ရှောင် မျိုးနွယ်စု၏ ယုံကြည်ချက်များ
Vol. 23 Ch. 255
“လီယွမ်... ကောင်းကင်ယံမှာ ဖြူလွလွ အင်မော်တယ် နန်းတော်ကြီး တစ်ခုကို ကျွန်မ မြင်လိုက်ရသလိုပဲ...”
လီယွမ် ၏ နားထဲသို့ ကြည်လင်ပြတ်သားသော အသံလေး တစ်သံ ဝင်ရောက်လာတော့၏။
လီယွမ် သည် နယ်ပယ် ချိုးဖြတ် အဆင့်တက်သွားသည်နှင့်အမျှ ဓားနတ်သမီး ၏ အရှိန်အဝါ ကလည်း မြင့်တက်လာခဲ့ပြီး သူမ၏ မျက်လုံးများထဲတွင် ပြင်းပြသော ဆန္ဒများ ပြည့်နှက်နေလျက် ကောင်းကင်ယံသို့ မော့ကြည့်နေတော့သည်။
“ကျီ... ကျီ...”
“ရွှီး...”
“ဂွတ်... ဂွတ်...”
ဝူမေ့၊ ရှောင်ချိုက်၊ ရွှေရောင် ရတနာလေးတို့ အားလုံး ထွက်ပေါ်လာကြလေ၏။
ရစ်ပတ်နတ်ဘုရား ကူ နှင့် ပြန်လည်ရှင်သန်ခြင်း ကူ တို့ပင်လျှင် လီယွမ် ၏ နှလုံးခုန်သံနှင့် ပဲ့တင်ထပ်ကာ ထူးခြားသော တုန်ခါမှုများကို ထုတ်လွှတ်နေကြသည်။
ထိုဖြစ်ရပ်က လီယွမ် သည် ချောက်နက် နယ်ပယ် သို့ အဆင့်တက်သွားပြီးနောက် သူနှင့် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများ အကြား ဟန်ချက်ညီညီ ပေါင်းစပ်မှုက လုံးဝ အဆင့်သစ် တစ်ခုသို့ ရောက်ရှိ
သွားသောကြောင့် ဖြစ်၏။
အကယ်၍ သူသာ ပိုမို အားထုတ် ကြိုးပမ်းမည် ဆိုလျှင် အခြားသူများကဲ့သို့ ဝိညာဉ် ခရီးသွားလာနိုင်သည့် အဆင့်သို့ပင် ရောက်ရှိနိုင်မည်ဟု သူ ခံစားလိုက်ရ၏။
သို့သော် လီယွမ် က ထိုသို့ မလုပ်ဆောင်ခဲ့ချေ။
ထိုသို့ မလုပ်ဆောင်မီ ခိုင်မာသော အခြေခံအုတ်မြစ် တစ်ခုကို အရင် ချထားသင့်သည်။
ထို့နောက် ရှောင်ချိုက် ၏ ဆင့်ကဲ ပြောင်းလဲမှု ပြီးဆုံးမည့် အချိန်ကို စောင့်ဆိုင်းကာ ကောင်းကင်ဘုံ ဖြစ်စဉ် အသီးသီး၏ လျှို့ဝှက် နည်းစနစ်များကို နားလည် သဘောပေါက်အောင် လုပ်ဆောင်မည်။ နောက်ဆုံးမှ သူ၏ ပင်မ နယ်ပယ်ကို ဖွဲ့စည်းတည်ဆောက်ရန် လီယွမ် စီစဉ်ထားလေ၏။
ချောက်နက် နယ်ပယ် ၏ စိတ်ဝိညာဉ်စွမ်းအင် ပံ့ပိုးမှုဖြင့် ဤအရာများသည် ခက်ခဲသော ကိစ္စရပ်များ မဟုတ်တော့ချေ။
“အိမ်ပြန်ရောက်မှ ဆက်ပြောကြတာပေါ့...”
ပြောပြောဆိုဆိုနှင့် လီယွမ် က မတ်တတ်ရပ်လိုက်သည်။
ပြန်မသွားမီ ရှောင် မောင်နှမ ကို သူ တွေ့ဆုံရန် လိုအပ်နေသေး၏ ရှောင်လျဲ့ ၏ အခြေအနေ ဘယ်လို ရှိနေသနည်း ဆိုတာကိုလည်း သူ မသိရှိရသေးချေ။
သူက ရတနာများစွာ အထဲမှ ကျောက်စိမ်း တံဆိပ်တုံး တစ်ခုကို ရွေးချယ်လိုက်၏။
တစ်ချိန်က ဤမြေပြင်၏ အမြင့်ဆုံးသော အာဏာကို ကိုယ်စားပြုခဲ့သည့် အင်ပါယာ မင်းဆက်၏ အင်ပါယာ တံဆိပ်တုံး သည် ယခုအခါတွင် သူ၏ တောက်ပမှုများ ဆုံးရှုံးသွားခဲ့လေပြီ။ ၎င်း၏ နောက်ဆုံးသော ကံကြမ္မာ အရှိန်အဝါ များကို ရွှေရောင် ရတနာလေး က စုပ်ယူသွားခဲ့ပြီးဖြစ်ရာ ယခုအခါတွင် သာမန် ကျောက်စိမ်းတုံး တစ်တုံး အဖြစ်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့တော့သည်။
ဤ အင်ပါယာ တံဆိပ်တုံး ကို သက်သေအဖြစ် ပြသခြင်းဖြင့် ယခင်မင်းဆက်ဟောင်း၏ အကြွင်းအကျန်များကို အမြစ်ပြတ် ခြေမှုန်းပြီးပြီ ဆိုသည်ကို သက်သေပြနိုင်ပြီး ရှောင်ချင်အာ အနေဖြင့် သူမ၏ တာဝန်ဝတ္တရား များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်၏။
ရှောင်ချင်အာ ၏ အစီအစဉ်ကို သိရှိထားသဖြင့် လီယွမ် သည် ဤရိုးသားဖြူစင်သော ကောင်မလေးကို ကူညီရန် ပို၍ပင် ဆန္ဒရှိနေခဲ့သည်။ ဒါက သူ၏ ကိုယ်ပိုင် အနာဂတ်အတွက် ကြိုတင် ပြင်ဆင်မှု တစ်ရပ်ဆိုလည်း မမှားပါချေ။
လီယွမ် သည် ပင်လယ်ကမ်းစပ်မှ ထွက်ခွာကာ လေထဲသို့ ပျံသန်းသွားလေတော့၏။
မကြာမီမှာပင် ရင်းနှီးကျွမ်းဝင်နေသော ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။
ရှောင်ချင်အာ နှင့် ရှောင်လျဲ့ တို့ပင်။
သူ့ကို အံ့အားသင့်စေသည်မှာ ရှောင်လျဲ့ က မသေဆုံးသေးသော်လည်း သူ၏ အသက်စွမ်းအင် များမှာ လွင့်စင်ပျောက်ကွယ် နေဆဲ ဖြစ်ပြီး အသက်ဆက်ပေးသော ဆေးဝါး တစ်ခုခုဖြင့် အတင်းအကြပ် အသက်ဆက်ထားရပုံ ပေါ်လေ၏။
သို့သော်...သူ၏ စိတ်ဝိညာဉ် အာရုံခံမှု အောက်တွင် ရှောင်လျဲ့ သည် အနည်းငယ် ပိုကောင်းသော အခြေအနေတွင် ရှိနေသည့် 'အသက်ရှင်နေသော အလောင်းကောင်' တစ်လောင်း ကဲ့သို့ ဆွေးမြည့် ပျက်စီးနေပြီ ဖြစ်ကြောင်း သူ ရှင်းလင်းစွာ အာရုံခံ သိရှိနိုင်ပေသည်။
အသက်ဆက် ဆေးဝါးများ၏ အာနိသင် ကုန်ဆုံးသွားသည်နှင့် အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန် မည်သည့် နည်းလမ်းမျှ မရှိတော့ချေ။
အဘယ်ကြောင့်ဆိုသော် မုရုံစု သေဆုံးသွားသည့် အခိုက်အတန့်မှာပင် သူ၏ အသက်သွေးကြော မှာ လုံးဝ အခြေမွ ဖျက်ဆီးခံလိုက်ရပြီး ဖြစ်သောကြောင့်ပင်။
လီယွမ် သည် လေထဲမှ ခုန်ဆင်းလာပြီး မောင်နှမ နှစ်ဦး၏ ဘေးတွင် ဆင်းသက်လိုက်၏။
“အစ်ကို လီယွမ်...”
“အစ်ကို လီယွမ်... ကျေးဇူးပြုပြီး ရှောင်လျဲ့ ကို ကြည့်ပေးပါဦး... မောင်လေး ဘာဖြစ်သွားတာလဲဟင်...”
လီယွမ် ကို မြင်လိုက်ရသောအခါ ရှောင်ချင်အာ အလွန်တရာ စိုးရိမ်ပူပန်သွားပြီး တောင်းဆိုလိုက်သည်။
“သူ...”
လီယွမ်က တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ဘဲ အမှန်တရားကို တိုက်ရိုက် ဖွင့်ဟပြောဆိုလိုက်တော့၏။
“လွန်ခဲ့တဲ့ နှစ်တွေ တစ်လျှောက်လုံး... မုရုံစု က သူ့အပေါ်မှာ စုန်းကဝေ မှော်ပညာ တစ်ခုကို အသုံးပြုပြီး သူ့ရဲ့ အသက်ကို ထိန်းချုပ်ထားခဲ့တာ...”
“အကယ်၍ မုရုံစု သေရင်... သူလည်း သေရလိမ့်မယ်...”
“အဲဒီအချိန်တုန်းက အစ်ကို့အတွက် ရွေးချယ်စရာ လမ်းမရှိခဲ့လို့ မုရုံစု ကို သတ်ပြီး မုရုံ မျိုးနွယ်စု ကို အမြစ်ပြတ် ခြေမှုန်းခဲ့ရတယ်...”
သူက အင်ပါယာ တံဆိပ်တုံး ကို ထုတ်ယူကာ ရှောင်ချင်အာ ထံသို့ ကမ်းပေးလိုက်သည်။
“ချင်အာ... ဒါက ကျန်း အင်ပါယာ မင်းဆက် ရဲ့ အင်ပါယာ တံဆိပ်တုံးပါ... သူ့ရဲ့ ကံကြမ္မာ အရှိန်အဝါ တွေ အကုန်လုံး ဆုံးရှုံးသွားပြီ ဖြစ်ပေမယ့် အမှတ်အသား အချို့တော့ ကျန်ရှိနေပါသေးတယ်... ဒါကို ယူသွားပြီး တောင်ပိုင်းနယ်စပ် က အုပ်ချုပ်ရေးမှူး တွေရဲ့ ရှေ့မှောက်မှာ အတည်ပြုချက် ရယူလိုက်ပါ... ညဇီးကွက် သက်တော်စောင့် တွေတောင်မှ ဒါကို မှတ်မိနိုင်ပါတယ်...”
“ဒါက မင်းရဲ့ အစီအစဉ်တွေကို ချောချောမွေ့မွေ့ ဖြစ်စေပြီး ချန်းလန် ကို အထိအခိုက် မရှိဘဲ ကာကွယ်ပေးနိုင်လိမ့်မယ်...”
“ရှောင်လျဲ့ အတွက် ကတော့...”
လီယွမ်က အစိမ်းရောင် ပုလင်းငယ်လေး တစ်လုံးကို ထုတ်ယူကာ ရှောင်လျဲ့ ၏ ပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်၏။
“ဒါက ပြန်လည်ရှင်သန်ခြင်း ဆေးရည် ပါ... အဲဒါက ပြန်လည် မွေးဖွားစေပြီး အသက်ကို ဆက်ပေးနိုင်ပေမယ့် အရင်းအမြစ် ပြဿနာကိုတော့ မကုသပေးနိုင်ဘူး...”
“တစ်နည်းအားဖြင့် ပြောရရင်... ရှောင်လျဲ့... ဒါက မင်းအတွက် နောက်ဆုံး အခွင့်အရေးပဲ...”
“မင်း ဘာလုပ်ချင်လဲ... ဒါမှမဟုတ် ဘာပြောချင်လဲ ဆိုတာကို ငါတို့ကို ပြောပြပါ...”
ဤအခြင်းအရာမှာ လီယွမ် အနေဖြင့် ကူညီပေးနိုင်သော အရာ အနည်းငယ်မျှသာ ဖြစ်၏။
ရှောင်ချင်အာ တစ်ယောက် ကြောင်အမ်းအမ်းဖြင့် ရပ်နေတော့သည်။ သူမ၏ လှပသော မျက်နှာလေးမှာ ဖြူရော်သွားပြီး မျက်ရည်များ ဝဲတက်လာ၏။
သူမ၏ နောက်ဆုံးသော သွေးသား ဆွေမျိုး အရင်းအချာ ကတောင် သူမကို ထားသွားတော့မည်လား။
ဤခရီးစဉ် တစ်လျှောက်လုံးတွင် သူမ ဆုံးရှုံးမှုတွေ အများကြီး ကြုံခဲ့ရပြီ ဖြစ်သည်။
“အစ်မ...”
ရှောင်လျဲ့က စကားစတင်လိုက်၏။
“ကျွန်တော့်အတွက် ဝမ်းမနည်းပါနဲ့... ဒါက ကျွန်တော် ခံထိုက်တဲ့ အပြစ်ပါ... ကျွန်တော် အမှားလုပ်ခဲ့ပြီး ချန်းလန် ကို ချောက်နက်ကြီး ထဲ ဆွဲချမိမလို ဖြစ်သွားခဲ့တာ...”
“အီး ဟီး... ဟီး...”
ရှောင်ချင်အာ တစ်ယောက် ဆက်လက်၍ မအောင့်အည်းနိုင်တော့ဘဲ အသံထွက်ကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်တော့၏။
ထိုအခိုက်အတန့်တွင် သူမက ကိုယ့်ကိုယ်ကိုယ်ပင် ပြန်လည် သံသယဝင်လာမိသည်။
“ငါ တစ်ခုခု အမှားလုပ်ခဲ့မိလို့လား... ဒီလမ်းကို ရွေးချယ် လျှောက်လှမ်းခဲ့တဲ့ တန်ဖိုးက... ငါ ဂရုစိုက်ရတဲ့ လူတွေအတွက် ငါ့ရဲ့ ချစ်ရသူတွေ အားလုံးကို မြေမြှုပ် သင်္ဂြိုဟ်လိုက်ရတာများလား...”
“ဘာဖြစ်လို့လဲ...”
“လူကောင်း တွေဆိုတာ ကောင်းကျိုး ခံစားရမှာပေါ့... ဒီလိုမျိုး မဖြစ်သင့်ဘူးလေ...”
ရှောင်ချင်အာ တစ်ယောက် အင်အား ကင်းမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပုံကျသွားတော့၏။
သူမ၏ နောက်ဆုံးသော သွေးသား ဆွေမျိုး အရင်းအချာ ကတောင် သူမကို ထားရစ်ခဲ့ပြီး သူမ၏ ဘေးမှ တဖြည်းဖြည်း ဝေးကွာသွားနေလေပြီ။ ပြီးတော့ သူမ လုပ်နိုင်သည့် အရာ ဘာတစ်ခုမှ မရှိခဲ့ချေ။
“အစ်မ...”
သေခြင်းတရား နှင့် နီးကပ်လာသည်နှင့်အမျှ ရှောင်လျဲ့ မှာ ပိုမို တည်ငြိမ်လာပြီး လျှပ်တစ်ပြက်အတွင်း အရွယ်ရောက် ကြီးပြင်းသွားသကဲ့သို့ ဖြစ်နေ၏။
ရှောင်ချင်အာ ကသာ ဂရုစိုက်ဖို့ လိုအပ်နေသော ကလေးငယ် တစ်ယောက် ကဲ့သို့ ဖြစ်သွားလေသည်။
“အစ်မ... အစ်မ ဘာမှ အမှား မလုပ်ခဲ့ပါဘူး...”
ရှောင်လျဲ့ က သူမ၏ မျက်ရည်များကို သုတ်ပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်၏။
“အစ်မ ဘာအမှားမှ မလုပ်ခဲ့လို့ပဲ... ဒီလောကကြီးမှာ ရှိတဲ့ အရည်အချင်းရှိပြီး မျိုးချစ်စိတ် ရှိတဲ့ လူတွေ အများကြီးက တောင်ပိုင်း ကင်းလှည့်စစ်တပ် ထဲ ဝင်လာကြပြီး အစ်မ နဲ့အတူ အသားနဲ့ သွေးတွေနဲ့ တည်ဆောက်ထားတဲ့ တံတိုင်းကြီး တစ်ခုကို တည်ဆောက်ဖို့ ဆန္ဒရှိခဲ့ကြတာပေါ့...”
“အစ်မ မမှားပါဘူး... ဒါကြောင့်မို့လို့ပဲ တောင်ပိုင်းနယ်စပ် က ပြည်သူတွေက သူတို့ရဲ့ ရင်ဘတ် အနက်ရှိုင်းဆုံး နေရာကနေ အစ်မကို ချီးကျူး ထောပနာပြုကြပြီး အစ်မရဲ့ ကောင်းမြတ်မှု တွေကို သီချင်းလေးတွေ လုပ်ပြီး သီဆိုနေကြတာပေါ့...”
“အစ်မ ဘာမှ အမှား မလုပ်ခဲ့ဘူး... ဒါကြောင့်မို့လို့ပဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ချန်းလန် ထဲကို အစ်မ ပြန်ဝင်လာနိုင်ခဲ့ပြီး ဒီက ပြည်သူတွေက အခုထိ အစ်မကို ဂုဏ်ယူနေကြတာပေါ့...”
“ရှောင်ဘိုးဘေး လုပ်ခဲ့တာ မှန်တယ်... အမေ လုပ်ခဲ့တာ မှန်တယ်... အဖေ လုပ်ခဲ့တာ မှန်တယ်... ပြီးတော့ အစ်မ လုပ်ခဲ့တာလည်း တကယ်ကို အံ့မခန်းပါပဲ... ဘယ်သူကမှ အစ်မကို အရူး လို့ ခေါ်ပိုင်ခွင့် မရှိဘူး...”
ရှောင်ချင်အာ က သူမကို ငယ်စဉ်ကတည်းက အမြဲတမ်း ငြင်းခုံ တိုက်ခိုက်လာခဲ့သော ခေါင်းမာပြီး ဘယ်သောအခါမှ အရှုံးမပေးတတ်သော သူမ၏ မောင်ငယ်လေးကို ကြောင်အမ်းအမ်းဖြင့် မော့ကြည့်လိုက်မိ၏။
တကယ်တော့...
မောင်လေးက သူမကို အမြဲတမ်း နားလည်ပေးခဲ့ပြီး ဂရုစိုက်ပေးခဲ့တာလား။
အကယ်၍ ထိုစဉ်က သူမသာ ပိုပြီး စိတ်ရှည်သည်းခံကာ ရှောင်လျဲ့ ကို သေချာ ဖြောင်းဖျခဲ့မည် ဆိုပါက မုရုံစု အောင်မြင်နိုင်ပါ့မလား... ပြီးတော့ ဒီလို အဖြစ်ဆိုးမျိုးကို သူမ ရှောင်လွှဲနိုင်ခဲ့မလား။
သို့သော် ဤလောကကြီးတွင် "အကယ်၍" ဆိုသည်မှာ မရှိခဲ့ချေ။
ရှောင်လျဲ့ က မတ်တတ်ရပ်လိုက်ပြီး ရှောင်ချင်အာ ကို တွဲထူပေးကာ အဝေးသို့ လက်ညှိုးထိုးပြလိုက်၏။
“အစ်မ... ဟိုမှာ မြင်လား...”
“တောင်တန်းတွေနဲ့ မြစ်တွေက ကျွန်တော်တို့ ရှောင် မျိုးနွယ်စု ရဲ့ ကျောရိုးပဲ... ကောင်းကင်ကြီးက ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ချန်းလန် ကို ပေးသနားခဲ့တဲ့ လွတ်လပ်မှုပဲ... နှလုံးသားမေးခွန်းကူ က အမေ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ ဂရုစိုက်မှုပဲ... ပြီးတော့ ချန်းလန်ဓား က အဖေ့ရဲ့ အခိုင်မာဆုံးသော အကာအကွယ်ပဲ...”
“ပြီးတော့ ကျွန်တော်... ရှောင်လျဲ့...”
“အရုဏ်တက်ချိန် နဲ့ ဆည်းဆာ အကူးအပြောင်း ကာလမှာ အစ်မ ကို စောင့်ကြည့်နေမယ့် အထီးကျန် မီးအိမ်လေး တစ်လုံး အဖြစ် ကျွန်တော် ပြောင်းလဲသွားမယ်... အဲဒါမှ အစ်မ ဘယ်တော့မှ လမ်းမှားကို ရောက်မသွားမှာ...”
ရှောင်လျဲ့ က တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်ပြီး အစ်မဖြစ်သူ ကို ငိုကြွေး ဝမ်းနည်းခြင်းမှ ရပ်တန့်သွားစေရန် အစွမ်းကုန် ကြိုးစားလိုက်သော်လည်း ရှောင်ချင်အာ မှာ ပို၍ပင် ပြင်းထန်စွာ ငိုကြွေးလိုက်တော့၏။
လီယွမ် က ဘေးမှနေ၍ ဘာစကားမှ မပြောဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။
ရှောင်လျဲ့ အပေါ် သူ၏ အမြင်များ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
ကံမကောင်းစွာဖြင့် တစ်ဖက်လူက ဤအရာများကို နောက်ကျမှ သဘောပေါက်သွားခဲ့ခြင်း ဖြစ်သည်... သို့မဟုတ် "သေခါနီး လူတစ်ယောက်၏ စကားများက အကောင်းဆုံး ဖြစ်သည်" ဆိုသည့် စကားကြောင့်များလား။
“နင်.. မသေရဘူးနော်...”
ရှောင်ချင်အာ က ငိုရှိုက်သံများကို မျိုသိပ်ကာ တားမြစ်လိုက်၏။
“မဟုတ်ဘူး... ကျွန်တော် သေရမှာပဲ... ဒါပေမယ့် ကျွန်တော် ရှောင်လျဲ့ က ခမ်းနား ကြီးကျယ်တဲ့ သေဆုံးခြင်းမျိုးနဲ့ သေချင်တာ... ဒီနေရာမှာတော့ ကျွန်တော် အသေမခံနိုင်ဘူး... နယ်စပ်ကို သွားပြီး စစ်မြေပြင်မှာပဲ အသက်ပေးမယ်...”
ရှောင်လျဲ့ က ပြုံးလျက် ဆက်ပြောလိုက်သည်။
“အစ်မ... ကျွန်တော်က ဂုဏ်သိက္ခာကို ဘယ်လောက် တန်ဖိုးထားလဲ ဆိုတာ အစ်မ သိပါတယ်... ဒီလိုမျိုးသာ အဆုံးသတ်သွားရင်၊ အဖေ၊ အမေ နဲ့ ရှောင် မျိုးနွယ်စု ရဲ့ ဘိုးဘေးတွေကို ကျွန်တော် ဘယ်လို မျက်နှာပြရဲတော့မလဲ...”
“ဘာမှ ထပ်မပြောပါနဲ့တော့... ကျွန်တော့်ရဲ့ နောက်ဆုံး ခရီးစဉ်လေးကိုပဲ လိုက်ပို့ပေးပါ... ဟုတ်ပြီလား...”
“...”
ရှောင်ချင်အာ ငိုကြွေးခြင်းကို ရပ်တန့်လိုက်၏။ သူမ၏ မောင်လေး သေဆုံးတော့မည့် အချိန်တွင် သူ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို သူမ ခံစားမိလိုက်သည်။
ဖြစ်နိုင်သည်မှာ ဤသည်က လက်ရှိ အချိန်တွင် သူတို့အတွက် အကောင်းဆုံးသော အဆုံးသတ် ဖြစ်ပေလိမ့်မည်။
သူမ၏ မောင်လေးကို စိတ်ပျက် အားငယ်မှုများနှင့် ရုန်းကန်ရင်း သေဆုံးသွားသည်ကို သူမ မမြင်တွေ့လိုခဲ့ချေ။
“အင်း...”
နောက်ဆုံးတွင် ရှောင်ချင်အာ က ခေါင်းညိတ် အတည်ပြုလိုက်တော့၏။
“ဟား ဟား... ကောင်းတယ်...”
ထိုသို့ ပြောပြီးနောက် ရှောင်လျဲ့ က လီယွမ် ကို လှည့်ကြည့်လိုက်သည်။
“လီယွမ်... ခင်ဗျားကို ကျွန်တော် မှတ်မိတယ်... ကျွန်တော်တို့ ဟိုး ငယ်ငယ်လေးတုန်းက အဖေက အစ်မ နဲ့ ကျွန်တော့်ကို နဝမ ကူနန်းတော် ဆီ ပထမဆုံးအကြိမ် ခေါ်သွားခဲ့တယ်... အဲဒီတုန်းက အစ်မ ကို 'ကျင်းဟုံ လိပ်ပြာ' လို့ ခေါ်တဲ့ လိပ်ပြာလေး တစ်ကောင် ခင်ဗျား ပေးခဲ့တယ်လေ...”
“အဲဒီတုန်းက ကျွန်တော် သိပ်ကို ဉာဏ်ကောင်းပါသေးတယ်... လှပပေမယ့် ဘာအသုံးမှမဝင်တဲ့ အရာလေး တစ်ခုကို သုံးပြီး အစ်မကို ကူလမ်းစဉ် အကြောင်း ဘယ်တော့မှ မမေ့နိုင်အောင် ခင်ဗျား လုပ်ခဲ့တယ်လေ...”
“ခွေး ဧကရာဇ်ကြီး အတွက် တာ့ယန် မင်းဆက် ကို ပြန်လည် အသက်သွင်းပေးဖို့ အဖေ ရူးသွပ်နေခဲ့သလိုမျိုးပဲ... သူတို့ကို ဘယ်လို မှော်ဆေးရည် မျိုးတွေ တိုက်ကျွေးထားလဲ ဆိုတာ ကျွန်တော် နားမလည်နိုင်ခဲ့ဘူး...”
“အခုတော့ ကျွန်တော် နားလည်သွားပါပြီ...”
“အဲဒါက ယုံကြည်ချက် တစ်ခုပဲ... ကိုယ့်ကိုယ်ကိုယ် အတွက်ရော၊ သက်ရှိသတ္တဝါ အားလုံး အတွက်ပါ... ဆက်လက် တောင့်ခံထားဖို့ ကြီးမားလှတဲ့ ရဲစွမ်းသတ္တိတွေ လိုအပ်တယ်... ခင်ဗျားကို ကျွန်တော် အရမ်း လေးစားပါတယ်…”
Book 23 end.