အခန်း ၁၄၂၆
Vol. 96 Ch. 1426
အခန်း ၁၄၂၆: အပြစ်အားလုံးခံယူဖို့မဖြစ်နိုင်! ၂
ချင်လင်ကပြုံးပြီးခေါင်းညိမ့်လိုက်သည်။ လိုင်းပေါ်ကကိစ္စကို ဝန်ကြီးလုဖုန်းဆက်ဖြေရှင်းလိုက်ပြီမှန်း သူသိသည်။
"ဝန်ကြီးလုက Optimus Prime နဲ့ Megatron နည်းပညာအတွက်ရောက်လာတာမလား?''
သူကပြုံးပြုံးနှင့်ပြောသည်။
ဝန်ကြီးလုကမငြင်းဘဲ_
"အင်း.. ဒီလိုနည်းပညာမျိုးရှိနေတာ ယုံရခက်ခက်ပဲ... အိုး ဒါနဲ့.. ဒါကတော်ဝင်ပညာရှင်ဖန်း... စက်ရုပ်သုတေသနပညာရှင်ပဲ... သူကပါမောက္ခဝမ်နဲ့စကားပြောချင်တယ်တဲ့''
ထိုတောင်းဆိုချက်ကြောင့် ချင်လင်လည်းပါမောက္ခဝမ်ကိုဖုန်းဆက်ပြီး နည်းပညာပုံများနှင့်အတူ အပန်းဖြေစံအိမ်လာခိုင်းလိုက်သည်။
ပါမောက္ခဝမ်က ချင်လင်နှင့်စကားပြောပြီးပြီးချင်း ဓာတ်ခွဲခန်းမှထွက်လာသည်။
ဥက္ကဌချင်ကိုအထင်ကြီးလေးစားနေသူဖြစ်၍ သူညွှန်ကြားသမျှလိုက်နာသည်။
ထိုအချိန်တွင် လိုင်းပေါ်မှာအခြေအနေပြောင်းလဲသွားသည်။
အစိုးရတရားဝင်သတင်းချန်နယ်မှ သတင်းဗီဒီယိုတစ်ပုဒ်ကိုလောလောလတ်လတ်ထုတ်လွှင့်ထား၏:
'စက်ရုပ်ရှေ့မှာ ကိုယ့်အရှက်ကိုယ်မခွဲပါနဲ့ @ New သတင်းမီဒီယာကုမ္ပဏီ'
လိုင်းပေါ်တွင် New မီဒီယာကုမ္ပဏီက Optimus Prime နှင့် Megatron ကိုဝေဖန်ပုတ်ခတ်ထားသောဗီဒီယိုများပျံ့နှံ့နေသည်ကိုသိထားကြသည်။ သူတို့ရရှိထားသောစိတ်ဝင်စားမှု၊လူပြောများမှုပမာဏမှာ ကြောက်စရာကောင်းလောက်အောင်ပင်။
အခုတရားဝင်မီဒီယာကထုတ်ဖော်ပြောကြားလိုက်သောကြောင့် သူတို့တန်းနိဂုံးချုပ်ရတော့မည်။
ဘယ်လိုလုပ်အားနာနိုင်မလဲ?
Optimus Prime နှင့် Megatron ကို အကြောင်းအရင်းမရှိစွပ်စွဲပုတ်ခတ်ထားသောဗီဒီယိုကို လူအတော်များများက ဘဝင်မကျခဲ့။ အခု တရားဝင်အာဏာပိုင်များကပါ ထုတ်ဖော်ပြောဆိုပြီးထောက်ခံပေးလိုက်သောကြောင့် သူတို့အားမနာတော့။ New မီဒီယာကုမ္ပဏီအကောင့်ကို ချက်ချင်းဝိုင်းဆဲကြသည်။
တဖက်တွင်_
ကောချီထောင်က ခဏနားပြီး ကုမ္ပဏီသွားရန်အသင့်ပြင်သည်။
ဝဝဖိုင့်ဖိုင့်အမျိုးသမီးက သူ့ကိုကြည့်ရင်း ဂုဏ်ယူသောလေသံနှင့်_
"ယောက်ျား.. ရှင်ကုမ္ပဏီရောက်ရင် ကျွန်မရဲ့လက်ဆောင်ကြောင့် စိတ်ကျေနပ်ရလိမ့်မယ်... ကျွန်မကိုလည်း လက်ဆောင်ပြန်ပေးရမယ်နော်''
"သိပါပြီ''
ကောချီထောင်ခေါင်းညိမ့်လိုက်သည်။ သူ့မိန်းမကဒီလိုပြောမှတော့ ဒီလက်ဆောင်အတွက် အတော်အားစိုက်ထုတ်ထားရလိမ့်မည်။ အချိန်တန်ရင် ရတနာလည်ဆွဲဝယ်ပေးလိုက်ရုံပင်။
ထိုအတွေးနှင့် ကောချီထောင်က ကုမ္ပဏီသို့မောင်းလာသည်။
ရုံးရောက်သောအခါ သူ့မိန်းမပြောသောလက်ဆောင်ကိုပိုသိချင်လာသည်။ သို့သော် သူ့အတွင်းရေးမှူးက သူ့ဆီအလောတကြီးရောက်လာပြီး_
"ဒါရိုက်တာကော.. မကောင်းတော့ဘူး.. ပြဿနာတက်ပြီ... ကျွန်တော်တို့ကုမ္ပဏီရဲ့မီဒီယာအကောင့်ကို တရားဝင်သတင်းချန်နယ်က ဝေဖန်ထားတယ်... ပြီးတော့ အင်တာနက်တစ်ခုလုံးမှာ ကျွန်တော်တို့ကိုပြောနေကုန်ပြီ''
"ဒါတင်မကသေးဘူး... တရားဝင်သတင်းချန်နယ်က ကျွန်တော်တို့ကိုနာမည်တပ်လိုက်တော့ ကြော်ငြာမိတ်ဖက်ကုမ္ပဏီတွေက ကျွန်တော်တို့နဲ့ချုပ်ထားတဲ့စာချုပ်တွေကို ဖျက်သိမ်းချင်နေကြတယ်... ကျွန်တော်တို့ကြောင့် သူတို့ပါထိခိုက်နစ်နာတယ်ဆိုပြီး လျော်ကြေးတောင်ပေးစေချင်နေတာ!''
"ဘာ?''
ထိုသတင်းကြားပြီး ကောချီထောင်ကြောင်သွားသည်။ ဘာတွေဖြစ်နေမှန်းသူမသိ၍ အမြန်မေးလိုက်၏_
"ဘာတွေဖြစ်နေတာလဲ?''
"မန်နေဂျာချီက သတင်းလွှင့်ခိုင်းတာ''
အတွင်းရေးမှူးက အမြန်ပြန်ဖြေသည်_
"ချင်းလင်ရှုမျှော်ခင်းက Optimus Prime နဲ့ Megatron အကြောင်းတင်ခိုင်းတာ!''
အတွင်းရေးမှူးကပြောရင်းဆိုရင်း ဖုန်းထုတ်ပြီး သက်ဆိုင်ရာဗီဒီယိုဖွင့်ကာ ကောချီထောင်ကိုပေးလိုက်သည်။
သတင်းဗီဒီယိုကြည့်ပြီး ကောချီထောင်ဒေါသထွက်သွား၏။
ဗီဒီယိုထဲမှာ Optimus Prime နဲ့ Megatron က ဘာဖြစ်နေလို့လဲ?
လုံးဝပြဿနာမရှိဘူး ဟုတ်ပြီလား?
Megatron ရဲ့လူသ*တ်မယ်ဆိုတဲ့စကားတွေက ထူးထူးခြားခြားအခြေအနေမျိုးမှာ လူပြောများအောင်ပွဲဆူလို့ရမယ့်ကိစ္စမျိုးဆိုပေမဲ့ တဖက်က ချင်းလင်ရှုမျှော်ခင်းဖြစ်နေတော့ ဒါပြောသင့်မပြောသင့်စဉ်းစားရမည်။
အခုတော့ ဒီအပိုင်းကိုတာဝန်ယူထားတဲ့သူ့ကုမ္ပဏီမန်နေဂျာက ခွင့်ပြုချက်မရှိဘဲ ဒီလိုသတင်းမျိုးထုတ်တာ ကိုယ့်ဒုက္ခကိုယ်ရှာနေတာမလား?
"မန်နေဂျာချီကိုခေါ်လိုက်''
ကောချီထောင်က ဒေါသထွက်ထွက်နှင့်ပြောသည်။
အတွင်းရေးမှူးက တုံ့ဆိုင်းမနေဘဲ မန်နေဂျာချီကိုချက်ချင်းသွားခေါ်သည်။
မန်နေဂျာချီရောက်လာသည်နှင့် ကောချီထောင်က ဒေါသမောင်းတင်ပြီး_
"မန်နေဂျာချီ.. မင်းမှာဦးနှောက်ရှိသေးရဲ့လား?
ချင်းလင်ရှုမျှော်ခင်းနဲ့ပတ်သက်တဲ့သတင်းကို ပေါ့ပေါ့ဆဆတင်လို့ရလား? အကျိုးဆက်ကိုမင်းသိရဲ့လား?''
"သိပါတယ်!''
မန်နေဂျာချီက တန်းပြောသည်။
ထိုစကားကြောင့် ကောချီထောင်ပိုဒေါသထွက်သွားကာ_
"မင်းသေသင့်တယ်''
တဖက်တွင် မန်နေဂျာချီကပြုံးပြုံးနှင့် အလုပ်ထွက်စာထုတ်ပြီး ကောချီထောင်ကိုပေးကာ_
"ဒါရိုက်တာကော.. ခင်ဗျားဗီဒီယိုတွေလိုက်ကြည့်ရင် အကြောင်းရင်းသိရပါလိမ့်မယ်... ခင်ဗျားမိန်းမက ကျွန်တော့်ကိုဒီသတင်းတင်ခိုင်းတာ... ကျွန်တော်မတင်ရင် ခင်ဗျားကိုအလုပ်ထုတ်ခိုင်းမယ်တဲ့... ကျွန်တော့်နေရာကို ဘယ်သူမဆိုအစားထိုးနိုင်တယ်''
"အဲဒါကြောင့် ဒါကျွန်တော့်ရဲ့နုတ်ထွက်စာပါ... တကယ်တော့ ခင်ဗျားရဲ့ပြိုင်ဘက်ဟောင်းဝမ်ရှန်းမီဒီယာက ကျွန်တော့်ကိုခေါ်နေတာ... ဥက္ကဌကောရာထူးတိုးပေးလို့ ကျွန်တော်ငြင်းခဲ့တာမှတ်မိသေးတယ်... ဒါပေမဲ့ ဒီတစ်ခါသဘောတူလိုက်ပြီ... ဒီသတင်းက ဝမ်ရှန်းမီဒီယာအတွက် ကျွန်တော့်ရဲ့လက်ဆောင်ပဲ''
"ဘာ?''
ကောချီထောင်ကနားထောင်ရင်း ကြောင်သွားသည်။
ချင်းလင်ရှုမျှော်ခင်းတွင် သူ့မိန်းမကိုခရီးသည်များဝေဖန်နေသောဗီဒီယိုပင်။ ဗီဒီယိုမှတ်ချက်ထဲတွင်လည်း သူ့မိန်းမကိုဆဲထားကြသည်။
"ဒါလက်ဆောင်တဲ့လား?''
ကောချီထောင်မှာဒေါသထွက်လွန်း၍ သွေးအန်မတတ်ပင်။
သူ့ကိုတရားဝင်သတင်းချန်နယ်ကနေ အမည်တပ်ကြေညာလိုက်ပြီး သူ့ကြော်ငြာမိတ်ဖက်တွေကပါ နစ်နာကြေးတောင်းလာမယ်ဆိုရင် သူချက်ချင်းအသက်ပျောက်သွားနိုင်သည်။
သို့သော် မန်နေဂျာချီက ဂရုမစိုက်။ နုတ်ထွက်စာပေးပြီး တန်းလှည့်ထွက်သွားသည်။
ကောချီထောင်က နံရံမှီပြီး သူ့အတွင်းရေးမှူးကိုညွှန်ကြားလိုက်သည်_
"ရှေ့နေလီခေါ်ပြီး ကွာရှင်းစာချုပ်ရေးခိုင်း... လက်ဆောင်လိုချင်နေတယ်ဟုတ်လား? ပေးရတာပေါ့''
ကောချီထောင်က ကွာရှင်းစာချုပ်အမြန်ယူပြီး ဒေါသအချောင်းချောင်းနှင့်ကုမ္ပဏီမှထွက်ကာ အိမ်ပြန်လာသည်။
ဝဝဖိုင့်ဖိုင့်အမျိုးသမီးက ယောက်ျားဖြစ်သူကိုမြင်လျှင် အံ့ဩသွားပြီး_
"ယောက်ျား.. ဘာလို့ဒီလောက်အစောကြီးပြန်လာတာလဲ? တစ်ခုခုမေ့ကျန်ခဲ့လို့လား?''
"ဘာမှမကျန်ခဲ့ဘူး... မင်းကိုလက်ဆောင်ပေးဖို့သက်သက်ပြန်လာတာ''
ကောချီထောင်က အေးစက်စက်အသံနှင့်ပြောသည်။
ဝဝဖိုင့်ဖိုင့်အမျိုးသမီးက ထူးဆန်းနေသောအငွေ့အသက်ကိုသတိမထားမိဘဲ မေးလိုက်သည်_
"ယောက်ျား.. ကျွန်မအတွက်လက်ဆောင်ဝယ်ခဲ့တာလား? ကျွန်မပေးတဲ့လက်ဆောင်ကိုမြင်ပြီးပြီမလား?''
ထိုစကားကြောင့် ကောချီထောင်ဒေါသငယ်ထိပ်ဆောင့်တက်သွားသည်။ သူက ကွာရှင်းစာချုပ်ကို ဝဝဖိုင့်ဖိုင့်အမျိုးသမီးဆီပစ်ပေးပြီး နောက်ပြန်လှည့်မကြည့်ဘဲထွက်သွား၏။
ဝဝဖိုင့်ဖိုင့်အမျိုးသမီးက ကွာရှင်းစာချုပ်ကိုအမှတ်တမဲ့လှမ်းဖမ်းလိုက်သည်။ စာချုပ်ကိုသေချာဖတ်ပြီးချိန်တွင်မူ သူမမျက်နှာသွေးဆုတ်သွားတော့သည်။
ချင်းလင်အပန်းဖြေစံအိမ်_
ပါမောက္ခဝမ်လည်း အရင်ဆုံးရောက်လာပြီး ဝန်ကြီးလုကိုနှုတ်ဆက်သည်_
"ဝန်ကြီးလု.. ပြန်ဆုံပြီနော်''
ဝန်ကြီးလုမှာ ပါမောက္ခဝမ်ကိုလေးစားနေသူဖြစ်၍ ရိုရိုသေသေနှင့်_
"ဟုတ်တယ် ပြန်ဆုံပြီ... ဒီတစ်ခါ ပါမောက္ခဝမ်ကိုနည်းနည်းနှောင့်ယှက်ရမယ်''
အရည်အချင်းရှိသူတွေကို သူသဘောကျသည်။
ပါမောက္ခဝမ်က ရေခဲနည်းပညာကိုတီထွင်ခဲ့ရုံသာမက အထူးဖိုက်ဘာကိုလည်းဖန်တီးခဲ့သည်။ ဒါတွေအားလုံးက အနှစ်ရှိသောနည်းစနစ်များပင်။
အခု Optimus Prime နှင့် Megatron လို လူသားတွေလုပ်နိုင်စွမ်းထက်ပိုသောနည်းပညာမျိုးကိုသုတေသနလုပ်နိုင်ခဲ့ပြန်ပြီ။ လုံးဝအံ့ဩစရာကောင်းသည်။
"ပါမောက္ခဝမ်.. ဒါကတော်ဝင်ပညာရှင်ဖန်းပါ''
သူကချက်ချင်းမိတ်ဆက်ပေးသည်_
"သူက ခင်ဗျားနဲ့ စက်ရုပ်နည်းပညာအကြောင်းတွေဆွေးနွေးချင်တယ်တဲ့... အထူးသဖြင့် Optimus Prime နဲ့ Megatron ပေါ့''
"ပါမောက္ခဝမ်.. ခင်ဗျားအကြောင်းတွေအများကြီးကြားဖူးပါတယ်... ဒီတစ်ခါ ခင်ဗျားဆီကသင်ယူရမယ်''
တော်ဝင်ပညာရှင်ဖန်းကပြောသည်။
"တော်ဝင်ပညာရှင်ဖန်း?''
ပါမောက္ခဝမ်လည်း အံ့ဩနေသည်။
သူကတော်ဝင်ပညာရှင်ဖန်းကိုသိသော်လည်း တဖက်ကသူ့ကိုမသိ။
စက်ရုပ်နည်းပညာမှာထိပ်တန်းပညာရှင်ဖြစ်သည်။ မနှစ်က လုကျိုးမှာ သူ့စာသင်ချိန်လက်မှတ်တစ်စောင်ရ၍ အရမ်းပျော်ခဲ့ဖူးသည်။
သင်ခန်းစာကလည်း သူ့အတွက်အလွန်အကျိုးရှိခဲ့သည်။
တော်ဝင်ပညာရှင်ဖန်းက သူ့ဆီလာသင်ယူမည်ဟုမထင်မိ၍ ရှက်လည်းရှက်သလို အပြစ်ရှိသလိုလည်းခံစားရသည်။
သူ့အရည်အချင်း သူသိသောကြောင့်ပင်။
သူများရှေ့တွင်ခပ်တည်တည်နေနိုင်သော်လည်း တော်ဝင်ပညာရှင်ဖန်း၊ဝန်ကြီးလုတို့လိုလူမျိုးနှင့်ရင်ဆိုင်ရသောအခါ အပြစ်ရှိစိတ်ကပိုကြီးလာသည်။
ဝန်ကြီးလုနှင့်တော်ဝင်ပညာဖန်းက စချီးကျူးတော့သည်_
"တရုတ်ပြည်မှာ ပါမောက္ခဝမ်လိုလုပ်နိုင်တဲ့သူမျိုးရှိမယ်မထင်ဘူး''
"ဟုတ်တယ်.. ဒီတစ်ခါ အနောက်နိုင်ငံတွေအံ့ဩပြီး ပါးစပ်အဟောင်းသားဖြစ်နေလိမ့်မယ်''
"ပါမောက္ခဝမ်ရဲ့နည်းပညာက စက်ရုပ်သုတေသနမှာ တစ်ခေတ်ဖြစ်သွားပြီလို့ပြောရမယ်''
"အင်း.. ပါမောက္ခဝမ်.. တရုတ်သိပ္ပံအကယ်ဒမီမှာ ဘယ်တော့လာပို့ချမလဲ?''
ချင်လင်က ငြိမ်ပြီးနားထောင်နေသည်။
ဒါတွေက ဓားစာခံရှိခြင်းရဲ့အကျိုး။ သူလွတ်ပြီ။
သူတို့ချီးကျူးစကားကြောင့် ပါမောက္ခဝမ်မှာပိုပြီးအပြစ်ရှိသလိုခံစားနေရသည်။ သူကမနေတတ်ဘဲ_
"ဝန်ကြီးလုနဲ့တော်ဝင်ပညာရှင်ဖန်းက မြှောက်နေပြန်ပါပြီ... တကယ်တော့ Optimus Prime နဲ့ Megatron အတွက်ဂုဏ်ပြုရမှာ ကျွန်တော့်ကိုမဟုတ်ဘူး... ဥက္ကဌချင်ကိုပါ... Optimus Prime နဲ့ Megatron ဒီဇိုင်းကိုသူဆွဲပေးခဲ့တာ... ကျွန်တော်က အဲဒီဒီဇိုင်းအတိုင်း အပြီးသတ်ပေးရုံပဲ''
ဝန်ကြီးလုရော တော်ဝင်ပညာဖန်းပါ ချင်လင်ကိုအမှတ်တမဲ့ကြည့်လိုက်ကြသည်။
“????”
ချင်လင်ကြောင်သွားသည်။