အခန်း ၁၄၂၈
Vol. 96 Ch. 1428
အခန်း ၁၄၂၈: အရုပ်ဆို ယုံမလား? ၂
ချင်လင်လည်း ခြင်္သေ့လေးခေါင်းကိုသပ်လိုက်သည်။
သို့သော် ခြင်္သေ့လေးက ကျေနပ်ပုံမပေါ်။ သူ့ခေါင်းကိုငဲ့စောင်းပြီး သူ့ကျောကိုကြည့်နေ၏။ အဓိပ္ပါယ်ကရှင်းသည်။
ချင်လင်ကရယ်ပြီး ခြင်္သေ့လေးကျောပေါ်တက်ခွလိုက်သည်။
မိချောင်းရှောင်ရန်ကိုမနာလိုပြီး သူ့ကျောပေါ်စီးစေချင်နေသည်။
ရှောင်ရန်ကကျေနပ်ပုံမရ။ ရှားရှားပါးပါး သခင်ကတက်စီးလို့ပျော်နေမှ နှောင့်ယှက်ခံရသည်။ သူက ခြင်္သေ့လေးကိုအော်ပစ်လိုက်၏။
ခြင်္သေ့လေးက အနိုင်မခံဘဲ နောက်ပြန်လှည့်ကာ ရှောင်ရန်ကိုအော်လိုက်သည်။ ဒီတစ်ကြိမ်တွင်မူ ရှောင်ရန်သတ္တိကြောင်သွားပြီး မြက်ပြန်စားနေလိုက်သည်။
မိချောင်းမှာ ရန်အလိုဆုံးသတ္တဝါဖြစ်ပါလျက်နှင့် သတ္တိအကြောင်ဆုံးလည်းဖြစ်နေ၏။
ညနေပိုင်း ချင်လင်ရုံးခန်းထဲပြန်ရောက်ချိန်တွင် ဆွေးနွေးနေကြဆဲရှိသေးသည်။
ပါမောက္ခဝမ်နှင့်တော်ဝင်ပညာရှင်ဖန်းက Optimus Prime နှင့် Megatron ဒီဇိုင်းကိုကြည့်ပြီး အသည်းအသန်ဆွေးနွေးနေကြ၏။
ချင်လင်ဝင်လာသောအခါ ဝန်ကြီးလုကစာရွက်ပေးပြီး_
"ပါမောက္ခဝမ်နဲ့တော်ဝင်ပညာရှင်ဖန်းက တစ်နေ့လယ်လုံးဆွေးနွေးပြီး အရမ်းအသုံးဝင်တဲ့နည်းပညာတချို့ကောက်ချက်ချထားတယ်... ပထမတစ်ခုက စက်ရုပ်အချိုးအဆစ်နည်းပညာ... ဒုတိယက ဆွဲအားဗဟိုနည်းပညာ... တတိယက စွမ်းအားနည်းပညာ... ပြီးတော့ စတုတ္ထက သံလိုက်စက်ကွင်းနည်းပညာပဲ''
"ဒီနည်းပညာတွေကိုသီးခြားထားရင်တောင် ခေတ်ရှေ့ပြေးနေသေးတယ်... အခုသူဌေးချင်က တစ်ခုချင်းဒီဇိုင်းဆွဲပြီးတော့ ပါမောက္ခဝမ်က လက်တွေ့လုပ်ပေးထားတယ်''
"အံ့ဩစရာကောင်းတယ်လို့ပဲပြောတော့မယ် သူဌေးချင်.. ဘယ်လိုများလုပ်လိုက်တာလဲဟင်? မင်းဘယ်လိုစဉ်းစားလဲသိချင်တာ''
ချင်လင်ကနားထောင်ပြီး စကားလမ်းလွှဲလိုက်သည်_
"ဝန်ကြီးလု.. တကယ်လို့ Optimus Prime နဲ့ Megatron က အဖေတစ်ယောက်စိတ်ကူးပေါက်ပြီးလုပ်ထားတဲ့အရုပ်သက်သက်ပဲဆိုရင် ခင်ဗျားယုံမလား?''
အဲလိုပဲမလား? ဒါအဖေတစ်ယောက်လုပ်ပေးထားတဲ့ဟာလေ။
ဝန်ကြီးလုကကြောင်သွားပြီးမှ_
"သူဌေးချင်.. ဒါပေါ့.. ယုံတာပေါ့... ဒီအရုပ်က ချင်ဖုန်းလေးအတွက်ကြီးလွန်းနေတာတစ်ခုပဲ... ချင်ဖုန်းလေးကိုချစ်တဲ့အဖေရှိလို့လည်း အရုပ်လုပ်ချင်စိတ်ရှိတာပေါ့... နောက်ဆုံး လက်လွန်ပြီး ဒီလိုအံ့ဩစရာနည်းပညာထွက်လာတာ... ရှေ့လျှောက် ဒီဇာတ်လမ်းကို သက်ဆိုင်ရာပြဌာန်းစာအုပ်တွေမှာဖော်ပြရမယ်''
“ကျွတ် ကျွတ်''
ချင်လင် ဆက်မပြောချင်တော့။
ဝန်ကြီးလုက ထပ်တောင်းဆိုပြန်သည်_
"သူဌေးချင်.. ဒီနည်းပညာကိုမြင်ပြီးတော့ ငါတောင်းဆိုချင်တာရှိတယ်... Optimus Prime နဲ့ Megatron ကို ရှုမျှော်ခင်းကလွဲပြီးတော့ ဘယ်သူ့ကိုမှချမပြဖို့ပါ... မဟုတ်လို့ တစ်ယောက်ယောက်လက်ထဲရောက်သွားရင် ပြဿနာဖြစ်မှာစိုးတယ်''
ချင်လင်ခေါင်းညိမ့်လိုက်သည်။
ဒီစည်းမျဉ်းကို သူနားလည်သည်။ Optimus Prime နှင့် Megatron ကိုဖန်တီးပြီးကတည်းက သူသိထားသည်။
တချိန်တည်း၌_
Optimus Prime နှင့် Megatron က တရုတ်ပြည်မှာနာမည်ကြီးနေစဉ် နိုင်ငံခြားသို့လည်း သက်ဆိုင်ရာဗီဒီယိုများပြန့်သွားသည်။
မည်သို့ဆိုစေ Optimus Prime နှင့် Megatron ကိုမြင်သွားသောနိုင်ငံခြားခရီးသည်များက ကြွားကြလိမ့်မည်။
စတန်းဖို့ဒ်မှာ နာမည်အကြီးဆုံးတက္ကသိုလ်တစ်ခုဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း စတန်းဖို့ဒ်မှ တိုင်းပြည်နှင့်ကမ္ဘာအတွက် ထူးချွန်ထက်မြက်သူအများအပြားကိုမွေးထုတ်ပေးလျက်ရှိသည်။
စက်ရုပ်သုတေသနနည်းပညာကလည်း ကမ္ဘာမှာအဆင့်အမြင့်ဆုံးဖြစ်ပြီး အမေရိကန်၏စက်ရုပ်နည်းပညာသုတေသနအတွက် ကြီးကြီးမားမားအထောက်အကူပေးခဲ့သည်။
ထိုအချိန်တွင် ဆံပင်ရွှေဝါရောင်နှင့်လူကြီးတစ်ဦးက ဟောပြောပို့ချနေသည်။ ထိုဆံပင်ရွှေဝါရောင်လူကြီးမှာ အမေရိကန်နိုင်ငံတွင်ကျော်ကြားသော ပါမောက္ခ Lucas ပင်။ ထို့အပြင် စတန်းဖို့ဒ်တက္ကသိုလ်၊စက်ရုပ်သိပ္ပံပညာရပ်၏ ပထမဦးဆုံးသောတော်ဝင်ပညာရှင်လည်းဖြစ်သည်။
Lucas ၏ ဟောပြောပို့ချမှုများမှာ အမြဲပေါ့ပေါ့ပါးပါးရှိတတ်သည်။ ရုတ်တရက်စိတ်ကူးပေါက်လာလျှင် တစ်ယောက်ယောက်ကိုအကြောင်းကြားခိုင်းပြီး အတန်းစလိုက်လေ့ရှိသည်။
ဒီနေ့လည်း အတန်းကို ညဉ့်နက်သန်းခေါင်မှထသင်သည်။
သို့သော်လည်း သူဟောပြောပို့ချသည့်အခါတိုင်း စတန်းဖို့ဒ်တက္ကသိုလ်မှစက်မှုသုတေသနပညာရပ်ဆိုင်ရာ မဟာဘွဲ့နှင့်ပါရဂူဘွဲ့ သင်တန်းသားများ အမြန်ဆုံးရောက်ရှိလာတတ်သည်။ သူ့အတန်းတွင် ကန့်သတ်ချက်မရှိသောကြောင့် တက္ကသိုလ်ပထမနှစ်သင်တန်းသားများတောင် တက်ရောက်နိုင်ကြသည်။
ယခုအတန်းတွင် ပါမောက္ခ Lucas က သူ့အဖွဲ့မှ ဖော်ထုတ်တီထွင်ထားသော နောက်ဆုံးပေါ်စက်ရုပ်သုတေသနနည်းပညာကို ရှင်းလင်းပို့ချပေးမည်ဖြစ်သည်။
“ငါတို့သုတေသနလုပ်နေတဲ့စက်ရုပ်တွေက အခြေခံဒြပ်ဆွဲအားဗဟိုချက်ထိန်းချုပ်မှုရနေပြီ”
Lucas က ပြောကြားသည်_
“နောက်တစ်ဆင့်အနေနဲ့ စက်ရုပ်အရိုးငြမ်းပြဿနာကိုဖြေရှင်းနိုင်ရင် ငါတို့ရဲ့စက်ရုပ်နည်းပညာကိုတစ်ဆင့်မြှင့်တင်နိုင်မှာဖြစ်တယ်''
“ဒီသုတေသနပိုင်းမှာ ငါတို့က ကမ္ဘာ့ရှေ့ကို အနည်းဆုံးဆယ်နှစ်လောက်ကြိုရောက်နေပြီလို့ ပြောလို့ရတယ်... စက်ရုပ်သုတေသနမှာတော်လှချည်ရဲ့ဆိုတဲ့နိုင်ငံကြီးမှာတောင် သူတို့တီထွင်ထားတဲ့စက်ရုပ်တွေက ဘီးတွေနဲ့သွားလာနေရတုန်းရှိသေးတယ်”
ထိုစကားကြောင့် တစ်တန်းလုံးဝါးခနဲရယ်လိုက်ကြသည်။ ပါမောက္ခပြောနေတာ ဘယ်နိုင်ငံဖြစ်ကြောင်း ကျောင်းသားအများစုသိကြသည်။
တခြားသူများမှာ သူတို့ကိုအထင်သေးခွင့်မရှိသော်လည်း ပါမောက္ခ Lucas မှာမူ ထိုသို့ပြောပိုင်ခွင့်ရှိနေသည်။
အကြောင်းမှာ ဒီအပိုင်းတွင် Lucas က အတော်ဆုံးပညာရှင်ဖြစ်သောကြောင့်ပင်။
သူ့စကားကြောင့် မကျေနပ်သူများလည်းရှိသည်။ နိုင်ငံတကာကျောင်းသားတစ်ဦးက မတ်တပ်ထရပ်ပြီးပြော၏_
“ပါမောက္ခ Lucas.. ဆရာပြောတာမှန်တယ်မထင်ပါဘူး... နည်းပညာဆိုတာ အမြဲတမ်းတိုးတက်ပြောင်းလဲနေတာမလို့ ဆရာတစ်ခုခုမှားနေတာလည်းဖြစ်နိုင်ပါတယ်... ဆရာအထင်သေးနေတဲ့ နိုင်ငံမှာ ဆရာတို့လိုက်မမီနိုင်တော့တဲ့စက်ရုပ်နည်းပညာမျိုးရှိနှင့်နေတာလည်းဖြစ်နိုင်ပါတယ်”
လူတိုင်းက ထိုနိုင်ငံတကာကျောင်းသားကို လှည့်ကြည့်လိုက်ကြသည်။ သူ့ဆံပင်အမည်းရောင်နှင့် အဝါရောင်အသားအရေကိုမြင်ရသောအခါ ဝိုင်းလှောင်ကြ၏။
သူဘယ်နိုင်ငံကလဲ မသိဘဲနေမလား? ပါမောက္ခ Lucas ပြောနေသောနိုင်ငံပင်။
Lucas ကလည်းသိပုံရပြီး ကျီစယ်လိုက်သည်_
“ကျောင်းသား.. မင်းကြည့်ရတာ စက်မှုသိပ္ပံသုတေသနအကြောင်း သိပ်နားလည်ပုံမရဘူး... ဒါမှမဟုတ် မင်းနိုင်ငံမှာ အဆင့်အမြင့်ဆုံးစက်ရုပ်နည်းပညာရှိတယ်လို့ထင်နေတာလား? ဒါဆိုရင်တော့ မင်းကိုစာပိုဖတ်ဖို့တိုက်တွန်းရလိမ့်မယ်... ဘာလို့လဲဆိုတော့ အဆင့်မြင့်ဆုံးစက်ရုပ်နည်းပညာက မင်းသင်ကြားနေတဲ့ဒီကျောင်းရဲ့ဓာတ်ခွဲခန်းထဲမှာရှိနေလို့ပဲ”
ထိုနိုင်ငံတကာကျောင်းသား မျက်မှောင်ကြုတ်သွားသည်။ သူက ဘာမှမပြောတော့ဘဲ Laptop တစ်လုံးကိုကောက်ယူကာ ပြင်ဆင်သည်။
အားလုံးက သူ့ကိုဇဝေဇဝါနှင့်ကြည့်နေသည်။
ခဏအကြာ Lucas နောက်ရှိမာတီမီဒီယာဖန်သားပြင်တွင် ဗီဒီယိုတစ်ပုဒ်ပေါ်လာ၏။ ကြည့်ရတာ ထိုနိုင်ငံတကာကျောင်းသားက ဖွင့်လိုက်ပုံပင်။
သို့ရာတွင် ဗီဒီယိုဖွင့်ပြီးနောက် Lucas နှင့်ကျောင်းသားအားလုံး စိတ်ဝင်စားသွားသည်။
ဆီပုံးနှင့်ကြက်များတင်ထားသောကုန်တင်ကားတစ်စီးပေါ်လာပြီး လမ်းမပေါ်တွင် အရှိန်ပြင်းပြင်းနှင့်မောင်းနှင်နေသည်။
ထိုမော်တော်ကားနှစ်စီးပေါ်လာသည့်ခဏတွင်ပင် စာသင်ခန်းထဲရှိအမေရိကန်ကျောင်းသားအများစုက Optimus Prime နှင့် Megatron ၏မူရင်းပုံစံများဖြစ်မှန်းသိလိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် Optimus Prime နှင့် Megatron က သူတို့နိုင်ငံထုတ်ကုန်ဖြစ်သည်။
အမှန်ပင်၊ ခဏအကြာတွင် Optimus Prime နှင့် Megatron က ပုံပြောင်းသွားသည်။ ခပ်မိုက်မိုက်အသွင်ပြောင်းလဲမှုအဆင့်ဆင့်က ကျောင်းသားအားလုံး၏အာရုံကိုဖမ်းစားလိုက်သည်။
“ဒါ ဘယ် Transformers ရုပ်ရှင်လဲ?”
တစ်ယောက်က ရေရွတ်လိုက်သည်_
“ငါတော့ လုံးဝမမှတ်မိဘူး”
“ငါလည်း မမှတ်မိဘူး... သူတို့ဖြတ်ထုတ်လိုက်တဲ့အခန်းလား ဒါမှမဟုတ် မေ့ကျန်ခဲ့တာလား?”
“ဟားဟား... ဒီအသားဝါကျောင်းသားက Transformers ရုပ်ရှင်ကိုပြနေတာလား? Optimus Prime နဲ့ Megatron ကို သူ့နိုင်ငံက တီထွင်ထားတာများမှတ်နေလားပဲ?”
“သူဒီလောက်တော့ မအနိုင်ပါဘူးနော်? ဒါရုပ်ရှင်ထဲက ဇာတ်ကောင်တွေလေ... ပြီးတော့ ဒါတွေက ငါတို့ကာတွန်းစာအုပ်တွေထဲကလာတာ''
“ဟုတ်ပါ့.. ဒီ Optimus Prime နဲ့ Megatron ကို သူတို့နိုင်ငံကလုပ်ထားတဲ့စက်ရုပ်တွေပါလို့ပြောလာရင်တော့ သူဆရာဝန်နဲ့ပြသင့်ပြီလို့ငါထင်တယ်... အင်း.. အာရုံကြောအထူးကုနဲ့ပြရမှာ!”
ဗီဒီယိုထဲတွင် Optimus Prime နှင့် Megatron ကအပြင်းအထန်တိုက်ခိုက်နေကြပြီဖြစ်ပြီး စိတ်လှုပ်ရှားစရာလည်းကောင်းသည်။
ထိပ်တိုက်တွေ့ဆုံမှုကြောင့်ထွက်လာသောမီးပွားများမှာ တလက်လက်တောက်ပနေ၏။
ဒီလိုမြင်ကွင်းမျိုးကိုဖန်တီးနိုင်ဖို့က ရုပ်ရှင် Effect များထည့်မှရမည်ဟု ထင်ရလောက်သည်။
ပတ်ဝန်းကျင်မှစကားသံများကြောင့် Lucas က ဗီဒီယိုကိုခဏရပ်လိုက်သည်။ ထို့နောက် သူက ထိုနိုင်ငံတကာကျောင်းသားကိုပြုံးပြုံးနှင့်ကြည့်ကာ_
“ဒီကကျောင်းသား... မင်းဗီဒီယိုပြတာ မှားသွားပုံရတယ်... မင်းတို့နိုင်ငံကစက်ရုပ်တွေက သူများထက်ပိုသာပါတယ်လို့သက်သေပြချင်ရင် မင်းတို့နိုင်ငံရဲ့စက်ရုပ်သုတေသနဗီဒီယိုကိုပဲပြရမှာပေါ့... ရုပ်ရှင်ပြရမှာမဟုတ်ဘူးလေ''
“ရုပ်ရှင်ကားကိုပြရုံနဲ့ ငါတို့နိုင်ငံရဲ့စက်ရုပ်နည်းပညာက ကမ္ဘာပေါ်မှာအကောင်းဆုံးလို့ပြောရကြေးဆိုရင် Big White ရုပ်ရှင်ကိုပြပြီး ငါတို့ဆီမှာ Big White လိုကုသရေးစက်ရုပ်ရှိနေပြီလို့ ကြေညာလို့ရတဲ့သဘောလား?”
“ဒါမှမဟုတ် Iron Man ရုပ်ရှင်ကိုပြပြီး ငါတို့က အံ့ဖွယ် Iron Man ဝတ်စုံကိုတီထွင်နိုင်ပြီလို့ပြောလို့ရလား?”
သူ့စကားကြောင့် စာသင်ခန်းထဲရှိကျောင်းသားအားလုံး ဝါးလုံးကွဲမတတ်ရယ်လိုက်ကြသည်။
တကယ်လက်တွေ့အမှန်တရားဖြစ်သောကြောင့်ပင်။