← Chapters

မြစ်နဂါး ကို နဂါးလို့ ခေါ်လို့ရလား

Vol. 23 Ch. 250

မြစ်နဂါး ကို နဂါးလို့ ခေါ်လို့ရလား

Vol. 23 Ch. 250

အခန်း (၂၅၀) ဘယ်သူက အစစ်အမှန်နဂါးလဲ…

“စစ်မှန်တဲ့ နဂါး ကို မြင်ရင်... မင်း အရိုအသေပေးရမယ်…”

ကျောက်စိမ်းဆွဲပြား မှ ထွက်ပေါ်လာသော အလင်းတန်းများက မုရုံစု ၏ ခန္ဓာကိုယ်အတွင်းသို့ လုံးဝဥဿုံ ပေါင်းစည်းသွားတော့သည်။ ရွှေရောင် အကာအကွယ် အရှိန်အဝါ များတွင် အဆုံးမဲ့သော နဂါးစွမ်းအားများ ကိန်းအောင်းနေပြီး... အရည်ပျော်နေသော ရွှေရည်များအလား ထူထဲသိပ်သည်းနေ၏။ ၎င်းတို့အတွင်း၌ ရွှေနဂါးကလေးများ ကူးခတ်နေကြသည့်အလား ထင်မှတ်ရပေသည်။

မုရုံစု ၏ မျက်လုံးများက ရွှေရောင်သို့ ပြောင်းလဲသွားပြီး... သူ၏ လှုပ်ရှားမှု တိုင်းတွင် ဧကရာဇ် တစ်ပါး၏ ခန့်ညားထည်ဝါမှုများ ပြည့်လျှံနေတော့၏။

“ဟား ဟား ဟား ဟား...”

“ဒါမျိုးပဲ ဖြစ်ရမယ်... ကောင်းကင်နဲ့ မြေကြီး... ကံကြမ္မာ အရှိန်အဝါ တွေ အားလုံးက ငါ့လက်ခုပ်ထဲမှာပဲ... ထူးခြားတဲ့ စွမ်းအားတွေ အားလုံးကို ငါ စိုးမိုးထားနိုင်ပြီ... ငါကသာ ကောင်းကင်ဘုံ ရဲ့ စစ်မှန်တဲ့ ဆက်ခံသူပဲ...”

“ငါကသာ စစ်မှန်တဲ့ နဂါး ဧကရာဇ် ကွ...”

မုရုံစု သည် စကြဝဠာကြီးနှင့် တစ်သားတည်း ဖြစ်သွားသော ထိုခံစားချက်ကို အလွန်တရာ သဘောကျ နှစ်ခြိုက်နေပုံ ရပေသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ အချစ်တော် တစ်ဦး ဖြစ်သွားသကဲ့သို့ ခံစားနေရ၏။

လောကရှိ အရာအားလုံးနှင့် စည်းမျဉ်း ဥပဒေသ အားလုံးမှာ သူ၏ ဆန္ဒအတိုင်းသာ ဖြစ်ပျက်နေသဖြင့်... ၎င်းမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ကောင်းမွန်သော ခံစားချက် တစ်ခုပင် ဖြစ်တော့သည်။

သူက ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ... သူ၏ အကာအကွယ် အရှိန်အဝါ များက နဂါးတစ်ကောင်ကဲ့သို့ ဝဲပျံသွား၏။

“ခွပ်”

လီယွမ် ထံသို့ နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြန်၏။

ဤအခိုက်အတန့်တွင် ရစ်ပတ်နတ်ဘုရား ပူးကပ်ထားသော လီယွမ် မှာမူ သွေးများဖြင့် စွန်းထင်းကာ ရူးသွပ်နေလေပြီ။ သူ၏ စွမ်းအားမှာလည်း အလွန် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

“ဝှစ် ဝှစ်”

သူတို့ နှစ်ဦး နောက်တစ်ကြိမ် အပြန်အလှန် တိုက်ခိုက်ကြပြန်တော့၏။

သို့သော် ယခုတစ်ကြိမ်တွင်မူ ပြင်းထန်လှသော သွေးဆာနေသည့် တိုက်ခိုက်မှုများက နဂါးစွမ်းအားများ ပါဝင်နေသည့် အကာအကွယ် အရှိန်အဝါ ကို မဖြိုခွင်းနိုင်တော့ချေ။

လီယွမ် အနေဖြင့် မျက်မြင်မရသော စွမ်းအားတစ်ခု၏ ချည်နှောင်ခံထားရသကဲ့သို့... ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများက သူ၏ ရှေ့မှောက်ရှိ လူကို ရန်မပြုရန် သတိပေးနေသည့်အလား ရှိနေတော့သည်။

“စိတ်ဝင်စားစရာပဲ...”

“ဒါက ကံကြမ္မာ အရှိန်အဝါ ရဲ့ စွမ်းအားပေါ့လေ...”

‘ကံကြမ္မာ’ ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို သူ ပထမဆုံးအကြိမ် တိုက်ရိုက်နှင့် အနက်ရှိုင်းဆုံး နားလည် သဘောပေါက်သွားခဲ့ရ၏။

သူ၏ ရှေ့မှောက်ရှိ မုရုံစု မှာမူ ထူးခြားသော လျှို့ဝှက်နည်းစနစ်များနှင့် ရှားပါးသော ရတနာများမှတစ်ဆင့် ကောင်းကင်နှင့် မြေကြီး၏ ကံကြမ္မာ အချို့ကို ခိုးယူထားခြင်း ဖြစ်ပြီး... ၎င်းက သူ၏ အင်အားကို အဆင့်သစ် တစ်ခုသို့ ပို့ဆောင်ပေးထားခြင်း ဖြစ်ပေသည်။

အစစ်အမှန် အမြင့်မြတ်ဆုံး (၉၅) နေရာကို ရရှိထားသူ တစ်ဦး ခံစားနိုင်မည့် ကံကြမ္မာ အရှိန်အဝါ ပမာဏမှာ လုံးဝကို စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် ကြီးမားမည်ကို လီယွမ် တစ်စွန်းတစ်စ သဘောပေါက်သွားတော့၏။

နိုင်ငံတော် ငြိမ်းချမ်း သာယာနေသရွေ့နှင့် ကံကြမ္မာ အရှိန်အဝါ တည်ရှိနေသရွေ့... အမြင့်မြတ်ဆုံးသော ကံကြမ္မာကို ဆုပ်ကိုင်ထားသည့် ဧကရာဇ် တစ်ပါးကို ယှဉ်ပြိုင်နိုင်သူမှာ အလွန် ရှားပါးလှပေလိမ့်မည်။

“ချီလင်... မင်း သေသွားပြီးရင် မင်းရဲ့ ကောင်းကင်ဘုံ ဖြစ်စဉ် လျှို့ဝှက်ချက် နှစ်ခုက ငါ့ကို စစ်မှန်တဲ့ နတ်ဘုရား စင်မြင့်ပေါ်ကို ပို့ဆောင်ပေးလိမ့်မယ်... အဲဒီအခါကျရင် ငါ့ရဲ့ မုရုံ မျိုးနွယ်စု က လောကကြီးကို ပြန်လည် အုပ်စိုးပြီး အထွတ်အထိပ် ကို ပြန်ရောက်သွားမှာပဲ...”

“ဟား ဟား ဟား ဟား...”

“ ဒူးထောက်စမ်း...”

မုရုံစု သည် ကောင်းကင်နှင့် မြေကြီး၏ ကံကြမ္မာကို သူ၏ ကောင်းကင်နဂါး အကာအကွယ် အရှိန်အဝါ နှင့် ပေါင်းစပ်ကာ... ပိုမို ကျွမ်းကျင်စွာ သုံးစွဲလာတော့သည်။

“မြစ်နဂါးလေး တစ်ကောင်ကများ တကယ့်ကို ဟန်ဆောင် ကောင်းနေတာပဲ...”

လီယွမ်က လှောင်ပြောင်လိုက်၏။

“ဂွတ်... ဂွတ်...”

လီယွမ် တစ်ယောက်တည်းသာ မဟုတ်ဘဲ ရှစ်ခွင်လွှမ်း ကံကြမ္မာ ကူ ပင်လျှင် ထိုမြင်ကွင်းကို ဆက်ကြည့်ရန် သည်းမခံနိုင်တော့ချေ။

“ရွှီး...”

ရှောင်ချိုက် မှာမူ ဆက်လက် အောင့်အည်းမထားနိုင်တော့ဘဲ... ရှေ့သို့ တိုးကာ မုရုံစု ကို အရှင်လတ်လတ် ဝါးမြိုပစ်ချင်နေတော့သည်။

“မင်းတို့ နှစ်ယောက်လုံး ခဏနေဦး...”

လီယွမ်က ပြုံးလျက် ဆိုလိုက်လေသည်။

“ကောင်းပြီလေ... မုရုံ မျိုးနွယ်ကို ဘာကြောင့် သေရလဲဆိုတာ သိအောင် လုပ်ပေးရတာပေါ့... သူ့ရဲ့ အစွမ်းအထက်ဆုံး ဖြစ်နေတဲ့ နယ်ပယ်မှာပဲ ငါ ..သူ့ကို အပြတ်ရှင်းပြမယ်...”

နောက်တစ်ခဏတွင် ရစ်ပတ်နတ်ဘုရား ပူးကပ်မှု အဆုံးသတ်သွားပြီး... အာဏာရှင်၏ နှလုံးသား ကောင်းကင်ဘုံ ဖြစ်စဉ် လည်း ပျောက်ကွယ်သွားတော့၏။

ထိုကဲ့သို့ ရူးသွပ်နေသော အခြေအနေမျိုးတွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ထိန်းချုပ်ရန် မသင့်တော်လှပေ။

သွေးဆာနေသော အရှိန်အဝါများကို အတင်းအကြပ် ဖယ်ရှားလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော တန်ပြန် ဒဏ်ရာများကို ပြန်လည်ရှင်သန်ခြင်း ကူ က လျင်မြန်စွာ ကုသပေးလိုက်လေသည်။

လီယွမ်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် ပြင်ပလူတစ်ဦး၏ ရှေ့မှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ထိုက်ဇူ ဧကရာဇ် လက်ဆင့်ကမ်း ပေးအပ်ခဲ့သော သိုင်းပညာအား စတင် အသက်သွင်းလိုက်တော့၏။

လီယွမ် က သူ၏ ကောင်းကင်ဘုံ ဖြစ်စဉ်များကို ဆန္ဒအလျောက် ရုပ်သိမ်းလိုက်သည်ကို မြင်သောအခါ... မုရုံစု မှာ ပို၍ပင် အထင်အမြင် သေးသွားတော့သည်။

“ဘာလဲ... လက်နက်ချတော့မလို့လား... ငါက အားတောင် မစိုက်ရသေးဘူးလေ...”

"ဝုန်း"

နောက်တစ်ခဏတွင် လီယွမ် ၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင် အရှိန်အဝါများ ပေါက်ကွဲ ထွက်ပေါ်လာတော့၏။ မုရုံစု ၏ စကားသံများမှာ ရပ်တန့်သွားပြီး သူ၏ မျက်လုံးအိမ်များမှာလည်း ကျုံ့ဝင်သွားကာ လီယွမ် ဆီသို့သာ စူးစိုက်ကြည့်နေတော့သည်။

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

သူ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့် တုန်လှုပ်သွားရတော့၏။ ဧရာမ ရွှေနဂါးကြီး တစ်ကောင်၏ ပုံရိပ်ယောင်က လီယွမ် ၏ ပတ်လည်တွင် ဝဲပျံနေပြီး... သူ၏ ခန့်ညားလှသော အရှိန်အဝါမှာ အစစ်အမှန် ဧကရာဇ် တစ်ပါး လောကအတွင်းသို့ ဆင်းသက်လာသည့်အလား ရှိနေပေသည်။

ကံကြမ္မာ အရှိန်အဝါ ၏ ကာကွယ်မှုအောက်တွင် ရှိနေရမည့် မုရုံစု မှာမူ... ဤအခိုက်အတန့်တွင် ဇဝေဇဝါ ဖြစ်သွားရတော့၏။ ဤလောကကြီးက သူ့ကို မျက်နှာသာ မပေးတော့ချေ။ သူသည် ကံကြမ္မာ ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရလေပြီ။ ရွှေရောင် ချီစွမ်းအင်များ သယ်ဆောင်လာသော ထူထဲသည့် နဂါးပုံရိပ်များမှာ သူ၏ ရှေ့မှောက်ရှိ ‘ချီလင်’ ထံသို့ ပျံသန်းသွားကြတော့သည်။

“ဘယ်သူလဲ... မင်း တကယ်ပဲ ဘယ်သူလဲ...”

မုရုံစု တစ်ယောက် လုံးဝကို သွေးပျက် ချောက်ချားသွားလေပြီ။

‘ကူသခင် တစ်ယောက်က ဘယ်လိုလုပ်ပြီး ကံကြမ္မာ နည်းစနစ် ကို တတ်မြောက်နေရတာလဲ... ပြီးတော့ ကရာဇ် သွေး ကိုလည်း ပိုင်ဆိုင်ထားသေးတယ်ပေါ့’

ဧကရာဇ် သွေး ဆိုသည်မှာ ဧကရာဇ် တစ်ပါးနှင့် မိသားစု ဆက်နွှယ်မှု ရှိရုံနှင့် ရရှိနိုင်သော အရာ မဟုတ်ပေ။ ၎င်းမှာ မျိုးဆက်ပေါင်းများစွာ အမွေအနှစ်များကို လက်ဆင့်ကမ်း သယ်ဆောင်လာရပြီး... ထိုက်ဇူ ဘိုးဘေးကြီး၏ သွေးများဖြင့် ကောင်းချီးပေးခံရသော တိုက်ရိုက် မျိုးဆက် တစ်ဦး ဖြစ်ရန် လိုအပ်ပေသည်။

ဤသို့ ဖြစ်မှသာ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများထံမှ အသိအမှတ်ပြုမှုကို ရရှိနိုင်မည် ဖြစ်ပြီး... ထိုအခါမှသာ ကောင်းကင်နှင့် မြေကြီး၏ ကံကြမ္မာကို ခေတ္တ ချေးယူနိုင်မည့် အခွင့်အရေး ရရှိမည်ပင်။

မုရုံစု မှာမူ ကျန်း အင်ပါယာ မင်းဆက် ၏ တိုက်ရိုက် မျိုးဆက် တစ်ဦး ဖြစ်သော်လည်း... ယခုအခါ သူ၏ သွေးသားမှာ အားနည်းသွားခဲ့ပြီ ဖြစ်ကာ သူ၏ ထူးခြားသော ဖြစ်စဉ်များမှာပင် အနက်ရောင် မြစ်နဂါး အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသဖြင့် ကောင်းကင်နှင့် မြေကြီး၏ ကံကြမ္မာက အသိအမှတ် မပြုတော့ချေ။

‘ကောင်းကင်နဂါး အရိုး’ ၏ ပျိုးထောင်မှုကို ရရှိထားသော ကျောက်စိမ်းဆွဲပြား ကို အသုံးပြုပြီး ဘိုးဘေးများ၏ ဂုဏ်ကျက်သရေကို ဆက်ခံခြင်းဖြင့်သာ ကံကြမ္မာ၏ တစ်စိတ်တစ်ပိုင်းကို သူ ခေတ္တ ငှားရမ်း အသုံးပြုနိုင်ခြင်း ဖြစ်၏။ သို့သော်လည်း ထိုကံကြမ္မာကို မိမိအတွက် အသုံးချနိုင်ရန်မှာ အလွန် ခက်ခဲလှပေသည်။ မုရုံ မိသားစု မှ လက်ဆင့်ကမ်း လာခဲ့သော ‘ကောင်းကင်နဂါး နည်းစနစ်’ ကဲ့သို့သော သက်ဆိုင်ရာ သိုင်းပညာ ကျင့်စဉ်များကိုလည်း ကျင့်ကြံထားရန် လိုအပ်ပေသေးသည်။

‘ဒါဆိုရင် ချီလင် ကရော... ဘယ်လို အခွင့်အရေးမျိုးနဲ့လဲ…’

“ငါ ဘယ်သူလဲ ဆိုတာ မင်းသိချင်နေတာလား... ငါ ဘယ်သူလဲ ဆိုတာ မင်းကို ပြောပြရမလား...”

လီယွမ်က ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။

ဤအခိုက်အတန့်တွင် သူတို့ နှစ်ဦးမှာ ကံကြမ္မာ ၏ ဆန့်ကျင်ဘက် အစွန်း နှစ်ဖက်တွင် ရပ်နေကြသကဲ့သို့ ရှိနေ၏။

ရွှေရောင် နဂါးချီ များက သူတို့၏ ပတ်လည်တွင် ဝဲပျံနေကာ... ကောင်းကင်နှင့် မြေကြီးအား ပြောင်းပြန် လှန်ပစ်တော့မည့်အလား အစဉ်မပြတ် စီးဆင်းနေတော့၏။

လီယွမ် ၏ စွမ်းအားများမှာ ပိုမို ကြီးမားလာပြီး... မုရုံစု ၏ စွမ်းအားများမှာမူ တဖြည်းဖြည်း အားနည်းလာတော့သည်။

တစ်ဖက်က တိုးတက်လာပြီး အခြားတစ်ဖက်က ဆုတ်ယုတ်လာ၏။ တောက်ပမှုများ မှေးမှိန်သွားသည့် အခါတွင်... မုရုံစု ၏ ကောင်းကင်နဂါး အကာအကွယ် အရှိန်အဝါ မှာ မီးခိုးရောင် ပြောင်းလဲသွားပြီး... နဂါးပုံရိပ်မှာလည်း သာမန် မြစ်နဂါး အဖြစ်သို့ ပြန်လည် ရောက်ရှိသွားတော့၏။

ယခုအခိုက်အတန့်တွင် လီယွမ် သည် ကံကြမ္မာ ၏ အထွတ်အထိပ်တွင် ရပ်တည်နေပြီး... မုရုံစု မှာမူ အောက်ခြေသို့ ထိုးကျသွားခဲ့လေပြီ။

ရင်ထဲတွင် ရင်းနှီးနေသော ခံစားချက် တစ်ခု တိုးဝင်လာပြီး... ထို မွေးရာပါ မနှစ်မြို့ဖွယ် ခံစားချက်ကြီးကြောင့် မုရုံစု တစ်ယောက် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားတော့သည်။

“လီ... လီယွမ်...”

သူက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

“မင်း တကယ်ပဲ လီယွမ် လား...”

လီယွမ်... လီ မိသားစု... တာ့ယန်...။

လီ ဆိုသည်မှာ လောကတွင် အသုံးအများဆုံး မျိုးရိုးအမည်များထဲမှ တစ်ခု ဖြစ်ပြီး... သူ လီယွမ် နှင့် ပထမဆုံး ဆုံတွေ့စဉ်ကတည်းက အကြောင်းပြချက် မရှိဘဲ မနှစ်မြို့ဖွယ် ခံစားချက်ကို ခံစားခဲ့ရသည်။

မဟာ ကန္တာရ ဆယ့်ခြောက်ပြည်ထောင် နှင့် ကုန်သွယ်မည့် သူ၏ ကြီးကျယ်သော စီမံကိန်းကို လီယွမ် က လာရောက် နှောင့်ယှက်ခဲ့သဖြင့် သူ အလွန် မကျေမနပ် ဖြစ်ခဲ့ရသည်ဟုသာ သူ ထင်မှတ်ခဲ့ခြင်းပင်။

ထို့အပြင် နောက်ပိုင်းတွင် လီယွမ် ကို မြင်တွေ့ရသည့်အခါ ထိုခံစားချက်မျိုး ထပ်မံ မပေါ်ပေါက်တော့သဖြင့် သူ အလေးအနက် မတွေးတောခဲ့မိချေ။

ယခု ပြန်စဉ်းစားကြည့်သည့် အခါတွင်မူ…အစစ်အမှန် အကြောင်းရင်းမှာ... သူနှင့် လီယွမ် တို့သည် ကံကြမ္မာက သတ်မှတ်ပေးထားသည့် ရန်သူတော်များ ဖြစ်နေကြခြင်းပင်။

ကံကြမ္မာ နည်းစနစ် အပေါ်တွင် နက်ရှိုင်းသော နားလည်မှု မရှိခဲ့သဖြင့် ဖျတ်ခနဲ ပေါ်လာသော အခွင့်အရေးကို လက်လွှတ်လိုက်ရသော မိမိကိုယ်ကိုသာ သူ အပြစ်တင်နေမိတော့သည်။

လီယွမ် ၏ ကံကြမ္မာ အပေါ် ထိန်းချုပ်နိုင်စွမ်းမှာမူ သူ့ထက် များစွာ သာလွန်နေခဲ့လေပြီ။ သူတို့ ဒုတိယအကြိမ် ဆုံတွေ့သည့် အခါတွင်လည်း လီယွမ် က သူ၏ နောက်ကြောင်းကို လျှို့ဝှက် ဖုံးကွယ်ထားခဲ့သည် မဟုတ်ပါလော။

တကယ်တော့... သူက တစ်ဖက်လူကို သတ်ရန် မဆုံးဖြတ်မီ ကတည်းက လီယွမ် ၏ ပစ်မှတ်ထားခံနေရခြင်း ဖြစ်သော်လည်း... ယနေ့ရောက်မှသာ ထိုအချက်ကို သူ သိရှိလိုက်ရခြင်းပင်။

“အို.. ခန့်မှန်းမိသွားပြီ ထင်တယ်...”

ဤနေရာတွင် လီယွမ် အနေဖြင့် ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။

မုရုံစု က ရုတ်တရက် တဟားဟား ရယ်လိုက်သည်။

“ဒါဆိုရင်လည်း... မင်း နိုင်သွားပြီလို့ ထင်နေတာလား...”

“မင်းက မင်း ဘယ်သူဘယ်ဝါဆိုတာ မဖော်ပြချင်ဘူး ဆိုမှတော့... ချန်းလန် က လူတွေကို မင်းနောက် မလိုက်ခိုင်းဘဲ နေမလို့လား...”

“မှန်တာပေါ့...”

လီယွမ်က ခေါင်းညိတ်ပြလိုက်ပြီး တစ်ချိန်တည်းမှာပင် ပြင်ပ ရန်သူများ၏ ရှေ့တွင် တစ်ခါမျှ အသုံးမပြုဖူးသော ကောင်းကင်နတ်ဘုရား လက်သီး သိုင်းကွက်အား စုစည်းလိုက်တော့၏။

ဤလက်သီးသိုင်းမှာ ကောင်းကင်နဂါး ကံကြမ္မာ နည်းစနစ် နှင့် ပေါင်းစပ်လိုက်ပါက... မုရုံစု ၏ ကောင်းကင်နဂါး အကာအကွယ် အရှိန်အဝါ ကို အလွယ်တကူ ခြေမွပစ်နိုင်သော မုရုံစု ၏ ကံကြမ္မာ ရန်သူတော်ကြီး ဖြစ်လေ၏။

“ဟား ဟား ဟား ဟား...”

မုရုံစု ၏ မျက်နှာထားမှာ ရက်စက် ကြမ်းတမ်းသွားတော့သည်။

“မင်းကို ကူညီမယ့်သူ မရှိဘူး... ငါ့မှာတော့ ရှိတယ်... မင်းက အခုထိ စစ်မှန်တဲ့ နဂါး မဖြစ်သေးဘူးလေ... နောက်ဆုံးအထိ အသက်ရှင်

ကျန်ရစ်တဲ့သူကမှ စစ်မှန်တဲ့ နဂါး ဖြစ်မှာ..”

"ဝုန်း"

ဆန်းကြယ်ပုံရိပ် ကူ ဖြင့် ဖုံးကွယ်ထားသော နယ်ပယ်၏ အပြင်ဘက်တွင်... တစ်စုံတစ်ယောက်က လာရောက် တိုက်ခိုက်နေလေပြီ။

လီယွမ်က ပြုံးဖြီးလိုက်ပြီး ပြန်လည် ချေပလိုက်သည်။

“ငါ့မှာ ချန်းလန် ရဲ့ အကူအညီ မရှိတာ မှန်ပေမယ့်... ငါ့ကို ကူညီမယ့်သူ မရှိဘူးလို့တော့ မဆိုလိုပါဘူး...”

ပင်ကိုယ်ကပင် သံသယစိတ် များသူဖြစ်ရာ... ပြင်ပလူများနှင့်အတူ လှုပ်ရှားရန် သူ အမှန်တကယ်ပင် တွန့်ဆုတ်နေခဲ့၏။ သို့သော် ထိုလူများထဲတွင် ဓားနတ်သမီး မပါဝင်ချေ။ ဓားနတ်သမီး အပြင်ဘက်တွင် စောင့်ကြပ်နေသရွေ့ လီယွမ် အနေဖြင့် အေးဆေးစွာ ရင်ဆိုင်နိုင်ပေသည်။

“ဒါဆိုရင် အခုကော...”

လီယွမ် က လက်သီးတစ်ချက်တည်းဖြင့် မုရုံစု ၏ အစစ်အမှန် နဂါး အကာအကွယ် အရှိန်အဝါ ကို ခြေမွ ဖျက်ဆီးပစ်လိုက်တော့၏။

သူက မုရုံစု ကို ငုံ့ကြည့်လိုက်ပြီး မုရုံစု ပြောခဲ့ဖူးသည့် စကားအတိုင်းပင် ပြန်လည် ပြောဆိုလိုက်လေသည်။

“စစ်မှန်တဲ့ နဂါး ကို မြင်ရင်...မင်း အရိုအသေပေးရမယ်…”

All Chapters