ချဉ်းကပ်ခြင်း
Vol. 24 Ch. 265
ရှီဝမ်က တိုးညှင်းစွာ ရှိုက်ကြီးတငင် ငိုကြွေးနေပြီး ကြည့်ရသည်မှာ သနားစဖွယ် အလွန် ကောင်းလှပေသည်။ သူမတွင် လူသားတို့၏ သနားကြင်နာမှုကို နှိုးဆွပေးနိုင်သည့် ထူးခြားသော အရည်အသွေး တစ်ခု ရှိနေပုံ ရ၏။
“နန်းတော်သခင် ယွီဟန်ချွမ်း မရှိပါဘူး သူ့ရဲ့ တိုက်ရိုက်တပည့် တစ်ယောက်ပါ... ကျွန်တော့်နာမည် လီယွမ် လို့ ခေါ်တယ်... ခင်ဗျား စိတ်ထဲမှာ ရှိတာတွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါ...” လီယွမ်က တည်ငြိမ်စွာ ဆိုလိုက်သည်။
ရှီဝမ်က သူမ၏ မျက်ခုံးလေးများကို ပင့်လိုက်ပြီး ကြယ်တာရာများအပမာ တောက်ပလှသော မျက်ဝန်းအစုံဖြင့် သူမ၏ ရှေ့မှ လူငယ် ကူသခင်လေးကို စိုက်ကြည့်လိုက်လေ၏။ ဤကဲ့သို့သော ရုပ်ရည်မျိုးကို မြင်တွေ့လိုက်ရသောအခါ မင်းသမီးလေး နင်ဟုန်ယွီ အဘယ်ကြောင့် ဤလူအပေါ် စွဲလန်းနေရသနည်း ဆိုသည့် အချက်ကို သူမ တစ်ဝက်ခန့် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
“ရှင်က နန်းတော်သခင် ယွီဟန်ချွမ်း ရဲ့ တပည့်လား...”
အတွေးများက သူမ၏ စိတ်ထဲတွင် လျင်မြန်စွာ လည်ပတ်သွားပြီးနောက် ရှီဝမ်က ထပ်မံ စကားဆိုလိုက်၏။ ဝါဂွမ်းကဲ့သို့ နူးညံ့လှသော သူမ၏ အသံလေးကြောင့် ဘေးပတ်ဝန်းကျင်မှ စောင့်ကြပ်နေကြသော ကူသခင်များမှာ ကြည်နူး ပီတိဖြစ်သွားကြရသည်။
“ဒါဆိုရင် ရှင်က...”
“နင်ဟုန်ယွီ... မင်းသမီးလေးရဲ့ ဂိုဏ်းတူ မောင်လေး ပေါ့လေ...”
ရှီဝမ်က ငိုကြွေးနေခြင်းကို ရပ်တန့်လိုက်ပြီး အလွန်တရာ စိတ်လှုပ်ရှားနေဟန်ဖြင့် ယိုင်နဲ့နဲ့ မတ်တတ်ရပ်လိုက်တော့၏။
“ဟုတ်ပါတယ်... နင်ဟုန်ယွီ က ကျွန်တော့်ရဲ့ စီနီယာအစ်မပါ...”
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။
ရှီဝမ်က တစ်စုံတစ်ခု ထပ်မံ ပြောဆိုရန် ပြင်လိုက်သော်လည်း လီယွမ်က ကြားဖြတ် တားဆီးလိုက်၏။
“အရင်ဆုံး အထဲဝင်ကြရအောင်... အထဲရောက်မှ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့...”
“ကျေးဇူးတင်ပါတယ် သခင်လေး လီ... အဟွတ်... အဟွတ်...”
ရှီဝမ်က သွေးအချို့ ထပ်မံ အန်ထုတ်လိုက်ပြန်ရာ သူမ၏ မျက်နှာမှာ ပို၍ပင် ဖြူရော်သွားတော့သည်။
“မလှုပ်နဲ့ဦး... ကျွန်တော် ခင်ဗျားကို ကုသပေးပါမယ်...”
လီယွမ်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကုသခြင်း ကူ အနည်းငယ် ပျံသန်းထွက်ပေါ်လာပြီး ရှီဝမ်၏ကိုယ်ပေါ်သို့ နားခိုကာ အခြေခံ ကုသမှုများကို စတင်လိုက်လေတော့၏။
ကုသပေးခြင်းမှာ ဘေးထွက် ရလဒ်တစ်ခုသာ ဖြစ်ပြီး သူ၏ အစစ်အမှန် ရည်ရွယ်ချက်မှာ အခွင့်အရေးကို အသုံးချ၍ စုံစမ်းဖို့အတွက်ပါပင်။
ကုသခြင်း ကူ ၏ အာရုံခံစားမှုများမှတစ်ဆင့် ရှီဝမ်သည် တကယ်ပင် ပြင်းထန်သော ဒဏ်ရာများ ရရှိထားကြောင်းနှင့် ၎င်းဒဏ်ရာများမှာ ကန္တာရမှ ဝိညာဉ်သခင် တစ်ဦး၏ လက်ချက်ဖြစ်ကြောင်း လီယွမ် အတည်ပြုနိုင်ခဲ့သဖြင့် ၎င်းမှာ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သိလိုက်ရ၏။
မကြာမီမှာပင် လီယွမ်သည် ရှီဝမ်ကို ပင်မတောင်ထိပ်သို့ ခေါ်ဆောင်လာခဲ့သည်။
ဝမ်ကျောက်ကျောက်က ကုသရေး ဆေးဖက်ဝင် အပင်အချို့ကို ယူဆောင်လာပြီး ကူနည်းစနစ်များ နှင့် ပူးပေါင်းကာ ရှီဝမ်ကို ထပ်မံ ကုသပေးလိုက်ပြန်သည်။
“ကျေးဇူးတင်ပါတယ် ညီမလေး...” ရှီဝမ်၏ မျက်နှာအရောင်မှာ နောက်ဆုံးတွင် အနည်းငယ် ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။
“ခုနက ခင်ဗျား ပြောတော့ စီနီယာအစ်မကြီး နဲ့ ပတ်သက်နေတယ် ဆို... နင်ဟုန်ယွီ ရဲ့ အသက်အန္တရာယ်က ဘာဖြစ်လို့လဲ... ကန္တာရမှာ တစ်ခုခု ပြောင်းလဲသွားလို့လား...” လီယွမ်က လိုရင်းကို တိုက်ရိုက် မေးချလိုက်သည်။
ထိုအခါ ရှီဝမ်က ချက်ချင်းပင် ဒေါသတကြီးဖြစ်လာ၏။
“ကန္တာရထဲက အဲဒီ ခေါင်းမာတဲ့ အဘိုးကြီးတွေလေ...ကိုယ်ကျိုးအတွက်ဆိုရင် ကန္တာရ ဆယ့်ခြောက်ပြည်ထောင် ရဲ့ အနာဂတ်ကိုတောင် ဂရုမစိုက်ဘဲ သူတော်စင်မလေး မင်းသမီးလေးကို လုပ်ကြံဖို့ ဝန်မလေးကြဘူး...”
“မင်းသမီးလေးက လင်းရွှီ ထဲမှာ နတ်ဆိုးဝိညာဉ်တွေကို သန့်စင်နေတုန်း သူတို့က အခွင့်ကောင်းယူပြီး ပြဿနာ ရှာခဲ့ကြတာ... မင်းသမီးလေးကို ပိတ်လှောင်ထားရုံတင် မကဘဲ သူမရဲ့ နောက်လိုက်တွေကိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြတယ်...”
“ကန္တာရကြီးက အပေါ်ယံမှာ ငြိမ်သက်နေသလို ထင်ရပေမယ့်... တကယ်တမ်းမှာတော့ လုံးဝကို ဖရိုဖရဲ ဖြစ်နေပါပြီ...”
“ကျွန်မလည်း ဒီဖရိုဖရဲ ဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ပင်လယ်ကို ဖြတ်ကူးကာ တောင်ပိုင်းနယ်စပ်ကို ထွက်ပြေးလာခဲ့ရတာ... ကံကောင်းလို့သာ ဒီဘေးဒုက္ခကနေ လွတ်မြောက်လာခဲ့တာပါ... မင်းသမီးလေးရဲ့ ဂိုဏ်းဟောင်းကနေ တစ်ခုခု ကူညီပေးနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီသတင်းကို လာပို့တာပါ...”
ရှီဝမ်က ဖြစ်ပျက်ခဲ့သမျှကို အသက်ဝင်ဆုံး ပုံဖော် ပြောဆိုနေပြီး သူမ၏ ရင်ဘတ်မှာလည်း ဒေါသကြောင့် နိမ့်ချည် မြင့်ချည် ဖြစ်နေတော့၏။
လီယွမ်က တည်ငြိမ်နေဆဲ ဖြစ်ကာ ထပ်မံ၍ မေးခွန်းထုတ်လိုက်သည်။ “ခင်ဗျားက တစ်ယောက်တည်း လာခဲ့တာလား... ဒါမှမဟုတ် ကျွန်တော့်ရဲ့ စီနီယာအစ်မ က ခင်ဗျားကို သတင်းပို့ဖို့လွှတ်လိုက်တာလား...”
“မင်းသမီးလေးက သံယောဇဉ် အရမ်းကြီးတယ်... သူ့ကြောင့် ဂိုဏ်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူးလေ... ကျွန်မဘာသာ ကျွန်မ သဘောနဲ့ပဲ အကူအညီ လာတောင်းတာပါ...”
လီယွမ် တစ်ယောက် စဉ်းစားခန်း ဝင်သွားတော့၏။ ဤအခြင်းအရာမှာ စီနီယာအစ်မ၏ စရိုက်နှင့် အမှန်ပင်ကိုက်ညီလှပေသည်။ အကယ်၍ ရှီဝမ်က စီနီယာအစ်မ စေခိုင်း၍ လာသည်ဟု ပြောခဲ့ပါက ၎င်းမှာ လျှို့ဝှက်သော ရည်ရွယ်ချက် တစ်ခုခု ရှိနေမည်မှာ ရာနှုန်းပြည့် သေချာနေပေလိမ့်မည်။
“ဝေးလံတဲ့ ရေကတော့ အနားမှာ လောင်နေတဲ့ မီးကို မငြိမ်းသတ်နိုင်ဘူးလေ... ပြီးတော့ ကန္တာရထဲမှာလည်း အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိနေတာ... ဒါ့အပြင် ကျွန်တော်တို့ တာ့ယန် မှာလည်း ဖရိုဖရဲ တွေ ဖြစ်နေတော့... အကူအညီပေးဖို့ လူအင်အား အများကြီး လွှတ်ဖို့ဆိုတာ ခက်ခဲလိမ့်မယ် ထင်တယ်...”
လီယွမ်က သက်ပြင်းချလျက် ဆိုလိုက်၏။
“အခုချက်ချင်းကြီး အကူအညီ ပေးဖို့ မဟုတ်ပါဘူး...”
ရှီဝမ်က ဆက်လက် ရှင်းပြသည်။
“မင်းသမီးလေးက လင်းရွှီ ထဲမှာ ပိတ်မိနေတယ် ဆိုပေမယ့်... လောလောဆယ်တော့ အသက်အန္တရာယ် မရှိသေးပါဘူး...”
“ကျွန်မ စိုးရိမ်နေတာကတော့...”
“မင်းသမီးလေး အပြင်ပြန်ထွက်လာတဲ့ အခါကျရင်... အဲဒီလူတွေက နည်းလမ်းမျိုးစုံနဲ့ သူ့ကို တိုက်ခိုက်ကြမှာပဲ... မင်းသမီးလေးကို ထောက်ခံတဲ့သူတွေကလည်း အကုန်နီးပါး အသတ်ခံလိုက်ရပြီဆိုတော့... ဘယ်သူမှသာ အကူအညီ မပေးနိုင်ရင် ဘာဆက်ဖြစ်မလဲ ဆိုတာ မခန့်မှန်းနိုင်ဘူးလေ...”
လီယွမ်သည် သံသယ ရှိနေဆဲ ဖြစ်ရာ ထပ်မံ မေးမြန်းလိုက်ပြန်၏။
“ကျွန်တော် မှတ်မိသလောက်ဆိုရင် ချီနျန်ချူ လို့ ခေါ်တဲ့ အဘိုးကြီးက စီနီယာအစ်မကို ခေါ်သွားခဲ့တာပဲ... အခု သူကော ဘယ်မှာလဲ...”
ရှီဝမ်က မျက်လွှာချလိုက်ပြီး ညည်းတွားလိုက်၏။
“အကြံပေး ချီ ကလည်း အဲဒီ ခေါင်းမာတဲ့ အဘိုးကြီးတွေရဲ့ ချုပ်ကိုင်ခံထားရတာမို့လို့... ဘာမှ မတတ်နိုင်ဘူး ဖြစ်နေတာပါ...”
ဤနေရာတွင် လီယွမ် နောက်တစ်ကြိမ် သံသယ ဝင်သွားပြန်သည်။
ချီနျန်ချူသည် လွန်ခဲ့သော အချိန်က ချန်းလန်သို့ ခိုးဝင်ကာ မုရုံစု နှင့် အရောင်းအဝယ် လုပ်ပြီး သူ့ကို သတ်ရန် လူငှားခဲ့သူ မဟုတ်ပါလော။ ရှီဝမ် နှင့် ချီနျန်ချူ တို့သည် ဆုံတွေ့ခဲ့ကြပြီး ရှီဝမ်က သူမကိုယ်သူမ 'မကောင်းဆိုးဝါး အမျိုးသမီး' တစ်ဦးအဖြစ် တံဆိပ်ကပ်လိုက်ခြင်းပင်။
သို့သော် သူက ထိုအချက်ကို ဖွင့်မပြောခဲ့ချေ။ အကယ်၍ စီနီယာအစ်မသာ တကယ် အကူအညီ လိုအပ်နေပါက သူ တတ်နိုင်သမျှ နည်းလမ်းရှာ၍ ကူညီပေးမည်သာ ဖြစ်၏။
“သခင်လေး လီ... ရှင် စိုးရိမ်နေတာတွေကို ကျွန်မ သိပါတယ်...”
ရှီဝမ်က ဆက်ပြောသည်။
“လင်းရွှီ ရဲ့ သန့်စင်ခြင်း အခမ်းအနားက တစ်နှစ်မှာ တစ်ကြိမ်ပဲ ဖွင့်တာပါ... ဆိုလိုတာက မင်းသမီးလေးက နောက်ထပ် တစ်နှစ်အထိတော့ ဘာအန္တရာယ်မှ မရှိနိုင်သေးပါဘူး...”
“ဒီတစ်နှစ်ဆိုတဲ့ အချိန်က... ကျွန်မ ပြောတာတွေ အမှန်လား၊ မဟုတ်ဘူးလား ဆိုတာကို ရှင် သေချာ စုံစမ်းဖို့အတွက် လုံလောက်တဲ့ အချိန်ပါ...”
“တစ်နှစ်ကြာပြီးမှ ဘာဆက်လုပ်မလဲ ဆိုတာကတော့ သခင်လေး ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်...”
“အင်း...” လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မမှာ နောက်ထပ် တောင်းဆိုစရာ တစ်ခု ရှိပါသေးတယ်...”
အခွင့်အရေးကို မြင်တွေ့လိုက်ရသဖြင့် ရှီဝမ်က သူမ၏ အစစ်အမှန် ရည်ရွယ်ချက်ကို ထုတ်ဖော် တောင်းဆိုလိုက်တော့၏။
“ကျွန်မက လိုက်လံ ဖမ်းဆီးခံနေရတာမို့လို့ ပြေးစရာ မြေမရှိတော့ပါဘူး... သခင်လေး လီ အနေနဲ့ ကျွန်မကို ဒီတောင်ပေါ်မှာ ခဏလောက် နေထိုင်ခွင့် ပေးနိုင်မလား ရှင့်...”
“ခင်ဗျားက စီနီယာအစ်မ အတွက်နဲ့ ရောက်လာတာဆိုတော့... ကျွန်တော်တို့ဘက်ကလည်း လက်မခံဘဲ မနေပါဘူး...”
“ရှောင်ကျောက်... သခင်မလေး ရှီ အတွက် အခန်းတစ်ခန်း စီစဉ်ပေးလိုက်ပါဦး...”
လီယွမ်က ခေါင်းညိတ်လျက် ညွှန်ကြားလိုက်သည်။
“ကောင်းပါပြီ...”
ဝမ်ကျောက်ကျောက်က အသာအယာ ပြုံးလိုက်ပြီး ဖိတ်ခေါ်လိုက်သည်။
“သခင်မလေး ရှီ... ကျွန်မနောက်ကို လိုက်ခဲ့ပါ...”
“သခင်လေး လီ နဲ့ ညီမလေး ရှောင်ကျောက် တို့ရဲ့ ကျေးဇူးကို ကျွန်မ အမြဲ မှတ်ထားပါ့မယ်...”
ရှီဝမ်က ထပ်မံ ဦးညွှတ်လိုက်ပြီး ဆိုလိုက်၏။
“ဒါပေမဲ့ ဒီအတိုင်း ကျေးဇူးကို လက်ခံဖို့တော့ ကျွန်မ စိတ်မကောင်းလို့ပါ... ကံမကောင်းစွာနဲ့ပဲ ကျွန်မဆီမှာ တန်ဖိုးကြီးတဲ့ ပစ္စည်းဆိုလို့ ဒီရှားပါးတဲ့ ပစ္စည်းလေး တစ်ခုပဲ ရှိတာမို့လို့ လက်ခံပေးပါနော်...”
ထိုသို့ ပြောဆိုနေစဉ်မှာပင် သူမသည် ကွဲပြားသော အရောင် ရှိသည့် သတ္တုစနှစ်ခုကို ထုတ်ယူလိုက်သည်။
“ဒါက ကျွန်မရဲ့ ဇာတိ ဆွေ့ရှ နိုင်ငံ ကနေ ထွက်တဲ့ ဟွမ်ရှီး ရွှေ လို့ ခေါ်တဲ့ ထူးခြားတဲ့ ရတနာ တစ်ခုပါ... သခင်လေး လီ နဲ့ ညီမလေး ရှောင်ကျောက် တို့ ကျေးဇူးပြုပြီး လက်ခံပေးကြပါ...”
“ကောင်းပါပြီ...”
လီယွမ်က တစ်ခုကို လက်ခံလိုက်ပြီး “ခင်ဗျားရဲ့ ပစ္စည်းကို လက်ခံလိုက်ပြီဆိုမှတော့... ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးပါ့မယ်... ဒီ ကူနန်းတော် ထဲမှာ ခင်ဗျား ဘေးကင်းမှာပါ...” ဟု အာမခံလိုက်တော့၏။
ဝမ်ကျောက်ကျောက်က နောက်ထပ် တစ်ခုကို ယူလိုက်ပြီး လီယွမ် ထံသို့ ကမ်းပေးလိုက်သည်။
“ဒါကိုလည်း အစ်ကိုယွမ် ပဲ ယူထားလိုက်ပါ... ကျွန်မ ယူထားရင်လည်း အလဟဿ ဖြစ်နေမှာလေနော်..”
သူမ၏ ကျင့်ကြံခြင်း အရင်းအမြစ် အားလုံးကို အစ်ကိုယွမ် ကသာ တစ်လျှောက်လုံး တာဝန်ယူ စောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်၏။
လက်အောက်ခံ ကူများအတွက် လိုအပ်ချက်များကိုလည်း တစ်ခါမျှ စိုးရိမ်ခဲ့စရာ မလိုခဲ့သလို ပင်မကူများကို ကျွေးမွေးသည့် အသား ကူများမှာပင် အဆင့်အမြင့်ဆုံး အရာများသာ ဖြစ်ပေသည်။
ဤအခြင်းအရာမှာ နန်းတော် တစ်ခု၏ တိုက်ရိုက်တပည့်များပင် မရရှိနိုင်သည့် အခွင့်အရေးမျိုး ဖြစ်ပေသည်။ သူမ၏ အသက်မှာ အစ်ကိုယွမ် ကြောင့် ရှင်သန်နေရခြင်း ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး ခွဲခြားနေရန် မလိုအပ်ချေ။
... ... ...
သိပ်မကြာမီမှာပင် ဝမ်ကျောက်ကျောက်သည် ရှီဝမ်ကို ခယ်ဖုန်း တောင်ထိပ်သို့ ခေါ်ဆောင်လာခဲ့ပြီး လှပသော စံအိမ်တစ်ခုတွင် နေရာချပေးလိုက်သည်။
“သခင်မလေး ရှီ... ဒီနေ့ကစပြီး ဒီမှာပဲ နေထိုင်ပါ...”
“ကျေးဇူးတင်ပါတယ် ညီမလေး ရှောင်ကျောက်...”
ရှီဝမ်က လက်ယှက်ကာ ကျေးဇူးတင် စကားဆိုလိုက်၏။
“ကျွန်မကို ထပ်ခါတလဲလဲ ကျေးဇူးတင်မနေပါနဲ့... သခင်မလေး ပြောပြချက်အရဆိုရင် ဒီတောင်ပေါ်မှာ အနည်းဆုံး တစ်နှစ်လောက်တော့ နေရဦးမှာပဲလေ... နောက်ဆိုရင် ကျွန်မတို့တွေ သူငယ်ချင်းတွေလိုပဲ ပေါင်းကြတာပေါ့...” ဝမ်ကျောက်ကျောက်က ချိုမြစွာ ရယ်လိုက်သည်။
ရှီဝမ်က လတ်ဆတ်သော လေထုကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက်
မှတ်ချက်ချလိုက်၏။
“တောင်တန်းတွေက တိတ်ဆိတ်ပြီး ရှုခင်းတွေကလည်း တကယ် လှတာပဲ... လောကရေးရာ အရှုပ်အထွေးတွေနဲ့ ဝေးရာမှာ နေရတာ တကယ်ကို ကောင်းတာပဲနော်…”
“ကျယ်ပြောလှတဲ့ ဒီလောကကြီးထဲမှာ... ဘယ်နေရာမှတော့ လုံးဝ သန့်စင်နေတဲ့ မြေရယ်လို့ မရှိပါဘူး... ကျိုးကုန်းတောင်တန်း ကလည်း အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရတာပါပဲ...”
ဝမ်ကျောက်ကျောက်က ပြန်လည် ရှင်းပြလိုက်သည်။
“ညီမလေး ရှောင်ကျောက်... ညီမလေးက မင်းသမီးလေး နဲ့ အရင်ကတည်းက သိကျွမ်းခဲ့တာလား...” ရှီဝမ်က အခွင့်ကောင်းယူကာ မေးမြန်းလိုက်၏။
“ဟုတ်ကဲ့... အနည်းငယ်တော့ သိပါတယ်...”
ဝမ်ကျောက်ကျောက်က ခေါင်းညိတ်လျက် ဖြေကြားလိုက်သည်။
“ဒါပေမဲ့ ကျွန်မက နန်းတော်သခင် ယွီ ရဲ့ တိုက်ရိုက်တပည့် မဟုတ်ဘူးလေ... အစ်ကိုယွမ် ကမှ စီနီယာအစ်မ ဟုန်ယွီ နဲ့ ပိုပြီး ရင်းနှီးတာပါ...”
သူမစကားကို ကြားတော့ ရှီဝမ်က ထပ်မံ မေးလိုက်ပြန်၏။
“ညီမလေး နဲ့ သခင်လေး လီ က... လင်မယားတွေလား...”
“လင်မယား... ဟုတ်လား...”
ဝမ်ကျောက်ကျောက် တစ်ယောက် အံ့အားသင့်သွားပြီး မျက်နှာလေးမှာ ရဲခနဲ ဖြစ်သွားတော့၏။
အစ်ကိုယွမ် နှင့် သူမ၏ ဆက်ဆံရေးကို 'လင်မယား' ဟူသော စကားလုံးဖြင့် ပထမဆုံးအကြိမ် ခေါ်ဆိုခံရခြင်းပင်။
“မဟုတ်ပါဘူး... မဟုတ်ပါဘူး...”
သူမက ထိုသို့သာ ဖြစ်စေချင်ခဲ့သည်မှာ အမှန်ပင်။ သို့သော် အစ်ကိုယွမ်သည် အမြဲတမ်း ပန်းတိုင် တစ်ခုခုဆီသို့သာ ဦးတည် လျှောက်လှမ်းနေသူ ဖြစ်ရာ... ထိုပန်းတိုင်သို့ မရောက်မချင်း အချစ်ရေး ကိစ္စများတွင် နစ်မွန်းနေလိမ့်မည် မဟုတ်ကြောင်း သူမ သိရှိထားပေသည်။
“အားနာလိုက်တာ... ကျွန်မက လွှတ်ခနဲ မေးမိသွားတာပါ...”
ရှီဝမ်က လျင်မြန်စွာ တောင်းပန်လိုက်ပြီးနောက်
တိုးညှင်းစွာ ရေရွတ်လိုက်သည်။
“သခင်လေး လီ က ပါရမီရော၊ ရုပ်ရည်ပါ အတုမရှိတဲ့သူပဲ... သူ့ရဲ့ ကူနည်းစနစ် ကလည်း အံ့မခန်းပဲဆိုတော့... သူက လူသားတွေထဲက နဂါး တစ်ကောင် ပမာပဲ... ဘယ်လို အမျိုးသမီးမျိုးကမှ သူ့နဲ့ ထိုက်တန်မှာလဲ ဆိုတာ ကျွန်မ တကယ် သိချင်မိတယ်...”
ထိုအခါ ဝမ်ကျောက်ကျောက်က ပြုံးလျက် ရှင်းပြလိုက်၏။
“အဲဒါတွေထက်စာရင် အစ်ကိုယွမ် က ကူ သန့်စင်ရတာကို ပိုပြီး ဝါသနာပါတာ... အကယ်၍ တစ်စုံတစ်ယောက်က သူ့နဲ့အတူတူ ကူလမ်းစဉ် အကြောင်းကို လေ့လာနိုင်မယ် ဆိုရင်တော့... တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲ ဖြစ်မှာပဲ...”
ရှီဝမ် တစ်ယောက် စဉ်းစားခန်း ဝင်သွားတော့၏။
ကြည့်ရသည်မှာ လီယွမ် နှင့် နီးစပ်နိုင်ရန်အတွက် သူမ အနေဖြင့် စွန့်စားမှု တစ်ခုခုတော့ ပြုလုပ်ရပေတော့မည်။
Book 24 end.