← Chapters

ဒါက တကယ်ပဲ အားနည်းချက် တစ်ခုလို့ သေချာလား

Vol. 24 Ch. 262

ဒါက တကယ်ပဲ အားနည်းချက် တစ်ခုလို့ သေချာလား

Vol. 24 Ch. 262

“ဒီကိစ္စက မင်းသမီးလေး နဲ့ တကယ်ပဲ သက်ဆိုင်နေတာလား...”

ရှီဝမ် ၏ ရင်ထဲတွင် စပ်စုလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့၏။ လွန်ခဲ့သော နှစ်အနည်းငယ်က မင်းသမီးလေး ကန္တာရသို့ ပြန်လည် ရောက်ရှိလာစဉ်... ကန္တာရ ဆယ့်ခြောက်ပြည်ထောင် မှ ဝိညာဉ် မျိုးဆက် အားလုံးကို အခမ်းအနားသို့ ဖိတ်ကြားခဲ့ရာ သူမလည်း တက်ရောက်ခဲ့ဖူးပြီး မင်းသမီးလေးနှင့် ခေတ္တမျှ စကားပြောဆိုခွင့် ရရှိခဲ့သည်။

သူမ၏ မှတ်ဉာဏ်ထဲတွင်မူ... မင်းသမီးလေးမှာ အလွန်တရာ အာဏာစက် ပြင်းထန်ပြီး ပြတ်သားလွန်းသူ တစ်ဦး ဖြစ်ပေသည်။ ကန္တာရသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက်... မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ သူမ၏ စွမ်းပကားများကို ထုတ်ဖော်ပြသခဲ့၏။ ဝတ်စုံနီကို ဆင်မြန်းထားသော ထိုပုံရိပ်မှာ အခမ်းအနားသို့ တက်ရောက်လာသည့် ကန္တာရ ဝိညာဉ် မျိုးဆက်များစွာကို မှင်သက်သွားစေခဲ့သည်။

ထို့အပြင်... လင်းရွှီ (၁၆) ခုစလုံးနှင့် တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်နိုင်ခဲ့သဖြင့်... မိမိကိုယ်ကိုယ် ထိပ်သီးဟု သတ်မှတ်ထားကြသော အဘိုးအိုကြီးများကိုပင် ဒူးထောက် အညံ့ခံစေခဲ့သည် မဟုတ်ပါလော။ ထိုအချိန်မှစ၍ မင်းသမီးလေးကို နောက်တစ်ကြိမ် ထပ်မတွေ့ရတော့သော်လည်း... သူမ၏ ဒဏ္ဍာရီများမှာမူ ကန္တာရအတွင်း နှစ်ပေါင်းများစွာ တိုင်အောင် ပျံ့နှံ့နေခဲ့ပေသည်။

ယခုအခါ မင်းသမီးလေးသည် ကန္တာရတွင် အလွန် အရေးပါသော နေရာတစ်ခုကို ပိုင်ဆိုင်ထားလေပြီ။ ကျယ်ပြောလှသော ကန္တာရကြီးအတွင်း မင်းသမီးလေးပင်လျှင် လက်မှိုင်ချရလောက်မည့် ကိစ္စမျိုးမှာ အလွန်တရာ ရှားပါးလှပေလိမ့်မည်။

“သခင်မလေး ရှီ... အခု ကျွန်တော် ပြောမယ့် အကြောင်းအရာက အရမ်းကို အရေးကြီးလွန်းလှတယ်... ခင်ဗျား အနေနဲ့ ဝိညာဉ် မျိုးဆက် တစ်ဦးရဲ့ စိတ်ဆန္ဒနဲ့ ဆွေ့ရှ လင်းရွှီ မှာ သစ္စာဆိုပေးဖို့ လိုအပ်တယ်... ဒီနေ့ ကျွန်တော်တို့ ပြောသမျှ စကားတွေကို တခြား ဘယ်သူ့ကိုမှ ထုတ်မပြောပါဘူး ဆိုတာကိုပေါ့...”

ချီနျန်ချူ က လေးနက်သော လေသံဖြင့် တိုက်တွန်းလိုက်လေ၏။

ရှီဝမ် မျက်မှောင်ကြုတ်သွားသည်။

“အကြံပေး ချီ... ဘာအကြောင်းအရာလဲ ဆိုတာ အရိပ်အမြွက်တောင် မပေးဘဲနဲ့... ကျွန်မကို ဝိညာဉ် မျိုးဆက် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ သစ္စာဆိုခိုင်းတာက... နည်းနည်းတော့ မလွန်လွန်းဘူးလား ရှင့်...”

ဝိညာဉ် မျိုးဆက် တစ်ဦး၏ သစ္စာဆိုမှုမှာ ကစားစရာ မဟုတ်ချေ။ ၎င်းသည် ဝိညာဉ် မျိုးဆက် တစ်ဦး၏ ဂုဏ်သိက္ခာနှင့် အရှက်တရားကို ကိုယ်စားပြုနေခြင်းပင် ဖြစ်၏။

“ကျွန်တော် သခင်မလေးကို အရှက်ခွဲဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး...”

ချီနျန်ချူ က ရုတ်တရက် ဝုန်းခနဲ ထရပ်ပြီး နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

“ဒါက မင်းသမီးလေး ရဲ့ ဘေးကင်းရေးနဲ့ ကန္တာရကြီး ရဲ့ အနာဂတ် အတွက်မို့လို့... ကျွန်တော် ဒီလို မလုပ်လို့ မရလို့ပါ...”

“ကျွန်တော် ထင်တာကတော့...”

“သခင်မလေး ရှီ အနေနဲ့ ရှီ မိသားစု... ဒါမှမဟုတ် ဆွေ့ရှ နိုင်ငံ တစ်ခုလုံးကို... ကန္တာရရဲ့ အပြစ်သားတွေ အဖြစ် အဖြစ်မခံချင်ဘူး မဟုတ်လား...”

နောက်ဆုံး စကားလုံးကို ပြောလိုက်ချိန်တွင် ချီနျန်ချူမှာ နူးညံ့သိမ်မွေ့ဟန် ပေါက်နေသော်လည်း... သူ၏ အရှိန်အဝါမှာမူ အလွန်တရာ ချွန်ထက် လာတော့၏။

ရှီဝမ်မှာ သွားကို တင်းတင်းကြိတ်လိုက်မိသည်။ ချီနျန်ချူ၏ နည်းလမ်းများကို သူမ ကောင်းစွာ သိရှိထားရာ... ရှီ မိသားစု အနေဖြင့် ယခုအချိန်တွင် သူ့ကို ရန်သူအဖြစ် မသတ်မှတ်လိုချေ။

“ကောင်းပါပြီ... ကျွန်မ သစ္စာဆိုပါ့မယ်... အကယ်၍ ကျွန်မ ဒီကတိကို ဖောက်ဖျက်ခဲ့ရင်... ကျွန်မရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးရမှာ ဖြစ်သလို... လင်းရွှီ ရဲ့ ကာကွယ်မှုကိုလည်း နောက်ထပ် မရရှိပါစေနဲ့...”

ရှီဝမ်က လေးနက်သော အသံဖြင့် ကြွေးကြော်လိုက်၏။

ထို့နောက် သူမက ကန့်သတ်ချက် ထားလိုက်သည်။

“ဒါပေမဲ့ ဒီနေ့ ပြောမယ့် စကားတွေကို လျှို့ဝှက်ထားမယ် ဆိုတာကိုပဲ ကျွန်မ အာမခံနိုင်တာနော်... အကြံပေး ချီ ရဲ့ တောင်းဆိုချက်ကို သဘောတူမယ် လို့တော့ အာမမခံနိုင်ဘူး...”

“သေချာတာပေါ့...”

ချီနျန်ချူ က ခေါင်းညိတ်ပြလိုက်၏။

“သခင်မလေး ရှီ သဘောတူ၊ မတူ ဆိုတာက... ခင်ဗျားရဲ့ကိုယ်ပိုင် အသိတရားနဲ့ ကန္တာရ နတ်ဘုရား အပေါ် ထားရှိတဲ့ ယုံကြည်ချက် အပေါ်မှာပဲ လုံးဝ မူတည်နေပါတယ်...”

“ကျေးဇူးပြုပြီး ပြောပါ...”

ရှီဝမ်မှာ ယနေ့တွင် သူမအတွက် လွတ်လမ်းမရှိတော့ကြောင်း သဘောပေါက်လိုက်လေပြီ။

“သခင်မလေး ရှီ... မင်းသမီးလေး ရဲ့ အတိတ်နဲ့ ပတ်သက်ပြီး တစ်ခုခု သိထားတာ ရှိလား...” ချီနျန်ချူ က မေးမြန်းလိုက်၏။

“နည်းနည်းပါးပါးတော့ ကြားဖူးပါတယ်…”

ရှီဝမ်က ခေါင်းညိတ်လျက် ပြန်လည် ရှင်းပြလိုက်သည်။

“မင်းသမီးလေး က တာ့ယန် မင်းဆက် က လာတာ မဟုတ်လား... ကျွန်မတို့နဲ့ နတ်ဆိုးနယ်မြေ၊ ပြီးတော့ အဆုံးမဲ့ ပင်လယ် ခြားနေတဲ့ နေရာပေါ့... သူ့ရဲ့ ကျင့်ကြံခြင်း စနစ်ကလည်း ကန္တာရကြီး နဲ့ မတူဘူးလေ...မင်းသမီးလေးက အရင်တုန်းက ကူသခင် တစ်ယောက် မဟုတ်လား ...”

“မှန်တာပေါ့...”

ချီနျန်ချူ က ခေါင်းညိတ် ထောက်ခံလိုက်ပြီး စကားစလိုက်၏။

“အဲဒါကပဲ ပြဿနာပဲ... ကူသခင် တိုင်းမှာ ကိုယ်ပိုင် ပင်မကူတွေ ရှိကြတယ်... မင်းသမီးလေး လည်း အပါအဝင်ပေါ့...”

“သူ့ရဲ့ ပင်မကူ နာမည်က စစ်မှန်သော အချစ် ကူ တဲ့... ဆိုလိုတာက သူ့ရဲ့ စစ်မှန်တဲ့ အချစ်ကို လူတစ်ယောက်တည်းကိုပဲ ပေးအပ်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ...”

ဤနေရာသို့ ရောက်သောအခါ ရှီဝမ်မှာ ချီနျန်ချူ၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားလေပြီ။

သူမသည် ဘာမှ ဝင်မပြောဘဲ တိတ်ဆိတ်စွာသာ နားထောင်နေတော့၏။

ချီနျန်ချူ က ဆက်ပြောလာသည်။

“ကန္တာရကို မလာခင်ကတည်းက... မင်းသမီးလေး ရဲ့ ရင်ထဲမှာ လူတစ်ယောက် ရှိနေနှင့်ပြီးသားပဲ... ကျွန်တော်လည်း မင်းသမီးလေးကို အကြိမ်ကြိမ် စမ်းသပ်ကြည့်ဖူးတယ်... တစ်သက်လုံး အတူနေသွားဖို့ ကန္တာရ က လူတစ်ယောက်ကို ရွေးချယ်ဖို့ ဆန္ဒရှိလား ဆိုတာပေါ့...”

“တစ်ခါတုန်းကဆိုရင် မင်းသမီးလေးက ဒေါသတကြီးနဲ့တောင် ပေါက်ကွဲသွားခဲ့သေးတယ်...”

“ပြောပြပါဦး... စစ်မှန်တဲ့ အချစ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ... သူမရဲ့ နှလုံးသားက ရှိမြဲအတိုင်း ရှိနေတာ... မင်းသမီးလေး ချစ်တဲ့လူက သူ့ကို အရင်ဆုံး သစ္စာမဖောက်သရွေ့တော့ ဘယ်သူမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး...”

“ဒါပေမဲ့...”

“မင်းသမီးလေး က သိပ်ကို မြင့်မြတ်လွန်းတယ်... တာ့ယန် က အဲဒီ သစ္စာဖောက်ကတော့ သူ့ရဲ့ နှလုံးသားကို ရလိုက်လို့ အိပ်မက်ထဲမှာတောင် ရယ်နေလောက်ပြီ... သူက ဘယ်လိုလုပ် မိုက်မိုက်မဲမဲ လုပ်ပါ့မလဲ... သူက အမြတ်ထုတ်ဖို့ပဲ စဉ်းစားနေမှာပေါ့...”

“ဒါပေမဲ့ ကျွန်တော်တို့ ကတော့... ကန္တာရရဲ့ ပြည်သူတွေ အနေနဲ့... မင်းသမီးလေး ရဲ့ မြင့်မြတ်တဲ့ သွေးသားတွေ ညစ်နွမ်းသွားမှာကို... ပြီးတော့ အပြင်က လူယုတ်မာ တစ်ယောက်နဲ့ ပေါင်းစည်းသွားမှာကို... ဒီအတိုင်း ကြည့်မနေနိုင်ဘူး...”

“မင်းသမီးလေး ရဲ့ သွေးသား မျိုးဆက် က ကန္တာရ က လူပဲ ဖြစ်ရမယ်...”

ချီနျန်ချူ ၏ အသံမှာ ပိုမို ကျယ်လောင်လာပြီး သူ၏ အမူအရာမှာလည်း ရက်စက်လာကာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များကို အတိအလင်း ထုတ်ဖော်ပြသလိုက်တော့၏။

ဤအခြင်းအရာမှာ အစီအစဉ်ကို ရှင်းပြနေရုံသာ မဟုတ်ဘဲ ရှီဝမ်ကို ဖိအားပေးကာ အခြေအနေ၏ လေးနက်မှုကို သိမြင်စေရန် လုပ်ဆောင်ခြင်းလည်း ဖြစ်ပေသည်။

ရှီဝမ်၏ မျက်နှာမှာ ပျက်ယွင်းသွားတော့၏။

“အကြံပေး ချီ ရဲ့ ဆိုလိုရင်းက... ကျွန်မ တာ့ယန်ကို သွားပြီး... မင်းသမီးလေး ချစ်နေတဲ့ အဲဒီလူကို... ရွံစရာကောင်းပြီး ယုတ်မာတဲ့ နည်းလမ်းတွေနဲ့ ဖြားယောင်းရမယ် ပေါ့လေ...”

“မဟုတ်တာ...”

ချီနျန်ချူ က လေးနက်စွာဖြင့် တုံ့ပြန်လိုက်သည်။

“ကန္တာရကြီး အတွက် ကိုယ့်ကိုယ်ကိုယ် စတေးတာက မြင့်မြတ်တဲ့ လုပ်ရပ်တစ်ခုပါ... ဘယ်လိုလုပ်ပြီး ရွံစရာ ကောင်းပြီး ယုတ်မာတယ်လို့ ပြောနိုင်မှာလဲ...”

“သခင်မလေး ရှီ... သေချာ စဉ်းစားကြည့်ပါဦး...”

“အကယ်၍ အဲဒီလူက မင်းသမီးလေး အပေါ် တကယ်ပဲ သစ္စာရှိပြီး ဖြောင့်မတ်တဲ့သူ ဆိုရင်... သူ ဘယ်လိုလုပ် သစ္စာဖောက်ပါ့မလဲ...”

“အကယ်၍ သူသာ သစ္စာဖောက်သွားခဲ့ရင်... သူက မင်းသမီးလေးနဲ့ လုံးဝ မထိုက်တန်ဘူး ဆိုတာ သက်သေပြလိုက်တာပဲ မဟုတ်လား...”

“ဒါကြောင့် ခင်ဗျားရဲ့ လုပ်ရပ်က ယုတ်မာတာ မဟုတ်ဘဲ... မင်းသမီးလေးကို ဒုက္ခတွေထဲကနေ ကယ်တင်ပေးလိုက်တာပဲ... ဒါက ခင်ဗျားအတွက်ရော သူ့အတွက်ရော စမ်းသပ်မှု တစ်ခုပဲလေ...”

ချီနျန်ချူ ၏ စကားလုံးများမှာ ပြတ်သားလွန်းလှပြီး မမြင်ရသော ခြိမ်းခြောက်မှုများ ပါဝင်နေသဖြင့် ရှီဝမ်မှာ ပြန်လည် ချေပရန်ပင် လမ်းစ မရှိတော့ချေ။

သူမသည် တွေဝေသွားတော့၏။ ချီနျန်ချူ ကလည်း သူမ၏ တွေဝေမှုကို သတိပြုမိသွားကာ အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

“သခင်မလေး ရှီ... ခင်ဗျားရဲ့ မိခင်က နတ်ဆိုးဝိညာဉ်တွေရဲ့ နှောင့်ယှက်မှုကြောင့် အပြင်းအထန် ဖျားနာနေပြီး... ခင်ဗျားရဲ့ ဖခင်ကလည်း လင်းရွှီ ထဲကို နက်နက်ရှိုင်းရှိုင်း ဝင်သွားခဲ့လို့ အခုထိ သတင်းမရသေးဘူး ဆိုတာကို ကျွန်တော် သိပါတယ်...”

“နတ်ဆိုးဝိညာဉ်တွေ ရှိနေတာက ကန္တာရ ပြည်သူတွေကို ဖော်ပြလို့ မရနိုင်လောက်အောင် ဒုက္ခရောက်စေတာပဲလေ...”

ဒါပေမဲ့ အဲဒီ အရာအားလုံးက...

“မင်းသမီးလေး နတ်ဘုရား စင်မြင့်ပေါ်ကို တက်လှမ်းလိုက်တာနဲ့... အရာအားလုံးက မီးခိုးတွေလို ပျောက်ကွယ်သွားလိမ့်မယ်...”

“ကျွန်တော် ချီနျန်ချူ... ဝိညာဉ် မျိုးဆက် တစ်ဦးရဲ့ စိတ်ဆန္ဒနဲ့ ကျိန်ဆိုပါတယ်...”

“သခင်မလေး ရှီ သာ ကန္တာရကြီး အတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်ဖို့ ဆန္ဒရှိမယ် ဆိုရင်... ရှီ မိသားစု ခေါင်းဆောင် နဲ့ သူ့ဇနီးကို ကာကွယ်ပေးဖို့ ကျွန်တော် မင်းသမီးလေးကို အကြံပြုပါ့မယ်... နောင်အနာဂတ်မှာလည်း ခင်ဗျားတို့ ရှီ မိသားစု က ဆွေ့ရှ နိုင်ငံ ရဲ့ နံပါတ် (၁) မိသားစု အဖြစ် ဆက်ရှိနေဦးမှာပါ...”

အကြမ်း၊ အနု နည်းလမ်းနှစ်မျိုးလုံးကို သုံးခြင်းမှာ ချီနျန်ချူ၏ ထူးခြားချက်ပင် ဖြစ်၏။

ထိုသို့ ပြောပြီးနောက် သူက မျက်လုံးများကို မှိတ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတော့သည်။

ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက်... ရှီဝမ်က ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းကာ စကားပြောလိုက်လေ၏။

“ဒီမိန်းမငယ်လေး အနေနဲ့... မင်းသမီးလေး ရဲ့ ပူပန်မှုတွေကို ဖြေဖျောက်ပေးဖို့...ကြီးမြတ်တဲ့ ကန္တာရကြီး အတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်...”

“သခင်မလေး ရှီ ရဲ့ အသိတရားနဲ့ စိတ်ဆန္ဒကို ကျွန်တော် တကယ်ပဲ လေးစားမိပါတယ်...”

ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်သဖြင့် ချီနျန်ချူက စိတ်အေးသွားဟန်ဖြင့် ပြုံးလိုက်တော့၏။

“အပိုစကားတွေ ရပ်လိုက်ပါတော့...”

ရှီဝမ်က ဖြတ်ပြောလိုက်သည်။

“အဲဒီလူ အကြောင်းကိုပဲ ကျွန်မကို ပြောပြပါ...”

“ကောင်းပါပြီ...”

ချီနျန်ချူ က ခေါင်းညိတ်လျက် ရှင်းပြလိုက်သည်။

“အဲဒီလူရဲ့ နာမည်က လီယွမ် လို့ ခေါ်တယ်... သူက မင်းသမီးလေး ရဲ့ ဂျူနီယာမောင်လေး ပါ... သူတော်စင် မင်းသမီးလေး ရဲ့ ဂိုဏ်းတူ မောင်လေး ... သူက တောင်ပိုင်းနယ်စပ် က ကျိုးကုန်း တောင်တန်းကြီး ရဲ့ နဝမ ကူနန်းတော် အပြင်ဘက်က အမှတ် (၁၂) ဂူစံအိမ် မှာ နေထိုင်တယ်...”

“သူ့ရဲ့ ကူလမ်းစဉ် နယ်ပယ် ကတော့ အဋ္ဌမအဆင့်မှာ ရှိလောက်ပြီ ထင်တယ်...”

“သူ့မှာ ရင်းနှီးတဲ့ သူငယ်ချင်း အနည်းငယ်ပဲ ရှိတာ... တစ်ယောက်က မင်းသမီးလေး ရဲ့ ဆရာ ယွီဟန်ချွမ်း ပဲ... ပြီးတော့ စီနီယာအစ်ကို ဖေးလော့ချန် လည်း တစ်ယောက် အပါအဝင်ပေါ့...”

“ပြီးတော့ အခု အမှတ် (၁၂) ဂူစံအိမ် ရဲ့ အရှင်သခင်ဖြစ်တဲ့ ဝမ်ကျောက်ကျောက် လည်း ရှိသေးတယ်... သူက လီယွမ် နဲ့ အရင်းနှီးဆုံးပဲ... သူတို့က ကူလမ်းစဉ်ကို စတင် ဝင်ရောက်ကတည်းက ဆုံတွေ့ခဲ့ကြတာ... အခုထိ အတူတူ ရှိနေကြတုန်းပဲ...”

“ဒါ့အပြင်... တောင်ပိုင်းနယ်စပ် စစ်ဆေးရေးရုံး ရဲ့ ကြယ်ပွင့်သစ် ဖြစ်တဲ့ ရှောင်ချင်အာ နဲ့လည်း လီယွမ် က ပတ်သက်မှု အချို့ ရှိခဲ့ဖူးတယ်... ဒါပေမဲ့ အခုတော့ သူတို့ ဆက်ဆံရေးက အလှမ်းဝေးနေလောက်ပါပြီ...”

“...”

ချီနျန်ချူ က အချက်အလက်များကို စုစည်းကာ မှတ်တမ်းကျမ်း တစ်ခုအတွင်း ရေးသားထားပြီး ဖြစ်ရာ... ၎င်းကို ရှီဝမ် ထံသို့ ကမ်းပေးလိုက်လေ၏။

“ကျွန်မမှာ မေးစရာ တစ်ခု ရှိတယ်...”

မှတ်တမ်းကျမ်းကို ဖတ်ပြီးနောက် ရှီဝမ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ပြောပါဦး...”

ချီနျန်ချူ က သူ၏ မုတ်ဆိတ်အား ပွတ်သပ်ကာ ပြုံးလိုက်၏။

“မှတ်တမ်းကျမ်းထဲက ဖော်ပြချက်တွေ အရဆိုရင်... လီယွမ် မှာ ချစ်သူ ရှိနှင့်ပြီးသားပဲ မဟုတ်လား... အဲဒါကို မင်းသမီးလေး က စိတ်မရှိဘူးလား...”

ရှီဝမ် တကယ် ပြောချင်သည့် အရာမှာ...

‘အကယ်၍ လီယွမ် က လာသမျှ မိန်းကလေးတိုင်းကို လက်ခံနေတဲ့သူ ဆိုရင်ကော... ကျွန်မက အလကား သက်သက် ပေးဆပ်လိုက်ရသလို ဖြစ်မသွားဘူးလား...’ ဟူ၍ပင်။

ချီနျန်ချူ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ “လီယွမ် က သူတို့ကို ညီမလေးတွေလိုပဲ ဆက်ဆံတာ ဖြစ်လောက်ပါတယ်... ဒါက ချစ်သူရည်းစား အချစ်မျိုးနဲ့တော့ ကွဲပြားမှာပါ...” ဟု တုံ့ပြန်လိုက်၏။

ရှီဝမ် - “...”

‘နေပါဦး... ဒီစကားကို ရှင်ကိုယ်တိုင်ကော ယုံရဲ့လား...’

“မင်းသမီးလေး က လီယွမ် အပေါ်မှာ အဲဒီလောက် စွဲလန်းနေတာက... အကြောင်းရင်း တစ်ခုခုတော့ သေချာပေါက် ရှိရမယ်... အတိုချုပ် ပြောရရင်တော့... ခင်ဗျား အဲဒီ အကြောင်းရင်းကို ရှာဖွေပြီး လီယွမ် ရဲ့ နှလုံးသားကို ရိုက်ချိုးပစ်ရမှာပဲ...”

လီယွမ်က သိပ်ကို ဆွဲဆောင်မှု ရှိလွန်းလို့... မင်းသမီးလေးတွေတောင်မှ သူ၏ မယားငယ် အဖြစ် အပြိုင်အဆိုင် လုပ်ချင်နေကြတာပါ ဟုတော့ ချီနျန်ချူ အနေဖြင့် အမှန်အတိုင်း မပြောရဲခဲ့ချေ။

ရှီဝမ်က ဆက်လက် မေးမြန်းလိုက်သည်။

“လီယွမ် မှာ ဘယ်လို အားနည်းချက်တွေ ရှိလဲ ဆိုတာကိုကော အကြံပေး ချီ သိလား...”

“အားနည်းချက်... ဟုတ်လား...”

ချီနျန်ချူ က အချိန်အတော်ကြာ စဉ်းစားလိုက်ပြီး ဖြေကြားလိုက်သည်က

“သူ့ရဲ့ တစ်ခုတည်းသော အားနည်းချက်က... လောက ရေးရာတွေနဲ့ အဆက်အသွယ် သိပ်မရှိဘဲ... တစ်နေ့ကုန် ကူလမ်းစဉ် ထဲမှာပဲ နစ်မြုပ်နေတာပဲ... သူက ကူကျင့်ကြံမှုကို အရူးအမူး ဖြစ်နေတဲ့သူ... ဒါမှမဟုတ် သူက တော်တော်လေးကို ရိုးသားဖြူစင်တဲ့သူ လို့ ပြောရမလား...”

ရှီဝမ် - “...”

“ဒါက တကယ်ပဲ... အားနည်းချက် တစ်ခုလို့... ရှင် သေချာရဲ့လား…”

All Chapters