အခန်း ၃၁၀
Vol. 31 Ch. 310
အခန်း (၃၁၀) ဦးနှောက်ခြောက်ရသော အခြေအနေ - ၁၇
ရေချိုးခန်းလိုက်ကာသည် ရေချိုးကန်၏ အပေါ်ဘက်ရှိ ဘဲဥပုံသဏ္ဌာန် သံမဏိဘောင်တစ်ခုတွင် ချိတ်ဆွဲထားပြီး ၎င်း၏ အောက်ခံရောင်မှာ အပြာနုရောင်ဖြစ်ကာ အပေါ်တွင် အနည်းငယ် ပိုရင့်သော အရောင်ဖြင့် ပုံစံကွက်အချို့ ရှိနေလေသည်။ ဖုန်းပုကြွယ်သည် ပုံမှန်အားဖြင့် ဤကဲ့သို့အရာများကို အသုံးမပြုတတ်သော်လည်း သူ၏ ထူးချွန်ထက်မြက်လှသော မှတ်ဉာဏ်နှင့် ထက်မြက်သော အကဲခတ်စွမ်းရည်တို့ကြောင့် လိုက်ကာ၏ ပုံမှန်မဟုတ်သော အသွင်အပြင်ကို သတိပြုမိသွားခြင်း ဖြစ်သည်။
“ပုံစံကွက်တွေရဲ့ အရောင်နဲ့ ပုံသဏ္ဌာန်က ငါမှတ်မိနေတဲ့အရာနဲ့ ကွဲပြားနေတယ်…”
ဖုန်းပုကြွယ်သည် သူ့ဘာသာ ရေရွတ်လိုက်ရင်း လိုက်ကာကို ဆွဲဖွင့်ကာ အနီးကပ် စစ်ဆေးလိုက်သည်။
သူသည် အတော်ကြာအောင် ကြည့်ရှုခဲ့သော်လည်း ထိုပုံစံကွက်များက ဘာကို ကိုယ်စားပြုသည်ကိုမူ သဘောမပေါက်နိုင်ခဲ့ချေ။ ၎င်း၏ အရေးအကြောင်းများမှာ သူမှတ်မိနေသည့်အရာနှင့် ကွဲပြားနေသည်ကို သူ သတိပြုမိသော်လည်း ထိုဝှက်ထားသော အချက်အလက်များကို မဖော်ထုတ်နိုင်ပါက အလကားပင်။
“ငါ ကြည့်တဲ့ ထောင့်က မှားနေလို့လားမသိဘူး”
ဖုန်းပုကြွယ် စဉ်းစားခန်းဝင်လိုက်ရင်း လက်ကလည်း အငြိမ်မနေဘဲ လိုက်ကာကို ဟိုဘက်ဒီဘက် လှန်လှောကာ ပုံစံအမျိုးမျိုးဖြင့် နေရာချကြည့်သော်လည်း ဘာမှ ထူးခြားမလာခဲ့ချေ။
“နေဦး… ထောင့်ပဲ”
ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲ၌ စိတ်ကူးဉာဏ်အလင်းတစ်ခု ဖြတ်ခနဲ လင်းလက်သွား၏။
သူသည် ချက်ချင်း အိတ်ကပ်ထဲမှ ဓာတ်မီးကို ထုတ်ကာ ထွန်းလိုက်တော့သည်။ ထို့နောက် တံခါးဆီသို့ သွားပြီး ရေချိုးခန်းမီးကို ပိတ်ပစ်လိုက်သည်။
“ငါ ဒီရေချိုးခန်းထဲကို ဝင်လာတုန်းက မီးတွေက လင်းနေတာ၊ ပြီးတော့ ယေဘုယျအားဖြင့် ဘယ်သူကမှ မီးကို တမင်သက်သက် ပိတ်မှာမဟုတ်ဘူး”
ဖုန်းပုကြွယ်က ရေရွတ်ရင်း ဓာတ်မီးအလင်းတန်းကို ရေချိုးခန်းလိုက်ကာပေါ်သို့ ရွှေ့လိုက်သည်။
“ဒါကြောင့်မို့လို့… ငါ ဒါကို မမြင်နိုင်ခဲ့တာပဲ”
ထိုခဏ၌ အပြာနုရောင် ရေချိုးခန်းလိုက်ကာပေါ်ရှိ အရောင်အရင့်ဆုံးသော ပုံစံကွက်အပိုင်းအစများသည် အလွန်ထင်ရှားသော အစိမ်းရောင်အဖြစ် ပြောင်းလဲသွားပြီး အဖြူရောင် အရေးအကြောင်းအချို့လည်း ပေါ်ထွက်လာတော့သည်။
သဲလွန်စမှာ အစကတည်းက သူ့ရှေ့တည့်တည့်တွင် ရှိနေခဲ့ခြင်းဖြစ်ပြီး သူကသာ “မမြင်” နိုင်ခဲ့ခြင်း ဖြစ်သည်။
လိုက်ကာပေါ်ရှိ အချက်အလက်များကို သတ်မှတ်ထားသော အရောင်ရှိသည့် အလင်းအောက်တွင်သာ ခွဲခြားသိမြင်နိုင်သည်။ ရေချိုးခန်း၏ အဖြူရောင်မီး လင်းနေစဉ်တွင်မူ ထိုသဲလွန်စများကို မြင်တွေ့နိုင်မည် မဟုတ်ပါချေ။ သို့သော် ယခုအခါ ဓာတ်မီး၏ ဝါကျင်ကျင် အလင်းတန်းကြောင့် အစိမ်းရောင်နောက်ခံပေါ်တွင် အဖြူရောင်အနားသတ်များ ပါရှိသော အင်္ဂလိပ်စာလုံးအချို့ကို အောင်မြင်စွာ ဖော်ထုတ်ပေးလိုက်နိုင်ပြီ ဖြစ်သည်။
“m… d… d… m… i… i… r…”
ဖုန်းပုကြွယ်သည် ရေချိုးခန်းလိုက်ကာပေါ်တွင် စာလုံးအမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့သည်။ အစပိုင်းတွင် ထိုစာလုံးများသည် စကားလုံး သို့မဟုတ် စာကြောင်းများ ဖြစ်လာနိုင်သည်ဟု သူ ထင်ခဲ့သော်လည်း ခဏမျှ ဖတ်ကြည့်ပြီးနောက်တွင်မူ ထိုသို့မဟုတ်မှန်း သိလိုက်ရသည်။ စာလုံးအများစုမှာ ထပ်ခါတလဲလဲ ဖြစ်နေပြီး ၎င်းတို့၏ စီစဉ်ပုံမှာလည်း မည်သည့် ယုတ္တိဗေဒ သဘောတရားမျှ ရှိမနေခဲ့ချေ။
သူသည် ရေချိုးခန်းလိုက်ကာတစ်ခုလုံးကို အနှံ့အပြား ရှာဖွေပြီးသွားကြောင်း အတည်ပြုပြီးနောက် မေးစေ့ကို ပွတ်ကာ ဆိုလိုက်သည်။
“အင်း… စုစုပေါင်း စာလုံး ခုနစ်လုံး ရှိတာပဲ၊ a၊ d၊ i၊ k၊ m၊ o နဲ့ r ပေါ့၊ သူတို့က မတူညီတဲ့ အကြိမ်ရေတွေနဲ့ ထပ်ခါတလဲလဲ ပေါ်ပြီး ကျပန်း စီထားတာပဲ၊ ဒါက ဘာဖြစ်နိုင်မလဲ…”
သူ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ဖြန့်ထားသော ရေချိုးခန်းလိုက်ကာကို အဝေးမှ လှမ်းအကဲခတ်လိုက်သည်။
“ဒါက x ဝင်ရိုးနဲ့ y ဝင်ရိုးတွေနဲ့ သက်ဆိုင်နေတာလား၊ ဒါမှမဟုတ် သုံးဖက်မြင် ပုံသဏ္ဌာန်တစ်ခုလား၊ ဒါမှမဟုတ်… အို့”
သူ စကားမဆုံးသေးခင်မှာပင် သဲလွန်စကို မြင်သွားလေပြီ။ သူသည် သူ့မှတ်စုစာအုပ်နှင့် ဘောပင်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး လိုက်ကာပေါ်ရှိ စာလုံးများကို စနစ်တကျ ရေးချလိုက်သည်။ မိနစ်အနည်းငယ်အကြာတွင်မူ သူသည် ပဟေဠိကို ဖြေရှင်းနိုင်လိုက်ပြီ ဖြစ်သည်။
“ဆိုတော့ သူတို့ကို သေသေသပ်သပ် စီစဉ်ပြီးတော့ ‘ကိုက်ညီမှု’ စည်းမျဉ်းအရ ပယ်ဖျက်ရုံသက်သက်ပဲပေါ့…”
ဖုန်းပုကြွယ်သည် ထိုပဟေဠိအပေါ် အနည်းငယ် မလေးမစား ပြုလုပ်နေပုံရသည်။ သို့သော်လည်း ဤအရာက သူ အဖြေမှန်ကို ရရှိခြင်းမှ မတားဆီးနိုင်ပေ။
မကြာမီ သူသည် ပယ်ဖျက်ခြင်းတာဝန်ကို အဆုံးသတ်လိုက်သည်။ စက္ကူပေါ်ရှိ “d, a, k” အားလုံးကို ကြက်ခြေခတ် ဖြတ်ထုတ်ပစ်လိုက်ပြီး ကျန်စာလုံးများကိုမူ… သူတို့၏ ဒေါင်လိုက်တည်နေရာကို လျစ်လျူရှုပြီး x ဝင်ရိုးပေါ်တွင် စီစဉ်လိုက်သောအခါ တစ်ကွက်စီ တိကျစွာ ခြားလျက်သားဖြစ်နေပြီး “mirror (မှန်)” ဟူသော စကားလုံးကို ကွက်တိ ဖြစ်ပေါ်စေတော့သည်။
“ဒီတော့… ဒီတစ်ချိန်လုံး မင်းက ငါ့ကို မှန်ထဲကြည့်စေချင်နေတာပေါ့…”
သူသည် လက်ဆေးကန်ဆီသို့ ပြန်သွားပြီး ဓာတ်မီးကို အစွန်းပေါ်တွင်တင်ကာ မှန်ကို စိုက်ကြည့်လိုက်တော့သည်။
သူသည် ထိုနေရာတွင် တစ်မိနစ်ထက်မနည်း မတ်တတ်ရပ်နေခဲ့သော်လည်း မည်သည့် ပုံမှန်မဟုတ်သော တုံ့ပြန်မှုမှ ရှိမလာချေ။
ဖုန်းပုကြွယ် တွေးလိုက်မိသည်။
“ငါ စောစောကလည်း မှန်ကို စိုက်ကြည့်ခဲ့တာပဲ၊ ဘာသဲလွန်စမှ မမြင်ရသလို ဘာဇာတ်ကွက်ကိုမှလည်း မလှုံ့ဆော်ပေးခဲ့ဘူး၊ ဒါပေမဲ့ အခု ငါပဟေဠိကို ဖြေရှင်းပြီးတာတောင် ဘာလို့ အခုထိ…”
“အာ ဒါမှမဟုတ်…”
သူ့ခေါင်းထဲသို့ နောက်ထပ် အတွေးတစ်ခု ဝင်လာပုံရပြီး သူ့မှတ်စုစာအုပ်ကို ပြန်ကောက်ကိုင်လိုက်သည်။ သူ ကြက်ခြေခတ် ဖြတ်ပစ်လိုက်သော စာလုံးများကို ကြည့်လိုက်ရင်း
“လုံးဝ ဖျက်ခံလိုက်ရတဲ့ ‘d’၊ ‘a’၊ ‘k’ ဆိုတဲ့ စာလုံးတွေ… တကယ်လို့ အကြိမ်ရေအများဆုံး ပေါ်နေတဲ့ ‘r’ ကိုပါ ပေါင်းထည့်လိုက်ရင် အဲဒါက…” (စာလုံးပေါင်းလျှင် dark - အမှောင် ဖြစ်လာသည်။)
ဖုန်းပုကြွယ် ခပ်ဖွဖွ ရယ်မောလိုက်သည်။
“ဟဲ… ဒါက အဲဒီအဓိပ္ပာယ်ကိုး”
နောက်တစ်စက္ကန့်တွင်မူ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ လက်ကို ဆန့်ထုတ်ကာ ဓာတ်မီးကို ပိတ်ပစ်လိုက်တော့သည်။
အခြားသူသာဆိုလျှင် ဤသို့မလုပ်ခင် တွန့်ဆုတ်နေကြမည်မှာ သေချာပေသည်။ အားလုံးသိကြသည့်အတိုင်း သူသည် ကျဉ်းမြောင်းသော နေရာတစ်ခုတွင် တစ်ယောက်တည်း ရှိနေခြင်း ဖြစ်သည်။ တံခါးအပြင်ဘက်တွင်လည်း “ပြင်းထန်သော နာကြည်းမှု” တစ်ခု ရှိနေသေးသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မိမိကိုယ်ကိုယ် အမှောင်ထုကြီးက လွှမ်းခြုံသွားစေရန် ခွင့်ပြုခြင်းက သေချာပေါက် အတော်လေးသတ္တိရှိဖို့ လိုအပ်ပေလိမ့်မည်။
သို့သော် ဖုန်းပုကြွယ်ကတော့ လုံးဝဝေဝါးသွားခြင်း မရှိပေ။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဓာတ်မီးကို ပိတ်ပစ်လိုက်ခြင်းဖြစ်သည်။
ဒါက ဘာဆန်းလို့လဲ။ ကတ္တရာစေးလို မှောင်မည်းနေတဲ့ ရေချိုးခန်းထဲမှာ မတ်တတ်ရပ်ပြီး မှန်ကို စိုက်ကြည့်နေရုံသက်သက်ပဲ မဟုတ်လား။ အလွန်ဆုံးရှိလှ ကြောက်စရာကောင်းတဲ့ ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လာပြီး ကျောချမ်းသွားစေမယ့် အသံဆိုးကြီးအချို့ ပါလာရုံပေါ့၊ အဲဒါက ဘာဖြစ်လဲ၊ လူကို သေအောင် ခြောက်သတ်ဖို့ ကြိုးစားမှာလား။
“ဘာထွက်လာမလဲ ကြည့်ရအောင်…”
ဖုန်းပုကြွယ် သူ့ဘာသာရေရွတ်ရင်း မှန်ရှေ့တွင် မတ်တတ်ရပ်နေလိုက်သည်။ ပတ်ဝန်းကျင်က မှောင်မည်းနေသော်လည်း သူကတော့ မျက်လုံးများကို အပြူးသား ဖွင့်ထားဆဲဖြစ်ကာ မှန်ဆီသို့ တည့်တည့် စိုက်ကြည့်နေလေသည်။
ငါးစက္ကန့် သို့မဟုတ် ခြောက်စက္ကန့်ခန့် ကြာပြီးနောက်တွင်မူ မျှော်လင့်ထားသည့်အတိုင်း ကိစ္စတစ်ခု ဖြစ်ပျက်လာတော့သည်။
မှန်မျက်နှာပြင်ပေါ်တွင် မှိန်ဖျော့ဖျော့ အပြာရောင် အလင်းတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်ထဲတွင် မျက်နှာတစ်ခု ပေါ်လာခဲ့သည်။
ဤမျက်နှာမှာ ဖုန်းပုကြွယ်နှင့် တစ်ထေရာတည်း တူညီလှသော်လည်း ၎င်းမှာ မှန်ထဲက ပုံရိပ်စစ် မဟုတ်သည်ကတော့ ရှင်းလင်းလှသည်။ ဖုန်းပုကြွယ်သည် ထိုမျက်နှာကို မြင်လိုက်ရသောအခါ သူ့လည်ပင်းကို ဘယ်ပြန်ညာပြန် လှည့်ကြည့်လိုက်ပြီး သိသာထင်ရှားသောအမူအရာ အချို့ကို ပြုလုပ်ကြည့်သော်လည်း မှန်ထဲက မျက်နှာကတော့ လိုက်မလုပ်ပါချေ။
ထိုမျက်နှာသည် မှန်ကို ဖြတ်ကျော်ကာ ဖုန်းပုကြွယ်၏ အကြည့်နှင့် ဆုံစည်းလိုက်ပြီး မဲ့ပြုံး ပြုံးပြလိုက်သည်။ မှောင်မည်းနေသော ပတ်ဝန်းကျင်တွင် သာမန်လူဆိုပါက ဤမြင်ကွင်းကြောင့် အသည်းငယ်ကာ ထိတ်လန့်တုန်လှုပ်သွားကြမည် ဖြစ်သည်။ သို့သော် ဖုန်းပုကြွယ်ကတော့ တိတ်ဆိတ်စွာ စောင့်ကြည့်နေဆဲဖြစ်ပြီး နောက်ထပ်ဖြစ်ပေါ်လာမည့် အခြေအနေကိုသာ ငြိမ်သက်စွာ စောင့်ဆိုင်းနေလေသည်။
ဆယ်စက္ကန့်ခန့် ဤသို့ အခြေအနေတင်းမာနေပြီးနောက်တွင် မှန်ထဲက “ဖုန်းပုကြွယ်” က ပြုံးလိုက်ပြီး စတင်စကားပြောလာတော့သည်။
“ငါ့နာမည်က ဖုန်းပုကြွယ်”
သူ့လေသံမှာ အစ်ကိုကြွယ်၏ လေသံနှင့် တစ်ထေရာတည်း တူညီလှသည်…။
“ငါက ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေကို စွဲလန်းရူးသွပ်နေတဲ့ ဝတ္ထုရေးဆရာတစ်ယောက်”
သူသည် စာကြောင်းတစ်ကြောင်း ပြောပြီးတိုင်း ခဏမျှ နားသည်။
“ငါက အိမ်ကြီးတစ်အိမ်ထဲမှာ တစ်ယောက်တည်း နေနေတာ”
“တစ်နေ့ပြီးတစ်နေ့ ငါဟာ အဓိပ္ပာယ်မရှိတဲ့ ဇာတ်လမ်းတွေကို ရေးသားနေခဲ့တယ်”
“ငါက နေဝင်ချိန်မှာ ကောင်းကင်ကြီးကို စိုက်ကြည့်မိတဲ့အခါ ငရဲပြည်ရဲ့ အနက်ရှိုင်းဆုံးနေရာက သွေးပင်လယ်ကြီးကို မြင်နေရသလိုပဲ”
“ငါက ပြတင်းပေါက်နားရပ်ပြီး နားစွင့်နေမိရင် သေခါနီးလူတွေရဲ့ ညည်းတွားအော်ဟစ်သံတွေကို ရှင်းရှင်းလင်းလင်း ကြားရတတ်တယ်”
“မင်း ရေဆိုးထုတ်ပြွန်ကို မြင်ဖူးလား၊ အဲဒီထဲက အရောင်တွေက နေ့တိုင်း ပြောင်းလဲနေတာ၊ တစ်ခါတလေ သွေးလို ရဲရဲနီနေပြီး၊ တစ်ခါတလေ ပြည်လို စိမ်းပုတ်ဖျော့နေတတ်တယ်၊ တစ်ခါတလေကျတော့လည်း သည်းခြေရည်လို ဝါထိန်နေတတ်တယ်… အဲဒါက တကယ်တော့ ကြောက်စရာကောင်းတဲ့ နီယွန်မီးတွေ တောက်ပနေတဲ့ ငရဲပြည်ရဲ့ မြစ်တစ်စင်းပဲပေါ့”
“စက်ရုံက ထွက်လာတဲ့ ဆူညံသံတွေက မြေအောက်က ထွက်ပေါ်လာတဲ့ ပဲ့တင်သံတွေနဲ့ ရောနှောပြီး မြို့ပြကြီးရဲ့ အပေါ်မှာ လွင့်မျောနေတယ်”
“လေထုထဲက အနံ့အသက်ဆိုးတွေက ဧရာမ သားရဲကြီးတစ်ကောင် အန်ဖတ်တွေ အန်ထုတ်ထားသလိုပဲ ဆိုးရွားလွန်းတယ်…”
“ငါ သဘောပေါက်လိုက်တာက ငါက လူ့လောကမှာ နေထိုင်နေတာ မဟုတ်ဘဲ ငရဲပြည်မှာ နေထိုင်နေတာ ဖြစ်နိုင်တယ်ဆိုတာပဲ”
“ငါ ရူးသွားပြီလား”
ဤစကားလုံးများကို ပြတ်တောင်းပြတ်တောင်း ပြောဆိုပြီးနောက် ထိုမျက်နှာမှာ ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ သူသည် ဖုန်းပုကြွယ်ကို စိုက်ကြည့်နေပြီး အဖြေတစ်ခုကို စောင့်ဆိုင်းနေသည့်ပုံစံမျိုး ဖြစ်နေ၏။
“ဟီးဟီးဟီး… ဟားဟားဟားဟား…”
ဖုန်းပုကြွယ်သည် မှန်ထဲက မိမိကိုယ်ကိုယ် ပြန်လည်ရယ်မောလိုက်ပြီးနောက် တစ်ဖက်လူ၏ လေသံနှင့် အသံကို အတုယူကာ ဆိုလိုက်သည်။ သိသိသာသာ အနိမ့်အမြင့် အတက်အကျမရှိသော သံစဉ်တစ်ခုနှင့်အတူ သီချင်းတစ်ပုဒ်ကို သီဆိုတော့သည်။
“အော်ဟစ်လိုက်စမ်း၊ ညည်းတွားလိုက်စမ်း၊ ကုန်ဆုံးခြင်းမရှိတဲ့ ငရဲပြည်ရဲ့ အမှောင်ထုကြီးထဲမှာ~ နတ်သူငယ်တွေ၊ မိစ္ဆာတွေနဲ့ သရဲတွေက ခေါင်းပြတ်တွေကိုကိုင်ပြီး မင်းတို့ ရောက်လာမှာကို စောင့်ကြိုနေကြတယ်~ ဆင်းသွားစမ်း၊ ဆင်းသွားစမ်း၊ လူသားတွေ၊ အမြန်ဆုံး ပြုတ်ကျသွားစမ်း…”
ဤသီချင်းကို ကြားလိုက်ရချိန်တွင် မှန်ထဲက မျက်နှာသည် ဇဝေဇဝါဖြစ်သွားသော အမူအရာတစ်ခုကို ပြသလာတော့သည်။
“ဘာလဲ၊ ထပ်နားထောင်ချင်သေးလို့လား”
ဖုန်းပုကြွယ်က ဆက်ဆိုလိုက်သည်။
“ဆင်းသွားစမ်း၊ ဆင်းသွားစမ်း၊ အို… ကုန်ဆုံးခြင်းမရှိတဲ့ ငရဲပြည်ရဲ့ အမှောင်ထုကြီး~ တောက်လောင်နေတဲ့ မီးတောက်တွေ၊ နစ်မြုပ်နေတဲ့ ရေလှိုင်းတွေ၊ ရှင်လို့လည်း မရ၊ သေလို့လည်း မရ~ လူသားတွေ~ ပြုတ်ကျသွားစမ်း… ငရဲပြည်ရဲ့ အောက်ခြေအထိ ပြုတ်ကျသွားစမ်း၊ နားထောင်လိုက်စမ်း~ သေလူတွေက သီချင်းစဆိုနေပြီ၊ သွေးကန်ကြီးထဲမှာ၊ မီးပင်လယ်ကြီးထဲမှာ၊ အပ်တောင်ကြီးပေါ်မှာ…”
“တော်တော့”
မှန်ထဲက မျက်နှာက ဖြတ်ပြောလိုက်သည်။
ဖုန်းပုကြွယ် အေးစက်စွာ နှာမှုတ်လိုက်ပြီး သီဆိုခြင်းကို ရပ်တန့်လိုက်သည်။ သူက အလွန်အမင်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ငါ အသက်ကိုးနှစ်သားတုန်းက ‘ငရဲပြည်ရဲ့ သားချော့တေး’ ဆိုတဲ့ ရုပ်ပြတစ်ခုကို ဖတ်ဖူးတယ်၊ အဲဒီတုန်းက ငါက ငယ်သေးတော့ တကယ်ပဲ သုံးရက်လောက် စိတ်ဓာတ်ကျသွားခဲ့တာပေါ့”
သူ ခဏရပ်လိုက်သည်။
“ငါ အဲဒီမှတ်ဉာဏ်ကို မေ့နေတာ ကြာပြီ၊ ဒါပေမဲ့ ထိတ်လန့်ခဲ့ရတဲ့ ခံစားချက်ကတော့ ကျန်နေဆဲပဲ၊ မင်း ငါ့ရဲ့ ကြောက်စိတ်ကို လှုံ့ဆော်ဖို့ သုံးတဲ့နည်းလမ်းက တကယ့်ကို ကောင်းမွန်တဲ့ ဗျူဟာတစ်ခုပါပဲ၊ ဒါပေမဲ့ နှမြောစရာကောင်းတာကတော့…”
သူက အကူညီမဲ့စွာ ခေါင်းခါလိုက်သည်။
“အခု မင်းရဲ့ လမ်းညွှန်မှုအောက်မှာ ငါက အဲဒီကာတွန်းထဲက မြင်ကွင်းတွေနဲ့ စကားလုံးတွေကိုပဲ ရှင်းရှင်းလင်းလင်း ပြန်မှတ်မိတော့တယ်၊ ကြောက်စိတ်ဆိုတာတော့ လုံးဝကို ပေါ်မလာတော့ဘူး”
ထိုစကားကို ကြားရသောအခါ… မှန်ထဲက မျက်နှာသည် စတင်ပြောင်းလဲသွားပြီး ထိပ်ပြောင်ကာ မုတ်ဆိတ်မွေးမရှိသော်လည်း မျက်ခုံးမွေး အတော်လေးရှည်သော ဥရောပတိုက်သား လူလတ်ပိုင်း အမျိုးသားတစ်ဦး၏ မျက်နှာအဖြစ် ပြောင်းလဲသွားတော့သည်။ ဤမျက်နှာ၏ အထူးဆန်းဆုံးအချက်မှာ ဖော်မလင်ထဲတွင် အချိန်အတော်ကြာ စိမ်ထားရသည့်အတိုင်း ဖြူလျော်ပြာနှမ်းနေသော အရေပြား ရှိနေခြင်း ဖြစ်သည်…။
“ကောင်းပြီ မင်းဆက်ပြောနေစရာ မလိုတော့ပါဘူး”
ထိုမျက်နှာ၏ လေသံလည်း ပြောင်းလဲသွားသည်။
“မင်း ဒုတိယမြောက် စမ်းသပ်မှုကို အောင်မြင်သွားပါပြီ”
“ဒုတိယမြောက် ဟုတ်လား”
ဖုန်းပုကြွယ်က မေးလိုက်သည်။
“လိုက်ကာပေါ်က စာလုံးတွေက ပထမစမ်းသပ်မှုပေါ့ ”
“မှန်တယ်”
တစ်ဖက်လူက ပြန်လည်ဖြေကြားလိုက်သည်။
“ ‘ပညာ’၊ ‘သတ္တိ’ နဲ့ ‘ကရုဏာ’ ဆိုတဲ့ သုံးထပ်စမ်းသပ်မှုထဲမှာ မင်းက…”
“ဝိုး… နေဦး၊ နေဦး၊ နေဦး…”
ဖုန်းပုကြွယ်က ကြားဖြတ်တားဆီးလိုက်သည်။
“ငါ မေးလို့မပြီးသေးဘူးလေ၊ အသေးစိတ်အချက်အလက်တွေကို ချက်ချင်း ခုန်ကျော်မသွားနဲ့ဦး”
သူက အခိုင်အမာ ဆိုလိုက်သည်။
“မင်း အနည်းဆုံးတော့ မေးခွန်းတစ်ခုကို အရင်ဖြေရမယ်၊ ငါ မီးပြန်ဖွင့်လို့ ရမလား”
မှန်ထဲက မျက်နှာက ပြန်ဖြေလိုက်သည်။
“အင်း… ရပါတယ်”
ဖုန်းပုကြွယ်သည် တံခါးဆီသို့ လက်လှမ်းလိုက်ပြီး မီးခလုတ်ကို ဖွင့်ကာ မှန်ရှေ့သို့ ပြန်လာပြီး မေးလိုက်သည်။
“အိုကေ၊ မင်းက ဘယ်သူလဲ၊ ဆာတို (Sato) လား”
“ဟင်”
မှန်ထဲက မျက်နှာမှာ ဆွံ့အသွားရသည်။
“ဆာတိုက ဘယ်သူလဲ”
“ဂြိုဟ်သား ဆာတိုလေ”
ဖုန်းပုကြွယ်သည် သဘာဝကျကျပင် ဆိုလိုက်သည်။
“ပါဝါရိန်းဂျားတွေရဲ့ ဗိုလ်ချုပ်ကြီး၊ ဖန်တိုင်ကြီးထဲက မျက်နှာကြီးလေ”
သူသည် စာကြောင်းတို သုံးကြောင်းကို ထပ်ခါတလဲလဲ ပြောဆိုသော်လည်း တစ်ဖက်လူကတော့ လုံးဝ ဝေခွဲမရဖြစ်နေဆဲ ဖြစ်သည်။
“အာ… မင်း ဘာကိုဆိုလိုမှန်း ငါမသိ…”
ထိုမျက်နှာက ထစ်ထစ်ငေါ့ငေါ့ ဆိုရှာသည်။
“ဒါဆိုလည်း ထားလိုက်ပါတော့”
ဖုန်းပုကြွယ်က ထပ်မံ၍ ရိုင်းရိုင်းစိုင်းစိုင်း ကြားဖြတ်ပြောလိုက်ပြန်သည်။
“မင်း မမြင်ဖူးတာလည်း ကောင်းပါတယ်၊ အဲဒီဇာတ်ဝင်သီချင်းက တကယ့်ကို နားထဲက ထွက်ဖို့ခက်တာ၊ တစ်ခါလောက် ကြားဖူးရုံနဲ့တင် ခေါင်းထဲကနေ ဖျောက်ဖျက်ပစ်ဖို့ အရမ်းခက်ခဲလိမ့်မယ်”
“အင်း… ငါက ‘ဘော့စ်’ ရဲ့ လက်ထောက်၊ မှော်မှန်ပါ”
မှော်မှန်ကြီးသည် ဖုန်းပုကြွယ်၏ စကားကို မည်သို့တုံ့ပြန်ရမှန်း မသိသဖြင့် စကားဝိုင်းကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိရန် ကြိုးစားလိုက်ရတော့သည်။
“အိုး… ဒါဆို မင်းရဲ့ တကယ့်ရုပ်သွင်က မှန်ထဲက မျက်နှာပေါ့၊ မှန်ကိုယ်တိုင် မဟုတ်ဘူးပေါ့ ဟုတ်လား”
ဖုန်းပုကြွယ်က ပြန်ပြောသည်။
“အဲဒီလိုလည်း ပြောလို့ရပါတယ်…”
“ဒါဆို ပြောပါဦး… မင်းနဲ့ လျှို့ဝှက်မှန်လူသား (Hidden Mirror Man - ကျန်းကွမ်းရုပ်သေးရုံရဲ့ ဘီလူးကြီးသုံးကောင်ထဲက တစ်ကောင်) နဲ့ ဘာတော်လဲ”
“ပြီးတော့ လျှို့ဝှက်မှန်လူသားက ဘယ်သူလဲ…”
“မင်းက ငါ့မှတ်ဉာဏ်တွေကို ဖတ်နိုင်ပြီးတော့ ပါဝါရိန်းဂျားနဲ့ လျှို့ဝှက်မှန်လူသားအကြောင်းကို မသိဘူးပေါ့”
ဖုန်းပုကြွယ်က ရုတ်တရက် ထမေးလိုက်သည်။
သူ၏ အဓိပ္ပာယ်မရှိသော စကားစမြည် ပြောဆိုမှုအားလုံးမှာ တကယ်တော့ စမ်းသပ်မှုများသာ ဖြစ်နေခြင်း ဖြစ်သည်။
မှော်မှန်ကြီးက ပြန်လည်ဖြေကြားသည်။
“ငါက အရမ်း ကန့်သတ်ချက်ရှိတဲ့ အပိုင်းအစအချို့ပဲ မြင်ရတာပါ၊ မင်းရဲ့ မှတ်ဉာဏ်တစ်ခုလုံးကို ခြုံငုံပြီး မမြင်နိုင်ပါဘူး”
“အင်း… ကောင်းပြီ”
ဖုန်းပုကြွယ်သည် သူလိုချင်သော အဖြေကို ရရှိသွားပြီဟု ခံစားလိုက်ရသဖြင့် သူ၏ ယုံကြည်မှုမှာ သိသိသာသာ မြင့်တက်လာလေသည်။ သူက ပြုံးရင်း ပြောလိုက်သည်။
“ကဲ… အခု မင်း တတိယမြောက် စမ်းသပ်မှုအကြောင်းကို ငါ့ကို ပြောပြလို့ ရပါပြီ”