စစ်ဆေးမကြည့်ရရင် သေချာမပြောနိုင်ဘူး
Vol. 25 Ch. 276
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် ဤနေရာတွင် ထပ်မံ နေထိုင်လိုခြင်း မရှိတော့သဖြင့် မိုးရေထဲတွင် ရှင်းကျန်းတောင်ပိုင်းနယ်စပ်ဧကရာဇ်နန်းတော်ဆီသို့ ပြေးသွားကြသည်။
အရာအားလုံး ချောမွေ့စွာ ဖြစ်ပျက်သွားပါက သူတို့သည် မနက်ဖြန်တွင် ဤနေရာမှ ထွက်ခွာနိုင်မည်ဖြစ်သည်။
ဤမိုးသည်းထန်စွာရွာသွန်းမှုသည် သူတို့နှစ်ဦးအတွက် အတိုင်းအတာတစ်ခုအထိ အကျိုးဖြစ်စေခဲ့သည်။
လမ်းများပေါ်တွင် စစ်သားများ နေရာအနှံ့ ရှိနေသော်လည်း သူတို့သည် ရှင်းကျန်းတောင်ပိုင်းနယ်စပ်လူများကဲ့သို့ ဝတ်ဆင်ထားကြသည်။ ထို့အပြင် ရှင်းကျန်းတောင်ပိုင်းနယ်စပ်လူများသည် မိုးခိုသည့် ဓလေ့ မရှိသောကြောင့် ဖြတ်သွားဖြတ်လာများသည် မိုးရေထဲတွင် ဒီအတိုင်း လမ်းလျှောက်သွားကြသည်။
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည်လည်း ရှင်းကျန်းတောင်ပိုင်းနယ်စပ်လူများ၏ စံနမူနာကို အတုယူ၍ သူတို့၏ နဖူးများကို လက်ဖြင့် အုပ်ကာ,ကာ မိုးထဲတွင် ပြေးလွှားကြပြီး အမြင်အာရုံ မဝေဝါးစေရန် အတတ်နိုင်ဆုံး ကြိုးစားကြသည်။
မြို့ထဲတွင် ရှာဖွေနေသော စစ်သားများသည် ရှင်းကျန်းတောင်ပိုင်းနယ်စပ်ကလူများ ပြေးလွှားသွားသည်ကိုသာ မြင်ကြသည်။ ထို့အပြင် သူတို့သည် မိုးရေစိုစွတ်နေရခြင်းကိုလည်း သက်တောင့်သက်သာမရှိကြသောကြောင့် ရှာဖွေရေးတွင် သဘာဝအားဖြင့် အားထုတ်မှု များများစားစား မရှိခဲ့ကြပေ။
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် ထိုအရာရှိများဘေးကို သာသာယာယာ ဖြတ်ပြေးသွားခဲ့သည်။
မော့ကျိုးယွီသည် ရှင်းကျန်းတောင်ပိုင်းနယ်စပ်မြို့တော်နှင့် မစိမ်းသက်ပေ။ သူသည် နေ့အချိန်တွင် လမ်းကြောင်းကို အထူးတလည် စစ်ဆေးထားခဲ့သည်။
ထို့ကြောင့် သူတို့သည် နန်းတော်အနီးသို့ ချောမွေ့စွာ ရောက်ရှိခဲ့ကြသည်။
မော့ကျိုးယွီသည် နန်းတော်တံတိုင်း၏ အနောက်ဘက်ကို ညွှန်ပြပြီး ပြောသည်၊ "အဲဒီနားကို ကိုယ် စစ်ဆေးထားပြီးပြီ။ အဲဒီမှာ အစောင့်အင်အား အားနည်းတယ်။ အဲဒီကနေ ကိုယ်တို့ ဝင်ကြမယ်။"
ဟဲကျစ်ယန်က ခေါင်းညိတ်ပြသည်။ သူတို့နှစ်ဦးသည် လက်ချင်းတွဲကာ နန်းတော်၏ အနောက်ဘက်သို့ ပြေးသွားကြသည်။
ထောင့်တစ်နေရာသို့ ရောက်ပြီးမကြာမီတွင် လူတစ်စုသည် သူတို့ဆီသို့ ပြေးလာသည်ကို မြင်လိုက်ရသည်။ လူတစ်စုဟု ဆိုသော်လည်း ဦးဆောင်သူတစ်ဦးသာ မြင်းစီးနေပြီး ကျန်လူများသည် မြင်းနောက်မှ ပြေးလိုက်နေကြသည်။
မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို အလျင်အမြန်ဖက်ကာ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်သွားသည်။
သူတို့နှစ်ဦးသည် အသက်ရှူသံ မထွက်အောင် ထိန်းညှိကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။
ဤလူစုတွင် လူသုံးဆယ်ခန့် ရှိသည်။ မြင်းစီးနေသော ခေါင်းဆောင်ဖြစ်စေ၊ ပြေးလိုက်နေသော စစ်သားများဖြစ်စေ ထိုသူအားလုံးသည် လခြမ်းပုံစံ မျက်နှာဖုံးတစ်ဝက်ကို တပ်ဆင်ထားကြသည်။
မမျှော်လင့်ထားသည်မှာ ဤလူများသည် ခေတ်မီလေ့ကျင့်ထားသော စစ်သားများကဲ့သို့ စည်းကမ်းတကျ ချီတက်နေသည်ကို တွေ့ရသည်။ ဤအရာသည် ယခင်ဘဝတွင် စစ်သားဖြစ်ခဲ့သော ဟဲကျစ်ယန်အတွက် လုံးဝ မစိမ်းသက်သောမြင်ကွင်း ဖြစ်သည်။
ထိုသို့သော ဖွဲ့စည်းမှုသည် ဟဲကျစ်ယန်အတွက် မစိမ်းသော်လည်း ဤကဲ့သို့သော ညအချိန် လမ်းကြားထဲတွင် ပေါ်ထွက်လာခြင်းသည် အတော်လေး ထူးဆန်းပေသည်။
သူတို့၏ ရည်ရွယ်ချက်ကား အဘယ်နည်း။
ဤအရာက ဟဲကျစ်ယန်ကို နက်နက်ရှိုင်းရှိုင်း တွေးတောမိစေသည်။
သူတို့၏ အနေအထားများကို အနီးကပ်ကြည့်ရာ တစ်ဦးချင်းစီသည် တောက်ပနေသော ဓားကြီးတစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူတို့၏ ရင်ဘတ်ရှေ့တွင် တစ်ပုံစံတည်း မြှောက်ထားကာ ဓားသွားများသည် ရှေ့သို့ ညွှန်ပြထားသည်။
သူတို့ မည်သို့ပြေးနေစေကာမူ ထိုလှုပ်ရှားမှုသည် မပြောင်းလဲပေ။ ထိုလူအုပ်စုကို အာရုံစိုက်ကြည့်နေသော မော့ကျိုးယွီသည် ထိုသူတို့၏ လက်များပင် တစ်ချက်မျှ မတုန်ယင်သည်ကို သတိပြုမိသည်။
ထို့အတူ မြင်းစီးနေသော အုပ်စုခေါင်းဆောင်သည် သူ့တစ်ဖက်လက်တွင် ကြေးတူတစ်စုံကို ကိုင်ဆောင်ထားပြီး အခြားလက်တွင် မြင်းဇက်ကြိုးကို ကိုင်ထားကာ ရှေ့သို့ တည့်တည့်မတ်မတ် ရှေးရှုသွားလာနေသည်။
ညအချိန်ရောက်နေပြီဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုက အမြင်အာရုံကို ပြင်းထန်စွာ ထိခိုက်စေသည်။
သူတို့သည် မျက်နှာတစ်ဝက်ပေါ်နေသူများ၏ ပုံပန်းသဏ္ဌာန်နှင့် အမူအရာများကို လုံးဝ မမြင်နိုင်ပေ။ သို့သော် ထိုကြေးတူတစ်စုံကို မြင်လိုက်ရချိန်တွင် မော့ကျိုးယွီသည် ထူးဆန်းသော ရင်းနှီးမှုတစ်ခုကို ခံစားရသည်။
မော့မိသားစု၏ ညီအစ်ကိုကိုးဦးထဲတွင် ဆဋ္ဌမမြောက်အစ်ကိုတစ်ဦးသာ တူများကို နှစ်သက်သည်။ သူသည် ယခင်က ကြေးတူတစ်စုံကို အသုံးပြုခဲ့ဖူးသည်။ အကြောင်းမှာ ဆဋ္ဌမမြောက်အစ်ကိုသည် အလွန်သန်မာပြီး သူ၏ ကိုယ်ခံပညာစွမ်းရည်သည် အခြားညီအစ်ကိုများလောက် မကောင်းမွန်သောကြောင့်ဖြစ်သည်။
သူသည် စစ်မြေပြင်တွင် ရန်သူများကို သတ်ဖြတ်ရာတွင် သူ၏ သန်မာသော အင်အားကို အများဆုံး အသုံးချခဲ့သည်။
သူ့ရှေ့တွင်ရှိသူသည် ကြေးတူတစ်စုံကို ကိုင်ဆောင်ထားသော်လည်း သူတို့သည် ဆဋ္ဌမမြောက်အစ်ကို အသုံးပြုခဲ့သည့် တူများထက် အရွယ်အစား ပိုကြီးသည်ဟု ထင်ရသည်။
မော့ကျိုးယွီသည် ဆဋ္ဌမမြောက်အစ်ကိုနှင့် နောက်ဆုံးအကြိမ် အတူရှိခဲ့စဉ်က ဆဋ္ဌမမြောက်အစ်ကိုက သူ့ခွန်အား ထပ်တိုးလာပုံရတယ်ဟု ပြောခဲ့သည်ကို မှတ်မိနေသေးသည်။
စစ်ပွဲပြီးဆုံးသွားပါက ပိုမိုလေးလံသော ကြေးတူတစ်စုံကို ပြန်လည်ပုံသွင်းမည်ဟု ပြောခဲ့သည်။
မော့ကျိုးယွီသည် အချိန်အကြာကြီး စိုက်ကြည့်နေပြီး မည်သည့်တုံ့ပြန်မှုမျှ မပြသသည်ကို မြင်သောအခါ ဟဲကျစ်ယန်က သတိပေးလိုက်သည်၊
"သူတို့ ထွက်သွားပြီ။ နန်းတော်ထဲ ဝင်မလား၊ ဒါမှမဟုတ် ဒီလူတွေက တစ်ခုခု မူမမှန်ဘူးလို့ ခံစားရတယ်ဆိုရင် သူတို့နောက်ကို လိုက်ကြည့်ချင်လား။"
သူမ ဤသို့ပြောရခြင်း၏ အကြောင်းအရင်းမှာ ဤလူများသည် သာမန်မဟုတ်သည်ကို သူမ သတိပြုမိသောကြောင့် ဖြစ်သည်။
ဦးစွာ၊ သူမသည် ညအချိန် လမ်းကြားထဲတွင် ဤသို့ပြုမူရသည့် သူတို့၏ ရည်ရွယ်ချက်ကို စဉ်းစားမရနိုင်ခဲ့ပေ။
ဒုတိယအချက်မှာ သူတို့သည် လုံးဝတူညီသော အနေအထားဖြင့် လျှောက်လှမ်းနေကြသည်။ ရှင်းကျန်းတောင်ပိုင်းနယ်စပ်တွင် ဤသို့သော လူများကို လေ့ကျင့်ပေးနိုင်သည်ဟု သူမ မယုံကြည်ပေ။ မော်ဒန်ခေတ် ချီတက်ပွဲတွေမှာ ပါဝင်သော စစ်သားများပင်လျှင် ဤမျှတူညီစွာ မလုပ်ဆောင်နိုင်ပေ။
နောက်ဆုံးအချက်အနေဖြင့် သူတို့၏ မျက်နှာနှင့် အမူအရာများကို မမြင်နိုင်သော်လည်း သူတို့၏ ရင်ဘတ်တွင် စည်းချက်ညီသော အသက်ရှူသံမျိုး မရှိသည်ကို သူမ သတိပြုမိသည်။
ဆိုလိုသည်မှာ ဟဲကျစ်ယန်သည် ဤလူများသည် အသက်ရှင်နေသူများ မဟုတ်ဘဲ သို့မဟုတ် ကူပိုးကောင်တစ်မျိုးဖြင့် ထိန်းချုပ်ခံထားရသော သတိလစ်နေသူများ ဖြစ်နိုင်သည်ဟု သံသယရှိသည်။
သူတို့ရှာဖွေနေသော သခင်စစ်မုန့်သည် ကူပိုးကေင်မွေးမြူတဲ့ ပညာရှင်တွေထဲမှ ဆရာသခင်တစ်ဦး ဖြစ်ရမည်။ ကူပိုးဆရာသခင်များသည် များသောအားဖြင့် ကူပိုးကောင်မျိုးစုံကို မွေးမြူကြသည်။
ထို့ကြောင့် သူမသည် ဤလူများသည် သခင်စစ်မုန့်နှင့် ဆက်စပ်နေနိုင်သည်ဟု အနည်းငယ် သံသယရှိသည်။ ထို့ကြောင့် သူမသည် မော့ကျိုးယွီအား မေးမြန်းခဲ့ခြင်း ဖြစ်သည်။
သူမ သိသည်မှာ မော့ကျိုးယွီသည် သူ၏ စတုတ္ထမြောက်အစ်ကိုနှင့် သတ္တမမြောက်အစ်ကိုများ၏ လုံခြုံရေးကို စိုးရိမ်နေပြီး အပြင်တွင် အချိန်ကြာကြာ နေလိုခြင်း မရှိပေ။
ထိုသူများနောက်သို့ လိုက်ရန် ဆုံးဖြတ်ချက်သည် သူ၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်သည်။
မော့ကျိုးယွီသည် ဟဲကျစ်ယန်ကဲ့သို့ များများစားစား မစဉ်းစားခဲ့သော်လည်း၊ မြင်းစီးနေသူ၏ ကြေးတူများကို မြင်ပြီးနောက် သူသည် အနီးကပ် ကြည့်ရှုလိုသည့် စိတ်ဆန္ဒတစ်ခု ပေါ်ပေါက်လာသည်။
သူ့အတွက် ဤရင်းနှီးမှုသည် ပို၍ပို၍ ပြင်းထန်လာသည်။ "ကောင်းပြီ၊ သွားကြည့်ကြမယ်။"
ထိုသို့ပြောပြီးနောက် မော့ကျိုးယွီသည် ဟဲကျစ်ယန်၏ ခါးကို ဖက်လိုက်သည်။ ကိုယ်ဖော့ပညာကို အသုံးပြု၍ သူတို့သည် ထိုလူများနောက်သို့ လျှို့ဝှက်စွာ လိုက်သွားကြပြီး အကွာအဝေးတစ်ခု ခြားထားခဲ့သည်။
ထိုလူများသည် မြို့တံခါးဆီသို့ ရှေးရှုသွားနေကြသည်။ ၎င်းသည် သူတို့ မြို့တော်သို့ လာရာလမ်းဖြစ်သည်။
ပုံမှန်အားဖြင့် မြို့တံခါးသို့ရောက်သောအခါ အစောင့်များရှိရာ၌ ထိုသူတို့သည် သက်သေခံပစ္စည်း တစ်မျိုးမျိုးကို ပြသရန် ရပ်တန့်ရမည်ဖြစ်သည်။
အကြောင်းမှာ ယခုအခါ မြို့တော်သည် အလွန်သတိထားရသည့် လုံခြုံရေး အဆင့်မြှင့်ထားချိန် ဖြစ်သည်။ လူများကို လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်ပြုရန် မဖြစ်နိုင်ပေ။
သို့သော် သူတို့သည် ထိုသို့မလုပ်ဘဲ မူလအနေအထားအတိုင်း ဆက်လက် ရှေ့သို့ တက်လှမ်းသွားကြပြီး ရပ်တန့်ရန် ရည်ရွယ်ချက် မရှိပေ။
အစပိုင်းတွင် တံခါးစောင့်အချို့သည် စစ်ဆေးရန် ချဉ်းကပ်လာကြသည်။
မည်သူ သိနိုင်မည်နည်း၊ သူတို့ ထိုအုပ်စု၏ အနီးသို့ ရောက်သည်နှင့် မြင်းစီးနေသူ၏ တူဖြင့် ရိုက်သတ်ခံရသည်။
တံခါးအစောင့်များသည် ထိတ်လန့်ကြောက်ရွံ့စွာ နေရာအနှံ့ထွက်ပြေးကြသည်။
ဤသို့ ပြင်းထန်သော အခြေအနေတွင် သူတို့ရဲ့ အသက်ကို ကယ်တင်ဖို့ရန်ကသာ အရေးကြီးဆုံး ဖြစ်သည်။ ထိုလူစုသည် အတားအဆီးမရှိ မြို့ထဲမှ ထွက်ခွာသွားခဲ့ကြသည်။
မော့ကျိုးယွီသည် ရှုပ်ထွေးမှုကို အခွင့်ကောင်းယူ၍ ဟဲကျစ်ယန်အား ဖက်ထားရင်း ကိုယ်ဖော့ပညာကို အသုံးပြု၍ မြို့တံတိုင်းပေါ်မှ ခုန်ထွက်သွားခဲ့သည်။
ထိုလူများသည် အများပြည်သူလမ်းမပေါ်သို့ ရောက်ရှိပြီး အနီးတဝိုက်တွင် စစ်သားများနှင့် သာမန်ပြည်သူများ မရှိတော့သည့်အခါ မော့ကျိုးယွီသည် ထိုအဖွဲ့နှင့် ဖြည်းဖြည်းချင်း နီးကပ်လာသည်။
ပုံမှန်အားဖြင့် ဤသို့ မဆင်မခြင် သောင်းကျန်းနေသော အဖွဲ့သည် နောက်မှ ခြေသံများကို ကြားရပါက နောက်လှည့်ကြည့်ရမည်ဖြစ်သည်။
သို့သော် သူတို့သည် ထိုသို့မလုပ်ဘဲ ရှေ့သို့သာ ဆက်လှမ်းသွားကြသည်။ ဤမြင်ကွင်းသည် အလွန်ထူးဆန်းသည်။
မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို တိုးတိုးလေး ပြောလိုက်သည်၊ "ယန်ယန်၊ သူတို့လည်း ရုပ်သေးကူပိုးကောင်နဲ့ ထိန်းချုပ်ခံထားရတာလို့ မင်းထင်လား။"
ဟဲကျစ်ယန်သည် ခေါင်းကို ဖြည်းဖြည်းချင်း ခါရမ်းလိုက်သည်၊ "စစ်ဆေးမကြည့်ရရင် သေချာမပြောနိုင်ဘူး။"
သူမ စဉ်းစားထားသည်မှာ ရုပ်သေးကူပိုးကောင်ဖြင့် ထိန်းချုပ်ခံရသူများသည် ကူပိုးဆရာသခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေရမည်ဖြစ်သည်။
ဤအဖွဲ့တွင် မြင်းစီးသူအပါအဝင် လူသုံးဆယ့်တစ်ဦးရှိသည်။ စာအုပ်တွေအရ ရုပ်သေးကူပိုးကောင်သည် မွေးမြူရန် အလွန်ခက်ခဲသည်။
ဆရာများပင်လျှင် မိခင်ကူပိုးကောင် တစ်ကောင်သည် လူငါးဦးသာ ထိန်းချုပ်နိုင်သည်။ ထို့အပြင် ကူပိုးဆရာသခင်တစ်ဦးသည် မိခင်ကူပိုးကောင် သုံးကောင်မှ လေးကောင်သာ မွေးမြူနိုင်သည်။
ဤအရေအတွက်များအပေါ် အခြေခံလျှင် ကူပိုးဆရာသခင်တစ်ဦးသည် လူအများဆုံး နှစ်ဆယ်သာ ထိန်းချုပ်နိုင်သည်။
သို့သော် ဤလူများ၏ လှုပ်ရှားမှုနှင့် အပြုအမူများသည် လုံးဝ ထပ်တူညီသည်။
တစ်ဦးတည်းမှ ထိန်းချုပ်ထားခြင်း မဟုတ်လျှင် ဤမျှ ထပ်တူကျရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ဟဲကျစ်ယန်သည် သူတို့သည် ရုပ်သေးကူပိုးကောင်ဖြင့် ထိန်းချုပ်ခံထားရသည်ဟူသော ဖြစ်နိုင်ခြေကို စိတ်ထဲတွင် အခြေခံအားဖြင့် ဖယ်ထားလိုက်သည်။
သူမ တွေးတောနေစဉ်တွင် မြင်းစီးနေသူသည် နောက်ဆုံးတွင် သူ၏ လှုပ်ရှားမှုကို ပြောင်းလဲလိုက်သည်။
***