ရှီဝမ်
Vol. 24 Ch. 261
ရက်အနည်းငယ် ကြာပြီးနောက်
လီယွမ်သည် ရောင်စုံတစ်ထောင် စပါးအုံးမြွေ ဘုရင်မ နှင့် သက်ဆိုင်သော ကောင်းကင်ဘုံ လျှို့ဝှက်ချက်များကို နားလည် သဘောပေါက်သွားခဲ့လေပြီ။ ၎င်း၏ အမည်မှာ... ပျက်သုဉ်းခြင်းပြာ ပင်။ အရှင်းလင်းဆုံးသော အမည်နာမ ဖြစ်သော်လည်း အခြေခံအကျဆုံးသော အာနိသင်ကို ပိုင်ဆိုင်ထားပေသည်။ ၎င်းမှာ 'ပျက်သုဉ်းခြင်း' နှင့် ထိတွေ့သမျှ အရာအားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲကာ လုံးဝ ဥဿုံ ချုပ်ငြိမ်းသွားခြင်းပင် ဖြစ်၏။
ထို 'ပျက်သုဉ်းခြင်းပြာ'ကို ကူသခင်ဖြစ်သူ လီယွမ်ကိုယ်တိုင်ဖြစ်စေ၊ ပင်မကူ ဖြစ်သော ရှောင်ချိုက် ကဖြစ်စေ ထုတ်လွှတ်နိုင်ပြီး နှစ်ဦးစလုံးတွင် တူညီသော စွမ်းပကား ရှိပေသည်။ ယခုအခါ လီယွမ်သည် ကူအိမ် သုံးခုနှင့် သက်ဆိုင်သော ကောင်းကင်ဘုံ လျှို့ဝှက်ချက်များကို တရားဝင် တတ်မြောက်သွားခဲ့လေပြီ။
ဓားနတ်သမီး သည်လည်း ကောင်းကင်ဘုံ လျှို့ဝှက်နည်းစနစ် တစ်ခုနှင့်အတူ ပါရှိလာခဲ့သည် မဟုတ်ပါလော။ ခွန်အားများ တိုးတက်လာမှုက စိတ်လုံခြုံမှုကို ပေးစွမ်းနိုင်သော်လည်း လီယွမ် အနေဖြင့် သူ၏ 'စွမ်းအားက စံနှုန်းမီသွားပြီ' ဆိုသည်ကို သေချာစေရန် စိတ်ချရသော စမ်းသပ်မှု တစ်ခု လိုအပ်နေသေး၏။ ထိုစဉ်မှာပင် ဓားနတ်သမီးက သူ့ဆီသို့ လျှောက်လှမ်းလာသည်။
လီယွမ်သည် ဓားနတ်သမီး၏ ထူးခြားသော အပြုအမူကို သတိပြုမိလိုက်၏။ သူမသည် သူ အလုပ်ပြီးဆုံးမည့် အချိန်ကို စောင့်ဆိုင်းနေသလို သူ၏ ဘေးနားတွင်သာ ရပ်နေခဲ့ခြင်း ဖြစ်ပေသည်။
“ဘာဖြစ်လို့လဲ တိုင်းတိုင်း...”
“လီယွမ်... အိမ်ပြန်ချင်တယ်... အမေ့ကိုတွေ့ချင်တယ်...”
ဓားနတ်သမီးက ပြောဆိုလိုက်ရာ သူမ၏ မျက်လုံးများမှာ ရေပြင်ပမာ ကြည်လင်နေပြီး သနားစရာကောင်းလှ၏။ ဤကိစ္စသည် ဓားနတ်သမီး၏ စိတ်ထဲတွင် အမြဲတမ်း စွဲလန်းနေသော အရာဖြစ်ပြီး သူမ၏ ဘဝကို ပြီးပြည့်စုံစေမည့် နောက်ဆုံးသော အပိုင်းအစ ဖြစ်ကြောင်း လီယွမ် သိရှိထားပေသည်။
သူသည် ကံကြမ္မာ ဆက်နွှယ်မှုကြောင့် ဓားနတ်သမီး၏ ခံစားချက်များကို ရှင်းလင်းစွာ သိရှိနေရသဖြင့် သူမကိုကိုယ်ချင်းစာစိတ်ဖြင့် သနားမိသွားတော့၏။ ဓားနတ်သမီးသည် အလွန် နားလည်မှု ရှိသူ တစ်ဦးလည်း ဖြစ်ပေသည်။ သူမသည် သူ၏ လုပ်ဆောင်မှုများကို ဝင်ရောက် နှောင့်ယှက်ခြင်း မရှိဘဲ တိတ်ဆိတ်စွာသာ အမြဲ ထောက်ခံ အားပေးခဲ့သည် မဟုတ်ပါလော။
“မကြာခင် သွားကြမယ်လေ...”
ဓားနတ်သမီး၏ ဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက် အလယ်ပိုင်း လွင်ပြင်ရှိ လင်းရှောင်ဓားဂိုဏ်း ဆီသို့ သူ အရင်ဆုံး သွားရမည် ဖြစ်ကြောင်း လီယွမ် သဘောပေါက်လိုက်၏။ အဆင်ပြေမည် ဆိုပါက လမ်းတစ်လျှောက်တွင် အရှေ့ပိုင်း အရိုင်းနယ်မြေ ဘက်သို့လည်း တစ်ချက် လှည့်ကြည့်နိုင်ပေသည်။
အစစ်အမှန် စစ်နတ်ဘုရား ရတနာသိုက်ကို ဘိုးဘေးကြီးက အရှေ့ပိုင်း အရိုင်းနယ်မြေတွင် မြှုပ်နှံထားခဲ့ခြင်း ဖြစ်ရာ ထိုနေရာကို ကြိုတင် စူးစမ်းရန်မှာ မဖြစ်မနေ လိုအပ်လှ၏။ လောလောဆယ် လီယွမ် စိုးရိမ်နေသည်မှာ လင်းရှောင်ဓားဂိုဏ်းသို့ ပြန်သွားခြင်းက သူတို့၏ အထောက်အထားကို ပေါ်သွားစေပြီး ဓားနတ်သမီး ပြန်လည် ရှင်သန်လာကြောင်း လောကကြီးကို သိစေမည်လား ဆိုသည့် အချက်ပင်။
၎င်းမှာ ရှေးဟောင်း နတ်ဆိုး အိုကြီးများ၏ တပ်မက်သော အကြည့်များကို သေချာပေါက် ဆွဲဆောင်ပေလိမ့်မည်။ ဤအခြင်းအရာမှာ သူ အကြောက်ဆုံးသော အရာပင် ဖြစ်၏။ အဓိက အင်အားစုကြီး တစ်ခုချင်းစီတွင် ထိုကဲ့သို့သော ရှေးဟောင်း နတ်ဆိုး အိုကြီးများက နောက်ကွယ်မှနေ၍ လျှို့ဝှက် စောင့်ကြည့်နေကြမည်မှာ မြေကြီးလက်ခတ် မလွဲပင်။
“ငါတို့ နည်းနည်းလေး ပိုပြီး အစွမ်းထက်လာမှ အလယ်ပိုင်း လွင်ပြင်ကို သွားကြတာပေါ့... ဟုတ်ပြီလား...”
လီယွမ်က သူမကို နူးညံ့စွာ ဖျောင်းဖျလိုက်၏။
“လီယွမ်... ‘အစွမ်းထက်တယ်’ ဆိုတာက... ဘယ်လိုမျိုးလဲ...”
ဓားနတ်သမီး၏ အယူအဆတွင်မူ ‘အစွမ်းထက်ခြင်း’ ဆိုသည့် စကားလုံးမှာ ရှင်းလင်းမှု မရှိသေးချေ။
“မင်း အမြင့်ဆုံး သူတော်စင် နယ်ပယ်ကို ရောက်တဲ့အထိ စောင့်ရင်ရော ဘယ်လိုလဲ...”
လီယွမ်က ဓားနတ်သမီးနှင့် မိမိကိုယ်ကို ဘေးကင်းစေရန်အတွက် ညှိနှိုင်းကြည့်လိုက်သည်။
“အမြင့်ဆုံး... သူတော်စင်... နယ်ပယ်...”
ဓားနတ်သမီး၏ ဝေဝေဝါးဝါး မှတ်ဉာဏ်များထဲတွင် သိုင်းပညာ နယ်ပယ်များအပေါ် နားလည်မှုမှာ အတော်လေး နက်ရှိုင်းနေပြီးဖြစ်ရာ ယခင် ဓားနတ်သမီးသည် ထိုနယ်ပယ်အတွင်းသို့ ခြေချရန် သေချာပေါက် စဉ်းစားခဲ့ဖူးပေလိမ့်မည်။
“မှန်တယ်...”
လီယွမ်က ခေါင်းညိတ်ပြလိုက်၏။
“မင်း အဲဒီ အမြင့်ဆုံး အဆင့်ကို ရောက်တာနဲ့ ငါတို့ အချိန်မဆွဲဘဲ အလယ်ပိုင်း လွင်ပြင်ကို ချက်ချင်း ထွက်ကြမယ်လေ... ဟုတ်ပြီလား...”
ဓားနတ်သမီး၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် အရောင်လက်သွားတော့သည်။
“ကောင်းပါပြီ...”
ထိုသို့ ပြောပြီးနောက် သူမက ဓားကို ကောက်ယူကာ ဝါးတောအုပ်လေးအတွင်းသို့ လျှောက်ဝင်သွား၏။
လမ်းတစ်ဝက်တွင် သူမက နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ သူမ၏ ကြည်လင် ဖြူစင်သော မျက်လုံးများက လီယွမ်ကို စူးစိုက်ကြည့်နေတော့သည်။ သူမက ချက်ချင်းပင် နှုတ်ခမ်းစူလိုက်ပြီး သွယ်လျသော လက်ညှိုးလေးကို ဆန့်ထုတ်ကာ လီယွမ်ကို ညွှန်ပြလိုက်၏။
“လီ... ယွမ်... ကျွန်မကို လိမ်ဖို့ မကြိုးစားနဲ့နော်...”
“ကျွန်မက ‘ချစ်ခင်ကြင်နာတတ်တဲ့ မိသားစုလေး’ ထဲက အရူးမ မဟုတ်တော့ဘူး... အခု... ကျွန်မက အရမ်း ဉာဏ်ကောင်းတဲ့ ဓားသူရဲကောင်းမ တစ်ယောက် ဖြစ်နေပြီ...”
ထိုသို့ ပြောဆိုပြီးနောက် သူမသည် တင့်တယ် ကျော့ရှင်းစွာဖြင့် ထွက်ခွာသွားတော့၏။
လီယွမ်မှာမူ ရယ်ရခက်၊ ငိုရခက် ဖြစ်ကာ ကျန်ရစ်ခဲ့သည်။
‘တကယ့်ကို မိုက်မဲတဲ့ ဓားနတ်သမီးလေးပဲ... လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က အဖြစ်အပျက်တွေကိုတော့ အကုန်မေ့နေပြီး...ငါ့နောက်ကို ‘အရူး’ တစ်ယောက်လို လိုက်နေခဲ့တဲ့ နှစ်တွေကိုကျတော့ တစ်ခုမှ မမေ့ဘူးပဲ...’
“ဓားနတ်သမီးရဲ့ ပါရမီနဲ့ဆိုရင် သူ့ရဲ့ ကံကြမ္မာသာ ချည်နှောင်မခံထားရရင်... အခုလောက်ဆို ကောင်းကင်ဘုံ နယ်ပယ်ကို နားလည်ပြီး အမြင့်ဆုံး သူတော်စင် အဆင့်ကို ရောက်နေလောက်ပြီ...”
“အခု ငါ့ရဲ့ နယ်ပယ်က ချောက်နက် နယ်ပယ်ကို ချဉ်းကပ်နေပြီဆိုတော့... ဓားနတ်သမီးအပေါ် ချုပ်ချယ်မှုတွေက အများကြီး လျော့ကျသွားပြီ... ဓားနတ်သမီး အမြင့်ဆုံး သူတော်စင် အဆင့်ကို ရောက်ဖို့ သိပ်မကြာတော့ဘူး...”
“ငါလည်း မြန်မြန် ပြင်ဆင်ထားမှ ဖြစ်မယ်...”
လီယွမ်သည် နောက်ထပ် လှုပ်ရှားမှုများကို မည်သို့ အစွမ်းကုန် သတိကြီးစွာ လုပ်ဆောင်ရမည်ကို စိတ်ထဲမှ တိတ်တဆိတ် အကွက်ချနေတော့၏။
... ... ...
ကန္တာရ။
ဆွေ့ရှ နိုင်ငံရှိ ဝိညာဉ် မျိုးဆက် နန်းတော် အတွင်း၌ ဖြစ်၏။
“သခင်မလေး... ဆွေ့ရှ နိုင်ငံရဲ့ နိုင်ငံတော် အကြံပေးဖြစ်တဲ့ ပူဇော်ခြင်း လင်းရွှီ ရဲ့ အရှင်သခင် ချီနျန်ချူ ရောက်ရှိလာပါတယ်... သူက စံအိမ်အပြင်မှာ စောင့်ဆိုင်းနေပါတယ်...တွေ့ဆုံခွင့် ပေးရပါမလား”
‘ကန္တာရ ဝိညာဉ် မျိုးဆက်’ ဟူသော ဘွဲ့အမည်မှာ လင်းရွှီ၏ အသိအမှတ်ပြုမှုကို ရရှိထားသူများသာ ပိုင်ဆိုင်နိုင်သည့် ဂုဏ်ထူးဆောင် ဘွဲ့တစ်ခု ဖြစ်ပေသည်။ ကန္တာရ ဆယ့်ခြောက်ပြည်ထောင် ခေတ်ကာလတွင် ထိုဝိညာဉ် မျိုးဆက်များ၏ အဆင့်အတန်းမှာ အလွန် မြင့်မားလှ၏။
သူတို့သည် များသောအားဖြင့် နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်များ သို့မဟုတ် တော်ဝင် လက်အောက်ခံများ ဖြစ်ကြပြီး ဘုရင်၏ ဘွဲ့ထူး ဂုဏ်ထူး ပေးအပ်ခခံရကာ သီးခြား စံအိမ်တော်များဖြင့် နေထိုင်ကြရသူများ ဖြစ်ကြသည်။ ကန္တာရတွင် သွေးသား ဆက်နွှယ်မှုမှာ တစ်ခါတစ်ရံ၌ ခွန်အားထက်ပင် ပိုမို အရေးကြီးလှပေ၏။
ရှီဝမ်သည် ဆွေ့ရှ နိုင်ငံတွင် အငယ်ဆုံးသော ဝိညာဉ် မျိုးဆက် ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း (၅၀၀) အတွင်း ကန္တာရ၏ အလှဆုံး မိန်းမပျိုအဖြစ် ချီးကျူးခံရသူ ဖြစ်၏။ သူမ၏ နတ်ဘုရားမ တစ်ပါးပမာ လှပမှုနှင့် ရင်သပ်ရှုမောဖွယ် ရုပ်ဆင်းသဏ္ဌာန်တို့က ကန္တာရရှိ ယောက်ျားသား အမြောက်အမြား၏ စိတ်နှလုံးကို ဖမ်းစားထားခဲ့လေပြီ။
“ချီနျန်ချူ က ငါ့ဆီကို ဘာကိစ္စနဲ့ လာတာလဲ...”
ရှီဝမ်၏ မှတ်ဉာဏ်ထဲတွင် သူမနှင့် ချီနျန်ချူသည် သာမန် အသိအကျွမ်းမျှသာ ဖြစ်ပြီး မည်သည့် အကျိုးစီးပွား သို့မဟုတ် အငြိုးအတေးမျှ မရှိခဲ့ကြချေ။
“အကြံပေး ချီ ကတော့... သခင်မလေးရဲ့ အကူအညီကို တောင်းခံချင်တဲ့ အလွန် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်လို့ ပြောပါတယ်... အဲဒါက မဟာကန္တာရဆယ့်ခြောက်ပြည်ထောင် ရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ် လို့ ဆိုပါတယ်”
သတင်းလာပို့သော အစေခံမလေးက သေချာစွာ ရှင်းပြလိုက်၏။
“အဲဒါဆိုရင် အရင်သွားပြီး ဧည့်ခံထားလိုက်ပါ...” ရှီဝမ်က တစ်ခဏမျှ စဉ်းစားလိုက်သော်လည်း ငြင်းဆန်ခြင်း မပြုခဲ့ချေ။
“ငါ အဝတ်အစား လဲပြီးတာနဲ့ ထွက်လာခဲ့မယ်...”
ဆိုရိုးစကား ရှိသည် မဟုတ်ပါလော။ ‘အစစ်အမှန် အလှတရားသည် အရေပြားတွင် မဟုတ်ဘဲ အရိုးတည်ဆောက်ပုံတွင် ရှိသည်’ ဟူ၍ပင်။ ရှီဝမ်သည် အပြင်ပန်း လှပရုံတင်မကဘဲ အံ့မခန်းဖွယ်ကောင်းသော
ကိုယ်နေဟန်ထားနှင့် အရိုးတည်ဆောက်ပုံကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်၏။ သူမ၏ အသားအရေမှာ နှင်းပွင့်များကဲ့သို့ ချောမွေ့နေပြီး သူမ၏ အရိုးများမှာလည်း မွေးရာပါ တင့်တယ်မှုများ ပြည့်နှက်နေပေသည်။
အစေခံမလေး ထွက်သွားပြီးနောက် သူမ မျက်မှောင်ကြုတ်ကာတွေးတောနေ
မိတော့၏။
“ချီနျန်ချူက မကြာသေးခင်ကမှ လှိုင်းတံပိုးတွေ ထနေတာ... မင်းသမီးလေး ရဲ့ နာမည်ကို သုံးပြီး ကန္တာရထဲက အရင်းအမြစ် အများကြီးကို သူ ထိန်းချုပ်ထားတယ်... သူ သွားတဲ့ ဘယ်အင်အားစုမဆို ပြဿနာနဲ့ မလွဲမသွေ ရင်ဆိုင်ရတာပဲ...”
ရှီဝမ်သည် အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နေရပေသည်။ ချီနျန်ချူ၏ အဆင့်အတန်းနှင့် ခွန်အားမှာ သူမထက် သာလွန်၏။ အကယ်၍ တစ်ဖက်လူပင်လျှင် မဖြေရှင်းနိုင်သဖြင့် သူမကို အကူအညီ တောင်းရသည် ဆိုပါက ၎င်းမှာ ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်သည်မှာ သဘာဝကျလှပေသည်။ အခြေအနေများကြောင့် သူမအနေဖြင့် လက်ခံတွေ့ဆုံရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
သူတော်စင်မလေး (ဝါ) မင်းသမီးလေး တစ်ယောက် ကန္တာရကို စုစည်းပြီး ဧကရီ အဖြစ် ထီးနန်းတက်ရန်မှာ အချိန်အတိုင်းအတာ တစ်ခုသာ လိုတော့ကြောင်း သူမ သိရှိထား၏။ ထိုအချိန်ကျလျှင် ချီနျန်ချူ၏ အဆင့်အတန်းမှာလည်း သေချာပေါက် မြင့်တက်လာပေလိမ့်မည်။ ဖြစ်နိုင်သည်မှာ သူသည် ကန္တာရရှိ အသက်အကြီးဆုံးသော ပုဂ္ဂိုလ်ကြီးများနှင့်ပင် ရင်ဘောင်တန်းနိုင်ပေတော့မည်။
သူမသည် သင့်တော်ပြီး ခန့်ညားသော ဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီးနောက် ဝိညာဉ်ခန်းမသို့ ရောက်ရှိလာခဲ့လေ၏။
“သခင်မလေး...”
ချီနျန်ချူက သူမကို ကြိုဆိုရန် မတ်တတ်ရပ်လိုက်သည်။ သူ၏ ယဉ်ကျေး သိမ်မွေ့သော ဟန်ပန်က လေပြေအေးလေး တစ်ခုပမာပင်။
“အကြံပေး ချီ... ဂါရဝပြုပါတယ်...” ရှီဝမ်က အနည်းငယ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။
“ဆရာကြီး ဒီလောက် အလောတကြီး ရောက်လာရတာ ဘာကိစ္စများ ရှိလို့လဲ ရှင့်...”
“ကျွန်တော် တကယ်ပဲ ရှက်မိပါတယ်...”
ချီနျန်ချူက ညင်သာစွာ သက်ပြင်းချလိုက်သည်။
“မဟာကန္တာရပူဇော်ခြင်း လင်းရွှီ ရဲ့ အရှင်သခင် တစ်ယောက်အနေနဲ့... ကျွန်တော်က ကန္တာရ ပြည်သူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးရမှာပါ... ဒါပေမဲ့ မကြာသေးခင်ကမှ ကန္တာရရဲ့ အနာဂတ်နဲ့ သက်ဆိုင်တဲ့ကြီးမားတဲ့ အဖြစ်အပျက် တစ်ခုနဲ့ ကြုံတွေ့နေရတယ်... အဲဒါကို ဖြေရှင်းဖို့ ကျွန်တော့်မှာ အင်အား မရှိဘူး ဖြစ်နေတယ်...”
“ကျွန်တော် သခင်မလေး ရှီကို မနှောင့်ယှက်သင့်ဘူး ဆိုတာ သိပါတယ်...”
“ဒါပေမဲ့ ကံဆိုးတာက... ဒီကိစ္စက နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ပါဝင်နေတော့ ကျွန်တော့်မှာ လုပ်ပိုင်ခွင့် မရှိဘူး ဖြစ်နေတာကြောင့် သခင်မလေး ဆီကိုကိုယ်တိုင် လာရောက်တွေ့ဆုံရတာပါ...”
ရှီဝမ်၏ ရင်ထဲတွင် မကောင်းသော ခံစားချက် တစ်ခု ပေါ်ပေါက်လာတော့၏။ ဘာဖြစ်တာလဲ ဆိုသည်ကို ရှင်းမပြရသေးမီမှာပင် ရှက်ရွံ့နေပါသည်ဟု ဆိုတတ်သော လူမျိုးမှာများသောအားဖြင့် သူတို့၏ တာဝန်ဝတ္တရားများကို အခြားသူများအပေါ် လွှဲချတတ်ကြသည် မဟုတ်ပါလော။
“အကြံပေး ချီကို ဒီလောက်တောင် ဒုက္ခပေးနေတဲ့ ကိစ္စက ဘာများလဲ ရှင့်...”
တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိသော်လည်း ရှီဝမ် ဆက်လက် မေးမြန်းလိုက်ရ၏။ ချီနျန်ချူက ခန်းမအတွင်းရှိ အစေခံများနှင့် နောက်ပါများကို တစ်ချက် ကြည့်လိုက်ကာ လည်ချောင်းကို အကြိမ်အနည်းငယ် ရှင်းလိုက်သည်။
ရှီဝမ်က သဘောပေါက်သွားပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ “အားလုံးပဲ ထွက်သွားကြ.. ငါ အကြံပေး ချီ နဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်...”
“ဟုတ်ကဲ့ပါ...”
နောက်ပါများ ထွက်သွားပြီးနောက် ခန်းမအတွင်းတွင် သူတို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
ထိုအခါမှ ချီနျန်ချူက စကားစတင်လိုက်တော့၏။
“အမှန်တိုင်း ပြောရရင် သခင်မလေး ရှီ... ဒီကိစ္စက မင်းသမီးလေး နဲ့ သက်ဆိုင်နေသလို... ကန္တာရကြီး ရဲ့ အနာဂတ် လမ်းကြောင်းကိုပါ ဆုံးဖြတ်ပေးမှာပါ...”
“ကျေးဇူးပြုပြီး ဒီကိစ္စကို အလွန် လေးလေးနက်နက် ထည့်တွက်ပေးပါ…”