိုးလာတဲ့အခါ အရာအားလုံးဟာ အိပ်မက်တစ်ခု ဖြစ်နေမှန်း သိလိုက်ရတယ်” ဟူသော တားမြစ်နည်းစနစ်မျိုးကို အသုံးပြုရန် ထိုက်တန်သူ မဟုတ်ပါချေ။

…

“လက်ရှိ တာဝန် ပြောင်းလဲသွားပါပြီ၊ အဓိကတာဝန်ကို အဆင့်မြှင့်တင်လိုက်ပါပြီ”

ထိုခဏ၌ စနစ်၏ အကြောင်းကြားသံ ထွက်ပေါ်လာခဲ့သည်။

ဖုန်းပုကြွယ် အောက်သို့ ငုံ့ကြည့်လိုက်ရာ သူသည် လူပြက်ဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်သည်ကို တွေ့လိုက်ရသဖြင့် အရာအားလုံးကို သဘောပေါက်သွားတော့သည်။

သူ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ရေချိုးကန်ထဲမှ တွားထွက်လိုက်ကာ စစ်ဆေးရန် ဂိမ်းမီနူးကို ဖွင့်လိုက်သည်။

အဖွဲ့ကဏ္ဍတွင် အသင်းဖော်သုံးဦး၏ နာမည်များ ရှိနေဆဲဖြစ်ပြီး အားလုံးမှာလည်း အသက်ရှင်လျက် ရှိနေကြဆဲ ဖြစ်သည်။

တာဝန်ကဏ္ဍတွင်မူ “ရှင်သန်နေသော ကစားသမားအားလုံး “စုံထောက်ကလပ်” ထဲသို့ ဝင်ရောက်ရန်” ဟူသော အချက်ကို အမှန်ခြစ် မလုပ်ရသေးသော်လည်း ထိုတာဝန်အောက်တွင် တာဝန်အသစ်တစ်ခု ထွက်ပေါ်လာပြီ ဖြစ်သည်။

“မှတ်ဉာဏ်နေရာလွတ်မှ လွတ်မြောက်ကာ “စမ်းသပ်မှုအဆောက်အအုံ” ၏ သတ္တမထပ်သို့ ပြန်လည်ရောက်ရှိရန်”

ထို့အပြင် နောက်ထပ် အလွန်အရေးကြီးသော ပြောင်းလဲမှုတစ်ခု ရှိနေသေးသည်…။၎င်းမှာ သူ့ပစ္စည်းသိုလှောင်အိတ်ထဲရှိ ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ခြင်းပင်။

All Chapters