၀မ်ရင်းရဲ့ အရင်ယောက်ျား
Vol. 174 Ch. 2465
လီချူးဟန်၏အိမ်တွင် ဆယ်နာရီကျော်သည်အထိ နေပြီးနောက် လင်းရီ ပြန်ထွက်လာသည်။ ညကိုတော့ ထိုနေရာတွင် မအိပ်စက်ခဲ့ချေ။
ကားထဲသို့ ဝင်ပြီးနောက် လင်းရီ အိမ်သို့ မောင်းထွက်လာခဲ့လိုက်၏။
နောက်ပိုင်းတွင် အချိန်တစ်ချို့ ရှာ၍ ဝမ်ရင်းထံသို့ သွားလည်ဖို့လည်း စီစဉ်ထားလေသည်။
နောက်ပိုင်းတွင် အလုပ်မများတော့သဖြင့် သူ၏ အချစ်များကို ညီတူမျှတူ ခွဲဝေပေးသည်က ပိုကောင်းလိမ့်မည်။
နောက်တစ်နေ့ နံနက်ခင်း။
လင်းရီ မျက်လုံး ဖွင့်ပြီး နိုးလာတော့ ကျီချင်းရန်မှာ ဘေးတွင် အိပ်ပျော်နေဆဲပင်။
နေ့တိုင်းနေ့ ကုမ္ပဏီသို့ အလုပ်သွားသော်လည်း ယင်းက သူမ၏ စိတ်ခံစားချက်ပေါ်မှာပဲ မူတည်သည်။
စိတ်အခြေအနေကောင်းလျှင်တော့ ရုံးတက်ပြီး မကောင်းလျှင်တော့ အိမ်မှာပဲ နေကာ သက်တောင့်သက်သာနှင့် ပျင်းရိနေတတ်၏။
ကျီချင်းရန် နှစ်ခြိုက်စွာ အိပ်မောကျနေသည်ကို မြင်တော့ လင်းရီသည် သူမကို မနှောင့်ယှက်ရက်တော့ချေ။ ထို့ကြောင့် အနည်းငယ် ဆက်အိပ်လိုက်၏။
နှစ်ဦးလုံးက မနက် ဆယ်နာရီကျော်တော့မှ အတူပြန်နိုးလာသည်။
“ ဆယ်နာရီတောင် ကျော်သွားပြီ ….”
ကျီချင်းရန် မျက်လုံးဖွင့်လာခဲ့ပြီး သူမ၏ ခေါင်းကို ကုတ်ရင်း ပျင်းရိနေသည့် ကြောင်ပေါက်လေးတစ်ကောင်နှယ် ပြောဆိုလိုက်၏။
“ နင်ကလည်း ဘာလို့ ဒီအချိန်မှ အိပ်ရာထတာလဲ ….”
“ မင်းကပဲ ငါ့လက်မောင်းပေါ် တစ်ချိန်လုံး အိပ်နေပြီးတော့ ပြောရဲသေးတယ်ပေါ့ ….”
“ အာ ….” ကျီချင်းရန် ရှက်ကိုးရှက်ကန်းဖြစ်စွာ ရယ်မောလိုက်ပြီး “ ငါ အရမ်း သက်တောင့်သက်သာ ဖြစ်ဖြစ် အိပ်ပျော်သွားတော့ မသိလိုက်ဘူး … “
“ စခန်းက ကိစ္စတွေရော အဆင်ပြေလား ….”
“ ငါ နှုတ်ထွက်ဖို့ စီစဉ်ထားပြီးပြီ … ဘာပဲဆိုဆို ဒီတိုင်း အလုပ်အတွေ့အကြုံ ရအောင်ပဲလေ … တစ်သက်လုံး ဇောက်ချလုပ်နေလို့မှ မဖြစ်တာ ….”
“ ငါ ထင်တော့ ထင်သားပဲ….” ကျီချင်းရန် ပြုံးလျက် ဆိုလိုက်သည်။
“ ဘယ်လိုထင်တာ ….”
“ ဒီအမှုက နင့်ကို အတော်လေး စိတ်ဖိစီးစေခဲ့တယ်ဆိုတော့ စခန်းမှာ ဆက်ပြီး အလုပ်လုပ်ချင်စိတ် ရှိမှာမဟုတ်တော့ဘူး ဆိုပြီးတော့လေ ….”
“ ဉာဏ်ကောင်းတယ် ….”
ကျီချင်းရန်၏ မှန်းဆမှုက လုံးဝကြီး မှန်ကန်မနေသော်လည်း နောက်ဆုံးအမှုက လင်းရီ၏ စိတ်ခံစားချက် အခြေအနေအပေါ် သိသာထင်ရှားသည့် အကျိုးသက်ရောက်မှုအချို့ ရှိခဲ့သည်ကတော့ အမှန်ပင်။
သို့သော် ကံကောင်းစွာဖြင့် …. ယင်းက နောက်ဆုံးမစ်ရှင် ဖြစ်ပြီး ထိုမျှနှင့်ပင် အရာအားလုံး အဆုံးသတ်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
“ နင် ဒီနေ့ ဘာလုပ်ဖို့ စီစဉ်ထားလဲ ….” ကျီချင်းရန် မေးလာခဲ့၏။
“ ထွေထူးမရှိပါဘူး … ဒီတိုင်း အလုပ်ထွက်မယ့် ကိစ္စနဲ့ တာဝန်လွှဲပြောင်းမယ့် ကိစ္စတွေ စီစဉ်ရမှာ …. ကောင်းကောင်းစပြီးမှတော့ ကောင်းကောင်း အဆုံးသတ်ပေးရမယ်လေ ….”
“ နင်က နင် လုပ်စရာရှိတာ သွားလုပ်လိုက် … ငါနဲ့ ယွမ်ယွမ်ကတော့ ကိုယ်ဝန်ကျန်းမာရေး သွားစစ်ဆေးဖို့ ရှိတယ် … နင်စိတ်ဝင်စားမှာ မဟုတ်ဘူးဆိုတာ ငါလောင်းရဲတယ် … ဒီတော့ နင် လုပ်စရာရှိတာပဲ နင်လုပ် ….”
“ ကောင်းပြီလေ ….”
နှစ်ဦးလုံး အိပ်ရာထဲက ထွက်လာခဲ့ကြသည်။ မျက်နှာသစ်၊ သွားတိုက်ပြီးသည့် အချိန်မှာပဲ ဟော်ယွမ်ယွမ်က ကားဖြင့် ရောက်ချလာသည်။
သူတို့နား ထမင်းတစ်နပ်ပင် ကပ်စားသွားခဲ့သေးသည်။
စားသောက်ပြီးနောက် သုံးယောက်အတူ ကိုယ်စီလမ်းခွဲလိုက်ကြပြီး လင်းရီကတော့ စခန်းသို့ မောင်းထွက်လာခဲ့၏။
မခွဲခွာရက်သော်လည်းပဲ အချို့သော အရာများနှင့် ပတ်သက်၍တော့ မတတ်နိုင်ပေ။ လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ရမှာပဲ ဖြစ်၏။
ကလင် ကလင် ကလင် …
ရဲစခန်းသို့ သွားနေသည့် လမ်းမှာပဲ လင်းရီ၏ ဖုန်းက အသံမြည်လာသည်။ ဝမ်လုထံက ဖြစ်၏။
“ ဘာကိစ္စလဲ ….”
“ အစ်ကိုရီ … အစ်ကို အခု အလုပ်များနေလား ….”
“ မများပါဘူး … ဘာဖြစ်လို့ …”
“ အစ်မရဲ့ ကား ဖျက်စီးခံလိုက်ရတယ် … အစ်ကို တစ်ချက်လာကြည့်ပေးနိုင်မလား ….”
လင်းရီ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ “ ကားဖျက်စီးခံလိုက်ရတယ်ဟုတ်လား … မင်းတို့ အခု ဘယ်မှာလဲ …”
“ အိမ်မှာ ….”
“ စောင့်နေ … ငါ အခုချက်ချင်း လာနေပြီ ….”
ဖုန်းချပြီးနောက် လင်းရီသည် ကားကို နောက်ပြန်လှည့်၍ ဝမ်ရင်း၏ နေအိမ်သို့ ဦးတည်လိုက်သည်။
သူ့တွင် သော့ရှိထားပြီး ဖြစ်သောကြောင့် အလုပ်ရှုပ်ခံပြီး တံခါးခေါက်မနေချေ။
ညီမနှစ်ယောက်က ဆိုဖာပေါ်ထိုင်ပြီး တီဗွီကြည့်နေတာကို မြင်တွေ့လိုက်ရပြီး အချင်းချင်းလည်း တီးတိုးပြောဆိုနေခဲ့ကြသည်။
ဝမ်ရင်းက ပိုးသားညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသည့် ခြေတံများကိုတော့ ကော်ဖီစားပွဲပေါ် ဆင်းထားသည်။ ညအိပ်ဂါဝန်အနားစလေးများက လွတ်လပ်စွာ လျှောကျနေပြီး ဖြူဖွေးသည့် အသားများနှင့် အတွင်းခံဘောင်းဘီကိုပင် အနည်းငယ် မြင်တွေ့နေရသည်။
ထိုအခြေအနေကို မြင်တော့ လင်းရီ စိတ်သက်သာရစွာ သက်ပြင်းချလိုက်လေသည်။ ကြည့်ရသည်မှာ အခြေအနေက သူ ထင်ထားသလောက် မပြင်းထန်သည့်ပုံပင်။
“ အစ်ကိုရီ ရောက်လာပြီ ….”
လင်းရီ ဝင်လာသည်ကို မြင်တော့ ဝမ်လုက ဆိုဖာပေါ်မှ ထပြီး အိမ်တွင်းစီး ဖိနပ်တစ်ရံကို လာချပေးသည်။ ဝမ်ရင်းကလည်း ရောက်လာပြီး ကြိုဆိုသည်။
“ ဒီကောင်မလေးကတော့ ငါ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာပဲ …. ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ နင့်ကိုတောင် ဒီခေါ်လိုက်သေးတယ် ….”
“ သူများက ကားဖျက်စီးသွားပါတယ်ဆို အဲ့တာက ဘာမဟုတ်တဲ့ ကိစ္စလေးပေါ့ … “ လင်းရီ ပြုံးလျက် မေးလိုက်၏။
“ ပြီးတော့ လုလု ကျွန်တော့်ကို ဖုန်းမခေါ်လာခဲ့ရင်တောင် ကျွန်တော့် အစ်မရင်းဆီ လာဖို့ စဉ်းစားပြီးသား … ဒီတိုင်း အချိန်မကိုက်သေးရုံလေးပဲ ….”
ဤစကားကြားတော့ ဝမ်ရင်းက ကျေနပ်သည့် အပြုံးတစ်ခုကို လှစ်ဟာပြလာသည်။
“ ဘာတွေ ဖြစ်ခဲ့လဲဆိုတဲ့အကြောင်း အရင် ပြောကြတာပေါ့ … မတော်တဆ ဖြစ်ခဲ့တာလား … ဒါမှမဟုတ် တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား ….” လင်းရီ မေးလိုက်သည်။
“ ငါ့အထင် မတော်တဆ နေမှာပါ … နင် စိတ်ပူဖို့ မလိုပါဘူး … ထွေထူး ကိစ္စကြီးမဟုတ်ပါဘူး …..”
“ အစ်ကိုရီ အခု ဒီရောက်နေပြီကို အစ်က ဘာတွေ ဟန်ဆောင်နေသေးတာ …” ဝမ်လုက ဒေါသတကြီး ပြောဆိုလိုက်ပြီး “ သေချာပေါက် အဲ့ဒီ အယုတ်တမာကောင် လုပ်တာပဲ ဖြစ်ရမယ် … သူကလွဲပြီး တစ်ခြား ဘယ်သူမှ မဖြစ်နိုင်ဘူး …..”
လင်းရီ မျက်မှောင်ကြုတ်သွားခဲ့သည်။ မျက်လုံးနှင့် မြင်နေရသည်ထက် ရှုပ်ထွေးသည့် ကိစ္စများ ရှိနေဦးမည်ကို သူ ချက်ချင်းပဲ ခံစားမိလိုက်ရ၏။ အခြေအနေက အပေါ်ယံ မြင်နေရသလောက် ရိုးရှင်းမည့်ပုံ မပေါ်ပေ။
“ မင်းတို့ ဘယ်သူ့အကြောင်း ပြောနေကြတာ ….”
“ အစ်မပဲပြောလိုက်တော့ … သူ့နာမည် ပြောရတာ ပါးစပ် သနတယ် …”
မသိစိတ်အလျောက် လင်းရီ ဝမ်ရင်းကို ကြည့်လိုက်ပြီး သူမထံက အဖြေကို မျှော်လင့်နေသည်။
ဝမ်ရင်း၏ မျက်နှာထက်တွင် သဘာဝမကျသည့် တင်းမာမှုများ ဖြစ်ပေါ်လာပြီး “ လုလု ပြောနေတာက အစ်မရဲ့ အရင် ယောက်ျားပါ …”
“ အရင် ယောက်ျားလား ….”
လင်းရီ ချက်ချင်း နားလည်သွားသည်။ ဝမ်ရင်း၏ အခြေအနေကို သူကောင်းကောင်း နားလည်နေသဖြင့် ယခုလို ကိစ္စရပ်မျိုး ဖြစ်ပေါ်လာသည်က သူ့အတွက် ရုတ်ချည်း မထူးဆန်းတော့ချေ။
“ သူ အစ်မကို လာပြီး နှောင့်ယှက်နေတာလား ….”
“ အဲ့လူက အမြဲတမ်းပဲ လာလာ နှောင့်ယှက်နေတာ …” ဝမ်လု ဒေါသတကြီးနှင့် ပြောဆိုလိုက်ပြီး “ ကွာရှင်းပြီး ခြောက်လကတည်းက အစ်မနား ပိုက်ဆံလာချေးတယ် .. ယောက်ျား မပီသဘူး … ရွံဖို့ကောင်းတယ် ….”
“ ဒီကိစ္စတွေ ဘာလို့ ကျွန်တော့်ကို မပြောတာ ….”
လင်းရီ၏ မပျော်မရွှင်ဖြစ်သည့် အမူအရာကို မြင်တော့ ဝမ်ရင်းမှာ အနည်းငယ် ကြောက်လန့်သွားခဲ့ပြီး “ နင်က ပုံမှန်ဆို အလုပ်ရှုပ်နေတာလေ… ပြီးတော့ အစ်မလည်း ကိုယ့်ဘာကိုယ် ကိုင်တွယ်နိုင်မယ်ထင်တာနဲ့ နင့်ကို ဒုက္ခမပေးချင်တော့တာ ….”
“ အဲ့နောက်ရော ခဏခဏ လာနှောင့်ယှက်သေးလား ….”
“ လာတော့လာတယ် … ဒါပေမယ့် ….”
“ ဒါပေမယ့် ဘာလဲ …” လင်းရီ အသံနိမ့်ပြီး မေးလိုက်၏။
ခေတ္တ စဉ်းစားပြီးနောက် ဝမ်ရင်း နူးညံ့စွာ ဆိုလိုက်သည်။ “ အရင် ခြောက်လထဲမှာတော့ ပိုပိုများလာတယ် ….”
“ နောက်ဆုံးတစ်ခေါက်က ဘယ်တုန်းကလဲ …..”
“ တမြန်မနေ့က … ၊ သူ ငါ့နားကနေ ယွမ်နှစ်သောင်းလာချေးတယ် … ၊ ဒါပေမယ့် အစ်မ မပေးလိုက်ဘူး ….”
( တမြန်မနေ့ = မနေ့တနေ့ )
“ အစကတည်းကကို မပေးခဲ့သင့်တာ …” ဝမ်လုက မကျေမချမ်း ဖြစ်စွာ ဝင်ပြောလိုက်၏။
“ နင် ထင်နေသလို မရိုးရှင်းဘူး … မတော်လို့ သူ ရူးသွားပြီး ငါတို့ မိသားစုက လူတိုင်းကို လိုက်နှောင့်ယှက်နေရင် ဘယ်လိုလုပ်မှာ ….”
ဝမ်ရင်း၏ ချဉ်းကပ်နည်းလမ်းကို လင်းရီ နားလည်သည်။
လူကြီးတစ်ယောက်အနေဖြင့် သူမ၏မိဘများကို ဦးစားပေး တွေးပေးသည်က လုံးဝကို ကျိုးကြောင်းဆီလျော်သည်။
“ ဒါဆိုရင်တော့ ရှင်းနေပြီပဲ … ထင်မှတ်မထားတာတွေ ရှိမလာဘူးဆိုရင် အဲ့လူ လက်ချက်ပဲ ဖြစ်လိမ့်မယ် …” လင်းရီ ပြောလိုက်ပြီး “ ခဏနေကျရင် စီစီတီဗွီတွေ စစ်ကြည့်လိုက်မယ် … လက်သည် ဘယ်သူလဲ ရှာဖို့က လွယ်မှာပါ ….”
“ ညီမလည်း လိုက်မယ် … ညီမတို့ သူ့ကို အမိအရ ဖမ်းရမယ် …”
“ အိုကေလေ …”
ဝမ်လု အိမ်ထဲသို့ ဝင်သွားပြီး အဝတ်အစားလဲကာ ပြန်ထွက်လာခဲ့သည်။
လင်းရီက လေးနက်သည့် အမူအရာဖြင့် “ နောက်တစ်ခါ ဒါမျိုး ဖြစ်ရင် ငါ့ကို ချက်ချင်း ဖုန်းခေါ်လိုက် ….”
“ သိပါပြီ …” ဝမ်ရင်းက လင်းရီ၏ လက်မောင်းကို ဖက်လိုက်ရင်း နူးညံ့သည့် လေသံဖြင့် “ စိတ်မဆိုးနဲ့နော် … နောက်မှ အစ်မကို အပြစ်ပေးပေါ့ … မင်း စိတ်ကျေနပ်တဲ့အထိ ….”
ဝမ်ရင်း၏ ဆွဲဆောင်မှု ရှိလွန်းသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် ချွဲနွှဲ့လွန်းသည့် အမူအရာကြောင့် လင်းရီမှာ ကူကယ်ရာမဲ့သွားရသည်။ ယောက်ျားမှန်လျှင် ခုခံဖို့ ခက်ခဲမည်ကတော့ အမှန်ပင်။
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ ဝမ်ရင်း၏ ဖုန်းသံက မြည်ဟည်းလာခဲ့၏။ အမည်မသိ နံပါတ် တစ်ခုပင်။
လင်းရီကတော့ သူမ မကိုင်ဘဲ ဖုန်းချလိုက်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဝမ်ရင်း၏ မျက်နှာအမူအရာ ကွက်ခနဲ ပျက်သွားသည်ကို မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရသည်။
“ ဘာမှားလို့လဲ… ဘယ်သူ့ဖုန်းလဲ ….”
“ သူပဲ … “
မည်သူဆိုတာကို မပြောသော်လည်း မည်သူမှန်း သိသာနေသည်။
“ ဖုန်းကိုင်ပြီး သူ ဘာပြောမလဲ ကြည့်ကြတာပေါ့ ….”
“ အင်း …..”
အကယ်၍ ဝမ်ရင်းသာ သူမ တစ်ယောက်တည်း ဤဖုန်းကို ဖြေရမည်ဆိုလျှင်တော့ စိုးရိမ်ထိတ်လန့်နေမိမှာ အမှန်ပင်။ သို့သော် လင်းရီလည်း ရှိနေပြီ ဖြစ်ရာ သူမ လုံးဝ မကြောက်ရွံ့တော့ချေ။
သူမ ဖုန်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ရင်းက စပီကာ ခလုတ်ကို ဖွင့်လိုက်၏။
“ ဘာလို့ ဖုန်းဆက်တာလဲ ….”
“ အဲ့လောက်ထိလည်း မအေးစက်စမ်းပါနဲ့ကွာ … ဘာပဲဆိုဆို ငါတို့နှစ်ယောက်က တစ်ချိန်က လင်မယားတွေပဲမလား ….”
စုန့်ဝန်ဟိုင်က ကျီစယ်စွာ ရယ်မောရင်း “ ထွေထူးကိစ္စနဲ့ ဖုန်းခေါ်လိုက်တာတော့ မဟုတ်ပါဘူး … မင်းရဲ့ကား တစ်ခုခု ဖြစ်သွားတဲ့ အသံကြားလို့ အဲ့တာ ပြင်ဖို့ အကူအညီလိုရင် ပြောလို့ မပြောလို့ … တကယ်လို့ အမှိုက်ပုံ ပို့ရလောက်တဲ့ အထိ ပျက်စီးသွားရင် ပိုနစ်နာမယ်လေ …”
စာစဉ် (၁၇၄)ပြီး၏။
( 24 June 2026 , 10:10 PM )