အခန်း ၁၄၂၇
Vol. 96 Ch. 1427
အခန်း ၁၄၂၇: အရုပ်ဆို ယုံမလား?
ချင်လင် တကယ်ကြောင်သွားသည်။
ပါမောက္ခဝမ်က ဘာလို့ဒီလောက်စိတ်ပျော့ရတာလဲ? သူ့ကိုဆွဲမထည့်ဘဲ နည်းနည်းပါးပါးမပြောနိုင်ဘူးလား?
သူက ဝန်ကြီးလုနှင့်တော်ဝင်ပညာရှင်ဖန်းကိုကြည့်ပြီးပြောလိုက်သည်_
"အင်း.. ကျွန်တော် တစ်ခါတလေစိတ်ကူးရတာနဲ့ ဒီဇိုင်းဆွဲလိုက်တာ''
ချင်လင်ဝန်ခံမှ ဝန်ကြီးလုပိုအံ့ဩသွားပြီး_
"သူဌေးချင်.. မင်းက တကယ်လန့်စရာကောင်းတာပဲ... အပင်မျိုးစိတ်နဲ့တိရစ္ဆာန်မျိုးစိတ်မှာ ဒီလောက်အောင်မြင်နေတာကို နည်းပညာသုတေသနမှာလည်း ခဏလေးနဲ့ဒီလောက်အောင်မြင်အောင်လုပ်နိုင်မယ်လို့မထင်မိဘူး''
ချင်လင်ကချက်ချင်းပုံပြောလိုက်သည်_
"ဝန်ကြီးလု.. တကယ်တော့ ကျွန်တော် Optimus Prime နဲ့ Megatron အကြောင်းစဉ်းစားနေတာကြာပြီ... အဲဒီနှစ်ကောင်ကိုအရမ်းသဘောကျတာ... ကျွန်တော့်အချိန်တွေအများကြီးပေးခဲ့ရပါတယ်''
တော်ဝင်ပညာရှင်ဖန်းကချက်ချင်းပင်_
"သူဌေးချင်အချိန်ဘယ်လောက်ပေးတယ်ပြောပြော လုပ်နိုင်စွမ်းကိုသက်သေပြနေတာပါပဲ... ကမ္ဘာပေါ်ကနိုင်ငံတွေအကုန် ဒီအပိုင်းကိုကြိုးစားနေပေမဲ့ ရလဒ်သိပ်မထွက်သေးဘူးလေ... မင်းက ဒီလိုအံ့ဩစရာတစ်ခုကို ကိုယ်တိုင်ဖန်တီးပြလိုက်တာ... တကယ့်ဉာဏ်ကြီးရှင်ပဲ... ဒါကြောင့် တရုတ်သိပ္ပံအကယ်ဒမီကပညာရှင်တွေ မင်းကိုလေးစားကြတာကိုး''
ဝန်ကြီးလုကလည်း_
"တော်ဝင်ပညာရှင်ဖန်း.. ကျွန်တော်ပြောတာမှန်တယ်မလား? သူဌေးချင်ရဲ့အရည်အချင်းကို မလေးစားတဲ့သူမရှိဘူးလို့''
တော်ဝင်ပညာရှင်ဖန်းက ခေါင်းညိမ့်ပြီး_
"မှန်ပါတယ်.. သူက အံ့ဩစရာပဲ... နှစ် ၁၀၀ မှာ တစ်ခါတွေ့နိုင်တာမျိုးပါ''
တစ်ခုခုမှားနေပြီဟု ချင်လင်သိလိုက်သည်။
သူ့ကိုဘာလို့ပါမောက္ခဝမ်လိုသဘောထားနေကြတာလဲ?
သူကချက်ချင်းပင်_
"ဝန်ကြီးလု တော်ဝင်ပညာရှင်ဖန်း.. ကျွန်တော်ဒီဇိုင်းဆွဲတာမှန်ပေမဲ့ ပါမောက္ခဝမ်က လုပ်ခဲ့တာပါ... အသေးစိတ်ကို ကျွန်တော်မသိပါဘူး... ပြဿနာအတော်များများကို ပါမောက္ခဝမ်ပဲဆွေးနွေးအဖြေရှာပြီးလုပ်ခဲ့တာ''
"ဒီအကြောင်း ပါမောက္ခဝမ်နဲ့ဆွေးနွေးနိုင်ပါတယ်... သူက ကျွန်တော့်ထက်ပိုသိတယ်... ပါမောက္ခဝမ်မကူညီရင် Optimus Prime နဲ့ Megatron ဖြစ်လာမှာမဟုတ်ပါဘူး''
နောက်နေတာလား?
သူဒီအကြောင်း ဘာမှမသိဘူး။ ဒီဒီဇိုင်းဘယ်လိုရလာလဲ သူ့ထက်ပိုသိတဲ့သူမရှိဘူး။
အရင်ဆုံး ပါမောက္ခဝမ်ဆီပြန်ပစ်ပေးလိုက်တာပဲကောင်းမည်။
ချင်လင်စကားကြောင့် ပါမောက္ခဝမ်စိတ်လှုပ်ရှားသွားသည်။
သူ့မှာအပြစ်ရှိသလိုခံစားနေရ၍ နာမည်တောင်မယူရဲ။ ဥက္ကဌချင်က သူ့ကိုနေရာပေးလာမယ်လို့ဘယ်ထင်မလဲ? ချင်းလင်ဓာတ်ခွဲခန်းလာခဲ့တာ သူ့ဘဝမှာအကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်မည်ထင်သည်။
ချင်လင်စကားကို ဝန်ကြီးလုနှင့်တော်ဝင်ပညာရှင်ဖန်းက သံသယမရှိ။ ဘာပဲဖြစ်ဖြစ် ပါမောက္ခဝမ်က ရေခဲနည်းပညာနှင့်အထူးဖိုက်ဘာနည်းပညာကိုတီထွင်ခဲ့သည်။
နောက်ပြီး ချင်လင်အကြောင်းသူသိသည်။ ဒီအကြောင်းတွေပြောရမှာ သူဌေးချင်စိတ်မပါ၊ သူပျင်းသည်။ ပါမောက္ခဝမ်နှင့်တိုက်ရိုက်ပြောတာပိုကောင်းမည်။
ပါမောက္ခဝမ်က Optimus Prime နှင့် Megatron ကို ကိုယ်တိုင်ဖန်တီးခဲ့သူဖြစ်၍ ဒီဇိုင်းဆွဲသူထက်ပိုနားလည်မည်။ တကယ်တော့ အသေးစိတ်ကို သူကပိုသိနိုင်သည်။
"ပါမောက္ခဝမ်.. ခင်ဗျားကိုဆက်ပြီးဒုက္ခပေးရဦးမယ်''
ဝန်ကြီးလုက ပါမောက္ခဝမ်အား_
"ခင်ဗျားသိတဲ့အတိုင်းပဲ... တစ်ကမ္ဘာလုံးက စက်ရုပ်နည်းပညာမှာပြိုင်နေကြတာ... အခုခင်ဗျားနဲ့သူဌေးချင်က ကျုပ်တို့ရဲ့ဦးဆောင်သူတွေပဲ''
စကားလမ်းကြောင်းလွှဲနိုင်သွားပြီဖြစ်၍ ချင်လင်လည်း_
"ဝန်ကြီးလု.. ဒီလိုဆိုရင်ရော... ကျွန်တော် တော်ဝင်ပညာရှင်ဖန်းအတွက်အခန်းစီစဉ်ခိုင်းလိုက်မယ်... အိုး ဒါနဲ့.. ပါမောက္ခဝမ်က ဒီမှာခဏတည်းမှာ... ခင်ဗျားတို့ကောင်းကောင်းဆွေးနွေးလို့ရတာပေါ့''
"ဒါဆို သူဌေးချင်ကိုဒုက္ခပေးရဦးမယ်''
ဝန်ကြီးလုက တန်းပြောသည်။
ချင်လင်က အချိန်ဆွဲမနေဘဲ ချက်ချင်းထပြေးလာသည်။ နောက်အပိုင်းက သူဝင်ပါရမည့်အပိုင်းမဟုတ်။ သူဘာမှမသိ။ သူ့ကိုမေးရင်အရှက်ကွဲနေမည်။
ချင်လင်ကရုံးခန်းထဲမှထွက်ပြီး ကောင်းယောင်ယောင်ကိုသွားရှာသည်။ တော်ဝင်ပညာရှင်ဖန်းနှင့်ပါမောက္ခဝမ်အတွက်အခန်းစီစဉ်ခိုင်း၏။
"အစ် အစ် အစ်!''
ရှောင်ရန်အသံထွက်လာသည်။
ချင်လင်ကလှမ်းကြည့်လိုက်ရာ ရှောင်ရန်ကမြက်တစ်ဆုပ်စားရင်း သူ့ကိုအသံပေးနေသည်ကိုတွေ့ရသည်။
ဒီကောင့်အတွက်ခွေးသွားစိတ်မြက်က အရသာအရှိဆုံး။ ခွေးသွားစိတ်မြက်ခင်းပြင်မှာ သူအကြိုက်ဆုံးစားစရာဖြစ်သည်။
ရှောင်ရန်ကိုယ်လုံးက ပိုကြီးလာသေး၏။ ဂိမ်းမျိုးစိတ်ကြောင့်လားမသိသော်လည်း မိချောင်းနှင့်မတူတော့။
Leviathan မှာ ဂန္တဝင်တောတောင်ကျမ်းတွင်မှတ်တမ်းတင်ထားသောသတ္တဝါတစ်ကောင်မှန်းသိကြသည်။
ရှေ့လျှောက် ဒီကောင်ဘယ်လောက်ကြီးလာမလဲ သူသိချင်သည်။
ရှောင်ရန်၏လက်ရှိအရွယ်အစားအရ ချင်ဖုန်းမပြောနှင့်၊ သူတောင်တက်ထိုင်နိုင်သည်။
ရှောင်ရန်က ချင်လင်နားရောက်ချလာသည်။ ချင်လင်က မိချောင်းကိုကြည့်ပြီး ခဏစဉ်းစားကာ သူ့ကျောပေါ်တင်ပျဉ်ခွေတက်ထိုင်လိုက်သည်။ ချင်ဖုန်းလေးမိချောင်းစီးသည့်အတွေ့အကြုံမျိုး သူလည်းရချင်သည်။
ဒီကောင်အရွယ်အစားကြီးလာသော်လည်း အခုချိန်ထိ သူမစီးဖူး။
ရှောင်ရန်က သူ့သခင်အပြုအမူကြောင့် ဝမ်းသာအားရအသံပေးသည်။ သူကချင်လင်ကိုတင်ပြီး စံအိမ်အနှံ့ပတ်ပြေး၏။
သို့သော် မကြာမီ ခပ်သုတ်သုတ်လာနေသောမြင်းခွာသံနှင့်အတူ ရှူးရှူးရှဲရှဲအသံကြားရသည်!
ခြင်္သေ့လေးပင်။ သူ့ကိုအပန်းဖြေစံအိမ်ထဲခေါ်လာကတည်းက စံအိမ်အနှံ့လျှောက်ပြေးတတ်သည်။
ပိုင်ရှင်ဘယ်သူမှန်းသိ၍ ဘယ်သူမှမတားကြ။ လုံခြုံရေးအစောင့်များက ခပ်လှမ်းလှမ်းကမြင်ရင်တောင် တံခါးတန်းဖွင့်ပေးကြသည်။
သူက ချင်လင်ကိုဘေးမှငေးကြည့်နေသည်။ သူ့အကြည့်က တစ်ခုခုဖြစ်နေသလို၊ ပူဆွေးသည့်အရိပ်အယောင်တောင်ပါသည်။
ဒါ ဉာဏ်ကောင်းတဲ့တိရစ္ဆာန်တွေ စိတ်အပျက်ဆုံးအရာပင်။
သူဘာဖြစ်နေတာလဲ?
ခြင်္သေ့လေးအကြည့်ကိုမြင်ပြီး ချင်လင်သဘောပေါက်သည်။ သူက ကိုးရိုးကားရားနှင့် ရှောင်ရန်ကျောပေါ်မှဆင်းလာ၏။
သူမိချောင်းစီးလို့ မြင်းကသဝန်တိုနေတာမလား?
သူရှောင်ရန်ကျောပေါ်မှဆင်းလိုက်သောကြောင့် ခြင်္သေ့လေးက ချက်ချင်းအနားရောက်လာပြီး သူ့ကိုခေါင်းနှင့်လာဝှေ့သည်။