အခန်း ၁၄၃၀
Vol. 96 Ch. 1430
အခန်း ၁၄၃၀: ကိုယ့်သေတွင်းကိုယ်တူး! ၂
Adoxi တွေးတောနေစဉ် ဖုန်းမြည်လာသည်။
သူဌေးကြီးပင်။
သူကမျက်မှောင်ကြုတ်ပြီး သူမတတ်နိုင်တာတစ်ခုခုခိုင်းတော့မလားဟု ချက်ချင်းတွေးမိသည်။
ဖုန်းကိုင်လိုက်သောအခါ သူဌေးကြီးအသံထွက်လာသည်_
"Adoxi.. မင်းကိုအခွင့်အရေးတစ်ခုထပ်ပေးမယ်... ငါပို့တဲ့ဗီဒီယိုကြည့်ပြီး အဲဒီနည်းပညာကိုရနိုင်မယ့်နည်းစဉ်းစားထား... မင်းရာထူးတိုးဖို့လည်း အပြည့်အဝထောက်ခံပေးမယ်''
အရင်က ဒီလိုသတင်းကြားရင် Adoxi အရမ်းစိတ်လှုပ်ရှားမိမည်။ အခွင့်အရေးတစ်ခုထပ်ရတာ ကောင်းသည်ပင်။ အခု အခွင့်အရေးတစ်ခုဆိုတာ လုံးဝအခွင့်အရေးမရှိကြောင်း သူသဘောပေါက်သည်။
ဖုန်းချပြီးနောက် သူဌေးကြီးပို့သောဗီဒီယိုကိုဖွင့်လိုက်သည်။
Optimus Prime နှင့် Megatron ဗီဒီယိုပင်။ သူကအမှတ်တမဲ့ ရုပ်ရှင်ဟုထင်လိုက်သည်။
"ဒါဘာသဘောလဲ? ရုပ်ရှင်ရိုက်ရမှာလား?''
Adoxi က ဒီလိုထင်လိုက်သော်လည်း ဗီဒီယိုကြည့်ပြီး တစ်ခုခုမှားနေကြောင်းသဘောပေါက်လိုက်သည်။
ဒါရုပ်ရှင်ဗီဒီယိုလုံးဝမဟုတ်။
ကြည့်လေလေ ပုံမှန်မဟုတ်သလိုခံစားရလေလေဖြစ်လာသည်။ နောက်ဆုံး Optimus Prime နှင့် Megatron ကို အရှေ့တိုင်းမှအမှန်တကယ်ဖန်တီးထားကြောင်း သူသိလိုက်သည်။
ဒီလိုနည်းပညာမျိုး တကယ်ရှိလား?
ဒီနည်းပညာကို ချင်းလင်ဓာတ်ခွဲခန်းကလုပ်လိုက်ပုံရသောကြောင့် သူပိုအံ့ဩမိသည်။
ဒါ...
ဒီလိုနည်းပညာမျိုးက ရဖို့အလွန်ခက်သည်။
ဘယ်နိုင်ငံမဆို ဒီလိုစက်မှုနည်းပညာမျိုးကိုကာကွယ်ထားမည်မှန်း သူကောင်းကောင်းသိသည်။
နောက်ပြီး ချင်းလင်ဓာတ်ခွဲခန်းဖြစ်နေသည်။
သူလွှတ်လိုက်တဲ့လူတွေဆီက သတင်းပြန်မရကတည်းက ရှင်းနေပြီ။
ဒါ မဖြစ်နိုင်တဲ့တာဝန်တစ်ခု။
"အခွင့်အရေး? ဘုရားသခင်ဆီသွားပြီး အသနားခံတာမှဟုတ်သေး''
Adoxi က နှာခေါင်းရှုံ့ပြီး ဗီဒီယိုပိတ်လိုက်သည်။ ထို့နောက် သူ့ခုံတွင်ကျောမှီထိုင်ပြီး ဖုန်းထုတ်ကာဂိမ်းဆော့နေလိုက်သည်။
ဒါကိုအခွင့်အရေးလို့သတ်မှတ်တဲ့ဘယ်သူ့ကိုမဆို သူလုပ်ခွင့်ပေးလိုက်မည်။ သူအချိန်မဖြုန်းချင်။
ရုံချန်းမှာ ဒီလောက်တင်းကြပ်တဲ့လုံခြုံရေးရှိမယ်မထင်ရင် ဒါအခွင့်အရေးဖြစ်သည်။
ဒါကို Adoxi ကောင်းကောင်းသဘောပေါက်ပြီးဖြစ်သည်။ တချို့က ဒီလိုမထင်သောကြောင့် ရနိုင်မည့်အခွင့်အရေးရှိသည်ဟုထင်ကြသည်။
ထိုသူမှာ Universal Pictures မှ Dagis ပင်။ Optimus Prime နှင့် Megatron အကြောင်းသိပြီးနောက် Dagis က ရုံချန်းသို့အပြေးသွားသည်။
တဖက်က Optimus Prime နှင့် Megatron မူပိုင်ခွင့်ကိုအသုံးချထားသောကြောင့် ချင်းလင်ကုမ္ပဏီမှရနိုင်မည့်အခွင့်အရေးရှိမရှိ သူစမ်းကြည့်ချင်သည်။
Dagis က လင်းလန်ဇီနှင့်တွေ့ဆုံရန် ချက်ချင်းစီစဉ်သည်။ သူ့မှာ လင်းလန်ဇီနှင့်သာတွေ့နိုင်သည်။
Universal Pictures တာဝန်ခံကိုတွေ့လိုက်ရသောအခါ လင်းလန်ဇီနည်းနည်းစိတ်ဝင်စားသွားသည်။ ချင်းလင်ရှုမျှော်ခင်းက Optimus Prime နှင့် Megatron ကိုပြင်ပမူပိုင်ခွင့်အတွက်သာ သူတို့နှင့်ပူးပေါင်းထားသည်။
သူလာရကျိုးမနပ်။
Dagis က လင်းလန်ဇီကိုမြင်ပြီးသိလိုက်သည်။ သူမလာခင်က ချင်းလင်ရှုမျှော်ခင်းအကြောင်းစုံစမ်းပြီး ချင်းလင်ရှုမျှော်ခင်းတာဝန်ခံက သူ့ရှေ့မှအရှေ့တိုင်းအလှလေးမှန်းသိထားသည်။
သို့သော် စီးပွားရေးမှာ အမျိုးသမီးတွေက ကောင်းကျိုးမပေးတတ်။ သို့ဖြစ်၍ လင်းလန်ဇီထံမှအကျိုးအမြတ်ရနိုင်သည်ဟု သူယုံကြည်ချက်ရှိသည်။
ထို့ကြောင့် Dagis က လင်းလန်ဇီကိုတွေ့သောအခါ_
"မစ္စ.. ကျုပ်တို့ Universal Pictures က ခင်ဗျားတို့ရှုမျှော်ခင်းနဲ့ အသွင်အပြင်ပိုင်းဆိုင်ရာမှာ ပူးပေါင်းပြီးအလုပ်လုပ်ခဲ့တာ ဝမ်းသာအားရစရာပါပဲ... အဲဒါကြောင့် နောက်ထပ်ပူးပေါင်းခွင့်ရဖို့ မျှော်လင့်ပါတယ်... ဘာပဲဖြစ်ဖြစ် Optimus Prime နဲ့ Megatron အတွက် ကျုပ်တို့ကအသင့်တော်ဆုံးပဲလေ''
Dagis စကားအသွားအလာအရ လင်းလန်ဇီက သူ့ရည်ရွယ်ချက်ကိုရိပ်မိသည်။ Optimus Prime နှင့် Megatron နည်းပညာအတွက်ရောက်လာခြင်းပင်။
ကံမကောင်းစွာနှင့် နည်းပညာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို သူမ မချနိုင်။ ဒီအပိုင်းက ဓာတ်ခွဲခန်းနှင့်ဆိုင်သည်။
“အာ!”
Dagis ကြောင်သွားသည်။
Optimus Prime နှင့် Megatron လူကြိုက်များပုံကို သူသိထားသည်။ ဒီလူကြိုက်များမှုက ကမ္ဘာနှင့်ချီပြီးအကျိုးအမြတ်လည်းကြီးသည်။ နိုင်ငံတိုင်းက ဒီအကြောင်းသိထားသောကြောင့်ပင်။
ထို့ပြင် Optimus Prime နှင့် Megatron မူပိုင်ခွင့်များက သူတို့အပိုင်ဖြစ်သည်။
ဒီအကြောင်းတွေးကြည့်မှ ဟုတ်သလိုလို။
အချိန်မရွေးရေပန်းစားအောင်ဖန်တီးနိုင်တဲ့နည်းပညာသာရှိရင် သူများကိုအလကားကြော်ငြာခွင့်ပေးမလား?
သူလေလံတင်ရမည်။ လေလံကြေးအမြင့်ဆုံးပေးနိုင်သူက ရမည်။
ဒီနည်းပညာနဲ့သာဆို ဘယ်လိုပုံစံဖြစ်ဖြစ် ရေပန်းစားမည်။
Dagis က သူဘယ်လောက်မိုက်ခဲ့လဲဟု အတွေးပေါက်သွား၏။
သူကအမြန်ပင်_
"မစ္စလင်း.. ကျုပ်တို့အတူတူအလုပ်လုပ်ရတာ အဆင်ပြေမှန်း ခင်ဗျားလည်းသိသားပဲ... တခြားပုံစံတွေပြောင်းသုံးစရာမလိုပါဘူး... ပြင်ဆင်ရတာ အရမ်းအလုပ်ရှုပ်တယ်မလား? Universal Corporation က ခင်ဗျားကို Transformers ဒီဇိုင်းအားလုံးရဲ့မူပိုင်ခွင့်တွေပေးနိုင်ပါတယ်... ရှေ့လျှောက် ကျုပ်တို့ Transformers တွေကိုဆက်သုံးပေးရင် ကြော်ငြာခတောင်ပေးချင်သေးပါတယ်''
လင်းလန်ဇီက_
"မစ္စတာ Dagis.. ဈေးက ကျွန်မနဲ့ပြောလို့ရပါတယ်... နောက်ဆုံး Universal Pictures ထက်ပိုပြီးဈေးပေးနိုင်မယ့်သူရှိမရှိ ကျွန်မတို့ကြည့်ရပါဦးမယ်"
လင်းလန်ဇီက စဉ်းစားဟန်ဆောင်နေသော်လည်း စိတ်ထဲတွင်ကြိတ်ပြုံးနေသည်။
လုံးဝမျှော်လင့်မထားသော အံ့ဩစရာပင်။
ထို့နောက် Dagis မှာ လောဘသားကောင်လုံးလုံးဖြစ်သွားတော့သည်။ လင်းလန်ဇီက စာချုပ်တစ်ခု ရေးဆွဲ၏။ အတိုချုပ်ပြောရလျှင် Universal Pictures က တခြား Transformers ပုံစံမူပိုင်ခွင့်များကိုအခမဲ့ပေးရမည်ဖြစ်ပြီး မူပိုင်ခွင့်ကြေးကိုလည်း ပုံမှန်ပေးဆောင်ရမည်ဖြစ်သည်။
Dagis က စာချုပ်လက်မှတ်ထိုးပြီးနောက် စိတ်ပျက်ပျက်နှင့်ထွက်သွားသည်။
လင်းလန်ဇီက ထိုစာချုပ်ကို ချင်းလင်အပန်းဖြေစံအိမ်ယူသွားပြီး ချင်လင်ဆီပေးလိုက်သည်။
ချင်လင်က စာချုပ်ပါအကြောင်းအရာများကိုဖတ်ပြီး နည်းနည်းအံ့အားသင့်သွားသည်။ သူအရင်က Elba ကိုရုပ်ရှင်ပေးဖူးသောကြောင့် Universal Pictures ၏မူပိုင်ခွင့်အကြောင်းစဉ်းစားခဲ့ဖူးသည်။
Elba အဖေသာ Bumblebee လို Transformer မျိုးထပ်လုပ်ရင်ရော?
ဒီလိုဆို ပိုမိုက်၊ပိုရေပန်းစားပြီး မူပိုင်ခွင့်က ပြဿနာပိုတက်လာမည်။
Universal Pictures က သူ့အိမ်တံခါးကိုလာခေါက်လိမ့်မည်ဟုမထင်မိ။
လုံးဝထင်မထားသောအရာပင်။
ချင်လင်စာချုပ်ဖတ်ပြီးနောက် လင်းလန်ဇီလည်းပြန်သွားသည်။ သူဧည့်ခန်းထဲသွားသောအခါ တော်ဝင်ပညာရှင်ဖန်းနှင့်ပါမောက္ခဝမ်က စာရွက်စာတမ်းများကိုင်ပြီး အပြင်မှ အပြေးအလွှားရောက်လာကြသည်။
Optimus Prime နှင့် Megatron ၏နည်းပညာဆိုင်ရာအချက်အလက်များဖြစ်သည်။
နှစ်ယောက်သား ချင်လင်ကိုမြင်မြင်ချင်း နှုတ်ဆက်လိုက်ကြသည်။
တော်ဝင်ပညာရှင်ဖန်း: ''သူဌေးချင်!''
ပါမောက္ခဝမ်: ''ဥက္ကဌချင်!''
ပါမောက္ခဝမ်က ချင်လင်ကိုမအီမလည်နှင့်ကြည့်လိုက်သည်။
သူနဲ့မဆိုင်တဲ့နာမည်ကိုအတင်းခံထားရပြီး နောက်ဆုံး တာဝန်အားလုံးသူယူရမယ်လို့ဘယ်ထင်ပါ့မလဲ?
"တော်ဝင်ပညာရှင်ဖန်း.. ခင်ဗျားသုတေသနက ဘယ်လိုလဲ?''
ချင်လင်ကမေးသည်။
တော်ဝင်ပညာရှင်ဖန်းက အပြစ်ရှိသောလေသံနှင့်_
"သူဌေးချင်.. ကျုပ်နည်းနည်းရှက်မိပါတယ်... ဒီလောက်ပြီးပြည့်စုံပြီး အသေးစိတ်ကျတဲ့ဒီဇိုင်းရှိတာကို ကျုပ်တို့ကမဖြေရှင်းနိုင်သေးဘူး''
"တော်ဝင်ပညာရှင်ဖန်း.. ခင်ဗျားရဲ့လုပ်နိုင်စွမ်းနဲ့ဆို မကြာခင်ဖြေရှင်းနိုင်မယ်ဆိုတာ ယုံပါတယ်!''
ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။
တော်ဝင်ပညာရှင်ဖန်းက ဝန်ကြီးလုညွှန်ကြားချက်အတိုင်း အာရုံခံကိရိယာအသုံးပြုနိုင်သောအကွာအဝေးကိုတိုးမြှင့်ရန် ကြိုးစားနေခြင်းဖြစ်သည်။
လက်ရှိအာရုံခံစက်များမှာ Megatron နှင့် Optimus Prime ကို ထိထိမိမိထိန်းချုပ်နိုင်သော်လည်း အကွာအဝေးက မလုံလောက်သေး။
အကယ်၍ လက်နှင့်လုပ်ရသောအလုပ်များတွင်အစားထိုးမည်၊ သို့မဟုတ် စစ်မြေပြင်တွင် အသုံးပြုမည်ဆိုပါက အာရုံခံနိုင်စွမ်းအကွာအဝေးမှာ ရန်သူ၏တိုက်ခိုက်မှုကွင်းပြင်အတွင်း လုံးဝကျရောက်နေမည်ဖြစ်သည်။
ထို့ကြောင့် ဂြိုဟ်တုအချက်ပြမှုနှင့်ချိတ်ဆက်ပြီး အာရုံခံစက်၏အတိုင်းအတာကိုတိုးမြှင့်ရန်လိုသော်လည်း ခက်ခဲသောပြဿနာဖြစ်နေသည်။
အနည်းဆုံးတော့ အချိန်တိုအတွင်း တော်ဝင်ပညာရှင်ဖန်းမဖြေရှင်းနိုင်၊ ပါမောက္ခဝမ်နှင့်တောင်မဖြေရှင်းနိုင်ပေ။
နှစ်ယောက်သား ချင်လင်နှင့်ခဏစကားပြောပြီးနောက် အပေါ်ထပ်အခန်းပြန်သွားကြသည်။ သူတို့အချိန်နည်းနည်းမှမဖြုန်းချင်။
ချင်လင်လည်း အတွင်းဘက်ပြန်ပြီး အလုပ်ခန်းထဲသွားသည်။ ထို့နောက် မျိုးစေ့များပါသောမျိုးဖောက်ကိရိယာကိုထုတ်လိုက်သည်။ အရင်က သူအထူးအရည်နှင့်စိမ်ပြီး ပျိုးထောင်ကြည့်ထားသောမျိုးစေ့များပင်။
အခုအချိန်တန်ပြီဖြစ်၍ မျိုးစေ့များနှင့်ဂိမ်းထဲတန်းဝင်လိုက်သည်။
သူများက မျိုးစေ့ပျိုးထောင်ပြီးလျှင် ကြီးအောင်စိုက်ရသော်လည်း သူကမူ ဂိမ်းထဲတန်းဝင်ပြီး အကဲဖြတ်လိုက်ရုံပင်။
သူဂိမ်းထဲဝင်လိုက်သောအခါ အပင်မှတ်ချက်ကိုတန်းတွေ့ရသည်:
(ပျိုးထောင်ထားသောသာမန်မျိုးစေ့: သာမန်)
(ပျိုးထောင်ထားသောသာမန်မျိုးစေ့ဖြစ်သည်။ ဘယ်သူဘယ်ဝါကပျိုးထောင်ထားမှန်းမသိသောကြောင့် ထူးထူးခြားခြားအရည်အသွေးမရှိပါ!)