← Chapters

အဋ္ဌမမြောက် ပင်မကူ

Vol. 25 Ch. 270

အဋ္ဌမမြောက် ပင်မကူ

Vol. 25 Ch. 270

အနက်ရောင် ကူအိုးကြီး ပွင့်ဟသွားပြီး အလင်းရောင်များ မှေးမှိန်သွားလေ၏။

[ရှားပါးကူ လျှပ်တပြက်ကူ သည် အသွင်ပြောင်းလဲမှု တစ်ရပ်ကို ပြီးမြောက်သွားခဲ့ပြီး... လျှပ်တပြက် ပုစဉ်းရင်ကွဲ အဖြစ်သို့ ဆင့်ကဲ ပြောင်းလဲသွားခဲ့ပါပြီ]

လျှပ်တပြက်ကူ ၏ အခြေခံ ပုံသဏ္ဌာန်မှာ ပုစဉ်းရင်ကွဲ တစ်ကောင်ပင် ဖြစ်သည်။ ၎င်းသည် အဆင့်နိမ့် ကူကောင် တစ်ကောင်ဖြစ်သည့် 'ကံကြမ္မာ ပုစဉ်းရင်ကွဲ' ကို ရှားပါး ရတနာ တစ်ခုဖြစ်သော 'နွေရာသီ ဆောင်းဦး ပန်း' ဖြင့် ပေါင်းစပ်ရာမှ ဆင့်ကဲ ပြောင်းလဲလာခဲ့ခြင်း ဖြစ်၏။

နွေရာသီ ဆောင်းဦး ပန်း သည် နှစ်ပေါင်း ထောင်ချီ ကြာမြင့်မှသာ ပွင့်လေ့ရှိသော ရှားပါး ရတနာပင်။ ၎င်းက အရိုင်းနယ်မြေ ရှိ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတား တွင်သာ ပေါက်ရောက်လေ့ ရှိသည်။ အခြားသော လမ်းကြောင်းများမှ ဆင့်ကဲ ပြောင်းလဲလာသည့် သဘာဝ ရတနာများနှင့် နှိုင်းယှဉ်ပါက ၎င်းသည် 'အမြင့်မြတ်ဆုံး ရတနာ' ဟု ခေါ်ဆိုထိုက်၏။

ထိုသို့ ဖြစ်လင့်ကစား... ၎င်းသည် 'အသက်အစားထိုး ပုစဉ်းရင်ကွဲ' ကို ထူးခြားကူ အဆင့်သို့ ရောက်ရှိသွားစေရန် မစွမ်းဆောင်နိုင်ခဲ့ချေ။ ဤအချက်က ထူးခြားသော စည်းမျဉ်းများ ပါဝင်သည့် ထူးခြားကူ တစ်ကောင်ကို သန့်စင်ရန် မည်မျှ ခက်ခဲကြောင်းကို သက်သေပြနေသည်။

[လျှပ်တပြက် ပုစဉ်းရင်ကွဲ... အလွန်တရာ ရှားပါးပြီး အဖိုးတန်သော ကူ တစ်ကောင် ဖြစ်ကာ... သန့်စင်ပြီးနောက် ကူသခင် အား ရေတိမ်ပိုင်း ဟင်းလင်းပြင်များကို ဖြတ်သန်းသွားလာနိုင်သည့် စွမ်းရည်ကို ပေးစွမ်းနိုင်ပြီး... သူတို့၏ စိတ်ဝိညာဉ်စွမ်းအင် လွှမ်းခြုံထားနိုင်သော မည်သည့် နေရာကိုမဆို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိနိုင်စေပါသည်]

[မှတ်ချက် - သွားလာရသော အကွာအဝေး ပိုမို ဝေးကွာလေလေ၊ စွမ်းအင် သုံးစွဲမှု ပိုမို ကြီးမားလေလေ ဖြစ်ပါသည်]

'လျှပ်တပြက် ပုစဉ်းရင်ကွဲ' နှင့် ပတ်သက်သော အချက်အလက်များကို ဖတ်ရှုလိုက်ခြင်းဖြင့်... လျှပ်တပြက် ပုစဉ်းရင်ကွဲ သည် လျှပ်တပြက်ကူ ထက် ပိုမို မြင့်မားသော အဆင့်တစ်ခုတွင် ရှိနေကြောင်း လီယွမ် သိရှိလိုက်ရ၏။ သို့သော် ဤတိုးတက်မှုမှာ အဆင့်တစ်ခုလုံးကို ကျော်လွန်သွားနိုင်လောက်အောင်တော့ မလုံလောက်သေးချေ။

“ဒါပေမဲ့... ဒီစွမ်းရည်က ငါ မျှော်လင့်ထားတာနဲ့ ကိုက်ညီပါတယ်လေ...”

လီယွမ် သည် အမြန်နှုန်းတွင် အားနည်းသူ တစ်ဦးပင်။ အထူးသဖြင့် တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်ရသော တိုက်ပွဲများတွင် ဆန်းကြယ်ပုံရိပ် ကူ ၏ 'လေပြေအသွင် ပြောင်းလဲခြင်း' မှာ အမြဲတမ်း အနည်းငယ် လိုအပ်ချက် ရှိနေတတ်သည်။

လျှပ်တပြက် ပုစဉ်းရင်ကွဲ သည် စိတ်ဝိညာဉ်စွမ်းအင် ရောက်ရှိနိုင်သော မည်သည့် နေရာကိုမဆို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိနိုင်စွမ်း ရှိသဖြင့်... တိုက်ခိုက်ရေး စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်။ လီယွမ် တွင် ပင်မကူ များစွာ ရှိနေသဖြင့်... 'လျှပ်တပြက် ပုစဉ်းရင်ကွဲ' ကို လောလောဆယ်တွင် နက်နက်ရှိုင်းရှိုင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် အချိန်မရှိသေးလျှင်ပင်... သူသည် လျှပ်တပြက် ပုစဉ်းရင်ကွဲ ၏ အမြန်နှုန်း အားသာချက်ကို အကောင်းဆုံး အသုံးချနိုင်သေး၏။

ဥပမာအားဖြင့်... ရှောင်ချိုက် ၏ ကောင်းကင်ဘုံ နည်းစနစ် ဖြစ်သော 'ပျက်သုဉ်းခြင်းပြာ' သည် သူ ယခုအချိန်အထိ တတ်မြောက်ထားသမျှထဲတွင် အစွမ်းအထက်ဆုံး နည်းစနစ် ဖြစ်သည်။ သို့သော် 'ပျက်သုဉ်းခြင်းပြာ' ၏ အားနည်းချက်မှာ ရန်သူကို ထိမှန်ရန် လိုအပ်ခြင်းပင် ဖြစ်၏။ ၎င်းက တိုက်ခိုက်ရေး နည်းစနစ်များ၏ ယေဘုယျ အားနည်းချက် တစ်ခုလည်း ဖြစ်သည်။ မည်မျှပင် အစွမ်းထက်နေပါစေ... ပစ်မှတ်ကို မထိမှန်နိုင်ပါက အလဟဿသာ ဖြစ်လိမ့်မည်။

လျှပ်တပြက် ပုစဉ်းရင်ကွဲ ၏ ပေါ်ထွက်လာမှုက ဤအားနည်းချက်ကို ကြီးမားစွာ ဖြည့်ဆည်းပေးနိုင်သည်။

အချိန်များ ကုန်ဆုံးသွားပြီ ဖြစ်ရာ... ဓားနတ်သမီး သည် မကြာမီတွင် အမြင့်မြတ်ဆုံး သူတော်စင် နယ်ပယ်ကို နားလည် သဘောပေါက်တော့မည်မှာ သေချာနေပြီး... စန်းဟိုင်ဂိတ် တိုက်ပွဲကြီး စတင်မည့် အချိန်နှင့် တိုက်ဆိုင်နေနိုင်သည်။ ထိုအချိန်ကျရောက်ပါက လီယွမ် သည် ဓားနတ်သမီး နှင့်အတူ အလယ်ပိုင်း လွင်ပြင် သို့ မလွဲမသွေ လိုက်ပါသွားရမည် ဖြစ်၏။

“မင်းပဲ ဖြစ်ရမယ်...”

ထူးခြားကူ များမှလွဲ၍... အချိန်တိုအတွင်း 'လျှပ်တပြက် ပုစဉ်းရင်ကွဲ' ကဲ့သို့ သူနှင့် အံဝင်ခွင်ကျ ဖြစ်မည့် အခြား ကူကောင် တစ်ကောင်ကို ရှာဖွေရန်မှာ မဖြစ်နိုင်ကြောင်း လီယွမ် သိရှိထားသည်။

အနက်ရောင် ကူအိုးကြီး အတွင်းမှ လုံးဝ ငွေဖြူရောင် ကိုယ်လုံးလေးနှင့် ပုစဉ်းရင်ကွဲ တစ်ကောင် တွားထွက်လာလေ၏။ ၎င်း၏ သုံးလက်မခန့် အရှည် ကိုယ်လုံးလေးမှာ အေးစက်သော အလင်းရောင်များဖြင့် တလက်လက် တောက်ပနေကာ တောင်ပံ လေးခုမှာလည်း ရေခဲပွင့်လေးများအလား ပါး၍ ဖောက်ထွင်း မြင်နိုင်သည်။

“ကျီ... ကျီ...”

ဝမ်းဗိုက်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံတစ်ခုနှင့်အတူ... ပုစဉ်းရင်ကွဲလေးမှာ မျက်စိတစ်မှိတ်အတွင်း ၎င်း၏ မူလနေရာမှ ပျောက်ကွယ်သွားတော့၏။

အသံပင် မဆုံးသေးမီ... ပုစဉ်းရင်ကွဲလေး၏ ကိုယ်လုံးလေးမှာ လီယွမ် ၏ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုမျက်စိတစ်မှိတ်အတွင်းတွင်... လီယွမ် ပင်လျှင် ၎င်း၏ လှုပ်ရှားမှုကို သတိမပြုမိလိုက်ချေ။

ဟင်းလင်းပြင် အတွင်း သေးငယ်သော လှိုင်းဂယက်လေးများသာ ဖြတ်သန်းသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။

[ရှားပါးကူ 'လျှပ်တပြက် ပုစဉ်းရင်ကွဲ' အား သင်၏ ပင်မကူ အဖြစ် သန့်စင်မည်လား]

“လုပ်မယ်...”

လီယွမ် အနည်းငယ်မျှ တွန့်ဆုတ်မနေခဲ့ချေ။ ဓားနတ်သမီး နှင့်အတူ အလယ်ပိုင်း လွင်ပြင် သို့ သွားမည့် ခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် သူ၏ အားသာချက်များကို အမြင့်ဆုံးအထိ မြှင့်တင်ရန် တိုက်ခိုက်ရေး စွမ်းအားများကို ဖြည့်တင်းရန် လိုအပ်နေသည်။

ထို့အပြင် ခွန်းလွန်တောင် နှင့် အရှေ့ပိုင်း အရိုင်းနယ်မြေ ကိုလည်း ကြိုတင်၍ သွားရောက် စူးစမ်းရန် လိုအပ်သေး၏။ ဤအရာများ အားလုံးမှာ နောက်ဆုံး တိုက်ပွဲကြီး မစတင်မီ သူ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စရပ်များပင် ဖြစ်သည်။

“သန့်စင်ပါ...”

လီယွမ် ၏ စိတ်ဆန္ဒက လျှပ်တပြက် ပုစဉ်းရင်ကွဲ နှင့် ပေါင်းစည်းသွားသည်နှင့်အမျှ... အဋ္ဌမမြောက် ပင်မကူ မှာ နေရာယူသွားလေပြီ။

လီယွမ် ၏ လက်ဖဝါးထဲတွင် ငွေရောင် ပုံစံလေး တစ်ခု မထင်မရှား ပေါ်ထွက်လာတော့၏။ ၎င်းမှာ လျှပ်တပြက် ပုစဉ်းရင်ကွဲ ၏ ဘဝ အမှတ်အသားလေးပင် ဖြစ်သည်။

“စမ်းကြည့်ဦးမယ်...”

လီယွမ် ၏ ကျယ်ပြောလှသော စိတ်ဝိညာဉ်စွမ်းအင် များမှာ လျှပ်တစ်ပြက်အတွင်း ဖြန့်ကျက်သွားလေသည်။ မမြင်ရသော လှိုင်းလုံးများက တောင်တန်းများနှင့် မြစ်ချောင်းများကို ဖြတ်ကျော်ကာ... အမှတ် (၁၂) ဂူစံအိမ် ၏ နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။

သူ၏ စိတ်အာရုံက ဝေးလံခေါင်ဖျားသော တောင်ထိပ် တစ်ခုပေါ်တွင် ရပ်တန့်သွား၏။

“သွားစမ်း...”

မျက်စိတစ်မှိတ်အတွင်းမှာပင်... လီယွမ် ၏ လက်ဖဝါးပေါ်ရှိ 'ပုစဉ်းရင်ကွဲ' ပုံစံလေးမှာ လင်းလက်သွားတော့၏။

နောက်တစ်ခဏတွင် သူသည် ထိုတောင်ထိပ်ပေါ်သို့ ရောက်ရှိနေလေပြီ။

“ငါ့ရဲ့ အတွေးတွေ ရောက်တဲ့ နေရာတိုင်းကို လွတ်လပ်စွာ သွားလာနိုင်ပြီ... ဒီခံစားချက်က တကယ်ကို အားရစရာ ကောင်းတာပဲ...”

အချိန်နှင့် ဟင်းလင်းပြင် နိယာမများ၏ နက်နဲမှုကို ရှာဖွေ ဖော်ထုတ်ခြင်းမှာ ကျင့်ကြံသူ တိုင်း မဖြစ်မနေ ဖြတ်သန်းရမည့် လမ်းကြောင်း တစ်ခု ဖြစ်၏။ သိုင်းပညာရှင်များ၊ ကူသခင်များ၊ ဝိညာဉ်သခင်များ အားလုံး ပါဝင်သည်။

လီယွမ် သည်လည်း ခြွင်းချက် မဟုတ်ချေ။ ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ပိုမို မြင့်မားသော နယ်ပယ် တစ်ခုသို့ တက်လှမ်းရန်နှင့်... စစ်မှန်သော အင်မော်တယ် တစ်ပါး ဖြစ်လာရန် သော့ချက်များကို နောက်ဆုံးတွင် သူ ရှာဖွေရမည်သာ ဖြစ်၏။

လျှပ်တပြက် ပုစဉ်းရင်ကွဲ ၏ နောက်ထပ် အားသာချက် တစ်ခုမှာ ဤလုပ်ငန်းစဉ်ကို ကြီးမားစွာ တိုတောင်းသွားစေနိုင်ပြီး... သူ့ကို လျင်မြန်စွာ ကျွမ်းကျင်လာစေရန် ကူညီပေးနိုင်ခြင်းပင်။

“ပြန်မယ်...”

လီယွမ် ၏ စိတ်ထဲတွင် နောက်ထပ် အတွေးတစ်ခု ဖြတ်သန်းသွားပြန်၏။

တောင်ထိပ်ပေါ်ရှိ လေလှိုင်းများ ပြန့်ကျဲသွားသည်နှင့်အမျှ သူသည် ဝါးတောအုပ်လေး အတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့လေပြီ။

“ဟူး...”

လီယွမ် က သက်ပြင်းတစ်ချက် ချလိုက်သည်။ အလယ်အလတ် အကွာအဝေး လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်းကို နှစ်ကြိမ် ဆက်တိုက် ပြုလုပ်လိုက်ရသဖြင့်... သူ အနည်းငယ် ပင်ပန်းသွားသလို ခံစားလိုက်ရ၏။ ပုစဉ်းရင်ကွဲ နှင့် အပြည့်အဝ အသားကျသွားပြီး ထပ်မံ၍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ပါက... အကွာအဝေး အဝေးများကိုပင် ရွှေ့ပြောင်း သွားလာနိုင်လိမ့်မည်။

“အခုဆိုရင်တော့ သာမန် နဝမအဆင့် ကျင့်ကြံသူတွေကို တကယ် အကြောက်အလန့် ကင်းကင်းနဲ့ ရင်ဆိုင်နိုင်ပြီ ထင်တယ်...”

ပိုမို အစွမ်းထက်သော တိုက်ခိုက်ရေး အင်အားများကို လီယွမ် အနေဖြင့် အကြမ်းဖျင်းသာ ခန့်မှန်းနိုင်သေး၏။ သူသည် အိပ်မက်လွင်ပြင် တွင် ဆုံတွေ့ခဲ့ရသော မိုးကြိုးနတ်ဆိုး ကဲ့သို့သော နယ်ပယ် ဖြတ်ကျော်လာသည့် နဝမအဆင့် နတ်ဆိုးများကို ကြောက်ရွံ့နေရန် မလိုတော့ကြောင်း သူ ခံစားလိုက်ရသည်။ သီအိုရီ အရ ဆိုရလျှင် နယ်ပယ် ဖြတ်ကျော်လာသော နတ်ဆိုးများမှာ နဝမအဆင့်များထဲတွင် အားအနည်းဆုံး ဖြစ်ကြသည်။

ထိုအထက်တွင် ရှိနေသူမှာ နဝမအဆင့်သို့ ယခုမှ ဝင်ရောက်လာသော သူ၏ အဘိုး ချီလင်ဘုရင် ပင် ဖြစ်၏။ ထိုကဲ့သို့သော သူများကို အလွယ်တကူ ရှောင်တိမ်း လွတ်မြောက်နိုင်မည်ဟု လီယွမ် တွက်ချက်မိသည်။

အစွမ်းအထက်ဆုံး သူများမှာမူ သူ၏ ဘိုးဘေး ကဲ့သို့သော အဆင့်မျိုးတွင် ရှိသူများ ဖြစ်ပြီး... ထိုကဲ့သို့ အတွေ့အကြုံ ရင့်ကျက်သော နဝမအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ရင်ဆိုင်ရပါက လီယွမ် အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု သိပ်မရှိလှချေ။ ဘိုးဘေး ချီယန်၏ နည်းလမ်းများကို သူ ယခုထိ အပြည့်အဝ နားမလည်နိုင်သေးပေ။

သိုင်းပညာ၏ အထွတ်အထိပ် အဖြစ် လူသိများသော ညဇီးကွက်ဘုရင် နှင့် ပတ်သက်၍မူ လီယွမ် တစ်ယောက် ခန့်မှန်းရန်ပင် မဝံ့ရဲချေ။ အကယ်၍ သူသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲသွားပါက စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်မျိုး ချမိမည်ကို စိုးရိမ်နေမိ၏။

‘ရာနှုန်းပြည့် သေချာမှု မရှိဘဲနဲ့ ဘယ်တော့မှ မလှုပ်ရှားဘူး... ‘

“ကျီ... ကျီ...”

ပုစဉ်းရင်ကွဲလေးများ စတင် အသံပြုလာသည်နှင့်အမျှ... လျှပ်တပြက် ပုစဉ်းရင်ကွဲလေးမှာ လီယွမ် ၏ အရှေ့တွင် ဝဲပျံကာ ပတ်ချာလှည့်နေတော့၏။

ရှောင်ချိုက်၊ ဝူမေ၊ ရွှေရောင်ရတနာလေး၊ ပက်ကျိလေး (ဆန်းကြယ်ပုံရိပ်ကူ) နှင့် အခြားသော ပင်မကူ အားလုံးတို့မှာ ခေါင်းလေးများ ပြူထွက်လာကြလေသည်။ သူတို့၏ 'ချစ်ခင်ကြင်နာတတ်သော ကူ မိသားစုလေး' ထဲသို့ ရောက်ရှိလာသည့် အဖွဲ့ဝင်သစ်လေးကို စူးစမ်း ကြည့်ရှုနေကြ၏။

“မင်းကို နာမည် တစ်ခု ပေးရမယ်...”

ခဏမျှ စဉ်းစားပြီးနောက် စကားလုံး တစ်လုံးက သူ၏ စိတ်ထဲသို့ လျင်မြန်စွာ ရောက်ရှိလာတော့၏။

“မင်းကို 'ကျီလျောင်' လို့ ခေါ်မယ်...”

“ကျီ... ကျီ...”

ပုစဉ်းရင်ကွဲလေးက ထိုနာမည်ကို သဘောကျစွာ လက်ခံလိုက်၏။ ယခုအခါတွင် ပင်မကူ ရှစ်ကောင်စလုံး ပြည့်စုံသွားခဲ့လေပြီ။

ကူအင်မော်တယ် တစ်ပါး မဖြစ်လာမီ... လီယွမ် တွင် ပင်မကူ နေရာ တစ်နေရာတည်းသာ ကျန်ရှိတော့၏။

“ဒီ အချိန်သဲမှုန် လေးရယ်... ရှီဝမ် ရဲ့ နှလုံးသွေးရယ်က... ငါ့ကို တကယ် အများကြီး အကူအညီ ပေးခဲ့တာပဲ... နောင်ကျရင် ကန္တာရကို တစ်ခေါက်လောက်တော့ သွားသင့်တယ် ထင်တယ်...”

လီယွမ် တစ်ယောက် ဦးနှောက်အား အလုပ်ပေးနေတော့၏။

လျှပ်တပြက် ပုစဉ်းရင်ကွဲ ၏ ဆင့်ကဲ ပြောင်းလဲမှု အတွက် ဖြစ်စေ၊ နောက်ဆုံး နဝမမြောက် ပင်မကူ အတွက် ဖြစ်စေ... နှစ်ခုစလုံးအတွက် အလွန်တရာ အံဝင်ခွင်ကျ ဖြစ်ပြီး ရှားပါးလှသော ရတနာများမှာ အလွန် ရှာရ ခက်ခဲလှသည်။

... ... ...

ရက်အနည်းငယ် ကြာပြီးသောအခါ ...

အာဟာရ ဖြစ် အစားအစာ များစွာကို စားသုံးပြီးနောက် ရှီဝမ် သည် အတော်လေး ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။ သူမ၏ ဖြူရော်နေသော အသားအရေမှာ ပျောက်ကွယ်သွားပြီး လှပသော မျက်နှာလေးမှာလည်း ပန်းရောင်သန်းကာ ပြန်လည် လန်းဆန်းလာတော့သည်။

လီယွမ် သည်လည်း ဝါးတောအုပ်လေး အတွင်းမှ ထွက်လာပြီး သူမ၏ အနားသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ လီယွမ် ၏ ပြုံးရွှင်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ရှီဝမ် မှာ ကြက်သီးမွှေးညှင်းများ ထသွားရတော့၏။ စိတ်မနှံ့သော ကူသခင် များ အကြောင်း ထူးဆန်းသည့် ပုံပြင်များက သူမ၏ စိတ်ထဲတွင် အရိပ်မည်းကြီးအလား လွှမ်းမိုးနေဆဲပင် ဖြစ်သည်။

လီယွမ် ကို အပိုင်သိမ်းရန် သူမ မက်ခဲ့သော အိပ်မက်များကိုလည်း ဆက်မမက်ရဲတော့ချေ။ သို့သော် သူမသည် သွေးစုပ်စက် တစ်ခုအဖြစ်လည်း ဆက်လက် အသုံးချမခံချင်တော့ပေ။

“သခင်မလေး ရှီ... ခင်ဗျား အများကြီး ပိုကြည့်ကောင်းလာပါလား...”

လီယွမ် သည် စိတ်အခြေအနေ ကောင်းမွန်နေပြီး နူးညံ့သိမ်မွေ့သော လေသံဖြင့် နှုတ်ဆက်လိုက်၏။

“သခင်လေး ရဲ့ ဂရုစိုက်မှု အတွက်.. ကျေးဇူးတင်ပါတယ်...”

ရှီဝမ် က ကြောက်ရွံ့ရိုကျိုးစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်၏။

လီယွမ် က ပြုံးလျက်...

“ခင်ဗျားကို ဂရုစိုက်ရမှာက ကျွန်တော့် တာဝန်ပဲလေ... ခင်ဗျားက အများအကျိုး အတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ် အနစ်နာခံနေတာပဲ... ခင်ဗျား ပြန်ကျန်းမာလာဖို့က အရေးအကြီးဆုံးပဲလေ... ဘာလို့လဲဆိုတော့ နောင်ကျရင် ခင်ဗျားကို နောက်ထပ် အနစ်နာခံခိုင်းရဦးမှာမို့လို့... ခင်ဗျားကို အလုပ်တွေ အများကြီး မလုပ်ခိုင်းရက်ပါဘူး...”

ရှီဝမ် ၏ မျက်စိရှေ့တွင် အရာအားလုံး မည်းမှောင်သွားပြီး... သူမ တစ်ယောက် မူးမေ့လဲကျလုနီးပါး ဖြစ်သွားရတော့၏။

‘ဒါတွေ အားလုံးက ငါ တစ်ခါမှ စိတ်ကူး မယဉ်ဖူးခဲ့တဲ့ လမ်းကြောင်းကြီးပဲ…’

All Chapters