များပြားလှသော အကျိုးအမြတ်များ
Vol. 24 Ch. 258
ကျိုးကုန်း တောင်တန်းကြီး။
အမှတ် (၁၂) ဂူစံအိမ် ရှိ ဝါးတောအုပ်လေး အတွင်း၌ ဖြစ်၏။ မကြာသေးမီကပင် လီယွမ် သည် ရှောင်ချင်အာ နှင့် ပတ်သက်သည့် သတင်းများကို အဆက်မပြတ် ကြားသိနေရသည်။
ယခုအချိန်အထိ ချင်အာ၏ စီမံကိန်းများမှာ ချောမွေ့စွာ စီးဆင်းလျက် ရှိပေသည်။ သူမသည် ညဇီးကွက် သက်တော်စောင့်များ၊ ပိုင်ချန် နှင့် ဘုရင်နှစ်ပါး တို့၏ အင်အားစုများ အကြား တတိယမြောက် အင်အားအကြီးဆုံး အဖွဲ့အစည်း တစ်ခုအဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်၏။ ဤအခြင်းအရာမှာ ယခင်က ချင်အာ ဘယ်သောအခါမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်သော အရာပင် ဖြစ်တော့သည်။
ချန်းလန် သို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ရှောင်လျဲ့ ၏ သေဆုံးမှုတို့က ရှောင်ချင်အာ အတွက် အမှန်တကယ်ပင်ကြီးမားသော ပြောင်းလဲမှုများကို ယူဆောင်လာပေးခဲ့လေ၏။ သို့ရာတွင်... ညဇီးကွက်ဘုရင် ၏ အကြံအစည်များကိုလည်း လျှော့တွက်၍ မရနိုင်သေးချေ။ ညဇီးကွက်ဘုရင် ယခုအချိန်အထိ ထုတ်ဖော်ပြသခဲ့သည့် နည်းလမ်းများကို ကြည့်ခြင်းအားဖြင့် ချန်ဘုရင် နှင့် ဟန်ဘုရင် တို့ ဖယ်ရှားခံရဖို့မှာ အချိန်ကာလ တစ်ခုသာ လိုတော့ကြောင်း လီယွမ် ယုံကြည်နေမိသည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်ချင်အာ သည် သူနှင့် ရပ်တည်ချက် တူညီနေပေသည်။ ချင်အာ၏ ကြားဝင် ထိန်းညှိမှုကြောင့် အင်အားစု နှစ်ခုကြား ထိပ်တိုက် ရင်ဆိုင်မှုကြောင့် နယ်စပ်ဒေသကြီး ပြိုလဲသွားနိုင်ခြေမှာများစွာ လျော့ကျသွားခဲ့ရ၏။ ထို့ပြင် ညဇီးကွက်ဘုရင် ၏ 'အင်ပါယာအာဏာ ဗဟိုချုပ်ကိုင်ရေး' စီမံကိန်းကိုလည်း အချိန်အတိုင်းအတာ တစ်ခုအထိ ဆွဲထားနိုင်ခဲ့လေပြီ။
‘ဒီလောက် ရှုပ်ရှုပ်ယှက်ယှက် ဖြစ်သွားတာတောင် နောက်ဆုံးတော့ အမြတ်အစွန်း အများဆုံး ရလိုက်တာ ငါပဲလား...’
ပိုမို ကျယ်ပြန့်သော ရှုထောင့်မှ ကြည့်စေ၊ ပုဂ္ဂိုလ်ရေးအရ ကြည့်စေ၊ လီယွမ် တစ်ယောက်များစွာ ရရှိလိုက်ခြင်းပင်။ ပြန်ရောက်လာပြီးနောက် သူသည် အဘိုးအို နှင့် ဆွေးနွေးကာ ရှောင်ချင်အာ အား သေမင်း ကတိကဝတ် ရုပ်သေး သန့်စင်သည့် နည်းလမ်းကို သင်ကြားပေးရန် ဆုံးဖြတ်လိုက်၏။ နှလုံးသားမေးခွန်းကူ သည်လည်း 'ရုပ်သေးစစ်တပ်' ၏ စွမ်းပကားကို ထုတ်ဖော်နိုင်သော ရှားပါးသည့် ပင်မကူများထဲမှ တစ်ခု ဖြစ်ပေသည်။
(ပင်မကူ- ဘဝဆက်နွယ်ကူ- သက်စောင့်ကူ ~အတူတူပါပဲနော်။ )
“လောလောဆယ်တော့ ခဏလောက် ငြိမ်သက်သွားမှာပဲ...”
“ရှောင်ချိုက်... ရတနာ နေရာလပ်ကို ဖွင့်လိုက်”
“ရွှီး...”
ရှောင်ချိုက် သည် ဤအရာကို မျှော်လင့်နေသည်မှာ ကြာလှပြီ ဖြစ်၏။ လီယွမ် အမိန့်ပေးရန်ပင် မစောင့်တော့ဘဲ သူမကိုယ်တိုင် ရတနာ နေရာလပ် ထဲမှ ကောင်းကင်နဂါး အရိုးကို ထုတ်ယူလိုက်တော့သည်။
“မင်း တော်တော် စိတ်လောနေတာပဲ...”
တကယ်တမ်းတွင် လီယွမ်ကိုယ်တိုင်လည်း မျှော်လင့်နေမိသည်။
ရှောင်ချိုက် သည် သူကိုယ်တိုင် ပျိုးထောင်ပေးလိုက်သည့် ပထမဆုံးသော ထူးခြားကူ ဖြစ်လာနိုင်ပေသည်။ အခြား တစ်ချက်မှာ ရှောင်ချိုက် သည် အစစ်အမှန် တိုက်ခိုက်ရေး သားရဲ တစ်ကောင် ဖြစ်သဖြင့် သူမကို ထိန်းချုပ်ရန် အပိုဆောင်း စိတ်ဝိညာဉ်စွမ်းအင်များ သုံးစရာ မလိုဘဲ တိုက်ပွဲတွင် သူ့ကို အကောင်းဆုံး အထောက်အကူ ပေးနိုင်ခြင်းပင်။
“မင်းသာ ထူးခြားကူ အဖြစ် ပြောင်းလဲသွားရင်တော့... ငါတို့ရဲ့ ချစ်ခင်တဲ့ ကူမိသားစုလေးထဲမှာ ရွှေရောင်ရတနာ တစ်ခုတည်းပဲ ရှားပါးကူ အဆင့်မှာ ကျန်ခဲ့တော့မှာပေါ့...” လီယွမ်က ပြုံးလျက် စနောက်လိုက်သည်။
“ဂွတ်... ဂွတ်...”
ရွှေရောင်ရတနာ ကတော့ အနည်းငယ်မျှ မနာလို ဖြစ်ခြင်း မရှိခဲ့ချေ။ သူသည် ရိုးသားဖြူစင်သော ဝဖြိုးဖြိုး ကောင်လေး တစ်ယောက်သာ ဖြစ်ပြီး သူသည် အနှောင်းဆုံးမှ ရောက်လာသူ ဖြစ်သဖြင့် နောက်ဆုံးနေရာတွင်သာ နေထိုင်လိုကြောင်း တုံ့ပြန်နေသလို ရှိ၏။
“ဒါပေမဲ့ ငါ အဋ္ဌမအဆင့်ကို ရောက်နေတာ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိနေပြီဆိုတော့... အဋ္ဌမမြောက် ပင်မကူကို ရှာဖွေဖို့ အချိန်တန်ပြီ ထင်တယ်...”
ရွေးချယ်စရာ သင့်တော်သော ကူကောင် မရှိသေးသဖြင့် လီယွမ် ထိုကိစ္စကို ခေတ္တ ဘေးဖယ်ထားလိုက်ရ၏။ လက်ရှိ ပင်မကူ (၇) ကောင် နှင့်တင် သူ့အတွက် လုံလောက်နေပြီ ဖြစ်သည်။ ရုပ်ခန္ဓာ၊ သွေးချီ၊ ပြန်လည် နာလန်ထူမှု၊ တိုက်ခိုက်ရေး၊ ပုန်းကွယ်မှု၊ ထိန်းချုပ်မှု နှင့် ကံကြမ္မာ အစရှိသဖြင့် အရာအားလုံး ပြည့်စုံနေပေသည်။
ထူးခြားဆန်းပြားသော အရည်အချင်းများ ရှိမှသာ နောက်ဆုံး ပင်မကူ နှစ်ကောင်ကို သူ စဉ်းစားပေလိမ့်မည်။ ဥပမာအားဖြင့် အချိန်နှင့် ဟင်းလင်းပြင် စည်းမျဉ်းများ ပါဝင်သော 'အချိန်ကာလ ရောင်စုံလိပ်ပြာ' ကဲ့သို့သော ကူကောင်မျိုးက သူ၏ ပထမဆုံး ရွေးချယ်မှု ဖြစ်ပေသည်။
“အရင်ဆုံး ရှောင်ချိုက်ကို အဆင့်တက်အောင် ကူညီပေးရအောင်...”
လီယွမ် သည် အနက်ရောင် အိုးကြီးကို ထုတ်ဖော်လိုက်တော့၏။
နတ်ဘုရား နဂါး၏ အရိုးကို စစ်ဆေးကြည့်ရင်း အဝေးက မြောက်ပိုင်း နှင်းလွင်ပြင်မှ ချီလင်နတ်ဘုရားကို သူ မရည်ရွယ်ဘဲ သတိရသွားမိသည်။ မည်သည့်အရာက ပိုမို အစွမ်းထက်ပြီး ပိုမို တန်ဖိုးရှိမည်နည်း။ လွန်ခဲ့သော နှစ်များက အဘိုးဖြစ်သူက သူ၏ ဒေါ်လေးမှတစ်ဆင့် ချီလင်ရတနာ တစ်ခု ပေးအပ်ခဲ့ဖူး၏။ ၎င်းမှာ စိတ်ဝိညာဉ်ကို မြှင့်တင်ပေးသည့် နတ်ဘုရား ပစ္စည်းတစ်ခုဖြစ်ပြီး ဓားနတ်သမီး ၏ ဝိညာဉ် နိုးထမှုကိုများစွာ အရှိန်မြှင့်ပေးခဲ့သည်။
ဓားနတ်သမီး ထံမှ ပြန်လည် ရရှိသော အကျိုးကျေးဇူးများမှာလည်း အတိုင်းအဆမရှိကြီးမားလှပေသည်။ ဓားနတ်သမီး ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ကံကြမ္မာ ဆက်နွှယ်မှုမှတစ်ဆင့် သူ ရရှိခဲ့သည့် သိုင်းပညာ အသိအမြင်များမှာ တန်ဖိုးမဖြတ်နိုင်သော အရာများပင် ဖြစ်တော့၏။ ချီလင် နတ်ဘုရား အရိုးများ မပျက်မစီး ရှိနေသရွေ့ ထိုကဲ့သို့သော ရတနာလုံးများကို အဆက်မပြတ် ထုတ်လုပ်နိုင်ကာ နှင်းလွင်ပြင် မျိုးနွယ်စု တစ်ခုလုံးကို အကျိုးပြုနေမည်သာ ဖြစ်သည်။ ဤအခြင်းအရာမှာ ထိုရှေးဦး နတ်ဘုရားများ၏ စွမ်းအားကို သက်သေပြရန် လုံလောက်နေပေပြီ။
“အခွင့်အရေး ရရင်တော့ ခင်ဗျားတို့နဲ့ သေချာပေါက် ဆုံချင်ပါသေးတယ်...”
လီယွမ် သည် အတွေးများကို ရပ်တန့်လိုက်ပြီး ကောင်းကင်နဂါး နတ်ဘုရား အရိုးကို အိုးအတွင်းသို့ ထည့်လိုက်လေ၏။
[မူလ ကုန်ကြမ်းပစ္စည်းများကို ရွေးချယ်ပါ]
[ပင်မကူ ကိုးရောင်ခြယ် နဂါးမြို စပါးအုံးမြွေ အတွင်းသို့ ကောင်းကင်နဂါး နတ်ဘုရား အရိုးကို ထည့်သွင်း ပေါင်းစပ်ပါမည်]
[ဖန်တီးမှုကို စတင်ပါပြီ]
အိုးအဖုံး ပိတ်သွားသော်လည်း ဤတစ်ကြိမ်တွင်မူ အိုးကြီးမှာ ယခင်ကကဲ့သို့ တုန်ခါခြင်း၊ အသံကျယ်ကြီး ထွက်ပေါ်ခြင်း .. ပြင်းထန်စွာ လှုပ်ခါခြင်းမျိုး မရှိဘဲ ထူးဆန်းစွာ ငြိမ်သက်နေတော့၏။ အလင်းတန်း တစ်စုံတစ်ရာပင် ထွက်ပေါ်မလာခဲ့ချေ။ ဤအဖြစ်က လီယွမ်ကို အနည်းငယ် စိုးရိမ်သွားစေသည်။
“တစ်ခုခုများ မှားယွင်းသွားတာလား...”
ရှောင်ချိုက် ၏ လက်ရှိ အင်အားအရ အဆိုးဆုံး ဖြစ်ခဲ့လျှင်ပင် သူမ၏ ဆင့်ကဲပြောင်းလဲမှုမှာ အာနိသင် မရှိဘဲ ဖြစ်သွားနိုင်သော်လည်း ကျရှုံးခြင်း သို့မဟုတ် မပြည့်စုံခြင်းမျိုး ဖြစ်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။ သေဆုံးနိုင်သည့် အန္တရာယ်မှာ ပို၍ပင် ဝေးကွာလှပေသည်။
“ဒါမှမဟုတ် လုံးဝ အသစ်စက်စက် ထူးခြားကူ တစ်ကောင် ဖြစ်လာတော့မှာမလို့လား...”
လီယွမ် မှာ ဤသို့သာ ဖြစ်နိုင်ခြေ ပိုများကြောင်းတွေးတောမိသည်။ သူသည် စိတ်ကို အေးအေးထားကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။
ဤသို့ စောင့်ဆိုင်းခြင်းမှာ (၇) ရက်တိုင်တိုင် ကြာမြင့်ခဲ့လေပြီ။ (၇) ရက် ကုန်ဆုံးသွားသော်လည်း အနက်ရောင် အိုးကြီးထံမှကြီးမားသော လှုပ်ရှားမှု တစ်စုံတစ်ရာ ပေါ်ထွက်မလာခဲ့သေးဘဲ မှေးမှိန်နေသော အလင်းရောင်များကသာ ရောင်စုံ အလွှာများအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာတော့သည်။
အနက်ရောင် အိုးကြီးထံမှ အရောင်အဝါများ လွင့်စင်လာခြင်းမှာ ကောင်းသော နိမိတ်တစ်ခုပင် ဖြစ်၏။ ထူးခြားကူ တစ်ကောင် မွေးဖွားလာတော့မည့် အလားအလာ အလွန်များလှပေသည်။ လီယွမ် မှာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိတော့၏။
“လုံးဝ အသစ်စက်စက် ထူးခြားကူ တစ်ကောင်ရဲ့ ပြောင်းလဲမှု ဖြစ်စဉ်က ပိုပြီး ရှုပ်ထွေးနေတာလည်း ဖြစ်နိုင်တာပဲ... အနက်ရောင် အိုးကြီးတောင် ပေါင်းစပ်ဖို့ အချိန်ယူနေရတယ်ဆိုတော့...”
သူသည် စိတ်မရှည် မဖြစ်တော့ပါ။
“ကျီ... ကျီ...”
ဝူမေ့ သည် ဘေးနားမှနေ၍ စပ်စုချင်စိတ်များဖြင့် စောင့်ကြည့်နေလေ၏။
ထိုကလေးငယ် နှစ်ယောက်မှာ အမြဲတမ်း ငြင်းခုံ ရန်ဖြစ်နေကြသော်လည်း တစ်ဦးနှင့်တစ်ဦး အမြဲ နှိုင်းယှဉ် ပြိုင်ဆိုင်နေကြသော ချစ်စရာ အတွဲလေး ဖြစ်နေပေသည်။
“ဂွတ်... ဂွတ်...”
ရွှေရောင်ရတနာ သည်လည်း မကြာသေးမီက မကြာခဏ ထွက်ပေါ်လာတတ်၏။
“ဟင်...”
လီယွမ် မှာ ရွှေရောင်ရတနာ ၏ကိုယ်ပေါ်ရှိ 'တောင်တန်းနှင့် မြစ်များ' ပုံစံမှာ ပိုမို နက်ရှိုင်းလာပြီး အသက်ဝင်လာသည်ကို ရုတ်တရက် သတိပြုမိသွားသည်။ ရွှေရောင်ရတနာ ၏ ဝဖြိုးသောကိုယ်ခန္ဓာ လှုပ်ရှားသွားတိုင်း ထိုပုံစံများမှာ သေးငယ်သော ရှုခင်းကမ္ဘာလေး တစ်ခုပမာ ပို၍ ပီပြင်လာတော့၏။
“ကံကြမ္မာ အရှိန်အဝါတွေရဲ့ ပံ့ပိုးမှုကို ရထားတာဆိုတော့ မင်း တကယ်ကို လန်းဆန်းနေတာပဲ ရွှေရောင်ရတနာ...”
ရှောင်ချိုက် ၏ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် မည်မျှ ကြာမြင့်မည်ကို မသိရသေးသဖြင့် လီယွမ် ဆက်လက် မစောင့်ဆိုင်းတော့ရန် ဆုံးဖြတ်လိုက်၏။ ထို့အစား ရွှေရောင်ရတနာ နှင့် ပူးပေါင်းကာ 'နဂါးကံကြမ္မာ နည်းစနစ်'ကို လေ့လာရန် ပြင်ဆင်လိုက်တော့သည်။ ကံကြမ္မာ ဆိုသည်မှာ ကောင်းသော ကံကို ဆောင်ကြဉ်းပေးပြီး မကောင်းသော ဘေးရန်များကို ဖယ်ရှားပေးခြင်းပင် ဖြစ်၏။
လီယွမ် သည် မန္တန် နည်းစနစ်ကို အသက်သွင်းကာ ကောင်းကင်နှင့် မြေကြီး၏ ကံကြမ္မာများကို နားလည် သဘောပေါက်ရန် အားထုတ်လိုက်သည်။ နဂါးကံကြမ္မာ နည်းစနစ် တွင် ကံကြမ္မာကို လုယူခြင်းမှာ အလွန် ခက်ခဲပြီး နက်နဲလှသော ကိစ္စဖြစ်ကြောင်း ဖော်ပြထား၏။ တစ်စုံတစ်ယောက်ကို သတ်ဖြတ်လိုက်ရုံဖြင့် ၎င်းတို့၏ ကံကြမ္မာကို ရယူနိုင်သည် မဟုတ်ဘဲ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများထံမှ အသိအမှတ်ပြုမှုကို အရင် ရယူရမည် ဖြစ်ပေသည်။
ဤအခြင်းအရာမှာ အလွန်တရာ မှုန်ဝါးလှသော စည်းမျဉ်းတစ်ခုပင်။ ယေဘုယျအားဖြင့် ဆိုရလျှင် ခွန်အားကြီးမားသော သူများ၊ အာဏာရှိသည့် ရာထူးကြီးသူများ သို့မဟုတ် မွန်မြတ်သော ဘိုးဘေးများ ရှိသည့် သူများမှာ ကံကြမ္မာကို ပိုမို ရရှိနိုင်ခြေ ရှိကြသည်။ သို့ရာတွင် ကံကြမ္မာ ဆိုသည်မှာ ကုန်ဆုံးသွားနိုင်သော အရင်းအမြစ် တစ်ခု ဖြစ်ပြီး ကျင့်ကြံခြင်း သက်သက်ဖြင့် ရရှိနိုင်သော အရာ မဟုတ်ချေ။
ကံကြမ္မာ စွမ်းအားကို ထိန်းချုပ်ခြင်းနှင့် ပတ်သက်လာလျှင် ကွန်ဖြူးရှပ် ဂိုဏ်း၊ ဗုဒ္ဓ နှင့် တာအိုလမ်းစဉ် တို့က ပိုမို ကျွမ်းကျင်ကြပြီး နှစ်ပေါင်းများစွာ တိုင်အောင် အင်ပါယာ နန်းတော် သို့မဟုတ် ကျန်းဟူ သိုင်းလောက နှင့် မပတ်သက်ဘဲ သီးခြား ရပ်တည်ကာ ပြန့်ကျဲနေခဲ့ကြခြင်း ဖြစ်သည်။ လီယွမ်၏ နားလည်မှုမှာ အပေါ်ယံမျှသာ ရှိနေသေးသော်လည်း သူ၏ ကံကြမ္မာမှာ ကူလမ်းစဉ် နှင့် မုရုံ မျိုးနွယ်စုကို နှိမ်နင်းခြင်း တို့အပြင် နယ်စပ်ဒေသကြီး ထံမှလည်း ရရှိလာသည်ကို သူ ရှာဖွေတွေ့ရှိသွားခဲ့၏။
“ဒါက ငါ ချင်အာကို ကူညီခဲ့ပြီး နယ်စပ်ကို ငြိမ်းချမ်းအောင် လုပ်ခဲ့လို့များလား...”
သို့သော် လီယွမ် မှာ လူသားများရော နတ်ဆိုးများပါ ကောင်းကင်နှင့် မြေကြီး၏ သတ္တဝါများ ဖြစ်နေကြရာ တိကျစွာ ဆိုရလျှင် ဤအခြင်းအရာမှာ ကံကြမ္မာကို စုဆောင်းသည့် နည်းလမ်းတစ်ခု မဖြစ်သင့်ကြောင်း ခံစားမိနေပြန်သည်။
“တကယ်ကို နက်နဲလွန်းလှတယ်...”
သူက ဆက်လက်တွေးတောမနေတော့ဘဲ စိတ်အာရုံကို နစ်မြှုပ်ကာ အသေးစိတ် လေ့လာလိုက်တော့၏။ ကောင်းကင်နဂါး ကံကြမ္မာ နည်းစနစ် (ကောင်းကင်နဂါး ချီယွမ် နည်းစနစ်) ကျင့်ကြံခြင်းတွင် အဆင့်သုံးဆင့် ရှိပေသည်။ ပထမအဆင့်မှာ ကံကြမ္မာကို အာရုံခံနိုင်ခြင်းနှင့် စတင် ထိန်းချုပ်နိုင်ခြင်း ဖြစ်၏။ ဒုတိယအဆင့်မှာ ကံကြမ္မာနှင့် ပေါင်းစည်းခြင်း ဖြစ်ပြီး မည်သည့် နည်းလမ်းမဆို ဖြစ်နိုင်ပေသည်။
တတိယအဆင့်မှာမူ ကံကြမ္မာကိုကိုယ်တိုင် ဖန်တီးကာ လောကကြီးကို ကောင်းချီးပေးခြင်း ဖြစ်သည်။ ဤအဆင့်၏ သော့ချက်မှာ ပြန်လည် ပေးဆပ်ခြင်းပင် ဖြစ်၏။ အင်ပါယာကို တည်ထောင်ခဲ့သည့် ဘုရင်များကဲ့သို့ ဖရိုဖရဲ ဖြစ်မှုများကို အဆုံးသတ်ပြီး လောကကြီးကို အကျိုးပြုသည့် သူရဲကောင်းများ ဖြစ်ကြသည် မဟုတ်ပါလော။ ရွှေရောင်ရတနာ၏ အကူအညီဖြင့် လီယွမ် သည် ဒုတိယအဆင့်၏ တံခါးခုံသို့ ဝေဝေဝါးဝါး ရောက်ရှိသွားခဲ့လေပြီ။
ဤအမှတ်သို့ ရောက်ရှိပြီးနောက် သူသည် ကံကြမ္မာကို အသုံးချသည့် အင်ပါယာ စေတမန် နည်းစနစ် အချို့ကိုလည်း တတ်မြောက်သွားခဲ့၏။ ထိုနည်းစနစ်များမှာ -
‘ချောက်နက် ပုန်းကွယ် နဂါး’ - မိမိကိုယ်ကို ဖုံးကွယ်ထားသည့် နည်းစနစ် ဖြစ်ပြီး ကံကြမ္မာကို အရာအားလုံးမှ သီးခြား ခွဲထုတ်ထားကာ မိမိ၏ သွေးသား ဆက်နွှယ်မှုများကိုပင် အာရုံခံ၍ မရအောင် ဖုံးကွယ်ထားနိုင်ခြင်းပင်။
‘ရူးသွပ် နဂါး အကျဉ်းထောင် ခြေမွ’ - ကောင်းကင်နှင့် မြေကြီး၏ ကံကြမ္မာ စွမ်းအားများကို ခေတ္တ ငှားယူကာ မိမိ၏ အင်အားကို လျင်မြန်စွာ မြှင့်တင်ခြင်း ဖြစ်၏။
‘ပုန်းကွယ် နဂါး ကောင်းကင်ပျံ’ - ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်း အားလုံးကို လျစ်လျူရှုကာ လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်း ဖြစ်ပေသည်။
နောက်ဆုံး တစ်ခုမှာမူ ‘လောက ဖျက်
နဂါး ဧကရာဇ်’ ဟူသော အသက်စွန့် တိုက်ခိုက်သည့် နည်းစနစ် ဖြစ်၏။
လီယွမ် ၏ မျက်လုံးများမှာ အရောင်လက်သွားတော့သည်။ ဤအခြင်းအရာမှာ နောက်ထပ် မမျှော်လင့်ထားသော ဝမ်းမြောက်စရာ ကိစ္စရပ်တစ်ခုပင်။ အထူးသဖြင့် ‘ချောက်နက်ပုန်းကွယ် နဂါး’ ဟူသော နည်းစနစ်မှာ အစစ်အမှန် နဂါးအား တောရိုင်းထဲတွင် ပုန်းအောင်းနေစေနိုင်သဖြင့် သူ့အတွက် အသုံးအဝင်ဆုံးသော နည်းစနစ် ဖြစ်လာမည်မှာ ယုံမှားဖွယ် မရှိပေ။