← Chapters

ကူကျေးကျွန်

Vol. 25 Ch. 273

ကူကျေးကျွန်

Vol. 25 Ch. 273

"ဒီလိုမျိုး သစ္စာခံတာက... လုံးဝကို ဟန်ဆောင်နေတာပဲ"

လီယွမ်က အောက်ဘက်ရှိ ရှီဝမ်ကို စူးစိုက်ကြည့်လိုက်၏။

"ပြီးတော့... ငါ့ကို တစ်သက်လုံး အလုပ်အကျွေးပြုမယ် ဆိုတဲ့ စကားမျိုး လာမပြောနဲ့... မင်းမှာ အဲ့ဒီလောက်အထိ ကံကောင်းခွင့် မရှိဘူး"

နောက်ပြောင်နေခြင်းလော။ သူက ဘေးနားတွင် လူတစ်ယောက် အိပ်နေပါက မျက်လုံးမှိတ်ရန်ပင် ရဲဝံ့မည့်သူ မဟုတ်ပေ။

ရှီဝမ်၏ ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားပြီး မိုးကြိုးပစ်ခံလိုက်ရသလို တုန်လှုပ်သွားတော့သည်။

"ဒါပေမဲ့... မင်း အမှားကို ပြင်ဆင်ဖို့ အခွင့်အရေး တစ်ခုတော့ ငါ ပေးနိုင်တယ်... အနည်းဆုံးတော့ မင်းက မြင်ရတာ မျက်စိပသာဒ ဖြစ်သေးတယ်လေ... ဟို မြေခွေးအိုကြီး ချီနျန်ချူကို တွေးမိတာနဲ့ ငါ့အာရုံထဲ ရွံရှာလွန်းလို့"

လီယွမ်က စကားလမ်းကြောင်း လွှဲလိုက်၏။

"သ... သခင်လေးက... ကျွန်မကို ဘာလုပ်စေချင်လို့လဲ"

ရှီဝမ်က တုန်ယင်နေသော အသံလေးဖြင့် မေးမြန်းလိုက်သည်။

"မင်း ပြန်ရောက်သွားတဲ့အခါ... တာဝန် အောင်မြင်သွားပြီလို့ ချီနျန်ချူကို ပြောလိုက်... အခု အရာအားလုံးက ငါ့ရဲ့ စီနီယာအစ်မကြီးရဲ့ ကြီးမြတ်တဲ့ ရည်မှန်းချက် အပေါ်မှာပဲ မူတည်နေပြီလို့ အသိပေးလိုက်"

လီယွမ်က သူ၏ စီနီယာအစ်မကြီး ကန္တာရ၏ ဧကရီ ဖြစ်လာမည့် အချိန်ကို လွန်စွာ စောင့်မျှော်နေခြင်းပင်။

"ဒါပေမဲ့..."

ရှီဝမ်က တွေဝေသွားပြီး ဖွင့်ဟလိုက်သည်။

"သူက ဒီလောက် လွယ်လွယ်နဲ့ ယုံမှာ မဟုတ်ဘူး... ကန္တာရထဲမှာ သခင်လေးရဲ့ မူလယန်စွမ်းအင်တွေ ကျွန်မ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခြင်း ရှိမရှိ ဆိုတာကို စစ်ဆေးနိုင်တဲ့ လျှို့ဝှက်နည်းစနစ်တွေ ရှိတယ်..."

"မင်းတို့ ကန္တာရက စွမ်းအားသာ သိပ်မရှိတာ... လှည့်ကွက်တွေကတော့ စုံနေတာပဲ... ဒီကိစ္စကို ဖြေရှင်းဖို့ သိပ်မခက်ပါဘူး"

လီယွမ်က ခနဲ့တဲ့တဲ့ ပြုံးလိုက်၏။

"သခင်လေး... လမ်းညွှန်ပြသပေးပါ"

ရှီဝမ်၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက် ရောင်ခြည်လေးများ သန်းလာခဲ့သည်။

"မင်းတို့ ကန္တာရမှာ လျှို့ဝှက်နည်းစနစ်တွေ ရှိသလို... ငါ့ရဲ့ ကူသခင် လမ်းစဉ်မှာလည်း နည်းလမ်းတွေ အများကြီး ရှိတယ်"

လီယွမ်က ပြုံးရွှင်စွာ ပြောလိုက်၏။

"ကျီ..."

ပုံဆောင်ခဲအလား ကြည်လင်တောက်ပနေသော ခန္ဓာကိုယ်နှင့်အတူ အိပ်မက်ဆန်သော အငွေ့အသက်များကို ထုတ်လွှတ်ရင်း ဝူမေ့က သူ၏ ရင်ခွင်ထဲမှ တွားသွားကာ ထွက်ပေါ်လာတော့သည်။

"ငါ့ရဲ့ ကျေးကျွန် လုပ်ပြီး ငါ့အပေါ် လုံးဝ သစ္စာခံလိုက်... ဒါဆိုရင် ကျန်တဲ့ အစီအစဉ်တွေကို ဆက်သွားလို့ ရပြီ... ရှီ မိန်းကလေး... ဘယ်လို ရွေးချယ်မလဲ ဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်"

"ကျွန်မ..."

ရှီဝမ်၏ နုနယ်လှပသော ခန္ဓာကိုယ်လေးမှာ ပြင်းထန်စွာ တုန်ယင်သွားလေ၏။

ဤရလဒ်ကို ကြိုတင် မျှော်မှန်းထားပြီး ဖြစ်သော်လည်း သူမ၏ ရင်ထဲမှ အကြောက်တရားများကိုမူ မဖုံးကွယ်နိုင်ခဲ့ပေ။

"ငါ့ရဲ့ ကျေးကျွန် ဖြစ်သွားပြီးရင်တောင် မင်းရဲ့ လွတ်လပ်ခွင့်ကို ငါ ဝင်စွက်ဖက်မှာ မဟုတ်ဘူး... ငါ့ရဲ့ အစီအစဉ်တွေ အောင်မြင်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်ပေးမယ် ဆိုရင်... အနာဂတ်မှာ မင်းကို ပြန်လွှတ်ပေးဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး"

လီယွမ်က တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။

မည်သို့ပင်ဖြစ်စေ ရှီဝမ်သည် အဋ္ဌမအဆင့် ဝိညာဉ်သခင် တစ်ဦး ဖြစ်၏။ သူမ၏ မူလ စိတ်ဝိညာဉ်ကို ထိန်းသိမ်းထားရင်း အကြမ်းဖက်သော နည်းလမ်းများဖြင့် အပြည့်အဝ ထိန်းချုပ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ရှီဝမ် ကိုယ်တိုင် ဆန္ဒအလျောက် ပူးပေါင်းပါဝင်ရန်သာ လိုအပ်သည်။

အကယ်၍သာ သူမက မပူးပေါင်းပါက လီယွမ်အနေဖြင့် ရက်ရက်စက်စက် ဖျက်ဆီးပစ်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

"ဒီ... ဒီအစေခံမလေးက သခင်လေးရဲ့ ကျေးကျွန်အဖြစ် ခံယူဖို့ ဆန္ဒရှိပါတယ်..."

စိတ်ထဲတွင် ပြင်းထန်စွာ ရုန်းကန်ပြီးနောက် ရှီဝမ်က နှုတ်ခမ်းကိုက်ကာ သဘောတူလိုက်၏။

"ဒီအစေခံမလေးက အနာဂတ်မှာ လွတ်မြောက်ခွင့် ရဖို့ကိုလည်း မမျှော်လင့်ရဲပါဘူး... တစ်သက်လုံး သခင်လေးကို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်... ကျွန်မ တောင်းဆိုချင်တာ တစ်ခုတည်းပါ... သခင်မလေး ကန္တာရကို စိုးမိုးနိုင်တဲ့ အချိန်ကျရင်... ကျွန်မရဲ့ မိဘတွေကို ကယ်တင်ပေးပြီး ရှီ မိသားစုကို ကူညီ ထောက်ပံ့ပေးဖို့ သခင်လေး ကတိပေးပါ..."

"ငါ ကတိပေးနိုင်တာက... မင်းအတွက် စီနီယာအစ်မကြီးဆီမှာ တောင်းဆိုပေးဖို့ပဲ... နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ငါ့အပေါ်မှာ မမူတည်ဘူး"

လီယွမ်က တည်ငြိမ်စွာပင် ပြန်လည် ဖြေကြားလိုက်၏။

ရှီဝမ်သည် အလွန်တရာ သနားစရာကောင်းသော မိန်းကလေး ဖြစ်ကြောင်း ထင်ရှားနေသည်။ ဂုဏ်သတင်း ကြီးမားသော မိသားစုကြီးများတွင် မျိုးနွယ်စု သံယောဇဉ်များ အလွန် ကြီးမားကြောင်းကိုလည်း လီယွမ် နားလည်ထား၏။ ကန္တာရတွင် ဖြစ်စေ တာ့ယန် အင်ပါယာတွင် ဖြစ်စေ အတူတူပင် ဖြစ်သည်။ သွေးမျိုးဆက်ဆက်ခံမှုကို တန်ဖိုးထားသော မိသားစုကြီးများတွင် ပို၍ပင် သိသာထင်ရှားလှသည်။

ရှီဝမ် ကဲ့သို့သော လူများသည် ငယ်စဉ်ကတည်းက မိသားစုနှင့် အတူ အေးအတူ ပူအမျှ ခံစားရမည် ဆိုသည့် အတွေးအခေါ်များကို ရိုက်သွင်းခံထားရသူများ ဖြစ်၏။ ထိုသို့သော သူများ၏ စိတ်ထဲတွင် မိသားစု တိုးတက် ကြီးပွားရေးသည် မိမိ ကိုယ်ကျိုးထက် အဆပေါင်းများစွာ ပို၍ အရေးကြီးနေတတ်သည်။

သို့သော်ငြား ဤအရာများက လီယွမ်၏ နှလုံးသားကို နူးညံ့သွားစေမည့် အကြောင်းပြချက်များ မဟုတ်ပေ။ ကြီးမားကျယ်ပြန့်သော ရည်မှန်းချက် ပန်းတိုင်ရှေ့တွင် သနားညှာတာမှုများမှာ အရေးမပါတော့ချေ။ သူ လိုချင်သည်မှာ အကြွင်းမဲ့ လုံခြုံရေးသာ ဖြစ်၏။

"သခင်လေး... ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ"

ရှီဝမ်က ထပ်မံ၍ ဦးညွှတ်လိုက်ပြန်သည်။

သူမ၏ အမြင်တွင် လီယွမ်သည် သူတော်စင်မလေး နင်ဟုန်ယွီ အစစ်အမှန် ချစ်မြတ်နိုးရသော တစ်ဦးတည်းသော သူ ဖြစ်သည်။ အနာဂတ်တွင် လီယွမ်က သူမအတွက် ဝင်ရောက် ပြောဆိုပေးပါက ချီနျန်ချူ၏ စကားများထက် ပို၍ အရာရောက်နိုင်မည်မှာ သေချာလှသည်။

"ဝူမေ့... ထိန်းချုပ်လိုက်တော့"

လီယွမ်က အမိန့်ပေးလိုက်၏။

"ကျီ..."

ဝူမေ့ ထံမှ မရေမတွက်နိုင်သော ပင့်ကူမျှင်များ ပန်းထွက်လာပြီး ရှီဝမ်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင် စိမ့်ဝင်သွားကာ သူမ၏ နှလုံးသွေးကြောထဲသို့ အာရုံကြော အဆိပ်များ ထိုးသွင်းလိုက်တော့သည်။

ဘုရင်မကူ ဝူမေ့၏ အဆိပ်များက ရှီဝမ်၏ စိတ်ကူးအတွေးအခေါ်များကို အခြေခံမှစ၍ လွှမ်းမိုးသွားမည် ဖြစ်ပြီး 'လီယွမ်က အရာအားလုံးထက် သာလွန် ကြီးမြတ်သည်' ဆိုသော အတွေးများကို တဖြည်းဖြည်းချင်း ရိုက်သွင်းပေးသွားမည်ပင်။

ပုံမှန် အခြေအနေများတွင်မူ ဤအရာက ရှီဝမ်အပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိမည် မဟုတ်ပေ။

"ကောင်းပြီ..."

ပင့်ကူမျှင်များ ပျောက်ကွယ်သွားပြီးနောက် လီယွမ်က အခြေအနေကို ခေတ္တမျှ အာရုံခံလိုက်ပြီး ပြဿနာ မရှိကြောင်း အတည်ပြုပြီးမှသာ သက်ပြင်းချလိုက်၏။

"သခင်လေး... ယန်စွမ်းအင် ကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲ"

ရှီဝမ်က မြေပြင်ပေါ်တွင် ဒူးထောက်လျက်သာ လီယွမ်ကို မော့ကြည့်ကာ မေးလိုက်၏။

"ပြဿနာ မရှိဘူး... ဒီနား လာခဲ့..."

လီယွမ်က လက်ယပ်ခေါ်လိုက်သည်။

ရှီဝမ်က ရှေ့သို့ တရွတ်တိုက် တွားသွားလာခဲ့သည်။

"ပါးစပ် ဟလိုက်"

လီယွမ်က သူ၏ ညာဘက် လက်ညှိုးကို ဆန့်ထုတ်လိုက်ပြီး အမိန့်ပေးလိုက်၏။

ရှီဝမ်က ခေါင်းကို နောက်သို့လှန်ကာ ပါးစပ်ကို အနည်းငယ် ဟပေးလိုက်သောအခါ နီရဲနေသော သွေးတစ်စက်က သူမ၏ လည်ချောင်းထဲသို့ ကျဆင်းသွားတော့သည်။ သွေးညှီနံ့ အနည်းငယ် ရနေသော်လည်း နွေးထွေးပြီး ချိုမြိန်သော အရသာလေးကိုလည်း ခံစားလိုက်ရသည်။

ထိုသွေးစက်က အစာအိမ်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ကြမ်းတမ်းလှသော စွမ်းအားကြီး တစ်ခုက သူမ၏ ခန္ဓာကိုယ် အနှံ့သို့ ပေါက်ကွဲ စီးဆင်းသွားတော့၏။ ရှီဝမ်၏ တစ်ကိုယ်လုံး တုန်ယင်သွား၏။

တွေးတောင် မတွေးဝံ့စရာပင်။ သခင်လေး၏ သွေးတစ်စက်ထဲတွင် ဤမျှ အံ့မခန်း စွမ်းအားများ ပါဝင်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ယခင်က သူမ စားသုံးခဲ့ဖူးသော နတ်ဆိုးမျိုးနွယ်စု၏ အနှစ်သာရ သွေးစက်များထက်ပင် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေသည်။

အချိန်အတန်ကြာပြီးနောက်တွင်မူ လီယွမ်၏ သွေးသည် ရှီဝမ်၏ သွေးများနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့ပြီ ဖြစ်၏။

"နောက်ပိုင်း... ခုနစ်ရက် တစ်ခါ မင်းကို ငါ့သွေး တစ်စက်စီ တိုက်မယ်... ဒါဆိုရင် မင်း ခန္ဓာကိုယ်က ငါ့သွေးတွေနဲ့ အပြည့်အဝ ပြောင်းလဲသွားလိမ့်မယ်... ချီနျန်ချူကို လှည့်စားဖို့က အရမ်းကို လွယ်ကူသွားပြီ"

ရစ်ပတ် နတ်ဘုရားကူ ၏ သန့်စင်မှုကို ခံယူပြီးနောက် လီယွမ်၏ သွေးသည် အလွန်တရာ ထူးခြား သာလွန်လာခဲ့လေပြီ။ ဤသည်က အနှစ်သာရ သွေးစက်ပင် မဟုတ်သေးချေ။

လီယွမ်၏ အနှစ်သာရ သွေးစက်များထဲတွင် သိုင်းနတ်ဘုရား ထိုက်ဇူဧကရာဇ်၏ ဆန္ဒများ ပါဝင်နေပြီး လောကရှိ နတ်ဆိုးဝိညာဉ်များကို ဖိနှိပ် ချေမှုန်းနိုင်စွမ်း ရှိ၏။ သို့သော် သူက ထိုအရာကို လျှို့ဝှက်ထားခဲ့ပြီး ပြင်ပလူများအား တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။

"သခင်လေး... ကျွန်မမှာ နောက်ထပ် မေးစရာ တစ်ခု ရှိပါသေးတယ်..."

ရှီဝမ်က တီးတိုး မေးမြန်းလိုက်သည်။

"ချီနျန်ချူကို လှည့်စားနိုင်ပြီ ဆိုပေမဲ့... သူတော်စင်မလေး ကရော အဲ့ဒါကို ယုံကြည်သွားမှာ မဟုတ်ဘူးလား... အကယ်လို့ ဒီကိစ္စကြောင့် သခင်လေးနဲ့ သခင်မလေးကြားက ဆက်ဆံရေး ပျက်စီးသွားရမယ် ဆိုရင်... ကျွန်မ သေတဲ့အထိ တာဝန်ယူရလိမ့်မယ်"

"ငါနဲ့ စီနီယာအစ်မကြီး ကြားက ဆက်ဆံရေးက... မင်း ထင်ထားသလိုမျိုး အဲ့ဒီလောက် မခိုင်လုံတာ မဟုတ်ပါဘူး"

လီယွမ်က ပြုံးလိုက်ပြီး ပြန်ဖြေလိုက်၏။

စီနီယာအစ်မကြီး အနေဖြင့် သူ့ကို မေးခွန်းထုတ်လာနိုင်သည်မှာ အမှန်ပင်။ သို့သော် ကန္တာရလူများ၏ ကူသခင်များအပေါ် နားလည်မှုက အလွန် တိမ်ကောလွန်းနေသေးသည်ဟု လီယွမ်က တွေးတောမိ၏။ ဒါက စစ်မှန်သော အချစ်ကူ ကို အထင်သေးလိုက်ခြင်းပင်။

"တကယ်လို့များ... စီနီယာအစ်မကြီးရဲ့ စစ်မှန်သော အချစ်ကူ သာ နောက်တစ်ကြိမ် ထပ်ပြီး ဆင့်ကဲပြောင်းလဲသွားနိုင်မယ် ဆိုရင်... ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းလာတော့မှာပဲ"

လီယွမ်က ထိုသို့ မကြာခဏ တွေးတောတတ်သည်။ မည်သို့ပင်ဖြစ်စေ ကန္တာရသည် အရင်းအမြစ်များ အလွန် ပေါကြွယ်ဝလှ၏။ စီနီယာအစ်မကြီး ပိုင်ဆိုင်ထားသော ထောက်ပံ့မှုများနှင့်ဆိုလျှင် ကန့်သတ်ချက်များကို ချိုးဖျက်၍ ပိုမို မြင့်မားသော နယ်ပယ်သို့ တက်လှမ်းနိုင်ရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။

စစ်မှန်သော အချစ်ကူ ၏ ဆင့်ကဲပြောင်းလဲမှုတွင် လမ်းကြောင်း နှစ်ခု ရှိသည်။

တစ်ခုက ထူးခြားကူကောင် စာရင်းတွင် တတိယနေရာ၌ ရပ်တည်နေသော နှလုံးသားမေးခွန်းကူကောင် အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်၏။

သို့မဟုတ်ပါက အဆင့် ဆယ့်တစ် နေရာတွင် ရှိနေသော အနီရောင်ဖုန်မှုန့်ကူကောင် ဖြစ်လာမည်ပင်။

နှစ်ကောင်စလုံးသည် ထိပ်တန်းအဆင့် ထူးခြားကူကောင်များ ဖြစ်ကြပြီး ကူသခင်များကို အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော စွမ်းရည်များ ပေးစွမ်းနိုင်ကြသည်။ သို့သော်ငြား စစ်မှန်သော အချစ်ကူ ၏ မွေးရာပါ ကန့်သတ်ချက်များကြောင့် လောကကြီးတွင် ဤအတားအဆီးကို ချိုးဖျက်နိုင်သော ကူသခင်များမှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှ၏။

စီနီယာအစ်မကြီး နင်ဟုန်ယွီ ၏ ကူလမ်းစဉ် အပေါ် ပါရမီ ပါမှုကတော့ ငြင်းဆိုဖွယ်ရာ မရှိပေ။ သို့သော် သူမ အောင်မြင်နိုင်မည်လား ဆိုသည်ကိုတော့ လီယွမ် ကိုယ်တိုင်လည်း အာမ မခံရဲချေ။

သမိုင်းတစ်လျှောက်တွင် သိုင်းနတ်ဘုရား သို့မဟုတ် ကူအင်မော်တယ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသူများ အားလုံးသည် ပါရမီ၊ ကံတရားနှင့် ခေတ်ကာလ၏ ထောက်ပံ့မှု စသည့် အကြောင်းတရားများ အားလုံး ပေါင်းစုံနေရန် လိုအပ်ခဲ့လေသည်။

...

တစ်လကျော် ကြာမြင့်ပြီးနောက်တွင်မူ နယ်စပ်မှ သတင်းလွှာ တစ်စောင် ရောက်ရှိလာခဲ့တော့သည်။

ရှန်းဟိုင်ကွမ် စစ်ပွဲကြီးက တစ်ဖန် ပြန်လည် စတင်လာခဲ့လေပြီ။ ရှောင်ချင်အာ ၏ ဦးဆောင် ကွပ်ကဲမှုအောက်တွင် အနောက်တောင်ပိုင်း နယ်စပ် နှစ်ခု၌ တပ်စွဲထားသော နယ်ခြားစောင့်တပ်များက တစ်ပြိုင်နက်တည်း ချီတက်လာကြပြီး နတ်ဆိုး နယ်မြေ ကို ဖိအားပေးလာကြသည်။

ရှောင်ချင်အာ ဦးဆောင်သော တောင်ပိုင်း ကင်းလှည့်စစ်တပ်၊ ပိုင်ချန် ဦးဆောင်သော နိုင်ငံတော် ကာကွယ်ရေးတပ်၊ ချန်ဘုရင် ဦးဆောင်သော အနောက်လေရူး တပ်မတော်၊ ဟန်ဘုရင် ဟိုင်ဝူကျင်း ဦးဆောင်သော ဟိုင် မိသားစု တပ်မတော် နှင့် ညဇီးကွက် အစောင့်တပ် ပါဝင်သော ပြည်နယ် အသီးသီးမှ ပူးပေါင်းတပ်ဖွဲ့များ ဖြစ်ကြ၏။

တပ်မတော်ကြီး ငါးရပ်က တစ်ပြိုင်နက်တည်း ချီတက်လာကြပြီး ရှန်းဟိုင်ကွမ် ၏ အဓိက ခံတပ်ကြီး ငါးခုကို ဝင်ရောက် တိုက်ခိုက်ကြတော့သည်။

စစ်ပွဲ စတင်ပြီး မကြာမီမှာပင် နောက်ထပ် သတင်းတစ်ခုက တစ်လောကလုံးသို့ လေဆင်နှာမောင်းအလား တိုက်ခတ်သွားခဲ့ပြီး နယ်စပ် ဒေသ တစ်ခွင်လုံးကို တုန်လှုပ်သွားစေခဲ့သည်။

နိုင်ငံတော် ကာကွယ်ရေး စစ်သူကြီးချုပ် ပိုင်ချန်... အဆင့်ချိုးဖြတ်တာ အောင်မြင်သွားပြီ။

ဤစစ်ပွဲ ကာလ၏ ကြီးမြတ်လှသော စစ်သူကြီး... စစ်မြေပြင်တွင် ရှုံးပွဲမရှိ စစ်သူကြီးဟု လူသိများပြီး စစ်ရေးစစ်ရာ စီမံခန့်ခွဲမှုတွင် မည်သူနှင့်မျှ မယှဉ်သာအောင် ထူးချွန်လှသူ... တာ့ယန် အင်ပါယာ ၏ စစ်နတ်ဘုရားဟု တင်စားခေါ်ဝေါ်ခြင်း ခံရကာ နယ်စပ် တစ်ခွင်လုံးတွင် ဓားသိုင်းပညာဖြင့် ကျော်ကြားလှသူ... သူသည် နောက်ဆုံးတွင်တော့ အဆင့် ၉ နယ်ပယ် သို့ ဝင်ရောက်သွားခဲ့လေပြီ။

All Chapters