← Chapters

ချောက်နက် နယ်ပယ်

Vol. 23 Ch. 254

ချောက်နက် နယ်ပယ်

Vol. 23 Ch. 254

လီယွမ် ချန်းလန်သို့ လာရောက်ရသည့် အဓိက ရည်ရွယ်ချက်မှာ မုရုံ မျိုးနွယ်စု၏ ခြိမ်းခြောက်မှုကို ဖယ်ရှားပစ်ရန်ပင် ဖြစ်၏။

ကောင်းကင်နဂါး အရိုးကို ရရှိခြင်းနှင့် ကံကြမ္မာ အရှိန်အဝါများကို စုပ်ယူပြီးနောက် ရွှေရောင် ရတနာလေး အသွင်ပြောင်းလဲသွားခြင်းတို့မှာ မမျှော်လင့်ထားသော ဝမ်းမြောက်ဖွယ်ရာ ကိစ္စရပ်များပါပင်။

သူသည် အသိစိတ် ပင်လယ် ကမ္ဘာအတွင်းရှိ စတုတ္ထမြောက် အမွေအနှစ်ထံသို့ ရောက်ရှိသွားတော့၏။ နဂါးဥ၏ ရှေ့မှောက်တွင် သူက ညာဘက်လက်ကို ဆန့်ထုတ်ကာ ဥခွံကို ထိတွေ့လိုက်၏။ ကောင်းကင်နတ်ဘုရား လက်သီး၊ အသွင်သောင်းပြောင်း ဓားသိုင်း နှင့် နဂါးကံကြမ္မာ နည်းစနစ် တို့အပေါ် နားလည်သဘောပေါက်မှုများ လှည့်ပတ် စီးဆင်းစေလိုက်သည်။

အမွေအနှစ် နဂါးဥပေါ်တွင် အစင်းကြောင်း သုံးကြောင်း တဖြည်းဖြည်း လင်းလက်လာလေသည်။

ထိုအစင်းကြောင်း သုံးခုစလုံး ဗဟိုမျဉ်းတွင် ဆုံစည်းသွားသောအခါ နဂါးဥထံမှ အလင်းစက်လေးများ ထွက်ပေါ်လာသည်။ ၎င်းက ခမ်းနား ကြီးကျယ်လှသော ပုံရိပ်ကြီး တစ်ခုအဖြစ် စုစည်းသွားတော့၏။

“ထိုက်ဇူ ဧကရာဇ်...”

လီယွမ်က ထိုသူ့ကို မော့ကြည့်လိုက်လေသည်။

“ငါ့ရဲ့ သွေးသား ဆွေမျိုးဆက် တစ်ယောက်အနေနဲ့... မင်း ဒီအထိ ရောက်လာနိုင်ခဲ့ပြီဆိုတော့... ရေစုန်ကို ဆန်တက်ဖို့ မင်း သေချာပေါက် ပြင်ဆင်ထားပြီးလောက်ပြီပေါ့...”

“ဒါပေမယ့် မင်းကို နောက်တစ်ကြိမ် ထပ်မေးရဦးမယ်... မင်း တကယ် သေချာ စဉ်းစားပြီးပြီလား...”

“ဒီခြေလှမ်းကို လှမ်းလိုက်တာနဲ့ နောက်ကြောင်းပြန်လှည့်လို့ မရတော့ဘူး... အောင်မြင်ခြင်း ဒါမှမဟုတ် သေဆုံးခြင်းပဲ... ငါ့လက်ထဲကနေ တာ့ယန် ရဲ့ အမွေအနှစ်ကို မင်း အစစ်အမှန် လွှဲပြောင်းရယူရလိမ့်မယ်...”

“ဒါ့အပြင်...”

“သက်ရှိသတ္တဝါ အားလုံးကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ပါ ထမ်းဆောင်ရလိမ့်မယ်...”

စစ်နတ်ဘုရား ထိုက်ဇူ၏ အသံက အသိစိတ် ပင်လယ် ကမ္ဘာအတွင်း ပဲ့တင်ထပ်သွားပြီး လီယွမ်၏ စိတ်ဝိညာဉ်ကို ရိုက်ခတ်ကာ သူ၏ စိတ်ဆန္ဒများကို လှုပ်နှိုးလိုက်လေ၏။

လီယွမ်က ပြတ်သားစွာ ခေါင်းညိတ် အတည်ပြုလိုက်သည်။

“ထိုက်ဇူ ဧကရာဇ်... ကျွန်တော် သေချာ ဆုံးဖြတ်ပြီးပါပြီ...”

တွေဝေနေရန် အကြောင်းမရှိတော့ချေ။

အစကတည်းက ပြန်လည် တိုက်ခိုက်ရန် သူ ပိုင်းဖြတ်ထားခဲ့ပြီး ဖြစ်၏။ ရင်တွင်းရှိ နက်ရှိုင်းလှသော အမုန်းတရားများကို စွန့်လွှတ်ရန် သူ တစ်ခါမျှ မတွေးတောခဲ့ဖူးဘဲ အသင့်တော်ဆုံး အချိန်အခါ ရောက်ရှိလာမည့် နေ့ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေသည်။

“ကောင်းတယ်... လီ မျိုးနွယ်စုရဲ့ သားကောင်း ပီသပေတယ်...”

ခမ်းနား ကြီးကျယ်လှသော ပုံရိပ်ကြီးက အားရပါးရ ရယ်လိုက်ပြီးနောက် တုံ့ပြန်လိုက်၏။

“အလွန်တရာ ခက်ခဲတဲ့ အခြေအနေတွေ ကြားထဲကနေ မင်း ပြန်လည် မွေးဖွားလာနိုင်ခဲ့တယ်... အတားအဆီး မျိုးစုံကို ကျော်ဖြတ်ပြီး နဝမအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်... ပြီးတော့ လောကကြီးရဲ့ အထွတ်အထိပ်ကို ပြန်လည် ရောက်ရှိလာနိုင်ခဲ့တယ်... မင်းအတွက် ငါ တကယ်ကို ဂုဏ်ယူပါတယ်...”

“ဆက်ပြီးတော့... စစ်နတ်ဘုရား ရတနာသိုက် ရဲ့ တည်နေရာကို မင်းကို ငါ ပြောပြမယ်...”

“ဘိုးဘေးကြီး... ကျွန်တော် နဝမအဆင့်ကို မရောက်သေးပါဘူး...”

လီယွမ်က လွှတ်ခနဲ ပြန်လည် ပြောဆိုလိုက်သည်။

“ရှေ့ကို တိုးခဲ့စမ်းပါ...”

ဤအခြင်းအရာမှာ နောက်ဆုံးတွင် စစ်နတ်ဘုရား ဘိုးဘေးကြီး၏ ပကတိမဟုတ်သော အတွေးတစ်ခုမျှသာ ဖြစ်ပြီး လီယွမ် အမှန်တကယ် နဝမအဆင့်သို့ ရောက်ရှိနေပြီလား ဆိုသည်ကို သူ ဂရုမစိုက်ခဲ့ချေ။

ရှင်းလင်းနေသည်မှာ ဤကြိုတင် ပြင်ဆင်မှုများကို ချန်ရစ်ထားခဲ့စဉ်ကတည်းက ဤအမှတ်သို့ ရောက်ရှိလာနိုင်သူ မည်သူမဆို နဝမအဆင့်သို့ သေချာပေါက် ရောက်ရှိနေရမည်ဟု စစ်နတ်ဘုရား ဘိုးဘေးကြီးက မှတ်ယူထားခဲ့ခြင်းပင်။

လီယွမ် ကဲ့သို့သော သဘာဝလွန် ထူးဆန်းသည့် သတ္တဝါမျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

စစ်နတ်ဘုရား ထိုက်ဇူ က သူ၏ နဖူးကို လက်ညှိုးဖြင့် ထိလိုက်ရာ လီယွမ် တစ်ယောက် ရွေးချယ်စရာ မရှိတော့ဘဲ ရှေ့သို့ တိုးကာ အမွေအနှစ်ကို လက်ခံရယူလိုက်ရတော့၏။

ထိုအခိုက်အတန့်တွင် လောကကြီး တစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ လီယွမ် ခံစားလိုက်ရသည်။

ရုတ်တရက် ရပ်တန့်သွားပြီးနောက် မရေမတွက်နိုင်သော မြင်ကွင်းများက မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်း စီးဆင်းသွားတော့၏။

တောင်တန်းများ၊ မြစ်များ၊ သမုဒ္ဒရာ လေးစင်းနှင့် ကန္တာရ ရှစ်ခု၊ ကောင်းကင်နှင့် မြေကြီးကြားရှိ သက်ရှိသတ္တဝါ အားလုံး...

အရာအားလုံးက လီယွမ်၏ အသိစိတ်များကို ဖြတ်သန်းသွားစဉ် အစစ်အမှန်များ ကဲ့သို့ပင် ထင်မှတ်ရလေသည်။

နောက်ဆုံးတွင် အချိန်ကာလကို ဖြတ်သန်း စီးဆင်းသွားသော မရေမတွက်နိုင်သည့် မြင်ကွင်းများက ပေါက်ကွဲ ကွဲအက်သွားပြီး ဘဝကို ပုံဖော်ပေးသော အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားတော့၏။

လီယွမ်၏ အသက်ရှူသံများ ပြင်းထန်လာပြီး အသိပြန်လည်လာရန်ပင် ခက်ခဲသွားရသည်။

မှတ်ဉာဏ် အပိုင်းအစ များစွာကို သူ မြင်တွေ့လိုက်ရ၏။ အချို့က မှုန်ဝါးနေပြီး အချို့က ရှင်းလင်းနေသည်။ တွေဝေ မှုန်ဝါးနေမှု ကြားတွင် သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ဖြတ်သန်းခဲ့ရသကဲ့သို့ ခံစားလိုက်ရလေသည်။

ရှင်းလင်းသော မှတ်ဉာဏ်များမှာ စစ်နတ်ဘုရား ဘိုးဘေးကြီး၏ ကြီးပြင်းလာမှု ခရီးစဉ်ပင်။

ကမောက်ကမ အခြေအနေများ ကြားမှ ထွက်ပေါ်လာကာ နိမ့်ကျသော အစပြုမှုမှသည် သုံးပေ အရှည် ဓားကြီးကို ကိုင်စွဲလျက် သိုင်းပညာ၏ အထွတ်အထိပ် ဖြစ်သော အမြင့်မြတ်ဆုံး နေရာသို့ ရောက်ရှိလာသည်အထိ တိုက်ပွဲဝင်ခဲ့ပုံများ ဖြစ်၏။

မှုန်ဝါးနေသည့် အရာများမှာမူ စစ်နတ်ဘုရား ရာထူးသို့ တက်လှမ်းပြီးနောက် နတ်ဆိုးနယ်မြေ သို့ ထိုက်ဇူ ဧကရာဇ် သွားရောက်ခဲ့သည့် အတွေ့အကြုံများပင် ဖြစ်ပေသည်။

ဖျတ်ခနဲ ဖြတ်သန်းသွားသော မှတ်ဉာဏ် အပိုင်းအစများမှ တစ်ဆင့် နတ်ဆိုးနယ်မြေ အတွင်းရှိ ကြီးမားလှသော အကြောက်တရား ကို လီယွမ် တစ်ချက်မျှ မြင်တွေ့လိုက်ရ၏။ မှုန်ဝါးဝါးနှင့် မထင်မရှား ဖြစ်နေသည့် တစ်ခဏမျှသာ ဖြစ်သော်လည်း သူ့ကို အတော်ကြီး လန့်သွားစေခဲ့သည်။

အကယ်၍ လီယွမ် ပိုမို သိရှိလိုပါက စစ်နတ်ဘုရား ရတနာသိုက် ကို ရရှိသည့် အချိန်ကျမှသာ ရှာဖွေ တွေ့ရှိနိုင်ပေလိမ့်မည်။

ထိုအခိုက် စစ်နတ်ဘုရား ဘိုးဘေးကြီး (ထိုက်ဇူ ဧကရာဇ်)က ထပ်မံ မိန့်ခွန်းခြွေလိုက်သည်။

“ငါ့ရဲ့ အမွေအနှစ်... ရတနာသိုက် မှာ အပိုင်းနှစ်ပိုင်း ရှိတယ်... တစ်ပိုင်းက အစစ်ဖြစ်ပြီး ကျန်တစ်ပိုင်းက အတုပဲ...”

“အစစ်အမှန် ရတနာသိုက် က အရှေ့ပိုင်း အရိုင်းနယ်မြေ ရဲ့ ဝေးလံခေါင်ဖျားတဲ့ နေရာတစ်ခုမှာ ရှိတယ်...”

“ရတနာသိုက် အတု ကတော့ ခွန်လွန် နဂါးသွေးကြော နယ်မြေမှာ ရှိတယ်...”

“ဟင်...”

လီယွမ် တစ်ယောက် အံ့အားသင့်သွားတော့၏။

‘နေပါဦး... ဘိုးဘေးကြီးတို့ မျိုးရိုးကရော ဒီလောက်တောင် သူရဲဘောကြောင်ရသလား...’

လူတွေကို လမ်းလွဲသွားစေရန် ရတနာသိုက် အတု တစ်ခုကို တမင်တကာ ဖန်တီးကာ အရန် အစီအစဉ် တစ်ခုကိုပင် သူတို့ ပြင်ဆင်ထားခဲ့ကြသည်။ သူတို့၏ မျိုးဆက်များက တခြားသူများထံမှ ပြန်လည် မလုယူနိုင်မည်ကို သူတို့ စိုးရိမ်နေခဲ့ကြသည်လား။

“ထိုက်ဇူ ဧကရာဇ်... ခင်ဗျား တကယ်ပဲ ပင်ပန်းခဲ့ရမှာပဲ...”

လီယွမ်က ရယ်ရခက်၊ ငိုရခက် ဖြစ်စွာဖြင့် မှတ်ချက်ချလိုက်၏။

ထိုအချိန်က ထိုက်ဇူ ဧကရာဇ် သည် အရှုံးမရှိသော အုပ်ချုပ်သူ တစ်ဦး၊ လောကကြီးကို စိုးမိုးသူ တစ်ဦး ဖြစ်ပြီး မာနတရားများနှင့် ယုံကြည်မှုများ အပြည့်အဝ ရှိနေခဲ့သော်လည်း သူက အလွန်တရာ သတိကြီးပြီး ငြိမ်းချမ်းနေချိန်တွင်ပင် ဖြစ်လာနိုင်သော အန္တရာယ်များကို အမြဲတမ်း သတိပြုနေခဲ့သေးသည်။

အနာဂတ် မျိုးဆက်များ အတွက် စီမံကိန်းများနှင့် ဗျူဟာများ ချမှတ်ရာတွင် သူတို့က မည်သည့် ကြိုးပမ်းအားထုတ်မှုကိုမျှ ချွေတာခဲ့ခြင်း မရှိချေ။

“ဒါကို သေချာ မှတ်ထား...”

မြင့်မား ခမ်းနားလှသော ပုံရိပ်ယောင်ကြီးက မှာကြားလိုက်သည်။

“အမွေအနှစ် ရတနာသိုက် ကို အသက်သွင်းလိုက်တာနဲ့ နောက်ကြောင်းပြန်လှည့်လို့ မရတော့ဘူး... ရာနှုန်းပြည့် သေချာမှု မရှိဘဲနဲ့ အတင်းအကြပ် လုံးဝ မလုပ်ရဘူး...”

“ကျွန်တော် လီယွမ်... ဧကရာဇ်ကြီး ရဲ့ သွန်သင်ဆုံးမမှုတွေကို ရိုသေစွာ လိုက်နာပါ့မယ်...”

လီယွမ် သည် အလျင်စလို မိုက်မဲစွာ လှုပ်ရှားမည် မဟုတ်ချေ။ လုံးဝ သေချာမှု မရှိဘဲ ရတနာသိုက် ကို အသက်သွင်းလိုက်ခြင်းက အခြားသူများကို အကျိုးအမြတ် သွားပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ထိုအချိန်ကျလျှင် ညဇီးကွက်ဘုရင် တစ်ယောက်တည်းသာ မဟုတ်ဘဲ လောကတစ်ခွင်ရှိ အစွမ်းထက်သူများ အားလုံးနှင့် သူ တိုက်ခိုက်ရနိုင်ပေသည်။

“ငါ့ရဲ့ မျိုးဆက်... အကယ်၍ မင်း အစွမ်းကုန် ကြိုးစားပြီးတာတောင် အခြေအနေတွေကို ပြောင်းပြန် မလှန်နိုင်ခဲ့ဘူး ဆိုရင်လည်း... ဒါက ကောင်းကင်ဘုံရဲ့ ဆန္ဒပဲမို့လို့ မင်း အပြစ်မကင်းသလို ခံစားနေစရာ မလိုပါဘူး...”

“ငါတို့ ဘိုးဘေးတွေက နောက်ဆုံး ကျန်ရစ်တဲ့ ကလေးကို အိမ်ပြန်လာဖို့ ကြိုဆိုနေမှာပါ...”

ခမ်းနားလှသော ပုံရိပ်ယောင်ကြီးက တဖြည်းဖြည်း လွင့်စင် ပျောက်ကွယ်သွားတော့၏။

“အရည်အချင်း မရှိတဲ့ မျိုးဆက် ကျွန်တော် လီယွမ်... ဧကရာဇ်ကြီး ကျွန်တော့်အပေါ် ထားရှိတဲ့ ယုံကြည်မှုကို သေချာပေါက် စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး...”

လီယွမ်က ရိုသေလေးစားစွာဖြင့် နက်ရှိုင်းစွာ ဦးညွှတ်လိုက်လေသည်။

ထိုက်ဇူ ဧကရာဇ် တစ်ခါက ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သူ ပြန်လည် အမှတ်ရသွား၏။

'မည်သူမျှ ထာဝရ မကြီးပွားနိုင်သလို၊ မည်သည့်အရာကမျှ နှစ်ထောင်ချီ လက်ဆင့်ကမ်း သယ်ဆောင်သွားလို့ မရနိုင်ဘူး' ဟူ၍ပင်။

မုရုံ မျိုးနွယ်စု ကို အမြစ်ပြတ် ခြေမှုန်းပြီးနောက် ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို သူ အလွန်တရာ နက်ရှိုင်းစွာ နားလည် သဘောပေါက်သွားခဲ့လေပြီ။

ထိုက်ဇူ ဧကရာဇ် သည် အမြော်အမြင် ကြီးမားလှပြီး ဤနေ့ရက် ရောက်လာမည်ကို ကြာမြင့်စွာ ကတည်းက ကြိုတင် တွေးဆထားခဲ့သည် ဟုသာ ဆိုရမည် ဖြစ်၏။ စစ်နတ်ဘုရား ရတနာသိုက် ကို သူ အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် အရာအားလုံးက သူ၏ လက်တွင်းသို့ အလိုအလျောက် ရောက်ရှိလာပေလိမ့်မည်။

အကယ်၍ သူ ကျရှုံးသွားပါက တာ့ယန် လီ မင်းဆက် သည် အဆုံးသတ်သွားပြီး လုံးဝ အမြစ်ပြတ် ပျောက်ကွယ်သွားရပေမည်။

လီယွမ် သည် အရာအားလုံးကို သူ၏ နှလုံးသား အနက်ရှိုင်းဆုံး နေရာတွင် တိတ်ဆိတ်စွာ မြှုပ်နှံထားလိုက်တော့သည်။

ရတနာသိုက် ၏ တည်နေရာကို မတော်တဆ ရရှိခဲ့ခြင်းမှာ ထိုက်ဇူ ဧကရာဇ်၏ မှားယွင်းသော တွက်ဆချက် ကြောင့် သက်သက်သာ ဖြစ်ပေသည်။

လက်ရှိ လီယွမ် အတွက်မူ စစ်နတ်ဘုရား ရတနာသိုက် ကို အသက်သွင်းရန် အချိန်အခါကောင်း မဟုတ်သေးချေ။

‘နတ်ဘုရားနယ်ပယ် ကို အရင် ဖောက်ထွက်ရမယ်...’

လီယွမ် က အနှောင့်အယှက် အတွေးများကို ခေါင်းထဲမှ ရှင်းထုတ်ပစ်လိုက်၏။ ကျင့်ကြံခြင်း နယ်ပယ် မြင့်တက်လာမှုနှင့် ဘဝဆက်နွှယ်ကူ ၏ ဆင့်ကဲ ပြောင်းလဲလာမှု တို့ကသာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အမှန်တကယ် တိုးတက်လာစေမည့် အရာများ ဖြစ်ပေသည်။

သူက မျက်လုံးများကို မှိတ်လိုက်လေသည်။

အသိစိတ် ပင်လယ် ကမ္ဘာကြီး ပြောင်းလဲသွားပြီး အမွေအနှစ် နဂါးဥ က ပျောက်ကွယ်သွားကာ ကျယ်ပြောလှသော တောင်တန်းများနှင့် ပင်လယ်ပြင်ကြီးက အစားထိုး ဝင်ရောက်လာတော့၏။

တောင်တန်းများနှင့် ပင်လယ်ပြင်တို့ ပေါင်းစပ်သွားပြီး ကျယ်ပြော အဆုံးမဲ့လာကာ မကြာမီ နယ်ပယ်ကို ဖောက်ထွက်နိုင်မည့် ချောက်နက်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့လေတော့မည်။

‘ကြီးမြတ်သော ပြည့်စုံခြင်း နယ်ပယ်မှာ အချိန်အကြာကြီး တစ်ဆို့နေပြီးတဲ့နောက်... ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကြမ္မာ အရှိန်အဝါ တွေကြောင့် နောက်ဆုံး ခြေလှမ်းကို ငါ လှမ်းနိုင်တော့မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး...’

‘ဒါဆိုရင်...’

‘စလိုက်ကြတာပေါ့...’

လီယွမ်၏ အတွေးများ ပြန့်နှံ့သွားသည်နှင့်အမျှ စိတ်ဝိညာဉ် နယ်ပယ် တစ်ခုလုံး စတင် တုန်ခါလာပြီး မြေပြိုခြင်း သို့မဟုတ် ဆူနာမီ တစ်ခုကဲ့သို့ မျက်မြင်မရသော စိတ်ဝိညာဉ် အတားအဆီးကို အဆက်မပြတ် ရိုက်ခတ်နေတော့၏။

နတ်ဘုရားနယ်ပယ် ၏ မျက်မြင်မရသော အတားအဆီးကို ဖောက်ထွက်နိုင်သည်နှင့် စိတ်ဝိညာဉ် ရေစီးကြောင်းများက အဆင့်များစွာသို့ ကွဲထွက်သွားပြီး အသိစိတ် ပင်လယ် တစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။

အသိစိတ် ပင်လယ် သည် ကောင်းကင်၊ မြေကြီး နှင့် ချောက်နက် ဟူ၍ ကွဲပြားသော အလွှာသုံးခု အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း၏ ပြီးပြည့်စုံသော သံသရာလည်မှု တစ်ခုကို ရရှိနိုင်မည် ဖြစ်၏။

ကောင်းကင် အလွှာရှိ စိတ်ဝိညာဉ်စွမ်းအင် မှာ အပါးလွှာဆုံး ဖြစ်ပြီး ကျင့်ကြံသူများ အနေဖြင့် သူတို့၏ ဆန္ဒအလျောက် လွယ်ကူစွာ ကိုင်တွယ် လှုပ်ရှားနိုင်သဖြင့် လွတ်လပ်ခြင်း ကို ကိုယ်စားပြုပေသည်။

မြေကြီး အလွှာသည် အခြေခံအုတ်မြစ်ကို ကိုယ်စားပြုကာ အတိတ်နှင့် အနာဂတ်ကို ချိတ်ဆက်ပေးပြီး တည်ငြိမ်မှု ကို ပြသလေသည်။

ချောက်နက် အလွှာမှာမူ တုန်လှုပ်ချောက်ချားဖွယ် မရှိသော အောက်ခြေမဲ့ ချောက်နက်ကြီး တစ်ခုဖြစ်ပြီး အမာခံဗဟိုချက် ကို ကိုယ်စားပြုပေသည်။

ချောက်နက် အသိစိတ် ပင်လယ် ၏ တည်ရှိမှုက လီယွမ် ၏ အသိစိတ် ပင်လယ် ကမ္ဘာသည် အလွန်တရာ နက်ရှိုင်းလှကြောင်း ဖော်ပြနေပြီး အကယ်၍ နဝမအဆင့် သိုင်းပညာရှင် တစ်ဦးနှင့် ထိပ်တိုက် တွေ့ဆုံလျှင်ပင် သွေးနတ် သလင်းကျောက် ၏ အကူအညီ မပါဘဲနှင့် သူ၏ အသိစိတ် ပင်လယ် ကို ဖျက်ဆီးနိုင်မည် မဟုတ်ချေ။

ဤအခြင်းအရာမှာ အခြေခံအကျဆုံး လုပ်ဆောင်ချက်မျှသာ ဖြစ်၏။

ပို၍ အရေးကြီးသည်မှာ ကူသခင် တစ်ယောက်အနေဖြင့် လီယွမ် သည် ဘဝဆက်နွှယ်ကူ ကို အမြင့်ဆုံးအဆင့်အထိ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိတ်ဝိညာဉ်စွမ်းအင် တွင် နက်ရှိုင်းသော အဆင့်တစ်ခုသို့ မဖြစ်မနေ ရောက်ရှိရမည် ဖြစ်ပေသည်။

ထိုသို့ဖြင့် ယွီကူ နှလုံးသား ကျမ်းတွင် မှတ်တမ်းတင်ထားသော အမြင့်ဆုံးအဆင့် ဖြစ်သည့် အတ္တကင်းမဲ့ ကူ သို့ သူ တက်လှမ်းနိုင်ပေလိမ့်မည်။

"ဝုန်း"

အသိစိတ် ပင်လယ် က ဆူပွက်လာပြီး မျက်မြင်မရသော ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လှိုင်းထနေကာ အသိစိတ် လှိုင်းတံပိုးများ၏ အဆက်မပြတ် ရိုက်ခတ်မှုများအောက်တွင် တစ်ခဏတာမျှ ကြေးမုံပြင်တစ်ခု ကွဲအက်သွားသကဲ့သို့ မြင်ကွင်းမျိုး ထွက်ပေါ်လာတော့၏။

“ခွမ်း…”

နောက်တစ်ခဏတွင် စိတ်ဝိညာဉ် အတားအဆီးကြီးသည် မှန်တစ်ချပ်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေသည်။ အသိစိတ် ပင်လယ် ကြီးသည် အမှောင်ထု ဖုံးလွှမ်းနေသော ချောက်နက်ကြီး တစ်ခုအဖြစ်သို့ ကျယ်ပြန့်သွားကာ ကြီးမားလှသော စိတ်ဝိညာဉ် ရေစီးကြောင်းများ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး ချောက်နက်ကြီးထဲသို့ စီးဝင်သွားတော့သည်။

“အောင်မြင်ပြီ...”

လီယွမ်က ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်တော့၏။

“စိတ်ဝိညာဉ် ချောက်နက် နယ်ပယ်... နောက်ဆုံးတော့ ဒီအဆင့်ကို ငါ ရောက်လာခဲ့ပြီပဲ...”

သူက အားရပါးရ ကြွေးကြော်လိုက်လေသည်။

All Chapters