မြစ်နဂါး ကို နဂါးလို့ ခေါ်လို့ရလား
Vol. 23 Ch. 248
“မုရုံစု...ထွက်ပြေးလို့ မလွတ်ပါဘူး...”
ရှောင်ချင်အာက လေကိုခွင်းသော လိပ်ပြာ အမြောက်အမြားကို ထိန်းချုပ်ကာ မုရုံစု ၏ ပတ်လည်တွင် ပျံသန်း ဝိုင်းရံစေလိုက်သည်။ ၎င်းတို့၏ အမြန်နှုန်းက ကြီးမြတ်သော သူတော်စင် အဆင့်ရှိ သိုင်းပညာရှင် တစ်ဦးဖြစ်သော မုရုံစု ထက် အနည်းငယ်မျှ လျော့နည်းခြင်း မရှိခဲ့ချေ။
အကယ်၍ သူမက မုရုံစု ကို အချိန်အတိုင်းအတာ တစ်ခုအထိ ဟန့်တားထားနိုင်မည် ဆိုလျှင် စစ်ကူများ ရောက်ရှိလာခြင်းက သူ၏ သေဆုံးခြင်းကို အမှတ်အသား ပြုပေလိမ့်မည်။
“ရှောင် မောင်နှမ... မင်းတို့က တကယ်ပဲ ညဇီးကွက်ဘုရင် အတွက် အသက်စွန့်ပြီး အလုပ်လုပ်ပေးချင်နေတာလား...”
မုရုံစု က ဒေါသတကြီး မေးမြန်းလိုက်၏။
“ငါတို့က ညဇီးကွက်ဘုရင် အတွက် အလုပ်လုပ်ပေးနေတာ မဟုတ်ဘူး... ချန်းလန် ပြည်သူတွေ နဲ့ နယ်စပ် တည်ငြိမ်ရေး အတွက် လုပ်နေတာ... နင့်ရဲ့ သစ္စာဖောက်ချင်တဲ့ ရည်ရွယ်ချက်တွေကို ငါတို့ အကုန် သိပြီးပြီ...”
ရှောင်ချင်အာက ပြန်လည် ဟိန်းဟောက်လိုက်သည်။
“ဒီနေ့ မင်းတို့ ရွေးချယ်လိုက်တဲ့ မိုက်မဲတဲ့ ဆုံးဖြတ်ချက် အတွက် တန်ဖိုး ကြီးကြီး ပေးဆပ်ရလိမ့်မယ်...”
လိုက်လံ ဖမ်းဆီးမှု အတွင်း မုရုံစု သည် ချန်းလန် ပင်လယ်ပြင် သို့ တဖြည်းဖြည်း နီးကပ်လာခဲ့လေပြီ။
"ဘုန်း..."
ထိုစဉ် မြေပြင်က ရုတ်တရက် ပေါက်ကွဲထွက်လာတော့၏။
အကြေးခွံများ ဖုံးလွှမ်းနေသော နတ်ဆိုးရုပ်သွင် တစ်ခုက မြေကြီးထဲမှ ထွက်ပေါ်လာပြီး စက်လုံးကြီး တစ်ခုအဖြစ် အသွင်ပြောင်းကာ မုရုံစု ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာလေသည်။
“နောက်ထပ် လူ ရှိနေသေးတာလား...”
မုရုံစု လန့်ဖြပ်သွားတော့သည်။
သူက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ကောင်းကင်နဂါး အကာအကွယ် အရှိန်အဝါ ကို အသုံးပြုကာ ပြေးဝင်လာသော နတ်ဆိုးရုပ်သွင် ကို လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်၏။
“အလောင်းရုပ်သေး လား...”
“နတ်ဆိုးအခွံမာ ဂူတစ်ထောင်...”
နတ်ဆိုးရုပ်သွင် ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသောအခါ သူ၏ အံ့အားသင့်မှုက ထိတ်လန့် ကြောက်ရွံ့မှု အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
နတ်ဆိုးသားတော် ကိုးပါးထဲမှ တစ်ပါးဖြစ်သော နတ်ဆိုးအခွံမာ ဂူတစ်ထောင် ကို မည်သူက သတ်ဖြတ်ခဲ့သနည်း ဆိုသည်ကို သူ အသိဆုံးပင် ဖြစ်၏။
‘ချီလင်...’
‘ချီလင် ဒီကို ရောက်နေတယ်...’
ရှောင် မောင်နှမ ကို သူ ဂရုမစိုက်ခဲ့ပေ။ သူတို့၏ ပုဂ္ဂိုလ်ရေး အင်အားက သိပ်ပြီး ထူးခြားလှသည် မဟုတ်ဘဲ သူတို့၏ အဆင့်အတန်းနှင့် ရာထူးကသာ သူ့ကို ဒုက္ခပေးနိုင်စွမ်း ရှိ၏။
သို့သော် ချီလင် ကမူ ခြားနားသည်။
ထိုသူက အိပ်မက်လွင်ပြင် တွင် တစ်ကိုယ်တော် တိုက်ပွဲဝင်ခဲ့ပြီး နတ်ဆိုးသားတော် ကိုးပါးထဲမှ သုံးဦးနှင့် သူ၏ အယုံကြည်ရဆုံး လက်အောက်ခံ အိုးရန်ရှန်း တို့ကို တစ်ယောက်တည်း သတ်ဖြတ်နိုင်ခဲ့သော ရက်စက် ကြမ်းတမ်းသည့် လူတစ်ယောက် ဖြစ်ပေသည်။
ယုံကြည်နိုင်စရာ မရှိလောက်အောင် အစွမ်းထက်လွန်းလှ၏။
သူကိုယ်တိုင် သူတော်စင် အဆင့်သို့ မရောက်ရှိသေးသရွေ့ ထိုကဲ့သို့သော ပြိုင်ဘက်မျိုးကို အနိုင်ယူရန်မှာ အလွန်တရာ ခက်ခဲလှပေမည်။
"ဝှစ်... ဝှစ်... ဝှစ်..."
မုရုံစု ၏ စိတ်ထဲတွင် အတွေးများ မဆုံးမီမှာပင် အဝေးမှနေ၍ ဆူးငြောင့် အမြောက်အမြား ပျံသန်းလာရာ သူ၏ ကောင်းကင်နဂါး အကာအကွယ် အရှိန်အဝါ ဖြင့် ဟန့်တားလိုက်ရပြန်သည်။
ထို အချိန်တိုလေး အတွင်းမှာပင် ရှောင် မောင်နှမ နှစ်ဦး ရောက်ရှိလာခဲ့လေပြီ။
ရုပ်သေးရုပ် နှစ်ခုကို မြင်လိုက်ရသောအခါ ရှောင်ချင်အာ ၏ ယုံကြည်မှုက အကြီးအကျယ် တိုးတက်လာခဲ့ပြီး အစ်ကို လီယွမ် က နောက်ကွယ်မှ နေ၍ သူမကို ကူညီပေးနေကြောင်း သဘောပေါက်သွားတော့၏။
“ချီလင်... အမှောင်ထဲမှာ ပုန်းပြီး ဘာလုပ်နေတာလဲ... ထွက်ခဲ့စမ်း...”
မုရုံစု ၏ ရင်ထဲတွင် ပို၍ပို၍ နေမထိထိုင်မသာ ဖြစ်လာတော့သည်။
‘ချီလင် က ရုပ်ခန္ဓာ တိုက်ခိုက်မှုတွေမှာ အကျွမ်းကျင်ဆုံး မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး သူ့ရဲ့ အလောင်းထိန်းချုပ်တဲ့ နည်းစနစ်က ဒီရုပ်သေးရုပ် တွေတောင် ငါ့ကို ခြိမ်းခြောက်နိုင်လောက်တဲ့ အထိ ကြောက်စရာ ကောင်းနေရတာလဲ...’
“ချီလင် မဟုတ်တာလည်း ဖြစ်နိုင်တာပဲ...”
သူက ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဖြေသိမ့်လိုက်၏။
‘နတ်ဆိုးအခွံမာ ဂူတစ်ထောင် နဲ့ ဆူးဈာပနထုံးစံ တို့ရဲ့ အလောင်းတွေကို နဝမ ကူနန်းတော် ဆီ ယူသွားပြီး ရှောင်ချင်အာ ကို ကူညီဖို့အတွက် အလောင်းထိန်းချုပ်ရာမှာ ကျွမ်းကျင်တဲ့ တခြား ကူသခင် တွေက ရုပ်သေးရုပ် အဖြစ် ပြောင်းလဲပေးလိုက်တာပဲ ဖြစ်ရမယ်...’
“ငါ့လမ်းကနေ ဖယ်ကြစမ်း...”
မုရုံစု ၏ လက်သီးများနှင့် ခြေထောက်များပေါ်တွင် ရွှေရောင် အကာအကွယ် အရှိန်အဝါ အမြောက်အမြား စုစည်းလာတော့၏။
“ဝေါင်း…” (နဂါး ဟိန်းဟောက်သံ)
"ဝုန်း"
သူ၏ လက်သီးများနှင့် ခြေထောက်များ လှုပ်ရှားသွားသည်နှင့်အမျှ ရွှေရောင် နဂါး ပုံရိပ်ယောင် အမြောက်အမြား ဖွဲ့တည်လာသည်။
“အူး…ဝူး”
ရွှေနဂါးကြီးများက ကောင်းကင်နှင့် မြေကြီးကြားတွင် ဝဲပျံ မြည်ဟည်းနေကြပြီး နတ်ဆိုးအခွံမာ ဂူတစ်ထောင် နှင့် ဆူးဈာပနထုံးစံ ရုပ်သေးရုပ် နှစ်ခုစလုံးကို လွင့်စဉ်သွားစေတော့သည်။
ရှောင်ချင်အာ နှင့် ရှောင်လျဲ့ တို့က ရှေ့သို့ ပြေးဝင်လာကြ၏။
မောင်နှမ နှစ်ဦးက ကောင်းကင်ဘုံ ဖြစ်စဉ် များကို တစ်ပြိုင်နက်တည်း ဖော်ဆောင်ကာ တစ်ယောက်က အဝေးမှ၊ တစ်ယောက်က အနီးမှ နေ၍ ပူးပေါင်း တိုက်ခိုက်လိုက်ကြသည်။
“ကောင်းကင်နဲ့ မြေကြီးရဲ့ ဧရာမ သံအိုးကြီး ကိုးလုံး...”
မုရုံစု က သူ၏ လက်သီးသိုင်းကို ထပ်မံ ထုတ်ဖော်လိုက်၏။ သူက အဆက်မပြတ်ပင်လက်သီးချက် ကိုးချက်ဖြင့် ကောင်းကင်ဘုံ ဖြစ်စဉ် ကိုပင် အသက်မသွင်းရသေးသော ရှောင်လျဲ့ ကို အဟုန်ပြင်းစွာ ပစ်လွင့်သွားစေတော့၏။
“မင်းက အမြဲတမ်း အသုံးမကျတဲ့ အမှိုက်ကောင် ဖြစ်နေမှာပဲ...”
မုရုံစုက လှောင်ပြောင်သရော်လိုက်ပြီး လိုက်လံ တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် ရုပ်သေးရုပ် နှစ်ခုက ပြန်လည် နာလန်ထူလာပြီး ရှေ့သို့ ထပ်မံ ပြေးဝင်လာကြ၏။ ရှောင်ချင်အာ ကလည်း မုရုံစု ၏ လှုပ်ရှားမှုများကို ဟန့်တားရန် မြေတွယ်ကပ် ကူ အမြောက်အမြားကို အသုံးပြုလိုက်သည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် နဂါး ပုံရိပ်များ ထွက်ပေါ်နေပြီး သူတို့၏ အလင်းရောင်များက တစ်ခုနှင့်တစ်ခု ရောယှက်နေကြ၏။
တိုက်ပွဲက အဆုံးအဖြတ် မပေါ်နိုင်သော အခြေအနေသို့ ရောက်ရှိသွားချေသည်။
လီယွမ်က အမှောင်ထဲမှနေ၍ စောင့်ကြည့်နေကာ အလျင်စလို မလှုပ်ရှားခဲ့ချေ။ မုရုံစု တွင် ပိုမို အစွမ်းထက်သော နောက်ကွယ်မှ အစီအစဉ်များ ရှိမရှိကို သူ မြင်တွေ့ချင်သေး၍ပါ။
သူက စိတ်ရှည်သည်းခံကာ တည်ငြိမ်နေသော်လည်း မုရုံစု ကမူ အချိန်ကို အလဟဿ မဖြုန်းတီးရဲပေ။
တဖြည်းဖြည်းနှင့် ရှောင် မောင်နှမ သည် ရုပ်သေးရုပ် နှစ်ခုနှင့် ပူးပေါင်းကာ ပြင်းထန်သော တိုက်ခိုက်မှုများကို ပြုလုပ်လာကြပြီး အသာစီး ရလာသဖြင့် မုရုံစု ကို ပိုမို အခက်တွေ့လာစေတော့သည်။
‘သူ ဘာသဘောလဲ... ဘာလို့ ကောင်းကင်ဘုံ ဖြစ်စဉ် ကို ထုတ်မသုံးတာလဲ...’
လီယွမ် မျက်မှောင်ကြုတ်သွားလေ၏။
ရှောင်ချင်အာ နှင့် ရှောင်လျဲ့ တို့လည်း စိုးရိမ်ပူပန်နေကြပြီး အမြဲတမ်း သတိဝီရိယ ရှိနေကြသည်။ မုရုံစု က သူ၏ သိုင်းပညာ အစွမ်းအစ အပြည့်အဝကို ထုတ်မပြသေးသဖြင့် တစ်ဖက်လူက ဘာကို ဖုံးကွယ်ထားသနည်း ဆိုသည်ကို သူတို့ မသိရှိနိုင်ကြချေ။
မုရုံစု ၏ မျက်နှာထားက ပိုမို မည်းမှောင်လာတော့သည်။
ရှောင် မောင်နှမ နှင့် ရုပ်သေးရုပ် နှစ်ခုက ပိုမို ပြင်းထန်သော တိုက်ခိုက်မှုများကို စတင်လိုက်ကြ၏။ ရှောင်လျဲ့က အခွင့်အရေးကို အရယူကာ မုရုံစု ၏ ပခုံးကို အစွမ်းထက်သော ဓားချက်ဖြင့် ခုတ်ပိုင်းလိုက်လေသည်။
ရှောင်လျဲ့က အားရပါးရ ရယ်လိုက်ပြီး “မင်း..ငါ့ကို အသုံးမကျတဲ့သူ လို့ ခေါ်တယ်... မင်းလည်း အတူတူပါပဲ...” ဟု လှောင်ပြောင်လိုက်၏။
“သေချင်နေတာပဲ...”
မုရုံစု တစ်ယောက် ဆက်လက် သည်းမခံနိုင်တော့ချေ။
“သိုင်းပညာ ကောင်းကင်ဘုံ ဖြစ်စဉ်... ဘိုးဘေးနဂါး ကောင်းကင်ဘုံ စိုးမိုးမှု...”
ကောင်းကင်ပြင်ကြီးသည် တောက်ပသော ရွှေရောင် အလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားလေပြီ။
တိမ်တိုက်များ အထက်တွင် နဂါးပုံရိပ် တစ်ခု ဖွဲ့တည်လာကာ သက်ရှိသတ္တဝါ အားလုံးကို စီးမိုးကြည့်နေတော့၏။
ထိုအခိုက်အတန့်၌ မုရုံစု ၏ အရှိန်အဝါ က တဟုန်ထိုး မြင့်တက်လာလေသည်။
“ဒီလောက် ပြင်းထန်တဲ့ ဖိအားကြီး...”
ရှောင် မောင်နှမ ၏ မျက်နှာများက လေးနက်သွားကြသည်။
သို့သော် နောက်တစ်ခဏတွင် သူတို့ မျက်နှာပေါ်ရှိ လေးနက်မှုများက အံ့သြမှင်သက်မှု အဖြစ်သို့ ပြောင်းလဲသွားတော့၏။
ရွှေရောင် တိမ်တိုက်များ ကွဲကွာသွားပြီးနောက် တိမ်တိုက်များပေါ်တွင် ပေါ်ထွက်လာသော နဂါးပုံရိပ်မှာ အစစ်အမှန် နဂါး မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းပြီး အရုပ်ဆိုးလှသော အနက်ရောင် မြစ်နဂါး ကြီး တစ်ကောင် ဖြစ်နေပေသည်။ တလက်လက် တောက်ပနေသော ရွှေရောင်များနှင့် သက်တန့်ရောင် အရှိန်အဝါ တို့နှင့် လုံးဝ ကိုက်ညီမှု မရှိခဲ့ချေ။
“ဟား ဟား ဟား ဟား...”
ရှောင်ချင်အာက အားရပါးရ ရယ်လိုက် တော့သည်။
“ဒါကြောင့် နင်က နင့်ရဲ့ အစစ်အမှန် သရုပ်ကို ထုတ်မပြရဲတာကိုး... သာမန် မြစ်နဂါး လေး တစ်ကောင်ကများ သူ့ကိုယ်သူ ဘိုးဘေးနဂါး လို့ ခေါ်ရဲတယ်ပေါ့...”
“ဒါက တကယ့်ကို ရယ်စရာပဲ...”
“မုရုံစု... နင်က နင့်ကိုယ်နင် စစ်မှန်တဲ့ နဂါး ဧကရာဇ် လို့ ထင်နေတုန်းပဲလား... အရမ်းကို ရွံစရာ ကောင်းတယ်... တကယ့်ကို အရုပ်ဆိုးတာပဲ...”
အခွင့်အရေးကို အရယူကာ ရှောင်ချင်အာက ကျိန်ဆဲစကား အမြောက်အမြားကို ဆက်တိုက် ပြောဆိုလိုက်ရာ စကားလုံးတိုင်းက မုရုံစု ၏ ရင်ဘတ်ကို ထိုးဖောက်သွားတော့၏။
“မင်းတို့ အားလုံး သေကြစမ်း...”
မုရုံစု သည် ယခင်ကကဲ့သို့ တည်ငြိမ် ခန့်ညားသော လူတစ်ယောက် မဟုတ်တော့ချေ။ သူ၏ ဆံပင်ရှည်များက ဖရိုဖရဲ လွင့်ပျံနေပြီး မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေလေသည်။
ကောင်းကင်ဘုံ ဖြစ်စဉ် ပေါ်ထွက်လာသောအခါ လောကရှိ လူတိုင်းက သူ့ကို လှောင်ပြောင်နေကြသည်ဟု သူ ခံစားလိုက်ရ၏။
သူတို့က သူ၏ ကျရှုံးမှုကို လှောင်ပြောင်နေကြသည်။ အသုံးမကျမှုကို လှောင်ပြောင်နေကြသည်။
“ငါက စစ်မှန်တဲ့ နဂါး ဧကရာဇ် ကွ... ငါက မြစ်နဂါး မဟုတ်ဘူး...”
သူက ဟိန်းဟောက်လိုက်ပြီး အလွန်တရာ ရက်စက် ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ဖော်ထုတ်လိုက်တော့၏။
ကောင်းကင်ဘုံ ဖြစ်စဉ် ပေါ်ထွက်လာသည်နှင့် အခြေအနေက နောက်တစ်ကြိမ် ပြောင်းပြန် ဖြစ်သွားပြန်သည်။ ငြင်းပယ်၍ မရနိုင်သော အချက်မှာ မုရုံစု ၏ ကောင်းကင်ဘုံ ဖြစ်စဉ် သည် အမြင့်ဆုံးအဆင့်ရှိ သိုင်းပညာ ကောင်းကင်ဘုံ ဖြစ်စဉ် တစ်ခု ဖြစ်နေခြင်းပင်။ ၎င်းမှာ မြစ်နဂါး ဖြစ်နေသော်လည်း နဂါးတစ်ကောင်၏ အစွမ်းသတ္တိ များကိုမူ ပိုင်ဆိုင်ထားဆဲ ဖြစ်လေ၏။
"ဘုန်း..."
ပထမဆုံး ဝင်ရောက် တိုက်ခိုက်သော ရှောင်လျဲ့ ၏ ဝမ်းဗိုက်ကို လက်သီးဖြင့် အထိုးခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ ထိုးဖောက်ခံလိုက်ရတော့သည်။
ရှောင်ချင်အာ က အခြေအနေကို ကယ်တင်ရန် ပိုးကောင် အုပ်စုကြီး တစ်ခုကို အသုံးပြုရန် ကြိုးစားသော်လည်း လေချွန်သံနှင့်အတူ ပျံသန်းလာသော မြစ်နဂါး ပုံရိပ် ၏ ရိုက်နှက်မှုကြောင့် အားလုံး မြေပြင်သို့ ကျဆင်းသွားကြရသည်။
ရုပ်သေးရုပ် နှစ်ခုကလည်း ကောင်းကင်ဘုံ ဖြစ်စဉ် များကို အသုံးပြုနေသော မုရုံစု ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ချေ။
ကံကောင်းထောက်မစွာဖြင့် စစ်ကူများ ရောက်ရှိလာခဲ့ပြီး လီရော့ချန်၊ ကျိုးပုဖျင် နှင့် အခြားသူများက သူတို့ကို အမီလိုက်နိုင်ခဲ့ကြ၏။
“ဟင်း... ဒီနေ့တော့ မင်းတို့ အသက်တွေကို ချမ်းသာပေးလိုက်မယ်...”
ရှောင် မောင်နှမ ကို သတ်ဖြတ်ရန် ခက်ခဲမည်ကို မုရုံစု ကောင်းစွာ သိရှိထားပြီး ၎င်းမှာ သူ၏ ရည်ရွယ်ချက်လည်း မဟုတ်ခဲ့ချေ။ သူ၏ ရည်မှန်းချက်ကို အောင်မြင်ပြီး ဖြစ်လေသည်။
ချန်းလန် နယ်မြေတွင် သူ နေထိုင်ခဲ့သော နှစ်များအတွင်း၊ ရှောင်လျဲ့ ၏ အသက်သွေးကြောကို အမှောင်ထုထဲမှနေ၍ လျှို့ဝှက်စွာ ထိန်းချုပ်ထားခဲ့ပြီး ဖြစ်သည်။
ယခု လက်သီးချက်ဖြင့် ရှောင်လျဲ့ ၏ ခန္ဓာကိုယ်အတွင်းသို့ နောက်ဆုံးသော အဆန်းတကြယ် သတ္တဝါလေးကို သူ အောင်မြင်စွာ ထည့်သွင်းပေးလိုက်နိုင်ခဲ့ပြီ။
ယခုမှစ၍ ရှောင်လျဲ့ ၏ အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း သည် သူ၏ လက်ထဲတွင်သာ ရှိနေတော့မည် ဖြစ်၏။
ယခုအချိန်တွင် ရှောင်လျဲ့ ကို သူ မသတ်လိုသေးပေ။ အကြောင်းမှာ တောင်ပိုင်းနယ်စပ်ကို ထိန်းသိမ်းရန်နှင့် ညဇီးကွက် ကို တန်ပြန် ထိန်းချုပ်ရန်အတွက် ဘုရင်နှစ်ပါးနှင့် ပူးပေါင်း လုပ်ဆောင်ရာတွင် ရှောင် မောင်နှမ ကို သူ လိုအပ်နေသေးသောကြောင့် ဖြစ်သည်။
အကယ်၍ ရှောင် မျိုးနွယ်စု က ညဇီးကွက်ဘုရင် ၏ ခွေးများအဖြစ် တကယ် ရပ်တည်လိုသည်ဆိုပါက ထိုအချိန်ကျမှ သူတို့ကို သတ်ပစ်လျှင်လည်း မနှောင်းသေးချေ။
"ဘုန်း..."
မုရုံစု က လက်ဝါးနှစ်ဖက်ကို အလျားလိုက် တွန်းထုတ်လိုက်ရာ မြစ်ကို ဖြတ်ကူးနေသော မြစ်နဂါး ကောင်းကင်ဘုံ ဖြစ်စဉ် ထွက်ပေါ်လာပြီး လိုက်လံ ဖမ်းဆီးမည့် လမ်းကြောင်းကို လုံးဝ ပိတ်ဆို့ပစ်လိုက်ကာ အဝေးသို့ ပျောက်ကွယ်သွားတော့သည်။
ဤအရှိန်အဟုန်က ရှောင် မောင်နှမ နှင့် ချီကွီ တို့ကို တားဆီးထားနိုင်သော်လည်း လီယွမ် အတွက်မူ ဘာမျှ မဟုတ်ခဲ့ပေ။
သူ ဆက်လက်၍ စုံစမ်းထောက်လှမ်းနေခဲ့၏။
မုရုံစု ၏ အင်အားကို ယေဘုယျအားဖြင့် သူ ခန့်မှန်းမိသွားလေပြီ။
မုရုံစု သည် ကောင်းကင်ဘုံ ဖြစ်စဉ် များကို ထိန်းချုပ်ရာတွင် သူ၏ ဒုတိယ သဘာဝကဲ့သို့ အလွန်တရာ ကျွမ်းကျင်လှပေသည်။ သူသည် သိုင်းသူတော်စင် အဆင့်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့သူ ဖြစ်နိုင်၏။
သူ၏ အဆင့်က အမြင့်ဆုံး သူတော်စင် နယ်ပယ် သို့ အင်မတန် နီးကပ်နေလေသည်။
“အစစ်အမှန် သူတော်စင် နယ်ပယ် ထဲကို တကယ် မဝင်ရောက်နိုင်သေးသရွေ့... ငါ့အတွက် ခြိမ်းခြောက်မှု မရှိဘူး...”
လီယွမ် က လိုက်လံ ဖမ်းဆီးရဲခြင်းမှာ သဘာဝကျကျပင် ယုံကြည်မှု ရှိသောကြောင့် ဖြစ်သည်။
ပြိုင်ဘက်က သူတော်စင် နယ်ပယ် သို့ ရောက်ရှိသွားလျှင်တောင်မှ သူက အထိအခိုက်မရှိ လွတ်မြောက်နိုင်စွမ်း ရှိပေသည်။
“တိတ်ဆိတ်တဲ့ နေရာ တစ်ခုကို အရင် ရှာရမယ်... လူတစ်ယောက်ကို မြေမြှုပ်ဖို့ အချိန်တန်ပြီ...”
လီယွမ်က တိတ်တဆိတ်တွေးလိုက်မိ၏။ ဤအလောင်းကောင်က သူ၏ ရင်ထဲတွင် အချိန်အတော်ကြာ လဲလျောင်းနေခဲ့ပြီး တကယ့်ကို ကံဆိုးလွန်းလှသည်။ နောက်ဆုံးတော့ သူ.. ဤအလောင်းကို မြေမြှုပ်သင်္ဂြိုဟ်နိုင်တော့မည်။