သူတို့ အသားကျနေပြီ
Vol. 181 Ch. 2580
စားသောက်ပွဲပြီးနောက် ရီဖူရှင်းနှင့် အခြား အရေးကြီးပုဂ္ဂိုလ်များက စီဝေ့အင်ပါယာနန်းတော်အတွင်းရှိ အခြားအိမ်တော်များထံ သွားလည်ပတ်ကြသည်။ ယခုတွင် နန်းတော်အတွင်းရှိ ကျင့်ကြံသူအသစ်များက ရီဖူရှင်းအား အထင်ကြီးကာ အလွန် လေးစားကြ၏။
ရီဖူရှင်းက ယခုတွင် စီဝေ့ကြယ်ကမ္ဘာ၏ ဒဏ္ဍာရီတစ်ခုဖြစ်ပြီး စီဝေ့မဟာအင်ပါယာ၏ ကိုယ်စားပြုသူဖြစ်သည်။
ထို့နောက် သူက စီနီယာများနှင့် မိသားစုများထံ သွားလည်ပြန်သည်။ သူက တာအိုဘုန်းကြီးမူနှင့် ဆွေးနွေးပြီးနောက် နောက်ထပ် ဆေးဝါးဖော်စပ်မှုစတင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ရီဖူရှင်း စတင်ရန် ပြင်ဆင်ပြီးသည့်အခါ ရုတ်တရက် သူ၏ စိတ်က လှုပ်ခတ်သွားပြီး ရတနာမှန်ကို ထုတ်လိုက်သည်။ အခြားတစ်ဖက်တွင် ရှီးချီယောင်၏ မျက်နှာပေါ်ပေါက်လာသည်။
ရှီးချီယောင်၏ မျက်နှာထက်တွင် အပြုံးတစ်ခုရှိနေပြီး သူမသည် ယခင်ကထက် ပိုမိုလှပနေပုံရ၏။ သူမ၏ အရှိန်အဝါက ပို၍ပင် ထူးခြားအားကောင်းလာပုံရသည်။
“ရှင် နတ်ရတနာကို ဖျက်ဆီးလိုက်တဲ့ သတင်းကိုကြားကြားချင်း ဆက်သွယ်လိုက်တာ။ နှစ်ဆယ့်ရှစ်နှစ်ကြာပြီးတော့ ရှင့်ကို နောက်တစ်ခါ ဆက်သွယ်လို့ရခဲ့ပြီ။”
ရှီးချီယောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ အချိန်အကြာကြီး ပျောက်ဆုံးသွားခဲ့သော မိတ်ဆွေကို ပြန်မြင်တွေ့ရသည့်အတွက် သူမနှလုံးသားထဲမှ အလွန် ပျော်ရွှင်မိသည်။
“အနောက်ဘက်အင်ပါယာနန်းတော်လည်း သတင်းရပြီးပြီပေါ့။”
ရီဖူရှင်းက မေးလိုက်သည်။ နတ်ရတနာကို ချိုးဖျက်သွားနိုင်သည့် သတင်းကို ထျန်းယန်မြို့တစ်မြို့တည်းသာလျှင် သိသင့်ပေသည်။
ဆိုလိုသည်မှာ ထျန်းယန်မြို့က ထိုသတင်းကို ဖြန့်ဝေရန် ခွင့်ပြုလိုက်ပြီး ဖြစ်သည်ပင် ဖြစ်သည်။
“ဒီလိုပျော်စရာအဖြစ်အပျက်မျိုးကို ထျန်းယန်မြို့က ဘယ်လိုလုပ် ကောင်းကင်ဒေသရဲ့ တခြားအင်အားစုတွေနဲ့ မမျှဝေဘဲ နေနိုင်မှာလဲ။”
ရှီးချီယောင်က နောက်ပြောင်ရင်း ဆက်ပြောလိုက်သည်။
“ဒါပေမယ့် ရှင်က အရမ်း လျှို့ဝှက်တာပဲ။ ထျန်းယန်မြို့ကနေသာ သတင်းမရခဲ့ရင် ကျွန်မကိုပါ ဒီသတင်းလျှို့ဝှက်ထားဖို့ စီစဥ်ထားတာလား။”
“ကျုပ် အခုမှ ထွက်လာတာ ကျင့်ကြံဖို့ အရမ်း အလုပ်ရှုပ်နေပြီးတော့ စီဝေ့အင်ပါယာနန်းတော်ရဲ့ ကိစ္စတွေကိုလည်း ကိုင်တွယ်ဖြေရှင်းနေရသေးတယ်။ အခုလည်း ဆေးဝါးတချို့ ဖော်စပ်ဖို့ စီစဥ်ထားတာကြောင့် အလုပ်များနေပြီး မင်းကို ဆက်သွယ်ဖို့ မတွေးမိလိုက်ဘူး။”
ရီဖူရှင်းက ပြောလိုက်သည်။
“မင်း တစ်ခုခု ပြောင်းလဲနေတာကို မြင်မိတယ်။ အဆင့်တက်သွားပြီလား။”
“အံ့သြစရာပဲ။”
ရှီးချီယောင်က အံ့အားသင့်စွာ ပြောလိုက်သည်။
“ရှင်က အဲဒီလိုမျိုးတောင် မြင်နိုင်တာလား။ ဟုတ်တယ်.. ကျွန်မ ရန်ဟောင်အဆင့်ရဲ့ အတားအဆီးကို ချိုးဖျက်ပြီး နောက်တစ်ဆင့် မြင့်သွားခဲ့ပြီ။ ဒါပေမယ့် ရှင်နဲ့ နှိုင်းယှဥ်ဖို့ကတော့ အများကြီး ကွာခြားနေမှာ စိုးမိတယ်။ ရှင် အခု ဆေးလုံးဖော်ဖို့ လုပ်နေတာ ကျင့်ကြံခြင်းမှာ နောက်တစ်ဆင့်တက်သွားတာကြောင့်မလား။”
“ကံကောင်းစွာနဲ့ပဲ။”
ရီဖူရှင်းက ပြောလိုက်သည်။
“ဆေးဖော်စပ်တဲ့အကြောင်း ပြောမှပဲ မင်း အနောက်အင်ပါယာနန်းတော်မှာရှိတဲ့ ဆေးဖက်ဝင်အပင်တချို့ ရှာဖို့ ကူညီပေးနိုင်မလား။ ရှားပါးလေကောင်းလေပဲ။”
“ကိစ္စမရှိဘူး။ ကျွန်မ အခု လုပ်လိုက်မယ်။ အကုန်စုဆောင်းပြီးရင် စီဝေ့ကြယ်ကမ္ဘာကို ပို့ပေးလိုက်မယ်။”
ရှီးချီယောင်က တွေဝေတုန့်ဆိုင်းခြင်းမရှိဘဲ တုန့်ပြန်လိုက်သည်။
“ကျေးဇူးတင်ပါတယ်။”
ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက်က စကားပြောနေခြင်းကို အဆုံးသတ်လိုက်သည်။ သူတို့နှစ်ယောက်က အလွန်ရင်းနှီးသော သူများမဟုတ်သော်လည်း အချင်းချင်း ယုံကြည်မှုနှင့် အလုပ်လုပ်ကြသည်။ ရီဖူရှင်းက ရှီးချီယောင်ကို ဆေးဖက်ဝင်ပစ္စည်းများ ရှာဖွေရန် မေးသောအခါ သူမက ချက်ချင်း သဘောတူလိုက်သည်။ သူမသည် ရီဖူရှင်းက အနောက်အင်ပါယာနန်းတော်၏ မျက်နှာသာပေးမှုကို မေ့ပစ်လိမ့်မည်မဟုတ်ကြောင်း သိရှိပေသည်။
ထို့နောက် ရီဖူရှင်းက ဆေးလုံးဖော်စပ်ရန် ပြင်ဆင်တော့သည်။ သူက ရန်ဟောင်အဆင့်၌ ရှိနေဆဲသာ ဖြစ်သော်လည်း နတ်ဘုရားကပ်ဘေးကို နှစ်ကြိမ်တွေ့ကြုံခဲ့ရပြီးဖြစ်သည့်အတွက် ဒုတိယကပ်ဘေးအဆင့်၏ နတ်ဘုရားတစ်ပိုင်းအဆင့်ဆေးလုံးများကို ဖော်စပ်နိုင်မလား မသိပေ။ သူ ပထမဆုံးအကြိမ် နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ခဲ့ရပြီးနောက် စီဝေ့ကြယ်ကမ္ဘာသို့ ပြန်ရောက်လာသောအခါ သူက ပထမကပ်ဘေးအဆင့် နတ်ဘုရားတစ်ပိုင်းဆေးလုံးများကို ဖော်စပ်နိုင်ခဲ့သည်။
သူ့တွင် မည်သည့် ဆေးဖက်ဝင်ပစ္စည်းများမှ လစ်လပ်နေခြင်းမရှိပေ။ သူ ဆေးအင်ပါယာကျွန်းမှ ပြန်လာစဥ်က အဖိုးတန်ဆေးဝါးပစ္စည်းများစွာ ရရှိခဲ့ပြီး ယခုထိ အသုံးမပြုရသေးသည်များ ရှိနေသေးပေသည်။ သူက ရှီးချီယောင်ကို နောက်ထပ် ဆေးဖက်ဝင်ပစ္စည်းများ စုဆောင်းရန် အကူအညီတောင်းလိုက်သည့်အတွက်ကြောင့် သီးသန့်ဆောင်ထားရန် အချို့ရရှိလိမ့်မည် ဖြစ်သည်။
အဆုံးမှာတော့ စီဝေ့ကြယ်ကမ္ဘာအတွင်း ကျင့်ကြံသူများ ပိုမိုများပြားလာပြီး လူတိုင်းအတွက် ဆေးဝါးများက မလုံလောက်ပေ။ အခြားတစ်ဖက်တွင် အာခီမီနန်းတော်၌ ဆေးဖက်ဝင်ပစ္စည်းများစွာ လိုအပ်ပေသည်။ ၎င်းတို့ကို စုဆောင်းရန် ကောင်းကင်ဒေသသို့ သွားပါက ပြဿနာများစွာနှင့် ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။ အနောက်အင်ပါယာနန်းတော်၏ အကူအညီနှင့် ဆေးဖက်ဝင်ပစ္စည်းများကို စုဆောင်းခြင်းက ပို၍ လွယ်ကူပေလိမ့်မည်။ သူက ဆေးဝါးများကို ဖော်စပ်ပြီးနောက် တချို့တစ်ဝက်ကို အနောက်အင်ပါယာနန်းတော်သို့ ပို့ဆောင်ပေးမည် ဖြစ်သည်။ ဤနည်းလမ်းက နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည့် အခြေအနေပင် ဖြစ်သည်။ ဤသို့အပြန်အလှန်ရိုင်းပင်းသည့် ဆက်ဆံရေးက သူတို့၏ ပူးပေါင်းမှုကို ပို၍ အဓွန့်ရှည်စေနိုင်သည်။
တစ်ဖက်လူ၏ အကူအညီကို လိုချင်ပါက တစ်ဖက်လူအား နစ်နာစေရန် လုပ်ဆောင်၍မရနိုင်ပေ။ နှစ်ဦးနှစ်ဖက် အကျိုးရှိနေသရွေ့ ဆက်ဆံရေးက ရပ်တန့်သွားရန် အကျိုးမရှိပေ။ ကျင့်ကြံခြင်းကမ္ဘာအတွင် ခံစားချက်ဟူသည်မှာ အစကတည်းက ထိရှပြိုကွဲလိုသည့်အရာပင် ဖြစ်သည်။ အနောက်အင်ပါယာနန်းတော်နှင့် သူ့ကြား၌လည်း ခိုင်မာသော ပတ်သတ်ဆက်ဆံရေးမျိုး မရှိပေ။
စီဝေ့အင်ပါယာနန်းတော်အတွင်းမှ အခြားလူများသည်လည်း ငြိမ်းချမ်းစွာ ကျင့်ကြံနေကြသည်။ ရီဖူရှင်းက နတ်ရတနာ၏ အကျဥ်းချထားမှုကို ချိုးဖျက်ကာ သူတို့ထံ ပြန်လာပြီးနောက် စီဝေ့အင်ပါယာနန်းတော်ထဲမှ ကျင့်ကြံသူများ၏ မျှော်လင့်ချက်က တစ်ဖန် တောက်လောင်လာပုံရသည်။ သူတို့က တက်ကြွစွာ ကျင့်ကြံနေကြပြီး သူတို့၏ နန်းတော်သခင်က ကိုယ်တိုင် ဆေးဝါးဖော်စပ်နေသည်အား မြင့်မားစွာ မျှော်လင့်ထားကြသည်။
ဤတစ်ကြိမ်မှာ ရီဖူရှင်း ရန်ဟောင် ထိပ်တန်းအဆင့် ဆေးဝါးများကို ပမာဏများစွာ ထုတ်လုပ်မည့် ပထမဆုံးအကြိမ် ဖြစ်သည်။ သူ့အတွက် ထိုအဆင့်ဆေးလုံးများကို ဖော်စပ်ရန် အလွန် လွယ်ကူပြီး ထိုကဲ့သို့ ပမာဏများပြားသည့် ဖော်စပ်ခြင်းသည်ပင် သူ့စွမ်းအားကို အမြောက်အမြားအသုံးပြုရန် မလိုအပ်ပေ။
သို့သော် သူ ဖော်စပ်ထားသည့် ရန်ဟောင်အဆင့်ဆေးလုံးများမှာ ကောင်းကင်ဒေသအတွင်း ပြိုင်ဘက်ကင်းပြီး အရည်အသွေးက ပြီးပြည့်စုံသည့်အဆင့်၌ ရှိသည်။ ရန်ဟောင်အဆင့်မှ ကျင့်ကြံသူများအတွက် ၎င်းက ကြီးမားသည့် အကျိုးသက်ရောက်မှုရှိကာ အဆင့်တက်ရန်အတွက် ခိုင်မာသော အုတ်မြစ်ကို တည်ဆောက်နိုင်ရန် ကူညီပေးသည်။
ဖော်စပ်မှုပြီးသည့်နောက် ရီဖူရှင်းက မျက်မမြင်ထျယ်နှင့် အဘိုးမာအား ဆေးဝါးများ ခွဲဝေပေးလိုက်ကာ ရန်ဟောင်အထွတ်အထိပ် အဆင့်မှ ကျင့်ကြံသူများကို ဦးစားပေး၍ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးအဆင့်ကို ဖြတ်ကျော်ဖို့ရာ ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။
ထို့နောက်တွင် သူက နတ်ဘုရားတစ်ပိုင်းဆေးလုံးများကဲ့သို့ အဆင့်မြင့်ဆေးဝါးများကို ဆက်လက်ဖော်စပ်ရန် ပြုလုပ်ခဲ့သည်။
အချိန်တစ်ခုကြာသည်အထိ ဆေးဝါးကပ်ဘေးက မကြာခဏ ဖြစ်ပေါ်လာနေပြီး ကြယ်ကောင်းကင်ကျင့်ကြံရေးနယ်မြေရှိ လူအားလုံးက ထိုမြင်ကွင်းကို ထိတ်လန့်ဖွယ် မြင်တွေ့ကြရပေသည်။ သို့သော် နှစ်ပေါင်းများစွာကြာအောင် တွေ့ကြုံခဲ့ဖူးသည့် အတွေ့အကြုံတို့ကြောင့် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက ၎င်းကို အတော်လေး ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။ သူတို့က ရီဖူရှင်း ဆေးဝါးဖော်စပ်ကျင့်ကြံနေသည့်အချိန်၌ မည်သည့် ဆေးဝါးကပ်ဘေးမှ မကျရောက်မှသာ အံ့သြကြပေလိမ့်မည်။
ငြင်းဆန်ရန်မဖြစ်နိုင်စွာပင် ဤတစ်ကြိမ်၌ ဖြစ်ပေါ်လာသည့် ဆေးဝါးကပ်ဘေးက နောက်ဆုံးအကြိမ်ထက် ပို၍ အားကောင်းလာသည်မှာ ရှင်းလင်းလှသည်။
လအနည်းငယ်ကြာပြီးနောက် ရီဖူရှင်းက ဆေးဝါးဖော်စပ်မှု ပြီးစီးသွားပြီး သူ ဖော်စပ်ခဲ့သည့် ဆေးလုံးများကို အားလုံး ခွဲဝေပေးခဲ့သည်။ သခင်ချန်နှင့် အခြားအရှင်လေးယောက်က နတ်ဘုရားတစ်ပိုင်းဆေးလုံးများကို ပထမဆုံးလက်ခံရရှိသူများ ဖြစ်ပြီး နှစ်ပေါင်းများစွာကြာသည့်တိုင် ရန်ဟောင်အထွတ်အထိပ်အဆင့်၌ တစ်ဆို့နေခဲ့သည့် သူများသည်လည်း ရီဖူရှင်းထံမှ ဆေးလုံးကို လက်ခံရရှိပေသည်။ တစ်ချိန်တည်းတွင် သူတို့က သခင်ချန်နှင့် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို တွေ့ကြုံခဲ့ဖူးသည့် အခြားလူများထံမှ အကြံဉာဏ်များ ရယူခဲ့ကြသည်။
မျက်မမြင်ထျယ်မှာ ရန်ဟောင်အဆင့် အတားအဆီးကို ကျော်ဖြတ်၍ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးနှင့် တွေ့ကြုံခဲ့ရသည့် ပထမဆုံးသူ ဖြစ်သည်။
သူ့ခေတ်သူ့အခါတွင် မျက်မမြင်ထျယ်သည် လေးမျက်နှာကျေးရွာ၏ ပါရမီရှင် ဖြစ်ခဲ့သူ ဖြစ်သည်။ အခြားလူများ၏ အကွက်ဆင်မှုကို ခံခဲ့ရပြီးနောက် သူက မျက်မမြင်ဖြစ်ခဲ့ရပြီး ဆရာသခင်က သူ့အား ကျေးရွာအတွင်း ပန်းပဲသမားအဖြစ် ဆက်လက် နေထိုင်စေခဲ့သည်။ လူအများသည် သူက ကျင့်ကြံခြင်းကို လက်လျှော့လိုက်ပြီဟု တွေးထားခဲ့သော်လည်း အမှန်တွင် သူသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် မည်သည်က အမှန်တကယ် အရေးကြီးကြောင်း လေ့လာနေခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် အင်ပါယာကြယ်၏ အမွေအနှစ်ကို လက်ခံရရှိခဲ့ကာ သူ့ကျင့်ကြံခြင်းက နောက်တစ်ဆင့်သို့ တိုးမြင့်သွားလေသည်။
ယခု ဆယ်စုနှစ်များကြာပြီး နောက်ဆုံးတွင် နတ်ဘုရားကပ်ဘေးအဆင့်သို့ ချဥ်းနင်းဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်၏။
သူ့ နတ်ဘုရားကပ်ဘေးက အားကောင်းသည်ဟု ဆိုနိုင်သော်လည်း မျက်မမြင်ထျယ်ကိုယ်တိုင်က အလွန် အစွမ်းထက်သူ ဖြစ်သည်။ သူက နတ်ဘုရားကပ်ဘေး၏ ဖျက်ဆီးခြင်းကို မခံခဲ့ရရုံမျှမက မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို အပြည့်အဝ အောင်မြင်ခဲ့သည်။
ယခု ရီဖူရှင်းအနီးမှ စောင့်ရှောက်သူအချို့သည်လည်း နတ်ဘုရားကပ်ဘေးအဆင့်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
အင်ပါယာရှီ၏ တပည့်ဖြစ်သော ရန်ဝူချီသည် မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်အား ကျော်ဖြတ်နိုင်ခဲ့ပေသည်။ ၎င်းက ရီဖူရှင်းကို အတော်လေး အံ့အားသင့်စေခဲ့သည်။ သို့သော် အချို့သော အချက်များကို တွေးတောပြီးနောက် ၎င်းက အလွန် နည်းလမ်းကျပုံပေါ်သည်။ ရန်ဝူချီ၏ ပါရမီက ထူးချွန်သော်လည်း သူက ခပ်လျှိုလျှိုသာ နေတတ်ကာ အင်ပါယာရှီ၏ နောက်မှ အချိန်အတော်ကြာအောင် လိုက်နေခဲ့သူဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ စိတ်ထားက သေချာပေါက် ထူးခြားပေသည်။
မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးမှ ရှင်သန်နိုင်ခဲ့ပြီးနောက် ရန်ဝူချီသည် သူ့ဆရာအင်ပါယာရှီနှင့် တူညီသော အဆင့်သို့ ရောက်ရှိခဲ့ပြီး အင်ပါယာရှီ၏ ပျော်ရွှင်မှုက အဆုံးမရှိပေ။ ရလဒ်အနေနှင့် ယခု ဝမ်ရှန့်နန်းတော်တွင် နတ်ဘုရားကပ်ဘေးအဆင့်နှစ်ယောက် ထွက်ပေါ်လာခဲ့ပြီး ၎င်း၏ ခွန်အားက သိသိသာသာ တိုးတက်လာသည်ဟု သတ်မှတ်နိုင်သည်။
နောက်ထပ်ခြောက်လကြာပြီးနောက် ရှီးချီယောင်က အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူတစ်စုကို ခေါ်ဆောင်ကာ စီဝေ့ကြယ်ကမ္ဘာသို့ လာရောက်လည်ပတ်ခဲ့သည်။ သူတို့က ကြယ်ကောင်းကင်ကျင့်ကြံခြင်းနယ်မြေအတွင်း ရီဖူရှင်းနှင့် တွေ့ဆုံရန် ရောက်လာခဲ့ပေသည်။
“အရမ်း ငြိမ်သက်လွန်းနေတာ မဟုတ်ဘူးလား”
ရှီးချီယောင်က ရီဖူရှင်းအား ကြည့်ကာ ရွှတ်နောက်နောက် ပြုံးလိုက်သည်။ ရီဖူရှင်း နတ်ရတနာကို ချိုးဖျက်ကာ ချုပ်နှောင်ခံထားရခြင်းမှ ထွက်လာသည်မှာ နှစ်ဝက်ခန့်ရှိနေပြီ ဖြစ်သည်။ သို့သော် သူက ယခုထိ မည်သည့်လှုပ်ရှားမှုမှ မလုပ်သေးဘဲ စီဝေ့ကြယ်ကမ္ဘာအတွင်း တိတ်ဆိတ်စွာ ရှိနေခဲ့သည်။
“တခြားဘာတွေ မျှော်လင့်ထားလို့လဲ။”
ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
“ရှင် ကောင်းကင်ဒေသကို သွားလိမ့်မယ် ထင်နေတာ။”
ရှီးချီယောင်က ပြုံးလိုက်သည်။
“ဒါက ရှင်နဲ့ သိပ်မတူသလိုပဲ။”
“အလျင်မလိုပါဘူး။”
ရီဖူရှင်းက ပြောလိုက်သည်။
“အမှန်ပဲ။”
ရှီးချီယောင်က ခေါင်းညိတ်လိုက်သည်။
“လက်ရှိမှာ ထျန်းယန်မြို့ထဲက ရှေးဟောင်းနတ်ဘုရားကလန်တွေ ဦးဆောင်တဲ့ အင်အားစုတွေက ရှင် ချုပ်နှောင်ခံထားရတာကနေ ထွက်လာကတည်းက ရှင်နဲ့ အချိန်မရွေးရင်ဆိုင်နိုင်ဖို့ ပြင်ဆင်နေကြတယ်။ အခု ကောင်းကင်ဒေသကို သွားရင် အန္တရာယ်တချို့ရှိလိမ့်မယ်။ ရှေးဟောင်းနတ်ဘုရားကလန်တွေက ရှင့်ကို သေချာပေါက် ထိခိုက်စေမှာပဲ။ ဒီနေရာမှာ အချိန်တချို့ကျင့်ကြံပြီးမှ လာသင့်တယ်။”
သူမသည် ရီဖူရှင်း၏ ကျင့်ကြံဆင့်က မပြောင်းလဲဘဲ အဆင့်ကိုးရန်ဟောင်၌သာ ရှိနေသည်ကို မြင်ခဲ့သည်။ သူ၏ တိုက်ပွဲစွမ်းအားက ထူးချွန်လှပြီး ဗုဒ္ဓအထူးစွမ်းရည်ကိုပါ ကျွမ်းကျင်သော်လည်း သူ့တွင် အလွန် အစွမ်းထက်သည့် ရန်သူများ ရှိပေသည်။ ယခု စီဝေ့ကြယ်ကမ္ဘာမှ ထွက်ခွာသွားလျှင် အပြင်ဘက်တွင် သူ့အား စောင့်ဆိုင်းနေသည့် အန္တရာယ်များ ရှိနေသည်မှာ သေချာသည်။
သို့သော် စီဝေ့ကြယ်ကမ္ဘာတွင် ဒွန်ဟောင်အင်ပါယာနန်းတော်ကဲ့သို့ အစွမ်းထက် အင်အားစုတစ်ခုက ကျူးကျော်တိုက်ခိုက်လာခြင်းမှ မဟုတ်လျှင် အခြားအင်အားစုများအနေနှင့် ကျူးကျော်နိုင်ရန် ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ရှီးချီယောင်က ရီဖူရှင်း၏ ဆုံးဖြတ်ချက်ကို သဘောတူခဲ့သည်။ သူမသည် ရီဖူရှင်းက အနည်းဆုံး ဤနေရာမှ ထွက်ခွာမသွားခင် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးအား ကျော်ဖြတ်နိုင်သည့်တိုင်အောင် နှစ်ပေါင်းအတော်ကြာအောင် ကျင့်ကြံသည်မှာ အကောင်းဆုံးဖြစ်မည်ဟု တွေးခဲ့သည်။
“အင်း”
ရီဖူရှင်းက မည်သည့်အရာကိုမှ ရှင်းပြရန် အလုပ်ရှုပ်မခံခဲ့ဘဲ မေးလိုက်၏။ "ဒီကိုလာတာ ဆေးဖက်ဝင်ပစ္စည်းတွေလာပေးတာလား။”
“ဝိုး... သိပ်ကို တည့်တိုးဆန်တာပဲ။”
ရှီးချီယောင်က ရီဖူရှင်းအား တစ်ချက်ကြည့်လိုက်ပြီး သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို ထုတ်ယူကာ ၎င်းတို့အား ရီဖူရှင်းထံ လက်လွှဲပေးလိုက်သည်။
“အနောက်ဘက်အင်ပါယာနန်းတော်က ဒါတွေကို စုဆောင်းဖို့ နှစ်တစ်ဝက်လောက် သုံးခဲ့ရတာ။ အတော်လေး ရှာဖွေစုဆောင်းခဲ့ရတာမို့ အားလုံးကို တစ်ခါတည်း မသုံးပစ်နဲ့။”
ရီဖူရှင်းက သူ၏ နတ်အာရုံနှင့် ပစ္စည်းများကို စစ်ဆေးလိုက်ပြီးနောက် သူမ၏ အခြေအနေကို အသိအမှတ်ပြုကာ ခေါင်းညိတ်လိုက်သည်။ သူက ရိုးရှင်းစွာ ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်။”
သူက ပြောလိုက်ပြီးသည်နှင့် သူ၏ နတ်အာရုံက သိုလှောင်လက်စွပ်အတွင်း ရောက်ရှိသွားပြီး ဆေးလုံးနှင့်ဆေးရည် ပမာဏကို စစ်ဆေးကြည့်လိုက်ကာ ၎င်းတို့အား သိုလှောင်လက်စွပ်အတွင်းမှာပင် ခွဲခြားလိုက်သည်။ သူက ၎င်းတို့ကို ရှီးချီယောင်ထံ ပေးလိုက်၏။
“ဒါက အနောက်အင်ပါယာနန်းတော်အတွက်ပဲ။ ဒါပေမယ့် အခြေအနေတစ်ခုရှိတယ်။ နောက်ဆုံးတစ်ကြိမ် ငါ့ကို တိုက်ခိုက်ခဲ့တဲ့ လူတွေဆီ ဝေမပေးနိုင်ဘူး။”
“ရှင်ကတော့ ရန်ငြိုးတွေကို အမြဲ ဆုပ်ကိုင်ထားတာပဲ။”
ရှီးချီယောင်က ရယ်မောကာ ပြောလိုက်သည်။
“စိတ်မပူနဲ့။ နောက်ဆုံးတစ်ကြိမ် ဖြစ်ခဲ့သလိုမျိုး အနောက်အင်ပါယာနန်းတော်ထဲမှာ ဘယ်တော့မှ ထပ်ဖြစ်လိမ့်တော့မှာ မဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးက တစ်ကြိမ်ဆို လုံလောက်ပြီ။”
သူတို့နှစ်ယောက် စကားပြောနေစဥ် ကြောက်မက်ဖွယ် အရှိန်အဝါက ရုတ်တရက် ကောင်းကင်မှ ကျဆင်းလာသည်။ ထိုနေရာသို့ ကြည့်လိုက်သည့်အခါ ရှီးချီယောင်နှင့် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူတို့၏ မျက်လုံးများက ထက်ရှလာခဲ့သည်။
သိပ်မကြာခင်မှာပင် သူတို့သည် ကောင်းကင်ထက်၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင် အမြင့်သို့ တက်သွားခဲ့သည်။ ရီဖူရှင်းကလည်း တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက မည်သူမှန်းသိလိုက်သည်နှင့် ထပ်မံအာရုံမစိုက်တော့ဘဲ အကြည့်လွှဲလိုက်တော့သည်။
ထို့အတူပင် ကြယ်ကောင်းကင်နန်းတော်အတွင်း ကျင့်ကြံသူများက တစ်ချက်လှမ်းကြည့်လိုက်ပြီး မည်သူဖြစ်ကြောင်း မြင်သည့်အခါ သူတို့မျက်နှာထက်တွင် မနာလိုအားကျသော အကြည့်တို့ ဖြစ်ပေါ်လာသော်လည်း ထပ်အာရုံမစိုက်တော့ဘဲ ဆက်လက်ကျင့်ကြံနေခဲ့သည်။
ကောင်းကင်ထက်ရှိ ထိုတောက်ပနေသော ပုံရိပ်က မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေးကို တစ်ယောက်တည်း တွေ့ကြုံနေရသော်လည်း မည်သူကမှ သူ့ကို စောင့်ကြည့်နေခြင်းမရှိပေ။ ထိုထူးဆန်းသော မြင်ကွင်းက ရှီးချီယောင်၏ သိချင်စိတ်ကို နှိုးဆွနေခဲ့သည်။ ထိုလူများ၏ တုန့်ပြန်မှုက သူမအတွက် ပုံမှန်မဟုတ်နေပေ။
“ဒါက နတ်ဘုရားကပ်ဘေးမလား။”
ရှီးချီယောင်က ရီဖူရှင်းအား ပြောလိုက်သည်။
“အင်း..”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
သူ၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ ရှီးချီယောင်က ပို၍ပင် မေးလိုက်သည်။
“စီဝေ့အင်ပါယာနန်းတော်ရဲ့ ဘယ်သူမှ အဲဒီအကြောင်း ဂရုမစိုက်ကြဘူးလား။”
“သူတို့ အသားကျနေပြီ။”
ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
“အသားကျနေပြီလား။”
ရှီးချီယောင်က သူမ၏ လှပသော မျက်လုံးများနှင့် ရီဖူရှင်းအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ထိုလူများက နတ်ဘုရားကပ်ဘေးအား မြင်တွေ့ရသည်ကို အသားကျနေခဲ့သည်လား။
အနောက်အင်ပါယာနန်းတော်မှ နတ်မိမယ်တစ်ပါးအနေနှင့် သူမက အနောက်အင်ပါယာနန်းတော်အတွက် အရေးကြီးသည့် တည်ရှိမှုတစ်ခုဖြစ်ပြီး သူမ နတ်ဘုရားကပ်ဘေးကို တွေ့ကြုံသည့်အခါ နန်းတော်တစ်ခွင်မှ ကျင့်ကြံသူများက သူမကို လာရောက်ကြည့်ရှုခဲ့သည်။ သူမက နတ်ဘုရားကပ်ဘေးကို မတွေ့ကြုံခင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ကလန်တစ်ခုလုံးက ထိုမြင်ကွင်းကို ကြည့်ရှုခဲ့သည်။
သို့သော် ယခု တစ်စုံတစ်ယောက်က စီဝေ့အင်ပါယာနန်းတော်၌ နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်နေခဲ့သည်။
သို့သော် မည်သူမှ ဂရုစိုက်ခဲ့ခြင်း မရှိခဲ့ပေ။
“ခေါင်းမာလိုက်တာ။”
ရှီးချီယောင်က ပြောလိုက်သည်။
“ကြည့်ရတာ ဆေးလုံးတွေက အကျိုးသက်ရောက်မှုရှိပုံရတယ်။ ဒီတစ်ခေါက် လုပ်ထားတဲ့ ဆေးလုံးက ဘာကောင်းလဲ ကြည့်ရအောင်။”
သူမက ပြောလိုက်ပြီးသည်နှင့် ရှီးချီယောင်က အတော်လေး မျှော်လင့်နေခဲ့ပြီး ရီဖူရှင်း သူမအား ပေးသည့် ဆေးလုံးများကို စစ်ဆေးလိုက်သည်။ ရီဖူရှင်းက စိတ်ထဲမထားပေ။ သူက ကောင်းကင်အမြင့်သို့သာ ခေါင်းမော့၍ကြည့်လိုက်သည်။
မကြာခင်၌ ရှီးချီယောင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူမ၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်လာသည်။ သူမ၏ လှပသော မျက်လုံးများက ရီဖူရှင်းထံ ကြည့်နေခဲ့သည်။
“ချီယောင် ဘာဖြစ်လို့လဲ။”
အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက မေးလိုက်သည်။
ရှီးချီယောင်က သူတို့ပြောသည်ကို မကြားနိုင်ပေ။ တခဏကြာပြီးနောက် အနောက်အင်ပါယာမှ လူများကို ကြည့်ကာ ဆေးလုံးတစ်လုံး ထုတ်ယူလိုက်သည်။
“ဒုတိယကပ်ဘေး နတ်ဘုရားတစ်ပိုင်းအဆင့် ဆေးလုံး။”
ရှီးချီယောင်ပြောသည်ကို ကြားသောအခါ အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများအားလုံးက နေရာမှာတင် အေးခဲသွားလေသည်။