အခန်း ၁၄၃၃
Vol. 96 Ch. 1433
အခန်း ၁၄၃၃: စင်ဒရဲလားရဲ့ဖရုံံသီးမြင်းရထား?
"ဥက္ကဌချင်!"
လင်းလန်ဇီက ချင်လင်ကိုမြင်သောအခါ ချက်ချင်းအနားရောက်လာပြီးနှုတ်ဆက်သည်။
"အစ်မလင်း.. သူတို့ဘာလုပ်နေကြတာလဲ?"
ချင်လင်က ဇဝေဇဝါနှင့်မေးလိုက်သည်။
လင်းလန်ဇီက ချင်လင်ကိုအံ့သြပုံနှင့်ကြည့်ပြီး_
"ဥက္ကဌချင်.. ဖရုံသီး.. မြင်းရထား.. ဒီဇာတ်လမ်းကိုမသိဘူးလား?"
"ဒါနဲ့ပတ်သက်ပြီး နောက်ခံဇာတ်ကြောင်းရှိလို့လား?"
ချင်လင်က နားမလည်ဘဲထပ်မေးသည်။
လင်းလန်ဇီက ရှင်းပြ၏_
"ဥက္ကဌချင်.. စင်ဒရဲလားပုံပြင်ကိုမသိဘူးလား? စင်ဒရဲလားရဲ့ဖရုံသီးမြင်းရထားလေ!"
စင်ဒရဲလားပုံပြင်ကို ချင်လင်သိသည်။
ဒီအကြောင်းမသိသူ မရှိနိုင်။ ဇာတ်လမ်းက အလွန်ကျော်ကြားသည်။
သို့သော် စင်ဒရဲလား၏ဖရုံသီးမြင်းရထားအကြောင်း သူတကယ်မသိ။
တကယ်တမ်း အထူးတလည်မှတ်ထားတာမှမဟုတ်ရင် ဘယ်သူကဒီလိုအသေးစိတ်မှတ်မိမှာလဲ?
ယွီရွှေ့တို့က ဖရုံသီးကြီးထဲမှအသားများကော်ထုတ်နေသည်ကို ချင်လင်ကြည့်နေသည်။ ဗီဒီယိုရိုက်နေသည့်လူများတောင်ရှိသည်။
ဖရုံသီးအသားအားလုံးတူးထုတ်ပြီးနောက် ဝန်ထမ်းတစ်ဦးက အထူးကင်စက်ကိုအသုံးပြုပြီး ဖရုံသီးအတွင်းပိုင်းကိုကင်သည်။
ဖရုံသီးကိုကင်စားရန်မဟုတ်ဘဲ အတွင်းသားများ မာကြောခိုင်ခံ့လာစေရန်နှင့် အတွင်းပိုင်းကိုဆေးသုတ်နိုင်ရန်ဖြစ်သည်။
ထိုနေရာတွင် Formaldehyde များထွက်လာမည်ဖြစ်၍ ဖရုံသီးကြီးဘေးတွင် သန့်စင်မြက်အိုးတချို့ချထားသည်။
ထိုအချိန်တွင် သန့်စင်မြက်က ဖရုံသီးအတွင်းရှိ Formaldehyde များကို တိုက်ရိုက်သန့်စင်ပေးလိမ့်မည်။
နောက်ဆုံးအဆင့်မှာ ဝန်ရိုးတပ်ဆင်ရမည်။
ပွင့်ပွင့်လင်းလင်းပြောရရင် ချင်းလင်ရှုမျှော်ခင်းမှာ အရည်အချင်းရှိသူများအပြည့်ပင်။ ရိုးရိုးရှင်းရှင်းဝန်ရိုးတပ်ဆင်ခြင်းမှာတောင် နည်းလမ်းများစွာရှိသည်။ ထို့နောက် မြင်းနှစ်ကောင်ကိုကုန်းနှီးနှင့်ကြိုးများချည်နှောင်ပြီး ဝန်ရိုးနှင့်ချိတ်ဆက်လိုက်သည်။
နောက်ဆုံး အားလုံးရှေ့တွင် ဖရုံသီးရထားလုံးတစ်စီးဖြစ်လာသည်။
ဒါ နောက်ဆုံးထုတ်ကုန်မဟုတ်သေး။ ရထားလုံး အပြင်ဘက်ကို အလှဆင်ရန်လိုသေးသည်။
မကြာမီ ကောင်းယောင်ယောင်က ပစ္စည်းများသယ်လာသောလူတချို့နှင့်ရောက်လာသည်။
ထို့နောက် ကောင်းယောင်ယောင်က အခန်းဖွဲ့ထားသောရိုးရိုးအဝတ်လဲခန်းထဲဝင်ကာ နိုင်ငံရပ်ခြားတွင်ရေပန်းစားသော စင်ဒရဲလားဝတ်စုံနှင့်ဦးထုပ်ကိုလဲဝတ်လိုက်သည်။
ဖျတ်ခနဲကြည့်လျှင် သူမ၏ဖြူဖြူစင်စင်အပြစ်ကင်းပုံက စင်ဒရဲလားနှင့်ဆင်နေသည်။
ရထားမောင်းသမားဝတ်စုံဝတ်ပြီး မိတ်ကပ်ပါလိမ်းထားသော လုံခြုံရေးဝန်ထမ်းတစ်ဦးလည်းရှိသည်။
စင်ဒရဲလား၏ရထားမောင်းသူမှာ ကြွက်တစ်ကောင်ဖြစ်သောကြောင့် သူ့မျက်နှာကိုသိသိသာသာခြယ်ထားသည်။
အထူးသဖြင့် ဖရုံသီးရထားလုံးကိုအလှဆင်ပြီးသောအချိန်ပင်။
ဒီဖရုံသီးကအစစ်မှန်း လူတွေသိသွားရင် လုံးဝအံ့အားသင့်သွားမည်။
ထိုအချိန်_
လိုင်းပေါ်တွင် အတော်အသက်ဝင်နေပြီဖြစ်သည်။ အထူးသဖြင့် အတော်များများက ချင်းလင်းရှုမျှော်ခင်းမှလိုက်ကာများကာထားသောနေရာကိုစိတ်ဝင်စားနေကြသည်။
အခု ထိုအထဲသို့ရှောင်ချင်ဝင်သွားကြောင်း ဗီဒီယိုတင်သူရှိလာသည်။ ရှောင်ချင်မှာ လိုင်းပေါ်နာမည်ရပြီးဖြစ်၍ရေပန်းစားလာပြီး လူပြောစရာဖြစ်လာသည်။
"ချင်းလင်ရှုမျှော်ခင်းမှာ အဲဒီနေရာရှိတာကြာပြီ... အမြဲတမ်းကာထားတာ အရမ်းထူးဆန်းတယ်"
"ငါချင်းလင်စံအိမ်သွားတုန်းက အဲနားဖြတ်သွားဖူးတယ်... အနားသွားကြည့်တော့ လုံခြုံရေးအစောင့်သတိပေးတာခံရရော... တကယ်ထူးဆန်းတယ်!''
"ရှောင်ချင်ဝင်သွားတယ်ဆိုရင် အထဲမှာ သာမန်တော့မဖြစ်နိုင်ဘူး... ထူးဆန်းတဲ့အရာတစ်ခုခုပျိုးထောင်ထားတာဖြစ်မယ်''
ရှောင်ချင်အကြောင်းပြောရင်း ပိုစည်ကားလာသည်။
ရှောင်ချင် တော်ဝင်ပညာရှင်ဖြစ်လာပြီးနောက် သူဖန်တီးထားသောထူးထူးဆန်းဆန်းအရာများကို လူသိများလာသည်။
ထို့ကြောင့် သူသုတေသနလုပ်နေပြီဆိုလျှင် စိတ်မဝင်စားဘဲနေရန်ခက်သည်။
ထိုအချိန် ရုတ်တရက် ဗီဒီယိုတစ်ပုဒ်တက်လာသည်။ ဗီဒီယိုထဲတွင် ရှောင်ချင်အထဲဝင်သွားပြီးနောက် ထူးဆန်းသောရထားလုံးတစ်စီးထွက်လာသည်။
ထို့ကြောင့် အားလုံးဇဝေဇဝါဖြစ်သွားသည်။
လိုင်းပေါ်တင်မဟုတ်။
ချင်လင် ဧရာမသီးနှံစိုက်ခင်းထဲဝင်သွားသောအခါ ထိုနေရာတွင် ခရီးသည်များပိုစုလာသည်။
ခရီးသည်အားလုံးက ဒီနေရာမှာ ရှောင်ချင်ဘာလုပ်နေလဲဟု စပ်စုနေကြ၏။
ရှောင်ချင်ဝင်လိုက်သည်နှင့် ဒီနေရာကပိုဆန်းကြယ်လာသလိုပင်။
ခရီးသည်များစောင့်ဆိုင်းနေစဉ် အထဲမှထူးထူးခြားခြားရထားလုံးတစ်စီးမောင်းထွက်လာသည်ကိုတွေ့ရသည်။
ရထားလုံးကိုမြင်းနှစ်ကောင်ကဆွဲလာပြီး ထူးဆန်းသောမိတ်ကပ်နှင့်ရထားမောင်းသူလည်း ပါသည်။ နောက်မှရထားလုံးကြီးက ပိုထူးခြား၏။ မျိုးစုံအလှဆင်ထားသောဧရာမဖရုံသီးကြီးနှင့်တူသည်။
အားလုံးက ဒါဘာလဲဟုစူးစမ်းနေကြသည်။
ထိုအချိန်တွင် ဖရုံသီးရထားလုံးပြတင်းပေါက်က ရုတ်တရက်ပွင့်လာပြီး ဖြူဖြူစင်စင်လှပသောအမျိုးသမီးတစ်ဦး ခေါင်းပြူထွက်ကာ အပြင်ကို စူးစမ်းကြည့်လိုက်သည်။
ခရီးသည်တစ်ဦးက ကောင်းယောင်ယောင်ကိုမှတ်မိသွားသည်။
ဘာပဲဖြစ်ဖြစ် ကောင်းယောင်ယောင်နှင့်လင်းလန်ဇီက ချင်းလင်ရှုမျှော်ခင်းမှအင်တာနက်ဆယ်လီများဖြစ်သည်။ လင်းလန်ဇီက ရင့်ကျက်၊တည်ငြိမ်၊ကျော့ရှင်းပြီး ကောင်းယောင်ယောင်မှာ အပြစ်ကင်းစင်မှုကြောင့် ကျော်ကြားသူဖြစ်သည်။
သို့ရာတွင် လက်ရှိိသူမဝတ်စုံက နည်းနည်းထူးဆန်းနေသည်။
အတွေ့အကြုံရှိသူတချို့ ဒါမှမဟုတ် သုံးမရသောဗဟုသုတများသူတချို့က ဘာရထားလုံးလဲ မှတ်မိသွားကြသည်။
"စင်ဒရဲလားနဲ့ဖရုံသီးရထားလုံးထင်တယ်... ပြဇာတ်ကပြမလို့လား?''
တစ်ယောက်က မေးသည်။
ထိုအမေးကြောင့် အားလုံးကြောင်သွား၏။
"ရထားမောင်းတဲ့သူက ကြွက်လား?"
နောက်တစ်ယောက်က မေးသည်။
ဒါကြောင့် သူ့ရုပ်က ထူးဆန်းနေသလိုလို။
ချင်းလင်ရှုမျှော်ခင်းက ဒီနေရာကိုအကြာကြီးကာထားတာ လူစိတ်ဝင်စားအောင်လုပ်ဖို့သက်သက်လား? ပြဇာတ်တိုတစ်ခုအတွက်ပဲလား?
ဒီလိုမဟုတ်နိုင်။
ချင်းလင်ရှုမျှော်ခင်းက ဒီလောက်ကြီးဆင်ထားတာ၊ အဲလောက်မရိုးနိုင်ပါဘူးနော်?
ထိုဗီဒီယိုများက လိုင်းပေါ်မြန်မြန်ရောက်သွားသည်။
ကောင်းယောင်ယောင်၏စင်ဒရဲလားပုံစံနှင့် ဖရုံသီးရထားလုံးကြောင့် အံ့သြရသလို သိလည်းသိချင်လာကြသည်။
"ပြောရဦးမယ်... မမယောင်ယောင်က တကယ်လှတာပဲ!"
"ဟုတ်ပါ့... ဒါပေမဲ့ ရှောင်ချင်က ဒီလောက်လျှို့ဝှက်ထားတာ... ဒါတင်မဟုတ်နိုင်ဘူးမလား?''
"ချင်းလင်ရှုမျှော်ခင်းက အပြောသက်သက်ပဲတော့မဖြစ်နိုင်ဘူး"
ထိုအချိန် မှတ်ချက်နေရာတွင် အလားတူမှတ်ချက်များရုတ်တရက်ထွက်လာသည်: