အခန်း ၁၄၂၉
Vol. 96 Ch. 1429
အခန်း ၁၄၂၉: ကိုယ့်သေတွင်းကိုယ်တူး!
လုဖုန်းက ကျောင်းသားများရယ်သံကိုနားထောင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
ဒီမောက်မာတဲ့လူတွေက ဗီဒီယိုတောင်မကြည့်ချင်ကြပါလား။
Optimus Prime နဲ့ Megatron က အမေရိကန်ထုတ်ကုန်တွေမှန်ပေမဲ့ သူတို့နိုင်ငံဓာတ်ခွဲခန်းက ဒီနှစ်ခုကိုပြီးပြည့်စုံအောင်ထုတ်နိုင်ခဲ့တာလေ။
တထပ်တည်းနီးနီးပဲ။
"ဟုတ်ပြီ.. ဒါကိုဟာသလိုသဘောထားလိုက်ရအောင်!''
Lucas က ဒီကိစ္စမှာ မပတ်သတ်ချင်။ ခေါင်းဆောင်တစ်ဦးအနေနှင့်၊ ထိပ်ဆုံးမှာရပ်တည်နေသူတစ်ဦးအနေနှင့် တဖက်ကိုမတန်ဟုလည်းထင်သည်။
လုဖုန်းက Laptop နှင့် ဖန်သားပြင်ပေါ်မှဗီဒီယိုကိုပြန်ဖွင့်သည်။
"ပါမောက္ခ Lucas''
သူကပြောပြန်သည်_
"ဒီဗီဒီယိုကိုကြည့်ပါဦး!''
Lucas စိတ်ရှုပ်သွားပုံရသည်။
သို့သော် နောက်ခဏတွင် ပတ်ဝန်းကျင်မှတရုတ်စကားသံများကြောင့် သူကြောင်သွားသည်။
ထို့နောက် လမ်းပေါ်တွင် တရုတ်စာလုံးနှင့်ဆိုင်းဘုတ်များတွေ့ရသည်။
အရှေ့တိုင်းတစ်နေရာဖြစ်ပုံရသည်။
"ပါမောက္ခ Lucas.. ဒါ ကျွန်တော်တို့နိုင်ငံရဲ့စက်မှုနည်းပညာပါ''
လုဖုန်းက ပြုံးပြုံးနှင့်ပြောသည်_
"Optimus Prime နဲ့ Megatron က ခင်ဗျားတို့ကာတွန်းထဲကဇာတ်ကောင်တွေဆိုပေမဲ့ ကျွန်တော်တို့နိုင်ငံက ပုံတူပွားထားပြီ''
"မဖြစ်နိုင်တာ!''
Lucas က တန်းပြောသည်။
ဒီလိုရုပ်ရှင်ထုတ်ကုန်မျိုးကို ပုံတူကူးနိုင်တာ သူမယုံ။ စက်ရုပ်သုတေသနနည်းပညာမှာအတော်ဆုံးသူတို့တောင်မရနိုင်တာမျိုးဖြစ်သည်။
ပတ်ဝန်းကျင်မှကျောင်းသားများလည်း ဆူညံပွက်လောရိုက်သွားသည်။
"နောက်နေတာလား?''
"Optimus Prime နဲ့ Megatron က လက်ရှိနည်းပညာနဲ့မှမရနိုင်သေးတာ''
"ဒီဗီဒီယိုက ပြင်ထားတာဖြစ်မယ်... လက်ရှိနည်းပညာနဲ့က လူ့ခန္ဓာကိုယ်လိုရှောရှောရှူရှူလှုပ်ရှားနိုင်တဲ့စက်ရုပ်မျိုးဖန်တီးဖို့မဖြစ်နိုင်သေးဘူး''
"ဒါအမှန်ဆိုတာ ဘယ်သူမှယုံနိုင်မှာမဟုတ်ဘူး''
"ဘာပဲဖြစ်ဖြစ် စတန်းဖို့ဒ်ရဲ့စက်ရုပ်ဓာတ်ခွဲခန်းက နည်းပညာအမြင့်ဆုံးပဲ... ဒီမှာမှမရရင် ဘယ်မှာမှရဖို့မဖြစ်နိုင်ဘူး''
လုဖုန်း မငြင်း။ သူကလက်တော့ပ်နှင့် နောက်ဗီဒီယိုတစ်ပုဒ်ဖွင့်ပြသည်။ တရုတ်ပြည်လိုင်းပေါ်တွင်ပြန့်နေသော Optimus Prime နှင့် Megatron ဗီဒီယိုပင်။
ချင်းလင်ရှုမျှော်ခင်းတွင် Megatron ငုတ်တုတ်ထိုင်ပြီး လုံခြုံရေးအစောင့်စာချုပ်ဖတ်နေသောရယ်ချင်စရာဗီဒီယိုဖြစ်သည်။
ဗီဒီယိုများကြောင့် အတန်းထဲမှ Lucas နှင့်ကျောင်းသားများ လုံးဝအံ့အားသင့်သွားသည်။
ကျောင်းသားများမှာမနေနိုင်ဘဲ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်လာသည်။
"ဒါအစစ်ထင်တယ်!''
"မယုံနိုင်ဘူး... လုံးဝမယုံနိုင်ဘူး''
ထိုအချိန်တွင် Lucas ရင်ပြောင်းဆန်သွားသည်။
သူက အတော်ဆုံးစက်ရုပ်သုတေသနပညာရှင်။ ဒီလိုစက်ရုပ်မျိုးဖန်တီးနိုင်တဲ့နည်းပညာက ဘယ်သူ့ဆီမှာမှမရှိသေးဟုလည်း ယုံကြည်ထားသည်။
ဒါပေမဲ့ သူမြင်နေရတဲ့ဗီဒီယိုက တကယ့်မြင်ကွင်းတွေ၊ ဗီဒီယိုဖြတ်ညှပ်ကပ်ဟုတ်ဟန်မတူ။
"ဟယ်လို ကျောင်းသား''
Lucas က ချက်ချင်းအသေးစိတ်မေးချင်သော်လည်း လုဖုန်းကိုမတွေ့ရတော့။
လုဖုန်းမှာ ပြုံးပြုံးနှင့် စာသင်ခန်းထဲမှထွက်သွားပြီဖြစ်သည်။
မောက်မာတဲ့လူတွေ အံ့ဩကြပေါ့။
သူဒီနေ့ ဒီအတန်းတမင်လာတာ သူကြိုသိထားသောကြောင့်ပင်။
သူက တရုတ်ပြည်ပြန်ရန်ဆုံးဖြတ်လိုက်သည်။ နှစ်ပေါင်းများစွာ လေ့လာပြီးရင်းလေ့လာပြီးနောက် သူ့လေ့လာထားသောပညာကိုကောင်းကောင်းအသုံးချရမည်။ ချင်းလင်ဓာတ်ခွဲခန်းက သူတောင့်တနေသောနေရာဖြစ်သည်။
စာသင်ခန်းထဲတွင် Lucas မှာ မစောင့်နိုင်တော့။
ဒီနယ်ပယ်ပညာရှင်တစ်ယောက်အနေနဲ့ ရုတ်တရက်အံ့ဩစရာသတင်းတွေ့လိုက်ရတာ ဘယ်လိုလုပ်တည်ငြိမ်နိုင်မလဲ?
သူ့ရင်ထဲမှာပုရွက်ဆိတ်တွေသွားနေသလို တရွရွဖြစ်နေသည်။ ဒါအမှန်ဟုတ်မဟုတ် သူသိချင်သည်။
Lucas က စာသင်ခန်းအပြင်ပြေးထွက်ပြီး ရုံးခန်းထဲသွားသည်။ အရှေ့တိုင်းဘာသာစကားကျွမ်းကျင်သူဆရာတစ်ယောက်ရှာပြီး လိုင်းပေါ်တက်ကာ အရှေ့တိုင်းသတင်းများကြည့်ခိုင်းသည်။
မြန်မြန်ဆန်ဆန်ပင်၊ အတိအကျသတင်းရလာသည်။
ထိုနိုင်ငံမှာ Optimus Prime နှင့် Megatron ထုတ်ထားပြီး ရုပ်ရှင်ထဲကအတိုင်း တထပ်တည်းနီးနီးတူသည်။
အခု သူတို့နိုင်ငံမှာ လူတိုင်းနီးပါး ဒီအကြောင်းသိနေကြပြီ။
အခု တဖက်မှာ ဒီလိုနည်းပညာမျိုးရှိနေပြီပေါ့?
ကမ္ဘာကြီးဇောက်ထိုးမိုးမျှော်ဖြစ်သွားသလို သူချာချာလည်သွား၏။
သူတင်မဟုတ်။ အမေရိကန်သားအတော်များများလည်း Optimus Prime နှင့် Megatron အကြောင်းသိကြသည်။ အထူးသဖြင့် သတင်းမီဒီယာများက ကန့်သတ်မထားဘဲတင်ကြသည်။ မကြာမီ တစ်နိုင်ငံလုံးသိကုန်တော့မည်။
အမေရိကန်သားအများစုက မယုံနိုင်ကြ။ ဘာပဲဖြစ်ဖြစ် သူတို့နိုင်ငံကမထုတ်နိုင်ဘဲ သူများကထုတ်ထားတာ လက်ခံရခက်ခက်ပင်။
ဓာတ်ခွဲခန်းတစ်ခု၌_
သူရောက်သောအခါ ဓာတ်ခွဲခန်းထဲမှသုတေသီတစ်ဦးက အစီရင်ခံသည်_
"မစ္စတာ Adoxi.. သန့်စင်မြက်နဲ့မိုးမခဘဲစားမှော်ရဲ့မျိုးစိတ်ဖွဲ့စည်းပုံက ရှုပ်ထွေးလွန်းတယ်... ကျွန်တော်တို့ ဘာသဲလွန်စမှမရသေးဘူး... အချိန်လိုသေးတယ်''
“သိပြီ”
Adoxi က တွေတွေဝေဝေနှင့်ဖြေသည်။
အခုတော့ အမှန်တရားကိုသိပြီ။ သန့်စင်မြက်ဖြစ်ဖြစ်၊ မိုးမခဘဲစားမှော်ဖြစ်ဖြစ်၊ သူရနိုင်မည့်ပုံ လုံးဝမရှိ။
အစိုးရအာဏာသုံးသုံး၊ ပုဂ္ဂလိကအာဏာသုံးသုံး၊ သူရုန်းကန်နေလည်း ဘာထူးမလဲ? အရင်းရှင်သူဌေးကြီးက သူ့ကိုဒီလောက်ခက်တဲ့ပြဿနာပေးမှတော့ အရှုံးပဲပေးလိုက်တော့မည်။
ရလဒ်ထွက်မထွက်က ဘုရားသခင်အပေါ်သာ မူတည်နေသည်။ ရလဒ်မရှိဘဲ အခွင့်အရေးကိုပဲ သူထိုင်စောင့်နေရင် အရင်းရှင်သူဌေးကြီးတွေလည်း လိုက်စောင့်ဆိုင်းနေရုံပင်။