မြစ်နဂါး ကို နဂါးလို့ ခေါ်လို့ရလား
Vol. 23 Ch. 249
အခန်း (၂၄၉) အစစ်အမှန်နဂါးကို မြင်လျှင် အရိုအသေပေးရမည်
ရှောင် မောင်နှမ နှစ်ဦး၏ လိုက်လံ ဖမ်းဆီးမှုမှ လွတ်မြောက်လာပြီးနောက် မုရုံစု သည် အသက်လုကာ ထွက်ပြေးနေခဲ့သည်။
သူ၏ ရင်ထဲတွင် နေမထိထိုင်မသာ ဖြစ်နေဆဲပင်။
အမှောင်ထုထဲမှနေ၍ သူ့ကို လျှို့ဝှက်စွာ စောင့်ကြည့်နေသော အခြား ကူသခင် တစ်ယောက် ရှိနေနိုင်၏။ ထိုသူမှာ ချီလင် သို့မဟုတ် နဝမ ကူနန်းတော်မှ အခြား အစွမ်းထက်သော ကူသခင် တစ်ဦးဦး ဖြစ်နိုင်ကာ သူ၏ အတွက် အလွန်တရာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာနိုင်ပေသည်။
သူက ကောင်းကင်ဘုံ တွက်ချက်ခြင်း နည်းစနစ်ကို အသုံးပြုခဲ့သော်လည်း ထိုသူ၏ တည်နေရာကို ခြေရာခံ၍ မရနိုင်သေးချေ။
‘ဘာလုပ်ရမလဲ...’
မုရုံစု တစ်ယောက် ဝေခွဲမရ ဖြစ်နေတော့၏။
သူက လမ်းကြောင်းပြောင်းကာ အကွေ့အကောက်များမှ သွားခဲ့ပြီး ခြေရာခံခံရမည်ကို စိုးရိမ်သဖြင့် နှစ်တစ်ထောင် သက်တမ်းရှိသော မုရုံ စံအိမ် သို့ တိုက်ရိုက် မပြန်ရဲခဲ့ချေ။
အချိန်အတော်ကြာ ထွက်ပြေးပြီးနောက် ပင်လယ်နားရှိ လူသူကင်းမဲ့သော တောင်တန်း တစ်ခုပေါ်တွင် မုရုံစု သည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး တိုးညှင်းစွာ ရယ်လိုက်သည်။
“ရောင်းရင်း... ကျုပ်ကို ဒီလောက် အချိန်အကြာကြီး လိုက်လံ ခြေရာခံနေခဲ့တာ... အခုလောက်ဆို ထွက်လာသင့်ပြီ မဟုတ်ဘူးလား...”
တောနက်ကြီးထဲမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာဘဲ ငှက်များ၊ သားရဲများနှင့် ပိုးမွှားများ၏ အသံများကိုသာ ကြားနေရ၏။
“ဒီအထိတောင် ရောက်လာပြီးမှ... ဘာလို့ ပုန်းကွယ်နေဦးမှာလဲ...”
မုရုံစု က သူ၏ ယပ်တောင်ကို ဖြည်းညင်းစွာ ယပ်ခတ်လိုက်ပြီး “ရောင်းရင်း ရဲ့ အင်အားနဲ့ဆိုရင်... ဒီသခင်လေး ကို တိုက်ခိုက်ဖို့ စစ်ကူတွေကို စောင့်နေစရာ မလိုပါဘူး...” ဟု ဆက်ပြောလိုက်သည်။
မည်သူမျှ ပြန်လည် ဖြေကြားခြင်း မရှိသေးချေ။
မုရုံစု မျက်မှောင်ကြုတ်သွားလေ၏။
‘ငါ့ဘာသာ ငါ အထင်လွဲပြီး စိုးရိမ်လွန်နေတာလား... သူ ငါ့ကို အမီမလိုက်နိုင်တာများလား...’
ထိုအတွေး မဆုံးမီမှာပင် သူ၏ အနောက်ဘက်မှ အေးစက်သော အရှိန်အဝါ တစ်ခုက လွှမ်းခြုံလာရာ မုရုံစု က အလိုအလျောက်ပင် ကောင်းကင်နဂါး အကာအကွယ်အား အသက်သွင်းလိုက်တော့သည်။
"အုန်း..."
ဖြူလွသော သမုဒ္ဒရာ လှိုင်းလုံးကြီးများကဲ့သို့ အဆုံးမဲ့ ပင့်ကူမျှင်များက အကာအကွယ် အရှိန်အဝါ ၏ ရိုက်ခတ်မှုကြောင့် လွင့်စဉ်သွားကြသည်။
သူ အာရုံစူးစိုက်ချိန်ပင် မရလိုက်မီ ပင့်ကူမျှင် လှိုင်းလုံးများကြားမှ အရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ တဆက်တည်း၌
သွေးများ တဟုန်းဟုန်း တောက်လောင်နေသော ဧရာမ လက်သီးကြီး တစ်လုံးဖြင့် ထိုးနှက်လာတော့၏။
သွေးချီ များက အကာအကွယ် အရှိန်အဝါ နှင့် ဝင်တိုက်မိကာ ရက်စက်စွာ ခြေမွပစ်လိုက်သည်။
မုရုံစု ၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် သူ၏ အကာအကွယ် အရှိန်အဝါ က အချိန်အနည်းငယ် ဆွဲပေးလိုက်နိုင်သဖြင့် သူက ပြန်လည် ခုခံရန် လက်သီးတစ်ချက် ပစ်ထုတ်လိုက်နိုင်လေသည်။
“လူမိုက်ကောင်...”
“တကယ်ပဲ မင်း ဖြစ်နေတာကိုး...”
ထိုအခိုက်အတန့်တွင် သူ၏ မျက်နှာကို သေချာစွာ မြင်တွေ့လိုက်ရတော့၏။
“မှန်တယ်... မင်းအဖေ ငါကိုယ်တိုင်ပဲ... မင်းလို မိဘကို ပုန်ကန်တဲ့ သားမိုက်ရဲ့ အသက်ကို နှုတ်ယူဖို့ ရောက်လာတာ...”
“ကောင်းကင်ဘုံ ဖြစ်စဉ်...အာဏာရှင် နှလုံးသား ...”
ရစ်ပတ်နတ်ဘုရား ကူ ဖြင့် ပူးကပ်ထားသော လီယွမ် သည် အရင်ကကဲ့သို့ပင် မာနထောင်လွှားနေဆဲ ဖြစ်ကာ ရူးသွပ်စွာ ရယ်ရင်း အတုနှိုင်းမဲ့သော မောက်မာမှုများဖြင့် လှုပ်ရှားနေတော့သည်။
မုရုံစု ကမူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။
“ကျန်းလင် ကို သတ်နိုင်ရုံနဲ့ မင်းကိုယ်မင်း အနိုင်ယူလို့ မရဘူးလို့ ထင်နေတာလား... ဒီလောကကြီးမှာ မင်းကို သတ်နိုင်တဲ့လူ အများကြီး ရှိတယ်...”
ဤကဲ့သို့သော အဆင့်အတန်းရှိသည့် တိုက်ပွဲမျိုးတွင် သူ အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိခဲ့ပေ။
'ဘိုးဘေးနဂါး ရဲ့ ကောင်းကင်ဘုံ စိုးမိုးမှု' ဟူသော ကောင်းကင်ဘုံ ဖြစ်စဉ် သည် တကယ်တမ်းတွင်မူ အနက်ရောင် မြစ်နဂါးကြီး ဖြစ်နေခြင်းက သူ့ကို အလွန်တရာ အရှက်ရစေသော်လည်း သူက မလွှဲမရှောင်သာ အသုံးပြုလိုက်ရတော့၏။
သူတို့ နှစ်ဦးသည် ရူးသွပ်စွာ အပြန်အလှန် တိုက်ခိုက်ကြပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် လက်သီးချက် ထောင်ပေါင်းများစွာကို ထုတ်လွှတ်လိုက်ကြသည်။
"ဝှစ်... ဝှစ်... ဝှစ်..."
ထိုစဉ် မြေကြီးထဲမှ ဆူးငြောင့် အမြောက်အမြား ထွက်ပေါ်လာကာ မုရုံစု ကို ရစ်ပတ် ချည်နှောင်လိုက်လေ၏။
အဋ္ဌမအဆင့် ရုပ်သေးရုပ် နှစ်ခုလည်း ရောက်ရှိလာခဲ့ပြီ။
မုရုံစု ၏ ရင်ထဲတွင် ကြီးမားလှသော ဖိအားများကို ခံစားလိုက်ရသည်။ ချီလင် သည် ရှောင် မောင်နှမ နှင့် မတူညီသဖြင့် ပြိုင်ဘက်ကို သူ အနည်းငယ်မျှပင် အထင်မသေးရဲချေ။
“ကောင်းကင်ဘုံ ဖြစ်စဉ် လျှို့ဝှက် နည်းစနစ်...”
မုရုံစု သူ၏ အစွမ်းထက်ဆုံး သိုင်းကွက် ကို ချက်ချင်း အသက်သွင်းလိုက်တော့၏။
“ကောင်းကင်၊ မြေကြီး၊ တောင်တန်း နဲ့ မြစ်တွေ အားလုံး ပြာဖြစ်သွားစေရမယ်...”
မုရုံစု သည် မြင်းစီးဟန် ဖြင့် ရပ်လိုက်ပြီး သူ၏ ခါးနှင့် ရပ်တည်ချက်ကို တစ်သားတည်း ဖြစ်စေကာ လက်သီးနှစ်ဖက်စလုံးကို လက်ဝါးအဖြစ် ပြောင်းလဲ၍ တွန်းထုတ်လိုက်သည်။
လျှပ်တစ်ပြက်အတွင်း နောက်ထပ် 'မုရုံစု' နှစ်ယောက် ထွက်ပေါ်လာပြီး ပင်မ ခန္ဓာကိုယ်နှင့်အတူ တြိဂံပုံစံ နေရာယူလာ၏။
ကောင်းကင်နဂါး အကာအကွယ် အရှိန်အဝါ က ကမောက်ကမ စွမ်းအင်များကဲ့သို့ ပြီးပြည့်စုံသော စက်ဝိုင်းကြီး တစ်ခုအဖြစ် ပုံဖော်လိုက်တော့၏။
ဤအခြေအနေတွင် မုရုံစု သည် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိနေသကဲ့သို့ ဖြစ်နေသည်။
မည်သည့် အရပ်မျက်နှာမှ လာသော တိုက်ခိုက်မှုများကိုမဆို သူ၏ လက်ခြောက်ဖက် ရှိသော လက်သီးများနှင့် လက်ဝါးများက ဟန့်တားပစ်နိုင်စွမ်း ရှိပေသည်။
နဂါးပုံရိပ် အနည်းငယ်က သူ၏ ပတ်လည်တွင် ဝဲပျံနေကြပြီး လက်သီးတစ်ချက်၊ လက်ဝါးတစ်ချက် ထုတ်လွှတ်လိုက်တိုင်း သူ၏ စွမ်းအားများက အဆင့်သစ် တစ်ခုသို့ မြင့်တက်သွားသကဲ့သို့ ခံစားရလေသည်။
ဤအခိုက်အတန့်တွင် မုရုံစု သည် ငရဲပြည် အောက်ခြေမှ တက်လာသော နတ်ဆိုးဘုရင်ကြီး တစ်ပါးနှင့် တူနေတော့၏။
ကောင်းကင်၊ မြေကြီး၊ တောင်တန်းနှင့် မြစ်များ အားလုံးအပေါ်တွင် စိုးမိုးထားပြီး ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပိုင်ဆိုင်ကာ သက်ရှိသတ္တဝါ အားလုံးကို ပြာအဖြစ်သို့ ပြောင်းလဲပစ်နိုင်စွမ်း ရှိနေပေသည်။
"ဘုန်း..."
လီယွမ် သည် လက်ဝါးနှစ်ဖက်စလုံးဖြင့် အထိုးခံလိုက်ရပြီး နောက်သို့ လွင့်စဉ်သွားတော့သည်။
မုရုံ မျိုးနွယ်စု တွင် ခိုင်မာသော အခြေခံအုတ်မြစ် ရှိကြောင်းကို သူ ဝန်ခံရမည် ဖြစ်၏။ သူတို့၏ အထွတ်အထိပ် အချိန်ကာလများနှင့် ဝေးကွာနေပြီ ဖြစ်သော်လည်း သူတို့၏ အမွေအနှစ်များကမူ ဆက်လက် တည်ရှိနေဆဲပင်။ သူတို့ ကျင့်ကြံခဲ့သည့် အရာများမှာ အမြင့်ဆုံးအဆင့် သိုင်းပညာများ ဖြစ်ပြီး သူတို့ နားလည် သဘောပေါက်ခဲ့သည့် အရာများမှာလည်း အဆင့်အမြင့်ဆုံး ကောင်းကင်ဘုံ ဖြစ်စဉ် များ ဖြစ်ပေသည်။
“ချီလင်... မင်း ဒီကို မလာသင့်ဘူး...”
မုရုံစု ၏ အသံက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်နေပြီး ပကတိ မဟုတ်သော လေသံမျိုး ဖြစ်နေ၏။ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိသော သူ၏ ခန္ဓာကိုယ်ကြီးက ရွေ့လျားသွားပြီး လီယွမ် ၏ အထက်သို့ နောက်တစ်ကြိမ် ရောက်ရှိသွားပြန်သည်။
နောက်ထပ် လက်ဝါးတစ်ချက် ထုတ်လွှတ်လိုက်ပြန်၏။
ကောင်းကင်နဂါး အကာအကွယ် အရှိန်အဝါများက ဧရာမ လက်ဝါးကြီး တစ်ခုအဖြစ် စုစည်းသွားပြီး လီယွမ် ကို တင်းကျပ်စွာ ပစ်မှတ်ထားလိုက်သည်။
“မင်း ငါ့ကို လာမနှောင့်ယှက်သင့်ဘူး... ဒီနေ့က မင်းသေရမယ့် နေ့ပဲ...”
"ခွပ်..."
လီယွမ် ထပ်မံ၍ အထိုးခံလိုက်ရပြီး သူ၏ ရစ်ပတ်နတ်ဘုရား ကူ လည်း သွေးများဖြင့် စွန်းထင်းသွားကာ ပို၍ပင် ရက်စက် ကြမ်းတမ်းလာပုံ ရလေသည်။
“ဒီလောက်နဲ့ မလုံလောက်သေးဘူး...”
လီယွမ်က လှောင်ပြောင်လိုက်၏။
“မင်းရဲ့ ကောင်းကင်ဘုံ ဖြစ်စဉ် နဲ့ ကျန်းလင်းက သိပ်မကွာပါဘူး... သူ ငါ့လက်ထဲမှာ ဘယ်လို သေသွားလဲ ဆိုတာကို မင်း သိလား...”
ထိုစကားကို ကြားလိုက်ရသောအခါ မုရုံစု ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားတော့သည်။
ကျန်းလင် သည် ချီလင် ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်းမှာ အမှန်တရား ဖြစ်၏။ သို့သော် ချီလင် ၏ လက်ရှိ စွမ်းဆောင်ရည်ကို ကြည့်ရသည်မှာ ကျန်းလင် ကို သတ်နိုင်လောက်သည့် အခြေအနေနှင့် အလှမ်းဝေးနေဆဲပင်။
ထို့အပြင် ထိုစဉ်က ကျန်းလင် သည် အနက်ရောင် မှော်ပညာ နှင့် အခြား ကြီးမြတ်သော နတ်ဆိုးသားတော် နှစ်ဦး၏ အကူအညီကိုပါ ရရှိထားခဲ့သေးသည် မဟုတ်ပါလော။
မသိနားမလည်ခြင်းကသာ ထိတ်လန့် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေတတ်ပေသည်။
“မင်း ကြောက်နေပြီလား...”
လီယွမ် ၏ နှုတ်ခမ်းများက ပို၍ တွန့်ကွေးသွားလေ၏။
သူသည် ဓားနတ်သမီး ကို အသုံးပြုကာ ကျန်းလင် ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သော်လည်း သူ၏ ကိုယ်ပိုင် နည်းလမ်းများဖြင့် ကျန်းလင် ကို သတ်ဖြတ်ရန်မှာလည်း ခက်ခဲလှမည် မဟုတ်ချေ။
ပတ်ဝန်းကျင် ကန့်သတ်ချက်များ ကြောင့်သာ သူတို့ အစွမ်းကုန် မထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤနေရာတွင်မူ သူက အတားအဆီးမဲ့စွာ လှုပ်ရှားနိုင်ပေသည်။
“ကောင်းကင်ဘုံ ဖြစ်စဉ်... လကြတ်ခြင်းက ကပ်ဘေးကို ယက်ကန်းရက်လုပ်တယ်...”
နောက်ဆုံးတွင် လီယွမ် သည် သူ၏ ဒုတိယ ကောင်းကင်ဘုံ ဖြစ်စဉ် ကို ထုတ်ဖော်ပြသလိုက်တော့၏။ ရုပ်သေးမိဖုရားကူ ထံမှ လခြမ်းကွေး တစ်ခုက ကောင်းကင်ထက်တွင် မြင့်မားစွာ ချိတ်ဆွဲထားလေသည်။
မုရုံစု အံ့အားသင့်သွားတော့သည်။
အစပိုင်းတွင် သူက အခြား ကူသခင် တစ်ယောက် အကူအညီ လာပေးသည်ဟု ထင်မှတ်ခဲ့၏။
သို့သော် မည်သည့် ရန်သူအသစ်မှ ဝင်ရောက်လာခြင်း မရှိကြောင်းနှင့်. ကောင်းကင်ဘုံ ဖြစ်စဉ် နှစ်ခုစလုံးက အရင်းအမြစ် တစ်ခုတည်းမှ ဆင်းသက်လာပြီး သူ၏ ရှေ့မှောက်ရှိ လူတစ်ယောက်တည်းထံမှ ထွက်ပေါ်လာခြင်းပင်။
မုရုံစု လျင်မြန်စွာ သဘောပေါက်သွားတော့သည်။
လူတစ်ယောက်တည်းက ကောင်းကင်ဘုံ ဖြစ်စဉ် နှစ်ခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်တယ်တဲ့လား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများက ထိုကဲ့သို့သော အရာမျိုးကို တည်ရှိခွင့် မပြုထားချေ။ သို့တိုင်အောင် ဤကဲ့သို့ ထူးဆန်းလှသော အရာက သူ၏ မျက်စိရှေ့မှောက်တွင် တကယ်ပဲ ဖြစ်ပျက်နေလေပြီ။
“မင်း... မင်း...”
ဤအခိုက်အတန့်တွင် အကြောက်တရားများက အဆုံးမဲ့ ပြန့်နှံ့သွားပြီး မုရုံစု မှာ စကားပြောရင်းပင် တုန်ယင်နေတော့၏။
“ငါ မင်းကို အဆုံးသတ်ပေးမယ်...”
လီယွမ်က ပြုံးလျက် “မင်းမတိုင်ခင်... အိုးရန်ရှန်း နဲ့ ချန်းလန် မြို့တော် က အသုံးမကျတဲ့ ကောင်လေး တစ်ယောက်ကို ငါ တွေ့ခဲ့သေးတယ်...” ဟု ပြောလိုက်သည်။
“အခု... ငါ မင်းကို သူတို့ဆီ လိုက်ပို့ပေးမယ်...”
လျှပ်တစ်ပြက်အတွင်း လီယွမ် ၏ မျက်လုံးများတွင် အဖြူရောင် သူငယ်အိမ် တစ်ခု ထွက်ပေါ်လာပြီး သူ၏ မျက်လုံးနှစ်ထပ် ကို ထုတ်ဖော်ပြသလိုက်လေသည်။
“မျက်လုံးတစ်ထောင် ချည်နှောင် ပိုးအိမ်...”
မုရုံစု ၏ အမြင်အာရုံတွင် ၎င်းတို့သည် သိပ်သည်းစွာ စုပြုံနေသော ပင့်ကူ မျက်လုံးများ ဖြစ်နေပေသည်။
ကောင်းကင်ထက်ရှိ လခြမ်းတွင် သေစေနိုင်သော အဆိပ်များ ပါဝင်သည့် ကြယ်ရောင်များ ကျဆင်းလာ၏။ တဆက်တည်း၌ ရုပ်သေး ဘုရင်မ ကူ ၏ ပုံရိပ်က လမင်းပေါ်တွင် နောက်တစ်ကြိမ် ထင်ဟပ်လာကာ လရောင်နှင့် တူသော သူမ၏ ပင့်ကူမျှင်များက ဤလောကကြီး တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။
အနက်ရောင် မြစ်နဂါး ကြီးမှာ ပင့်ကူမျှင်များဖြင့် ဖုံးလွှမ်းခံလိုက်ရပြီး သေးငယ်သော ပိုးကောင်လေး တစ်ကောင်ကဲ့သို့ ဖြစ်သွားလေသည်။
မုရုံစု ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားတော့၏။ သူက အင်အားသုံးရန် ပြင်လိုက်ချိန်မှာပင် ထောင်ချောက်ထဲသို့ ကျဆင်းသွားပြီး ပင့်ကူမျှင်များဖြင့် ရက်လုပ်ထားသော ဧရာမ ပိုးအိမ်ကြီး၏ ချည်နှောင်မှုကို ခံလိုက်ရလေပြီ။
“မင်းမှာ နောက်ဆုံး ပြောစရာ စကားတွေ ရှိသေးလား...”
လီယွမ် က ပင့်ကူမျှင် ပိုးအိမ်ကြီး၏ ရှေ့သို့ ဖျတ်ခနဲ ရောက်ရှိလာသည်။ သူ၏ လက်သီးများတွင် သွေးများ အဆက်မပြတ် စုစည်းလာသဖြင့် ဟင်းလင်းပြင် နယ်ပယ်ကြီးပင် တုန်ခါသွားရပြီး သူ၏ ပတ်လည်တွင် အနက်ရောင် လျှပ်စီးလှိုင်းများ အဆက်မပြတ် ယှက်သမ်းနေတော့၏။
ဤအခြင်းအရာမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး စည်းမျဉ်းများနှင့် ပဲ့တင်ထပ်နေသော စွမ်းအားများ၏ သရုပ်သဏ္ဌာန်ပင် ဖြစ်ပေသည်။
“နောက်ဆုံး စကားတွေကို ပြောမနေပါနဲ့တော့... ငရဲပြည် ကို သွားပြီး မင်းရဲ့ ဘိုးဘေးတွေကိုပဲ ပြောပြလိုက်တော့...”
အနက်ရောင် လျှပ်စီးလှိုင်းများ ရောနှောနေသော သွေးများက လီယွမ် ၏ လက်သီးနှင့်အတူ ပင့်ကူမျှင် ပိုးအိမ်ကြီးကို ဝီးခနဲ ဝင်တိုက်လိုက်တော့သည်။
"ဘုန်း..."
ဧရာမ ပိုးအိမ်ကြီး ရုတ်တရက် ပေါက်ကွဲထွက်သွားလေ၏။
လီယွမ် အံ့အားသင့်သွားသည်မှာ မုရုံစု သည် သွေးမြူများ အဖြစ်သို့ ပြောင်းလဲမသွားခြင်းပင်။ သူသည် အကြီးအကျယ် တုန်လှုပ်သွားပြီး တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း သေလောက်သော ဒဏ်ရာမျိုး မရရှိခဲ့ချေ။
မှေးမှိန်သော ရွှေရောင် အလင်းတန်းလေး တစ်ခုက သူ့ကို ကာကွယ်
ပေးထားလေသည်။
“ငါ့ကို သတ်နိုင်မယ် ထင်နေတာလား...”
မုရုံစု က ရူးသွပ်စွာ ရယ်လိုက်ရင်း အော်ဟစ်နေ၏။
“ငါက စစ်မှန်တဲ့ နဂါး ဧကရာဇ် ကွ... အမြင့်မြတ်ဆုံး ကံကြမ္မာ ရဲ့ အကာအကွယ်ကို ရထားတာ... မင်းက ငါ့ရဲ့ ကံကြမ္မာကို ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ...”
ထိုအလင်းတန်း၏ အရင်းအမြစ်ကို လီယွမ် မြင်တွေ့လိုက်ရ၏။
၎င်းသည် မုရုံစု ၏ ရင်ဘတ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး နဂါး ၏ စွမ်းအားများ ပြည့်လျှံနေသော ကျောက်စိမ်းဆွဲပြား တစ်ခု ဖြစ်ပေသည်။
‘ဒါက စစ်မှန်တဲ့ နဂါး ပဲ...’
ဤအရာက လီယွမ် ကို အံ့အားသင့်သွားစေခဲ့၏။ ပြီးတော့ ပိုပြီး ဝမ်းသာသွားစေခဲ့သည်။
စစ်နတ်ဘုရား ထိုက်ဇူ ၏ သွေးများ ပါဝင်သော မိခင်ဖြစ်သူ ချန်ရစ်ခဲ့သည့် ကျောက်စိမ်းဆွဲပြား ကို သူ ရုတ်တရက် သတိရသွားသည်။ ယခုအခါ ထိုသွေးများက သူ၏ သွေးများနှင့် လုံးဝ ပေါင်းစပ်သွားပြီ ဖြစ်ပြီး ကျောက်စိမ်းဆွဲပြား ကို သူ အမြဲတမ်း သိမ်းဆည်းထားခဲ့လေသည်။
‘အဲဒါမှာလည်း အလားတူ အကျိုးသက်ရောက်မှု ရှိနိုင်မလား...’
လီယွမ် သည် သိုင်းပညာကို လေ့လာခဲပြီး ၎င်းနှင့် ပတ်သက်၍ အများကြီး ဂရုမစိုက်ခဲ့ချေ။
“ငါ့လမ်းကနေ ဖယ်စမ်း...”
လီယွမ် အတွေးလွန်နေစဉ်၊ မုရုံစု က တန်ပြန် တိုက်ခိုက်မှုကို စတင်လိုက်ပြီး ကောင်းကင်နဂါး အကာအကွယ် အရှိန်အဝါ က နောက်တစ်ကြိမ် ထွက်ပေါ်လာကာ လီယွမ် ကို နောက်သို့ လွင့်စဉ်သွားစေတော့၏။
သူက ညာဘက်လက်ဖြင့် ကျောက်စိမ်းဆွဲပြား ကို ဆုပ်ကိုင်ထားပြီး နှလုံးကွဲကြေမတတ် နာကျင်နေပုံရကာ လီယွမ် ကို အလွန် ရက်စက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
“အခု... ငါ့အလှည့် ရောက်ပြီ...”
“မင်း သဘောပေါက်သင့်တယ်... ငါ့ရဲ့ မုရုံ မျိုးနွယ်စု ဘိုးဘေးတွေရဲ့ အမွေအနှစ် စွမ်းအားက... မင်းလို သာမန် လူတစ်ယောက် လှုပ်ခါပစ်နိုင်တဲ့ အရာ မဟုတ်ဘူး ဆိုတာကို...”
“စစ်မှန်တဲ့ နဂါး ကို မြင်ရင်... မင်း အရိုအသေပေးရမယ်…”