ကံကြမ္မာ၏ နောက်ထပ် ဦးတည်ရာ လမ်းကြောင်း
Vol. 24 Ch. 264
အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့လေပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပင် လအနည်းငယ် ကြာမြင့်သွားခဲ့၏။ နဝမ ကူ နန်းတော် ၏ အခိုင်အမာ ပံ့ပိုးမှုဖြင့် ရှောင်ချင်အာ သည် ကူသခင်များ နှင့် သေမင်းရုပ်သေးများဖြင့်သာ သီးသန့် ဖွဲ့စည်းထားသော ထူးခြားသည့် စစ်တပ်ကြီး တစ်ခုကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။
လီယွမ် သည်လည်း သူ၏ ကတိအတိုင်း ဤအထူးချွန်ဆုံးသော ကူလမ်းစဉ် အဖွဲ့အစည်းအတွက် လက်အောက်ခံ ကူ နှင့် အသား ကူ အမြောက်အမြားကို ရှောင်ချင်အာ ထံသို့ လှူဒါန်းခဲ့ပေသည်။ အများအကျိုးအတွက် ဖြစ်စေ၊ ပုဂ္ဂိုလ်ရေးအရ ဖြစ်စေ သူသည် ရှောင်ချင်အာကို ထောက်ခံ ပေးရမည်သာ ဖြစ်၏။
ဤအခြင်းအရာမှာ ရှောင်ချင်အာ အနေဖြင့် ပြည်သူများ၏ ယုံကြည်မှုကို ရယူရန်နှင့် အစိုးရ အဖွဲ့၏ ထိပ်တန်း အဆင့်သို့ အပြည့်အဝ တက်လှမ်းနိုင်ရန် နောက်ထပ် အခွင့်အရေး တစ်ခုပင် ဖြစ်ပေသည်။
ရှောင်ချင်အာ ကိုယ်တိုင်အပြင် လီယွမ် သည် တောင်ပိုင်း ကင်းလှည့်စစ်တပ် ၏ တိုက်ပွဲကြီးတွင် အောင်မြင်မှုကို အလိုလားဆုံးသူ ဖြစ်သည်ဟုပင် ဆိုနိုင်သည်။
ပုဂ္ဂိုလ်ရေး အင်အားချင်း ယှဉ်လျှင်မူ လီယွမ် သည် သူ၏ စွမ်းရည်များကို အစဉ်တစိုက် မြှင့်တင်နေပြီး နောက်ဆုံးတွင် နဝမအဆင့် နှင့် ထိုထက် မြင့်မားသော နယ်ပယ်သို့ ရောက်ရှိကာ အထွတ်အထိပ် သို့ တက်လှမ်းနိုင်မည်ပင်။ အာဏာ နယ်ပယ်တွင်မူ သူ၏ ရှေ့ဆက်ရမည့် လမ်းကြောင်းများ ချောမွေ့စေရန်နှင့် မမျှော်လင့်ထားသော ကိစ္စရပ်များ အတွက် ခိုင်မာသော အခြေအနေ တစ်ရပ်ကို ဖန်တီးပေးရန် ရှောင်ချင်အာကို သူ လိုအပ်ပေသည်။
“အခုတော့ စန်းဟိုင်ဂိတ် တိုက်ပွဲကြီး ပြန်လည် စတင်ဖို့ပဲ ကျန်တော့တာပေါ့...”
လီယွမ် ကတွေးတောရင်း ကူလမ်းစဉ် အတွင်းသို့ နောက်တစ်ကြိမ် အာရုံနစ်မြှုပ်လိုက်ပြန်သည်။ နေ့စဉ်နေ့တိုင်း ကူအိမ် သုံးခုကို တည်ဆောက်နေရသည့် အပြင် မုရုံ မျိုးနွယ်စု ထံမှ လုယူခဲ့သော ရတနာများအား ပေါင်းစပ်၍ ရှားပါးကူ သို့မဟုတ် ထူးခြားကူ အသစ်များကို သန့်စင်ရန်လည်း သူ ကြိုးစားခဲ့သေး၏။
(၈) ကြိမ်မြောက် ပင်မကူ အဖြစ် အသုံးပြုရန် သင့်တော်သော ကူကောင် တစ်ကောင်ကို သူ ရှာဖွေနေခြင်းပင်။ ကံဆိုးလှသည်မှာ... ထိုသို့ ပျိုးထောင်လိုက်သော ရှားပါးကူများမှာ ယခင်က ရှိပြီးသား အမျိုးအစားများသာ ဖြစ်နေပြီး ၎င်းတို့၏ စွမ်းရည်များမှာလည်း လီယွမ် မျှော်လင့်ထားသည့် အဆင့်သို့ ရောက်မလာခဲ့ချေ။
“ကောင်းကင်နဂါး အရိုး ကလွဲရင် မုရုံ မျိုးနွယ်စု ရဲ့ ကျန်တဲ့ ရတနာတွေက သိပ်ပြီး မကောင်းလှဘူး... ကန္တာရက ထွက်တဲ့ ရတနာတွေကမှ ပိုပြီး ရှားပါးသလို သုံးရတာလည်း ပိုပြီး အဆင်ပြေတာ...”
လီယွမ် သည် စီနီယာအစ်မကို သတိရလာမိသည်။ စီနီယာအစ်မ ၏ သွေးအချို့ကို ရယူကာ အာနိသင်များကို စမ်းသပ်ကြည့်ချင်စိတ်များလည်း ပေါ်ပေါက်နေတော့သည်။
“အဋ္ဌမမြောက် နဲ့ နဝမမြောက် ပင်မကူတွေကတော့ အချိန်နဲ့ ဟင်းလင်းပြင် ဆိုတဲ့ ထူးခြားတဲ့ စည်းမျဉ်း စွမ်းအား နှစ်ခုကို ပိုင်ဆိုင်ထားတဲ့ အရာတွေ ဖြစ်သင့်တယ်...”
လီယွမ် က မျှော်လင့်နေမိ၏။
သူ၏ ပန်းတိုင်မှာ ရှင်းလင်းလှပေသည်။ လောကတွင် အထူးခြားဆုံးသော နိယာမ စွမ်းအားများမှာ အချိန်နှင့် ဟင်းလင်းပြင်ပင် ဖြစ်သည်။ လီယွမ် သည် လျှို့ဝှက် နယ်မြေ အတွင်းသို့ ဝင်ရောက်ကာ ပင်မကူများ မဟုတ်သော်လည်း သူ အသေအချာ ဂရုတစိုက် ပျိုးထောင်ထားသော ကူကောင် နှစ်ကောင်ကို ထုတ်ယူလိုက်တော့၏။
တစ်ကောင်မှာ နွေဦးဆောင်းဦး ပိုးအိမ် ၏ အိမ်မက် အသွင်ပြောင်းကိုးမျိုး ဖြစ်စဉ်မှ ဆင့်ကဲ ပြောင်းလဲလာသော အချိန်ကာလ ရောင်စုံလိပ်ပြာ ဖြစ်ပြီး လီယွမ် ၏ နောက်ထပ် ပင်မကူ ဖြစ်လာရန် အသင့်တော်ဆုံးသော ကောင်လေးပင်။ အခြား တစ်ကောင်မှာမူ လျှပ်တပြက်ကူ ပင် ဖြစ်၏။
လီယွမ် သည် အရိုင်းနယ်မြေ ရှိ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတား မှ နှစ်ပေါင်း (၁၀၀၀) သက်တမ်းရှိ ရှားပါး ပန်း ဖြစ်သော နွေရာသီ ဆောင်းဦး ပန်းကို ရရှိခဲ့သည်။ ၎င်းကို ပုစဉ်းရင်ကွဲ၏ အသက်ဖြင့် အစားထိုး နည်းစနစ်ဖြင့် ဤကူကောင်ကို ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။ ထိုကူကောင် နှစ်ကောင်စလုံးမှာ ထူးကဲသော စွမ်းအားများကို ပိုင်ဆိုင်ထားကြပြီး အချိန် နိယာမ အငွေ့အသက် အနည်းငယ် ပါရှိနေကြ၏။
လီယွမ် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လျှပ်တပြက်ကူ နှင့် စတင် စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ အချိန်ကာလ ရောင်စုံလိပ်ပြာ မှာမူ ထူးခြားကူ အဆင့်၏ အောက်ဆုံး အထိအတွေ့အထိ ဆင့်ကဲ ပြောင်းလဲထားပြီး ဖြစ်ရာ ပေါင်းစပ်ရန် အတွက် အထူး ရတနာ တစ်ခုခု မရှိဘဲနှင့် ရှေ့ဆက်ရန်မှာ ခက်ခဲပေလိမ့်မည်။
[မူလ ကုန်ကြမ်းပစ္စည်းများကို ရွေးချယ်ပါ]
[ရှားပါးကူ လျှပ်တပြက်ကူ ထဲသို့ ဟင်းလင်းပြင် ဝိညာဉ်ကျောက်တုံး နှင့် လွင့်ပါးတိမ်မြက် တို့ကို ထည့်သွင်း ပေါင်းစပ်ပါမည်]
[ဖန်တီးမှုကို စတင်ပါပြီ]
ကောင်းကင်နဂါး အရိုးကို ဖယ်လိုက်လျှင် ထို ဝိညာဉ်ကျောက်တုံး နှင့် လွင့်ပါးတိမ်မြက် တို့မှာ မုရုံ မျိုးနွယ်စု ၏ ခိုအောင်းရာ စခန်းတွင် လီယွမ် ရှာတွေ့ခဲ့သော အဖိုးတန်ဆုံး ရတနာများပင်။
၎င်းတို့မှာ ဟင်းလင်းပြင် ဂုဏ်သတ္တိ အနည်းငယ် ပါဝင်နေသည့် ရှားပါး ရတနာ အနည်းငယ်ထဲမှ အချို့လည်း ဖြစ်ပေသည်။
ဝိညာဉ်ကျောက်တုံး ဆိုသည်မှာ ကုန်းမြေနှင့် ပင်လယ် ဆုံစည်းရာ ကြားကွက်လပ်များတွင်သာ ဖြစ်တည်လေ့ ရှိ၏။ ဖုန်မှုန့် နှင့် ရေစက်များ၏ ထိတွေ့ မခံရဘဲ ကောင်းကင်နှင့် မြေကြီး၏ ထူးခြားသော စည်းမျဉ်းများဖြင့် ပျိုးထောင်ခံထားရသော အရာ ဖြစ်၏။ ၎င်းကို ခူးယူရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။ အကယ်၍ ပြင်ပ အင်အားစု တစ်ခုခုသာ ဝင်ရောက် စွက်ဖက်မိပါက ထိုကြားကွက်လပ်မှာ ရုတ်တရက် ပြောင်းလဲသွားပြီး နုနယ်လှသော ဝိညာဉ်ကျောက်တုံးကို ခြေမွ ပျက်စီးသွားစေမည် ဖြစ်၏။
သို့သော် လွင့်ပါးတိမ်မြက် မှာမူ ပို၍ပင် ထူးခြားလှသေးသည်။ ဒဏ္ဍာရီများ အရ ၎င်းမှာ ရေထဲတွင် ပေါက်ရောက်လေ့ရှိသော သာမန် ရေမြက်ပင် တစ်မျိုးသာ ဖြစ်သော်လည်း တစ်နေ့တွင် ထိုရေပြင်၌ နဂါးက ရေကို စုပ်ယူခြင်း ဟူသော ထူးဆန်းသည့် ဖြစ်စဉ်ကြီး တစ်ခု ပေါ်ပေါက်လာခဲ့သည်။
သာမန် ရေမြက်ပင်များမှာ ထိုထူးဆန်းသော ဖြစ်စဉ်နှင့်အတူ ကောင်းကင်ယံသို့ လွင့်ပါးသွားခဲ့ပြီး တိမ်တိုက်များ ကြားတွင် အံ့သြဖွယ်ကောင်းအောင် ဆက်လက် ရှင်သန်နေခဲ့ကြ၏။ ထို့နောက်တွင် ကောင်းကင်ယံ၌ကြီးထွားနေသော ထို ရေမြက်ပင်များမှာ သည်းထန်စွာ ရွာသွန်းသော မိုးနှင့်အတူ မြေပြင်ပေါ်သို့ ပြန်လည် ကျဆင်းလာခဲ့ရာ အစွမ်းထက်သော သိုင်းပညာရှင် တစ်ဦးက ကောက်ယူ ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ထိုအခိုက်အတန့်၌ ထိုသိုင်းပညာရှင်မှာ တိမ်တိုက် ပုန်းကွယ်ခြင်း နည်းစနစ်ကို တတ်မြောက်သွားသည်။ တိမ်တိုက်များ ကြားတွင် ဟင်းလင်းပြင်ကို မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းနိုင်ကာ မည်သည့် သဲလွန်စမျှ မကျန်အောင် ပျောက်ကွယ် သွားနိုင်သဖြင့် ဝေဟင် တိုက်ပွဲများတွင် အရှုံး မရှိသူ တစ်ဦးအဖြစ် ကျော်ကြားခဲ့သည်။ ၎င်းက လွင့်ပါးတိမ်မြက် ဟူသော အမည်၏ အစပင် ဖြစ်တော့၏။
“လျှပ်တပြက်ကူ... မင်းလည်း အစွမ်းကုန် ကြိုးစားကြည့်ဦးမှပေါ့...”
လီယွမ် သည် အချိန်နှင့် ဟင်းလင်းပြင် အမျိုးအစား ကူကောင်များကို ဖန်တီးရန်မှာ အခြား ကူကောင်များထက်များစွာ ပိုမို ခက်ခဲကြောင်း သိရှိထားပေသည်။ ဝိညာဉ်ကျောက်တုံး နှင့် လွင့်ပါးတိမ်မြက် တို့မှာ အဖိုးတန်သည်ဟု ထင်ရသော်လည်း သာမန် ကောင်းကင်နှင့် မြေကြီး ရတနာများသာပင်။ ၎င်းတို့က အချိန်နှင့် ဟင်းလင်းပြင် ရတနာများ ကြားတွင်မူ အတော်လေး သာမန်မျှသာ ဖြစ်ပေသည်။
အနက်ရောင် အိုးကြီးမှာ ပြင်းထန်စွာ စတင် တုန်ခါလာတော့၏။ အချိန်အတော်ကြာပြီးနောက် ၎င်းမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး မှေးမှိန်သော အလင်းရောင် တစ်ခုသာ ထွက်ပေါ်လာသည်။ လီယွမ် ၏ ရင်ထဲတွင် မကောင်းသော ခံစားချက် တစ်ခု ပေါ်ပေါက်လာတော့၏။
“ဒါကတော့... ဘာမှ ထွက်မလာတော့မယ့် အမှတ်အသားပဲ...”
စနစ်၏ အသိပေးသံမှာ သူ၏ စိတ်ထဲတွင် မြည်ဟည်းလာသည်။
[ရှားပါးကူ လျှပ်တပြက်ကူ သည် ဟင်းလင်းပြင် ဝိညာဉ်ကျောက်တုံး နှင့် လွင့်ပါးတိမ်မြက် တစ်ပင်ကို ဝါးမြိုလိုက်ပြီး တစ်စုံတစ်ခုကို အာရုံခံမိကာ လေတက်သံ တစ်ချက်သာ ထွက်ပေါ်လာပြီး မည်သည့် ဆင့်ကဲ ပြောင်းလဲမှု လက္ခဏာမျှ မပြသခဲ့ပါ]
“ငါ့ကိုများ လာနောက်နေတာလား...”
လီယွမ် တစ်ယောက် လဲကျမတတ် ဖြစ်သွားရ၏။
“လုံးဝ ကျရှုံးသွားတာပဲ... အနည်းဆုံးတော့ အသံလေး တစ်ခုခုလောက် ထွက်သင့်တာပေါ့...”
ကူကောင် အနေဖြင့် ဆင့်ကဲ ပြောင်းလဲခြင်း အခြေအနေ အတွင်းသို့ ဝင်ရောက်သွားမည် ဆိုလျှင်ပင် သူ လက်ခံနိုင်သေးသော်လည်း ယခုမူ ထူးဆန်းသော အရာ နှစ်ခုကို ဝါးမြိုလိုက်ပြီးနောက် ဘာမှ ဖြစ်မလာခဲ့ချေ။
“ဒီတာဝန်က တကယ်ကို ထူးခြားသလို ရှေ့လျှောက်ရမယ့် လမ်းကလည်း အရမ်း ရှည်ဦးမှာပဲ...”
လီယွမ် သက်ပြင်းချလိုက်သည်။ သူ၏ ယခုအချိန်အထိ အောင်မြင်မှု အားလုံးမှာ ကြိုးစား အားထုတ်မှုနှင့် ဇွဲလုံ့လ တို့ကြောင့်သာ ရရှိခဲ့ခြင်း ဖြစ်ရာ ကျရှုံးသွားခဲ့လျှင်လည်း သူ ဆက်လက် ကျင့်ကြံနေဦးမည်သာ ဖြစ်၏။ မည်သည့် လမ်းမဆို အမြဲတမ်း ထွက်ပေါက် ရှိနေသည် မဟုတ်ပါလော။ သူသာ သန့်စင်လိုစိတ် ရှိနေသရွေ့ အနက်ရောင် အိုးကြီး ရှိနေသဖြင့် သေချာပေါက် အောင်မြင်အောင် သူ လုပ်နိုင်မည်သာပင်။
... ... ...
နောက်ထပ် နေ့တစ်နေ့၏ မွန်းတည့်ချိန်တွင် လီယွမ် သည် ဝါးတောအုပ်လေး အတွင်း ထိုင်နေရင်း ဓားနတ်သမီး ၏ ကဗျာဆန်ပြီး ပန်းချီကား တစ်ချပ်ပမာ လှပသော ဓားသိုင်းများကို ကြည့်ရှု အပန်းဖြေနေခဲ့၏။ ဝမ်ကျောက်ကျောက် က ရုတ်တရက် ပြေးဝင်လာပြီး သတင်းတစ်ခု ပါးလိုက်သည်။
“အစ်ကိုယွမ်... တောင်တံခါး အပြင်ဘက်ကို သနားစရာကောင်းတဲ့ အခြေအနေနဲ့ မိန်းမလှလေး တစ်ယောက် ရောက်နေတယ်... သူက နန်းတော်သခင် ယွီဟန်ချွမ်းကိုတွေ့ချင်လို့တဲ့...”
“သနားစရာကောင်းတဲ့ အတိတ်တွေ ရှိနေပုံရတဲ့ မိန်းမလှလေး တစ်ယောက်... ငါ့ရဲ့ ဆရာကို တွေ့ချင်တယ် ဟုတ်လား...”
လီယွမ် ၏ မျက်နှာထားမှာ ထူးဆန်းသွားတော့၏။
‘ငါ့မှာ ဆရာကတော်များ ရှိနေတာလား...’
သူက ခေါင်းကို ခါယမ်းကာ ရှုပ်ထွေးနေသော အတွေးများကို ရှင်းထုတ်လိုက်သည်။ သူ၏ ဆရာ ယွီဟန်ချွမ်း မှာ ကျန်းဟူ သိုင်းလောက အတွင်း အမြဲ လှုပ်ရှားနေသူ ဖြစ်ပြီး စီနီယာအစ်ကို ဖေးလော့ချန် တို့နှင့်အတူ ကူသခင် အနွယ်ဝင်များ လောကထဲသို့ ဝင်ရောက်နိုင်ရန် လမ်းစဖောက်ပေးဖို့ ကြိုးစားရင်း အလုပ်ရှုပ်နေသူ မဟုတ်ပါလော။
“သူ ဘယ်က လာတယ်လို့ ပြောလဲ... ပြီးတော့ သူ့ အခြေအနေက ဘယ်လောက်တောင် သနားဖို့ ကောင်းနေလို့လဲ...”
လီယွမ် က မေးမြန်းလိုက်၏။
“သူ့ရဲ့ အသက်ရှူသံတွေ အရဆိုရင် ကန္တာရ က လာတဲ့သူ ဖြစ်ရမယ်... အပြင်းအထန် ဒဏ်ရာ ရထားပုံရပြီး တစ်စုံတစ်ယောက်ရဲ့ လိုက်လံ ဖမ်းဆီးခံရလို့ ဒီကို ထွက်ပြေးလာတဲ့ ပုံပဲ...” ဟု ဝမ်ကျောက်ကျောက် က ပြန်လည် ရှင်းပြလိုက်သည်။
“ဟင်...”
ကန္တာရ ဆိုသည့် စကားလုံးကို ကြားလိုက်သည်နှင့် လီယွမ် ၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည်မှာ စီနီယာအစ်မ နင်ဟုန်ယွီ ပင် ဖြစ်၏။ “စီနီယာအစ်မ ဆီမှာ တစ်ခုခု ဖြစ်လို့များလား...”
ထိုသို့တွေးမိသည်နှင့် လီယွမ် ချက်ချင်းပင် မတ်တတ်ရပ်လိုက်တော့သည်။
“သွားပြီး တွေ့ကြည့်ကြတာပေါ့...”
ဤနေရာမှာ လီယွမ် ၏ အခြေစိုက် စခန်း ဖြစ်ရာ တောင်တံခါး အတွင်း၌ မည်သည့် ချောင်းမြောင်း တိုက်ခိုက်မှုမျိုးကိုမဆို သူ ကြောက်ရွံ့နေရန် မလိုပေ။
စကားပြောနေသည့် တစ်ခဏအတွင်းမှာပင် သူသည် ထောက်လှမ်းရေး ကူ တစ်ကောင်ကို စေလွှတ်ကာ အခြေအနေကို အကြမ်းဖျင်း စုံစမ်းပြီး ဖြစ်ရာ ရှောင်ကျောက် ပြောသည်နှင့်များစွာ မခြားနားလှပေ။ သူမမှာ တကယ်ပင် သနားစရာကောင်းသော အတိတ်များ ရှိနေပုံရသည့် မိန်းမလှလေး တစ်ဦး ဖြစ်၏။
မကြာမီမှာပင် သူတို့ နှစ်ဦး တောင်တံခါးသို့ ရောက်ရှိသွားကြသည်။ အနီးသို့ ရောက်သောအခါ လာရောက်သူထံတွင် ကန္တာရ အငွေ့အသက်များ ပါရှိနေပြီး စီနီယာအစ်မကြီး နှင့် ဆင်တူသော ဝိညာဉ် မျိုးနွယ်စု သွေးမျိုးဆက် တစ်မျိုးကို ပိုင်ဆိုင်ထားကြောင်း လီယွမ် ရှင်းလင်းစွာ အာရုံခံမိလိုက်၏။ သို့သော် ၎င်းမှာ များစွာ အားနည်းနေပြီး ဝိညာဉ်ဘုရင် သွေး ဟု ခေါ်ဆိုရမည့် စီနီယာအစ်မကြီး ၏ သွေးမျိုးဆက်လောက်တော့ တန်ဖိုး မရှိလှချေ။
သည်ကိစ္စက ရောက်ရှိလာသူသည် စီနီယာအစ်မကြီး နှင့် အမှန်တကယ် ပတ်သက်နေကြောင်း အတည်ပြုပေးလိုက်ခြင်းပင်။ လီယွမ် သည် သတိဝီရိယကို မလျှော့ချလိုက်ဘဲ ဆန့်ကျင်ဘက် အနေဖြင့် ပို၍ပင် သတိထားလိုက်မိသည်။
ကန္တာရမှ ဝိညာဉ်သခင်များမှာ လူကောင်းများ မဟုတ်ကြချေ။ အထူးသဖြင့် မျက်နှာနှစ်မျိုး ရှိလှသော ထို ချီနျန်ချူ ပင် ဖြစ်၏။
ထိုအခိုက်အတန့်တွင် မြေပြင်ပေါ်၌ ဒူးထောက်နေသော ရှီဝမ် က စကားဆိုလိုက်ပြန်သည်။
“ကျွန်မ ရှီဝမ်... နန်းတော်သခင် ယွီဟန်ချွမ်းကို တွေ့ဆုံခွင့် ပန်ကြားပါတယ်...”
“နင်ဟုန်ယွီ... မင်းသမီးလေးရဲ့ ကံကြမ္မာဟာ... ကူသခင်တွေရဲ့ လက်ထဲမှာ ရှိနေပါတယ်... ကျေးဇူးပြုပြီး သတင်းလေး ပါးပေးကြပါဦး…”