တတိယမြောက် အင်အားစုကြီး
Vol. 24 Ch. 257
ရှောင်လျဲ့ ကျဆုံးသွားလေပြီ။
နောက်ဆုံးသော ချန်းလန်ဘုရင်၏ ခရီးစဉ်က အဆုံးသတ်သွားခဲ့ပြီ ဖြစ်၏။
သူ၏ ထွက်ခွာသွားမှုသည် သန့်စင်ခြင်း တစ်ရပ်ဖြစ်ပြီး လုံးဝ အသစ်စက်စက် ရှောင်ချင်အာ တစ်ယောက်ကို မွေးဖွားလာစေခဲ့ပေသည်။
ချန်းလန် ပုန်ကန်မှုကြီးလည်း အဆုံးသတ်သွားခဲ့ပြီ။
ရှောင်လျဲ့ ကျဆုံးသွားပြီး ရှောင်ချင်အာ တွင် ထူးခြားသော အဆင့်အတန်း တစ်ခု ရှိနေသဖြင့် ချန်းလန် တွင် တော်ဝင်မင်းသွေး မဟုတ်သော ရှောင် မျိုးနွယ်စု ၏ မျိုးဆက်ကို ဆက်ခံမည့်သူ မရှိတော့ချေ။ ထို့ကြောင့် သူမက မျိုးရိုးစဉ်ဆက် ဆက်ခံခွင့် ရှိသော ထီးနန်းကို ဆန္ဒအလျောက် စွန့်လွှတ်လိုက်သည်။
ရှောင်ချင်အာ သည် ချန်းလန်စစ်တပ် မှ တပ်မှူး အများအပြားနှင့် ပူးပေါင်းကာ အင်ပါယာ နန်းတော်သို့ တောင်းဆိုလွှာ တစ်စောင်ကို တင်ပြလိုက်ပြီး ယခုမှစ၍ ချန်းလန်စစ်တပ်ကို တောင်ပိုင်း ကင်းလှည့်စစ်တပ် အောက်တွင် ပေါင်းစည်းခွင့်ပြုရန် တောင်းဆိုလိုက်၏။
တာ့ယန် ၏ တောင်ပိုင်းနယ်စပ်ကို ကာကွယ်ရန် တာဝန်ကြီးကို တောင်ပိုင်း ကင်းလှည့်စစ်တပ် က ထမ်းဆောင်သွားမည် ဖြစ်သည်။
ထိုအချိန်မှစ၍ ချန်းလန် နှင့် တောင်ပိုင်းနယ်စပ် တို့သည် တစ်သားတည်း ပေါင်းစည်းသွားခဲ့ပြီး အနောက်ဘက် နယ်စပ်နှင့် လုံးဝ ချိတ်ဆက်သွားကာ နတ်ဆိုးများကို ဆန့်ကျင် တိုက်ခိုက်ရာတွင် စစ်တပ်များကို ဖြန့်ကျက် စေလွှတ်ရန် ပိုမို လွယ်ကူသွားစေခဲ့ပေသည်။
... ... ...
တောင်ပိုင်းနယ်စပ်၊ မြောင်ယွင် ခရိုင်။
ညဇီးကွက်ဘုရင် သည် တောင်ပိုင်း တပ်မှူး ကျီးကန်း ဆက်သလာသော ပစ္စည်းကို ငေးကြည့်ရင်း၊ မှေးမှိန်နေသော ကျောက်စိမ်းရောင် အင်ပါယာ တံဆိပ်တုံးကို ကောက်ယူကာ ညင်သာစွာ ပွတ်သပ်လိုက်လေ၏။
“အင်ပါယာ မင်းဆက် ရဲ့ နောက်ဆုံးသော ကံကြမ္မာ အရှိန်အဝါတွေ... အဆုံးသတ်သွားပြီပဲ...”
ဤအခြင်းအရာမှာ သူ ကြိုတင် မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သည်။
‘ဖြစ်စဉ်တွေက ကွဲပြားသွားနိုင်ပေမယ့် ရလဒ်ကတော့ အတူတူပါပဲ’
“အရှင်မင်းကြီး... ရှောင်ချင်အာ ရဲ့ ကိစ္စကို ဘယ်လိုကိုင်တွယ်ရပါမလဲ ... ချန်းလန် တိုက်ပွဲ အပြီးမှာ သူက တော်တော်လေး ပြောင်းလဲသွားသလိုပဲ... သူ့ရဲ့ သဘောထားက အရင်ကထက် အများကြီး ပိုပြီး ခက်ထန် ကြမ်းတမ်းလာပါတယ်...”
“တော်ဝင် မိသားစု ဆီကနေ အမိန့်တောင်းခံတယ် လို့ ဆိုပေမယ့် တကယ်တမ်းကျတော့ ချန်းလန်စစ်တပ် က သူ့ရဲ့ ကွပ်ကဲမှု အောက်မှာ ရောက်နေပြီ ဖြစ်ပြီး နယ်စပ်မှာလည်း တပ်စွဲထားပြီးသားပါ...”
“သူက ရှောင်လျဲ့ အတွက် ကလဲ့စားချေဖို့ အရှင်မင်းကြီးကို ဆန့်ကျင်ချင်နေတာများလား...”
ကျီးကန်း တစ်ယောက် ဇဝေဇဝါ ဖြစ်နေတော့၏။
“သူက ငါ့ကို တမင်တကာ ဆန့်ကျင်ချင်နေတာ မဟုတ်ပါဘူး...”
ညဇီးကွက်ဘုရင် က ခေါင်းခါပြလိုက်ပြီး ရှင်းပြလိုက်သည်။
“ရှောင်ချင်အာ က ဒီလို လုပ်လိုက်တာ... ညဇီးကွက် သက်တော်စောင့်တွေနဲ့ ပိုင်ချန် နဲ့ ဘုရင်နှစ်ပါး ရဲ့ မဟာမိတ် အဖွဲ့ကို အပြန်အလှန် ထိန်းချုပ်ဖို့ တတိယမြောက် အင်အားစု တစ်ခုကို ဖန်တီးလိုက်တာပဲ...”
“ဒီခြေလှမ်းက ငါ့ကို နည်းနည်းတော့ အံ့အားသင့်သွားစေတယ်...”
“ရှောင်လျဲ့ က အလဟဿ သေဆုံးသွားတာ မဟုတ်ဘူး... အစ်မဖြစ်သူ ရင့်ကျက်လာအောင် သူ ကူညီပေးသွားနိုင်ခဲ့တယ်... ချန်းလန် တိုက်ပွဲမှာ အချိန်အခါကောင်း၊ နေရာကောင်း နဲ့ လူသားတွေရဲ့ ညီညွတ်မှု အားလုံး ပြည့်စုံခဲ့တယ်... အဲဒီအရာ အားလုံးကို ပေါင်းစည်းနိုင်တဲ့ အရည်အချင်းက ရှောင်ချင်အာ တစ်ယောက်တည်း ဆီမှာပဲ ရှိတာလေ...”
အဓိက အင်အားစုကြီး နှစ်ခု ကြားက ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်လာရမည့် အစား၊ ယခုအခါတွင် သုံးပွင့်ဆိုင် ထိပ်တိုက် ရင်ဆိုင်မှု တစ်ခု ဖြစ်လာခဲ့လေပြီ။
“အရှင်မင်းကြီး... သူ့ကို ဒီအတိုင်း ရပ်တည်ခွင့် ပေးထားလိုက်တော့
မလို့လား...”
ကျီးကန်း မှာ အခြေအနေ အရပ်ရပ်ကို ခြုံငုံ မသုံးသပ်နိုင်တော့ချေ။ “ရှောင်ချင်အာ ရဲ့ ဂုဏ်သတင်း နဲ့ လူတွေကို ပေါင်းစည်းနိုင်စွမ်းတွေ အရ... သူ့ရဲ့ အဖွဲ့အစည်းက တစ်နေ့တခြား ပိုပိုပြီး အင်အားကြီးလာမှာ သေချာတယ်...”
“အဆင်ပြေပါတယ်...”
ညဇီးကွက်ဘုရင် က တည်ငြိမ် အေးဆေးစွာဖြင့် တုံ့ပြန်လိုက်၏။
“ရှောင်ချင်အာ ရဲ့ ရပ်တည်ချက်က အမြဲတမ်း ပြည်သူတွေ ဘက်မှာပဲ ရှိနေတာ... သူက ပိုင်ချန်၊ ဟန်ဘုရင် ဒါမှမဟုတ် ချန်ဘုရင် တို့ကို သွားပြီး ကူညီမှာ မဟုတ်ဘူး...”
“သူ့ရဲ့ ရည်မှန်းချက်က စန်းဟိုင်ဂိတ် တိုက်ပွဲကို အကောင်အထည်ဖော်ဖို့ နဲ့ တာ့ယန် ရဲ့ နယ်စပ် အချုပ်အခြာ
အာဏာကို ပြန်လည် ရယူဖို့ပဲ...”
“သူက ညဇီးကွက် သက်တော်စောင့်တွေရဲ့ အလိုကျ လိုက်လုပ်မှာ မဟုတ်ဘူး ဆိုရင်... ညဇီးကွက် သက်တော်စောင့်တွေကပဲ သူ့အလိုကျ လိုက်လုပ်ပေးရမှာပေါ့... ရလဒ်ကတော့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး...”
ထိုစကား၏ အဓိပ္ပာယ်ကို သဘောပေါက်သွားသောအခါ ကျီးကန်း ၏ မျက်လုံးများက အရောင်လက်သွားတော့သည်။
“အရှင်မင်းကြီး... အရှင်မင်းကြီး ဆိုလိုတာက... ရှောင်ချင်အာ ရဲ့ ဆန္ဒအတိုင်း စန်းဟိုင်ဂိတ် တိုက်ပွဲကို အရင် စတင်ပြီး နယ်စပ်ကို ငြိမ်းချမ်းအောင် လုပ်မယ်ပေါ့...”
သူ နားလည်သွားလေပြီ။
နယ်စပ်ကို ငြိမ်းချမ်းအောင် လုပ်ခြင်းက ညဇီးကွက် သက်တော်စောင့်များအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိချေ။
ဘုရင်ကြီး၏ အစီအစဉ်မှာ စနစ်ဟောင်းကို ဖျက်သိမ်းပြီး အင်ပါယာ အာဏာကို ဗဟိုချုပ်ကိုင်ရန် ဖြစ်ပြီး ဟန်ဘုရင် နှင့် ချန်ဘုရင် တို့ကိုသာ ပစ်မှတ်ထားခြင်း ဖြစ်ကာ နိုင်ငံတော်၏ စစ်သူကြီးချုပ် ဖြစ်သော ပိုင်ချန် နှင့် အခြေခံအားဖြင့် ပဋိပက္ခ မရှိခဲ့ပေ။
သို့သော် ဟန်ဘုရင် နှင့် ချန်ဘုရင် တို့မှာမူ ကွဲပြား၏။ ထိုဘုရင် နှစ်ပါးစလုံးသည် ဘုရင်ကြီးကို အပြန်အလှန် ထိန်းချုပ်ရန် နယ်စပ် အခြေအနေကို အသုံးပြုရန် လိုအပ်ပြီး နယ်စပ်ကို တစ်သားတည်း ပေါင်းစည်းသွားသည်ကို သူတို့ သေချာပေါက် မမြင်တွေ့လိုကြချေ။
ဒါကြောင့်... ဘုရင်နှစ်ပါး က ရှောင်ချင်အာ နှင့် ဆန့်ကျင်ဘက် နေရာတွင် ရပ်တည်နေခြင်းပင်။
အချိန်ကျရောက်လာသည်နှင့် တစ်ပြိုင်နက်၊ ရှောင်ချင်အာ သည် သူမ၏ လက်မောင်းများကို မြှောက်ကာ 'အင်အားစုသစ်' ၏ ခေါင်းဆောင် တစ်ဦးအနေဖြင့် စန်းဟိုင်ဂိတ် တိုက်ပွဲကို စတင်ရန် ဦးဆောင်ပေလိမ့်မည်။ ထိုအခါကျလျှင် ဘုရင်နှစ်ပါး က မည်သို့ ရပ်တည်ကြမည်နည်း။
ပူးပေါင်းပါဝင်မလား... ဒါမှမဟုတ် ပေါ်ပေါ်ထင်ထင်ပဲ ဆန့်ကျင်ကြမလား။
ပထမနည်းလမ်းက ညဇီးကွက် သက်တော်စောင့်များကို ကျေနပ်စေလိမ့်မည် ဖြစ်ပြီး ဒုတိယနည်းလမ်းမှာမူ ပုန်ကန်ခြင်း အပြုအမူ တစ်ရပ် ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့သော လုပ်ရပ်မျိုးကို ကျူးလွန်ရန် နောက်ဆုံး ဦးဆောင်ခဲ့သူမှာ လင်းယွဲ့ ယူဘုရင် ပင် ဖြစ်၏။
ဟန်ဘုရင် ဒါမှမဟုတ် ချန်ဘုရင် တို့ ဘယ်နည်းလမ်းကိုပဲ ရွေးချယ်သည်ဖြစ်စေ၊ နှစ်ခုစလုံးက ဘုရင်ကြီး အတွက် အကျိုးရှိစေမည့် အစီအစဉ်များသာ ဖြစ်ပေသည်။
သေချာသည်မှာ... ဤအရာအားလုံးသည် ရှောင်ချင်အာ က ဦးဆောင်ပြီး စန်းဟိုင်ဂိတ် တိုက်ပွဲကို နောက်တစ်ကြိမ် ဆင်နွှဲရန် ဆန္ဒရှိနေခြင်း ဟူသော အခြေခံ အချက် တစ်ချက်အပေါ်တွင်သာ မူတည်နေပေသည်။
မဟုတ်လျှင် အခြေအနေများက လုံးဝ မလှုပ်သာ ဖြစ်သွားပေလိမ့်မည်။
... ... ...
ကျယ်ပြောလှသော ပင်လယ်ပြင်။
ပင်လယ်ကမ်းစပ်ရှိ ရွာငယ်လေး တစ်ရွာတွင်
“အဘိုးချီ... သတင်းရပြီ...”
လူငယ် တစ်ဦးက အပြေးအလွှား ရောက်ရှိလာလေ၏။
“မြန်မြန် ပြော”
အဘိုးချီ ဟု လေးစားစွာ ခေါ်ဝေါ်ခံရသူမှာ အခြားသူမဟုတ်ဘဲ မဟာ ကန္တာရ ဆယ့်ခြောက်ပြည်ထောင် ၏ အကြီးအကဲ၊ ဆွေ့ရှ နိုင်ငံ၏ နိုင်ငံတော် အကြံပေး နှင့် အချိန်သဲ လင်းရွှီ ၏ ဝိညာဉ် မျိုးဆက် တစ်ဦးဖြစ်သော ချီနျန်ချူ ပင် ဖြစ်ပေသည်။
“မုရုံ မျိုးနွယ်စု က အမြစ်ပြတ် ခြေမှုန်းခံလိုက်ရပါပြီ...”
လူငယ်၏ မျက်နှာထားက လေးနက်နေတော့၏။
“ဟင်...”
ချီနျန်ချူ က မျက်မှောင်ကြုတ်လိုက်ပြီး ညည်းတွားလိုက်သည်။
“ဒါဆို အဓိပ္ပာယ်က လီယွမ် မသေသေးဘူးပေါ့... အသုံးမကျတဲ့ မုရုံ မျိုးနွယ်စု... သူတို့ အမြစ်ပြတ် သွားတာ မဆန်းပါဘူးလေ...”
မုရုံ မျိုးနွယ်စု ၏ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းကို ချီနျန်ချူ ဂရုမစိုက်ခဲ့ချေ။
သူ ဂရုစိုက်သည့် အရာမှာ မင်းသမီးလေး ဂရုစိုက်နေသော ထို ကူသခင်ကို သတ်ဖြတ်နိုင်ခြင်း ရှိမရှိ နှင့် အနာဂတ် ပြဿနာများကို တားဆီးနိုင်ခြင်း ရှိမရှိ ဆိုသည်ကိုသာ ဖြစ်၏။
ရှင်းလင်းနေသည်မှာ မုရုံ မျိုးနွယ်စု က ထိုသို့ မလုပ်ဆောင်နိုင်ခဲ့ခြင်းပင်။
မုရုံ မျိုးနွယ်စု ၏ ရှုံးနိမ့်မှုက ကန္တာရ ဆယ့်ခြောက်ပြည်ထောင် အတွက် ပြဿနာများစွာကို ယူဆောင်လာပေးခဲ့ရာ ထို့ကြောင့်လည်း သူ ဤမျှလောက် ဒေါသထွက်နေရခြင်း ဖြစ်ပေသည်။
“ဒီကောင်က ကျွန်တော်တို့ ကန္တာရ ရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ၊ မရေမတွက်နိုင်တဲ့ ကောင်းကင်နဲ့ မြေကြီး ရတနာတွေကို အများကြီး သုံးစွဲခဲ့တယ်... သူ့အတွက် နောက်ပါတွေကို လေ့ကျင့်ပေးခဲ့တယ်... ပြီးတော့ ကန္တာရ စိတ်ဝိညာဉ် နည်းစနစ်တွေကိုလည်း သင်ပေးခဲ့သေးတယ်... ဒါတောင်မှ သူက ကူသခင် တစ်ယောက်ကိုတောင် မရှင်းနိုင်ဘူးလား...”
“အစကတည်းက သူနဲ့ ပူးပေါင်းဖို့ မရွေးချယ်ခဲ့သင့်တာ...”
“သူ ဂရုစိုက်တာက နိုင်ငံကို ပြန်လည် တည်ထောင်မယ် ဆိုတဲ့ အဲဒီ ရယ်စရာကောင်းတဲ့ အစီအစဉ်ပဲ... သူက မာနကြီးပြီးကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာ... တကယ်တမ်းကျတော့ သူက ဘာမှ မဟုတ်ဘူး...”
လူငယ်က ကျိန်ဆဲလျက် ဒေါသတကြီး ပြောဆိုနေတော့၏။
“ဘာပြောပြော အပိုပါပဲ...”
ချီနျန်ချူ က သက်ပြင်းတစ်ချက် ချလိုက်၏။
“ဟူး…အခု မင်းသမီးလေး ရဲ့ ဂုဏ်သတင်းက တစ်နေ့တခြားကြီးမားလာပြီး အထွတ်အထိပ်ကို ရောက်တော့မယ်... မင်းသမီးလေး ထီးနန်းတက်မှာကို ဆန့်ကျင်နေတဲ့ ကန္တာရ ဆယ့်ခြောက်ပြည်ထောင် က ခေါင်းမာတဲ့ သူတွေလည်း တဖြည်းဖြည်း နည်းလာပြီ...”
“သူတော်စင်မလေး က လင်းရွှီ ဆယ့်ခြောက်ခုရဲ့ သန့်စင်ခြင်းနဲ့ ခံယူခြင်း အခမ်းအနားကို ပြီးမြောက်သွားတာနဲ့... သူက ကန္တာရ ဧကရီ ရဲ့ ထီးနန်းကို သေချာပေါက် တက်လှမ်းနိုင်တော့မှာ...”
“အဲဒီအချိန်ကျရင်... လီယွမ် ဆိုတဲ့ ပုန်းကွယ်နေတဲ့ အန္တရာယ်က အတိုင်းအဆမရှိကြီးမားလာလိမ့်မယ်...”
မင်းသမီးလေး လင်းရွှီ ခံယူခြင်း အခမ်းအနား ပြုလုပ်နေစဉ် အားလပ်ချိန်ကို အခွင့်ကောင်းယူကာ ချီနျန်ချူ သည် ပင်လယ်ကို ဖြတ်ကူးပြီး ကန္တာရ မှ တာ့ယန် ..ချန်းလန် သို့ နောက်တစ်ကြိမ် လာရောက်ရန် စွန့်စားခဲ့ခြင်း ဖြစ်၏။
ရည်ရွယ်ချက်မှာ လီယွမ်ကို ဖယ်ရှားရန်ပင်။
မကြာသေးမီ ရက်များအတွင်း သူသည် ကူလမ်းစဉ် နှင့် ပတ်သက်သော ထောက်လှမ်းရေး မှတ်တမ်းများစွာကို စစ်ဆေးခဲ့ပြီး အစေခံမလေး ထံမှ စုံစမ်းမှု အချို့ ပြုလုပ်ခဲ့ရာ အချက်တစ်ချက်ကို သူ အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့ပေသည်။
‘စစ်မှန်တဲ့ အချစ် ဆိုတာ နားလည်ရ ခက်ပါတယ်…’
မင်းသမီးလေး ချစ်ရသူမှာ အခြားသူမဟုတ်ဘဲ လီယွမ် ပင် ဖြစ်ပြီး သူမအပေါ် ထားရှိသော လီယွမ် ၏ ခံစားချက်များကလည်း ဘယ်တော့မှ ပြောင်းလဲသွားမည် မဟုတ်ချေ။
“ဒါကြောင့်... လီယွမ် သေကို သေရမယ်...”
ချီနျန်ချူ ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်က အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
လူငယ်က ခါးသီးစွာ ပြုံးလျက် ရှင်းပြလိုက်၏။
“ကူသခင် အနွယ်ဝင်တွေက ပါရမီရှင် ချီလင် ထွက်ပေါ်လာတာကြောင့် မကြာသေးခင်ကမှ လုံးဝ အတုနှိုင်းမဲ့တဲ့ ကျော်ကြားမှုကို ရရှိနေကြတာ... သူတို့က ပိုပိုပြီး မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာပြီး လောကကြီးထဲကို တကယ် ဝင်ရောက်လာကာ တာ့ယန် ရဲ့ နေရာအနှံ့အပြားမှာ အမြစ်တွယ် ရှင်သန်နေကြပြီ...”
“ဒါပေမဲ့...”
“လီယွမ် နဲ့ ပတ်သက်တဲ့ အချက်အလက်ကတော့ အရမ်း နည်းလွန်းတယ်... ရရှိနိုင်တဲ့ အကန့်အသတ်ရှိတဲ့ သတင်းအချက်အလက်တွေ အရဆိုရင် သူက အမှတ် (၁၂) ဂူစံအိမ် မှာပဲ အမြဲ နေထိုင်ပြီး အပြင်ကို သိပ်မထွက်ဘူး...”
“သူ့ရဲ့ ကမ္ဘာက ကူတွေရဲ့ ပတ်လည်မှာပဲ လည်ပတ်နေပုံ ရတယ်...”
တောင်ပေါ်မှ ဘယ်သောအခါမှ မဆင်းဘဲ အင်အား မည်မျှရှိသည်ကို မသိရသော ပြိုင်ဘက် တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် သူ့ကို မည်သို့ ရင်ဆိုင်ရမည်ကို သူ တကယ်ပင် မသိခဲ့ချေ။
“လီယွမ် က အဋ္ဌမအဆင့် နယ်ပယ်ကို ရောက်နေလောက်ပြီ... သူ့ကို နဝမ ကူ နန်းတော် ထဲမှာ သွားသတ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ...”
အကယ်၍ သေးငယ်သော အင်အားစုလေး တစ်ခုသာ ဆိုပါက ရန်သူ့ မိသားစု တစ်ခုလုံးကို သူ အလွယ်တကူ အမြစ်ပြတ် ခြေမှုန်းပစ်နိုင်ပေသည်။
သို့သော် ၎င်းမှာ ကူသခင် အနွယ်ဝင်များ၏ မွန်မြတ်သော နယ်မြေ၊ တောင်ပိုင်းနယ်စပ် ကျန်းဟူ သိုင်းလောက ၏ ဧရာမ သတ္တဝါကြီး ဖြစ်သော နဝမ ကူ နန်းတော် ပင် ဖြစ်၏။
ချီနျန်ချူသည် ပင်လယ်ကို ဖြတ်ကျော်လာသော အစွမ်းထက်သည့် နဂါး တစ်ကောင် ဖြစ်သော်ငြားလည်း တစ်ဖက်လူကို သူ ဖိနှိပ်နိုင်စွမ်း မရှိကြောင်း ကံကြမ္မာက သတ်မှတ်ထားသကဲ့သို့ ဖြစ်နေပေသည်။
“အဘိုးချီ... ထျန်းဝေ့ထျန်းကိုလည်း အကူအညီ တောင်းလို့ ရတာပဲလေ...”
လူငယ်က နောက်တစ်ကြိမ် အကြံပြုလိုက်သည်။
“တန်ဖိုးက အရမ်းကြီးလွန်းတယ်...”
ချီနျန်ချူ က သက်ပြင်းတစ်ချက် ချလိုက်ပြီး ရှင်းပြလိုက်၏။
“ထျန်းဝေ့ထျန်း ဆိုတာ လွယ်လွယ်နဲ့ ရင်ဆိုင်လို့ရတဲ့ အဖွဲ့အစည်း မဟုတ်ဘူး... ငါတို့က ကန္တာရ က လူတွေပဲ ရှိသေးတယ်... သူတို့သာ အခွင့်အရေး ရသွားရင် ငါတို့ကို သေချာပေါက် အပြီးတိုင် ဝါးမြိုပစ်နိုင်တယ်...”
“ဒီလူတွေက အမြင့်ဆုံး ဆေးလုံး တစ်လုံး နှစ်လုံး လောက်နဲ့ ကျေနပ်မယ့် လူတွေ မဟုတ်ဘူး...”
“ပြီးတော့ လုပ်ကြံရမယ့် ပစ်မှတ်က နဝမ ကူ နန်းတော် က အဋ္ဌမအဆင့် ကူသခင် တစ်ယောက် ဖြစ်နေတာ…
ကူနန်းတော် ရဲ့ ဌာနချုပ် ထဲကိုလည်း ဖောက်ဝင်ရဦးမယ်... အဲဒီအတွက် ကုန်ကျစရိတ် က ဘယ်လောက်တောင် ဖြစ်မလဲ ဆိုတာကို ငါ စိတ်ကူးတောင် မယဉ်ရဲဘူး...”
သူ စတင်၍ နောင်တရလာတော့၏။
လီယွမ် သတ္တမအဆင့်တွင် အားအနည်းဆုံး ဖြစ်နေချိန်ကတည်းက ဤကပ်ဘေးကို မည်သည့် တန်ဖိုး ပေးရပါစေ အမြစ်ပြတ် ရှင်းလင်းပစ်ခဲ့သင့်သည်။
“အဘိုးချီ... ကျွန်တော့်ဆီမှာ တခြား အစီအစဉ် တစ်ခု ရှိသေးတယ်...”
လူငယ်က ရုတ်တရက် အော်ဟစ်လိုက်ပြန်သည်။
“ဘာ အစီအစဉ်လဲ...”
ချီနျန်ချူ ဇဝေဇဝါ ဖြစ်သွားလေ၏။
“မိန်းမလှ အသုံးချတဲ့ လှည့်ကွက်လေ...”
လူငယ်က ရယ်လျက် အကြံပြုလိုက်သည်။
“အချိန်သဲ လင်းရွှီ က မိန်းမလှလေးတွေ အားလုံးက ကောင်းကင်ဘုံ က အင်မော်တယ်တွေလိုပဲ လှပကြတာ... ပြီးတော့ သူတို့ရဲ့ သွေးကြောတွေ ထဲမှာလည်း မျက်မြင်မရတဲ့ ဆွဲဆောင်မှုတွေ ပါဝင်နေတယ်လေ...”
“အချိန်သဲ ကနေ နာမည်ကျော်ကြားတဲ့ အဲဒီ ဝိညာဉ် မျိုးဆက်ကို လှုပ်ရှားဖို့ ကျွန်တော်တို့သာ ဖျောင်းဖျနိုင်မယ် ဆိုရင်... လီယွမ် က အဲဒီ သွေးဆောင်ဖြားယောင်းမှုကို သေချာပေါက် ခုခံနိုင်မှာ မဟုတ်ဘူး...”
“မင်းသမီးလေး အဲဒီအကြောင်းကို သိသွားတဲ့အခါ... သူ့အပေါ် သေချာပေါက် အချစ်တွေ ပျက်ပြယ်သွားလိမ့်မယ်...”
“ဒါဆိုရင်...”
“ပြဿနာ အားလုံး ပြေလည်သွားပြီပေါ့...”
“အချိန်သဲ လင်းရွှီ က အဲဒီ ဝိညာဉ် မျိုးဆက် ကလည်း သေချာပေါက် နားလည်ပေးပြီး မဟာ ကန္တာရ ဆယ့်ခြောက်ပြည်ထောင် ရဲ့ကြီးကျယ်ခမ်းနားတဲ့ အစီအစဉ် အတွက် သူ့ကိုယ်သူ စတေးဖို့ ဆန္ဒရှိမှာပါ…”