← Chapters

မျက်နှာဖုံးအောက်ကွယ်က အမှန်တရား

Vol. 174 Ch. 2457

မျက်နှာဖုံးအောက်ကွယ်က အမှန်တရား

Vol. 174 Ch. 2457

လင်းရီ၏ အမူအရာက တည်ငြိမ်နေသည်။

သူ့လေသံထဲတွင် မည်သည့်မောက်မာမှု၊ မည်သည့် အထက်စီးဆန်မှု တစ်စွန်းတစ်စမျှ ပါဝင်မနေခဲ့ချေ။ ထိုအစား လေးစားမှု တစ်ခုတည်းကိုသာ ဆောင်ကြဉ်းနေလျက် ရှိ၏။

လူသတ်သမားက ဘာမျှ မပြောဘဲ လင်းရီကို ရိုးရိုးရှင်းရှင်း စိုက်ကြည့်နေသည်။

“ ကျုပ်အထင် အဲ့ဒီ လှောင်ပြောင်မှုတွေ အကုန်လုံးက ကျုပ်ကို ရည်ရွယ်တာ ဖြစ်ရမယ် ….” လင်းရီ ထူးမခြားနားသည့် အမူအရာဖြင့် ဆိုလိုက်ပြီး “ ကျုပ်က တစ်ခြား ရဲအရာရှိတွေထက် ပိုသန်မာတယ်လို့ ခင်များထင်တယ် … ဒါကြောင့်ပဲ ကျုပ်ကို စိန်ခေါ်ခဲ့တယ် ….”

တိတ်ဆိတ်မှု …

ရှည်ကြာသည့် တိတ်ဆိတ်မှုတစ်ခု …

လူသတ်သမား စကားမပြောတာကို မြင်တော့ လင်းရီ ပြုံးလိုက်၏။

“ တိတ်ဆိတ်နေတာက ဝန်ခံတာနဲ့ အတူတူပဲ …”

“ ဒါပေမယ့် ခင်များအတွက်လည်း နောင်တရစရာတော့ မရှိပါဘူး … ခင်များ ဘယ်သူဆိုတာကို ကျုပ်သိထားပြီးပြီ … ဒီတိုင်း ခင်များကို လူကိုယ်တိုင် ဒီရောက်လာစေချင်ရုံသပ်သပ်ပဲ …”

“ တကယ်လို့ ရောက်မလာခဲ့ဘူးဆိုရင်တော့ … ကျုပ်ကိုယ်တိုင် ရောက်လာပြီး ဖမ်းဆီးရုံပေါ့ ….”

ဤတစ်ကြိမ်တွင်တော့ လူသတ်သမားက နောက်ဆုံး စကားစပြောလာသည်။

“ ချက်စ်ဂိမ်းကို ဒီလောက်ခမ်းခမ်းနားနား ပြင်ဆင်ထားလိမ့်မယ်လို့ မျှော်လင့်မထားခဲ့တာ အမှန်ပဲ …. လုံးဝ ပြီးပြည့်စုံလွန်းတယ် … မင်းနဲ့ယှဉ်ရင် ငါက အဝေးကြီးလိုပါသေးတယ် အရာရှိလင်း …..”

လင်းရီ ခေါင်းခါလိုက်၏။

“ ခင်များ ရှုံးသွားခဲ့တာက အမှားလုပ်မိလို့တော့ မဟုတ်ဘူး … “

“ ခင်များရဲ့ အတွင်းထဲမှာ ကျန်ရစ်နေသေးတဲ့ ကောင်းစိတ်ကြောင့်ပဲ …”

လင်းရီ ပေါ့ပါးစွာ ဆက်ပြောသည်။

“ ကိစ္စတွေ ဖြစ်ပျက်ပြီးတာ လေးရက်တောင် ကြာသွားပြီ … ခင်များလည်း သတင်းတွေ ကြားမိမှာပါ … ဒါပေမယ့် လှုပ်ရှားဖို့ကျ တုံ့ဆိုင်းနေတယ် … ကျုပ်တို့အကြောင်းကို အရင်ဆုံး စုံစမ်းနေတာ ဖြစ်လိမ့်မယ် ….”

လူသတ်သမား၏ အကြည့်က နင်ချဲ့အပေါ်သို့ ကျရောက်သွားခဲ့၏။

“ အရာရှိလင်းက သူတို့ရဲ့ အထောက်အထားတွေကိုပါ အပြစ်အနာအဆာ မရှိအောင် စီစဉ်ထားခဲ့တာပဲ …. ဖန်းကျစ်ဖျင်ကို မှားဖမ်းပြီး ငါ့ကို သတိနည်းအောင် လုပ်ခဲ့ရုံတင်မကဘူး … ကျင်းလင်က အရာရှိတွေပါ မင်းကစားတာကို ခံလိုက်ရတယ် …. ငါ ရှုံးနိမ့်တာကို လုံးဝ ဝန်ခံတယ် ….”

“ ဒီအခြေအနေထိ ရောက်လာပြီးမှတော့ နိုင်တာ၊ ရှုံးတာတွေ ပြောနေလို့ ဘာအရေးပါတော့မှာ ….” လင်းရီ ပြုံးလိုက်ပြီး “ ခင်များအဖေရဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ မလွှဲသာ မရှောင်သာ ဖြစ်ပျက်ခဲ့ရတာပါ … အဲ့ဒီအတွက် ကျုပ် စိတ်မကောင်းပါဘူး ….”

“ ကျေးဇူးတင်ပါတယ် ….”

“ ဉာဏ်နဲ့ သတ္တိတိုက်ပွဲတွေ ဒီလောက် အချိန်ကြာအောင် တိုက်ခိုက်လာခဲ့ပြီးတော့မှ ကျေးဇူးတင်စကား ပြောနေတာကတော့ သိပ်မဟုတ်သေးသလိုပဲနော် ….”

လင်းရီ အိပ်ရာပေါ်က ဆင်းပြီး ကိုယ်ညောင်းဆန့်လိုက်၏။

“ ခင်များက ကျုပ်ကို တစ်ချိန်လုံး ခင်များရဲ့ အစွမ်းအစတွေ ဘယ်လိုရှိကြောင်း ကြွားလုံးထုတ်နေခဲ့တယ် ….”

“ အမှန်အတိုင်းပြောရရင် ခင်များရဲ့ အရည်အချင်းတွေကို ကျုပ် လေးစားမိနေတာ ကြာပြီ ….”

“ ဒီနေ့ .. ကျုပ် ခင်များကို အခွင့်အရေး တစ်ခုပေးမယ် ….”

“ ဘာအခွင့်အရေးလဲ … “ လူသတ်သမားက မေးမြန်းလိုက်၏။

“ တိုက်ခိုက်ဖို့ပေါ့ ….”

“ တကယ်လို့ ခင်များ ကျုပ်ကိုနိုင်ရင် ကျုပ် ခင်များကို ထွက်သွားခွင့်ပေးမယ် … အမှုဖွင့်ထားတာတွေ အကုန်လုံးလည်း ရုပ်သိမ်းပေးမယ် … ခင်များကို နေရောင်ထဲ ပြန်ဝင်ခွင့်ပေးပြီး သာမန်လူတစ်ယောက်အတိုင်း နေထိုင်နိုင်စေရမယ် … တကယ်လို့ ခင်များရှုံးခဲ့မယ်ဆိုရင်တော့ မခုခံဘဲ အရှုံးပေးရမယ် … ဘယ်လိုလဲ ….”

“ ဟားဟား ….” လူသတ်သမားက ခပ်သာသာ ရယ်မောလိုက်၏။

“ ရှုံးသွားမှတော့ ဘာကိစ္စ ခုခံနေဦးမှာ ….”

“ ဒါဆို ခင်များ သဘောတူတယ်ပေါ့ ….”

အနီးနားတွင် ရပ်နေသည့် နင်ချဲ့မှာ လင်းရီ၏ အမူအရာမှာ ပုံမှန်မဟုတ်၊ လေးနက်တည်ကြည်နေသည်ကို သတိထားမိသွားခဲ့သည်။

ထိုသို့သော အမူအရာမျိုးကို သူ့မျက်နှာထက်တွင် တကယ် မြင်ရခဲ၏။

“ ခင်များ ကျုပ်ကားကို မှောက်အောင် လုပ်လိုက်တဲ့အချိန်ကစပြီး ခင်များကို ကျုပ်နဲ့အဆင့်တူ ပြိုင်ဘက်တစ်ယောက်အနေနဲ့ သတ်မှတ်ထားခဲ့တာ …”

“ ဒီလို အခိုက်အတန့်မျိုးကို စောင့်နေခဲ့တာ ကြာပြီ …”

လင်းရီဘက်က အရင်ဦးဆုံး စတင်ပြီး တိုက်ခိုက်ရေးကိုယ်ဟန်ကို ဖွဲ့စည်း၍ လက်ညှိုးကွေးပြီး လူသတ်သမားကို စိန်ခေါ်လိုက်သည်။

“ လာခဲ့စမ်းပါ … ဒါ ခင်များရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ ….”

“ ကျေးဇူး ….”

သူ့ စကားဆုံးသည်နှင့် လူသတ်သမားက ချက်ချင်း တိုက်ခိုက်လာခဲ့သည်။

ကုတင်ခြေရင်းကို တက်နင်းရင်း လေထဲသို့ ခုန်တက်ကာ လင်းရီမျက်နှာသို့ ဒူးဖြင့် တိုက်လာသည်။

လူသတ်သမားက မယုံနိုင်စရာကောင်းလောက်အောင်ကို သွက်လက်လှ၏။ လင်းရီ လက်တစ်ဖက်ဖြင့် ကာကွယ်တားဆီးလိုက်လေသည်။

ပထမအကြိမ် တိုက်ခိုက်မှု ကျရှုံးသွားသည်နှင့် လူသတ်သမားက နောက်ဆက်တွဲ တိုက်ခိုက်မှုများကို တစ်ကြိမ်ပြီး တစ်ကြိမ် ပြုလုပ်လာသည်။

လက်သီးချက်များက မိုးသီးမိုးပေါက်ကျသည့်နှယ် လင်းရီကိုယ်ပေါ်သို့ ကျဆင်းလာခဲ့သည်။

အခန်းမှာ ကျဉ်းလွန်း၍ လင်းရီပင် ကာကွယ်ရုံမျှသာ ကာကွယ်နိုင်ခဲ့လေသည်။

နင်ချဲ့နှင့် ထောက်ချိန်တို့မှာ ဤမြင်ကွင်းကို မြင်တော့ အကြီးအကျယ် အံ့အားသင့်သွားခဲ့ကြသည်။

အစတုန်းကတော့ လင်းရီပြောသည့် လက်ရည်တူ ပြိုင်ဘက်ဆိုသည့် စကားလုံးကို မယုံကြည်ခဲ့ပေ။

ယခု မြင်တွေ့လိုက်ရတော့ သူတို့တွေ နားလည်သဘောပေါက်သွားခဲ့ကြတော့၏။

လင်းရီနှင့် ယခုလို အဆင့်ရောက်သည်အထိ တိုက်ခိုက်နိုင်သူဆိုသည်မှာ ကျုံးဝေ့တပ်ဖွဲ့ထဲတွင် ခေါင်းဆောင် အဆင့်ရှိသူများသာ ဖြစ်၏။

သို့သော် ကျုံးဝေ့တပ်ဖွဲ့၏ သမိုင်းတစ်လျှောက် ထိုကဲ့သို့သော လူစားမျိုး ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။

လူသတ်သမား၏ တိုက်ခိုက်မှုများက အားနည်းချက်မရှိဘဲ လင်းရီအတွက် အခွင့်အရေးပင် မချန်ထားပေးပေ။

လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက သတ်ဖြတ်ဖို့အထိ ရည်ရွယ်ထားပြီး လုံးဝ သက်ညှာခြင်းလည်း မရှိပေ။

သို့သော် … ထိုသို့သော တစ်ဖက်သတ် တိုက်ခိုက်မှု တိုက်ပွဲကြီးက ငါးမိနစ်ကြာပြီးနောက် ရုတ်ချည်း ရပ်တန့်သွားခဲ့လေသည်။

လူသတ်သမားက ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး လင်းရီနှင့် မျက်နှာချင်းဆိုင်တွင် ရပ်တန့်နေခဲ့သည်။

“ ဘာလို့ ရပ်လိုက်တာ … ဒါ ခင်များရဲ့ ပုံစံ မဟုတ်ပါဘူး ….”

“ ငါ ရှုံးတယ် ….”

“ ရှုံးတယ် ဟုတ်လား ….” လင်းရီ ပြုံးလိုက်ပြီး “ ရလဒ်တောင် မဆုံးဖြတ်ရသေးပဲနဲ့လေ ….”

“ ငါ့ရဲ့ တိုက်ခိုက်မှုအားလုံးကို ကာကွယ်ပြီး အရေးမသာတဲ့ အခြေအနေ မရောက်အောင် နေနိုင်ရုံနဲ့တင် အဖြေက ပေါ်နေပြီ ….” လူသတ်သမားက ပြောဆိုလိုက်ပြီး “ မင်းက အတော်လေး ထူးချွန်တဲ့လူပါ … နည်းဗျူဟာရော ခွန်အားပိုင်းဆိုင်ရာမှာရောပေါ့ … ငါက မင်းပြိုင်ဘက် မဟုတ်ဘူး …..”

“ ခင်များလည်း တော်တော် အရည်အချင်း ရှိပါတယ် … တကယ်ဆို ဒီလိုမျိုး တန်းထျန်ကို အခြေခံတဲ့ နည်းလမ်းကို အသုံးပြုပြီး တိုက်ခိုက်နေနိုင်တာကတင် ကျုပ် အတော်လေး အံ့အားသင့်မိတယ် ….”

“ မင်း ဘာတွေ ပြောနေလဲ ငါ မသိဘူး ….”

“ ခင်များရဲ့ တိုက်ခိုက်မှု ပုံစံကို ပြောနေတာ … ရိုးရှင်းတဲ့ ကိုယ်ခံပညာမဟုတ်ဘဲ မွေးရာပါ ပါရမီ လိုအပ်တဲ့ အရာမျိုးပေါ့ …” လင်းရီ ရောထွေးနေသည့် စိတ်ခံစားချက်များဖြင့် ဆိုလိုက်ပြီး “ လူတစ်သောင်းမှာတောင် ခင်များလိုလူစားမျိုးက တစ်ယောက်ပဲ ရှိလောက်မယ် …. ဒီလို ပါရမီမျိုး ရှိတာ ခင်များ သိပ်ကံကောင်းတယ် … ခင်များကိုယ်တိုင်ကလည်း သန်မာတယ် … ကိုယ့်ဘာကိုယ် လေ့ကျင့်ရင်း ဒီအဆင့်ထိရောက်လာတယ်ဆိုတာ တစ်ခြားရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကျုပ်က ခင်များပြိုင်ဘက် မဟုတ်ပါဘူး …..”

“ ဒီအကြောင်းတွေ အခုပြောပြနေလို့ ဘာထူးတော့မှာ …”

“ အမှန်ပဲ … ဘာမှမထူးတော့ဘူး …” လင်းရီ သက်ပြင်းချလိုက်ပြီး “ ဒီအခြေအနေထိ ရောက်လာပြီးမှတော့ ဘာမှ ဖုံးကွယ်စရာ မရှိတော့ပါဘူး … အချင်းချင်း ရိုးသားကြတာပေါ့ ….”

ပြောရင်းဆိုရင်းဖြင့် လင်းရီသည် သူ၏ အထောက်အထားကတ်ကို ထုတ်ပြလိုက်သည်။

“ ကျုပ်ရဲ့ အထောက်အထား အစစ်အမှန်က ရှင်းရှန်းရဲစခန်းရဲ့ ရဲအရာရှိ မဟုတ်ဘူး … ဟွာရှရဲ့ လျှို့ဝှက်တပ်ဖွဲ့ တစ်ခုကပဲ … သူတို့လည်း အတူတူပဲ …”

နင်ချဲ့က လူသတ်သမားကို ကြည့်၍ “ ပုံမှန်ဆို လျှို့ဝှက် လုပ်ကြံသတ်ဖြတ်တဲ့ ကိစ္စရပ်တွေမှာ ငါတို့လိုလူစားမျိုးတွေကို စေလွှတ်ကြတာ … နင် သူ့ကို ရှုံးတာ မတရားဘူး မထင်နဲ့ …”

“ ဟက် ….”

လူသတ်သမားက သူ့ကိုယ်သူ ထေ့ငေါ့ အထင်သေးစွာ ရယ်မောလိုက်ပြီး “ အမှန်ပဲ …. ငါ ရှုံးသွားတာ တန်တယ် ….”

ထို့နောက် ရာဇဝတ်သားက ခေါင်းစွပ်ကို ချွတ်လိုက်သည်။ ပြီးနောက် မာ့စ်နှင့် နေကာမျက်မှန်ကို ချွတ်လိုက်၏။

မည်းညစ်ပြီး ရိုးသားသည့် မျက်နှာနှင့် ရိုးကုပ်ကုပ် အပြုံးတစ်ခုက ထွက်ပေါ်လာသည်။

ရာဇဝတ်သား၏ မျက်နှာကို မြင်တော့ လင်းရီလည်း ပြုံးလိုက်၏။

သူ့ရှေ့တွင် ရပ်နေသူက မာဟိုင်ချန်နှင့် စကားများ ရန်ဖြစ်ခဲ့သည့် ကျန်းလုံကလွဲပြီး အခြားသူ မဟုတ်ပေ။

“ ကျုပ် ရှန်းရန်ရွာကို ပထမဆုံးရောက်တော့ တွေ့ခဲ့တာလည်း ခင်များနဲ့ …. အခု နောက်ဆုံး တွေ့တော့လည်း ခင်များနဲ့ …. ကြည့်ရတာ ကံကြမ္မာပဲ ထင်တယ် ….”

“ အင်း ….” ကျန်းလုံ ပြုံးလိုက်သည်။

“ ဒါဆို ဆက်ပြီး ဖုံးကွယ်ထားစရာ အကြောင်းမရှိတော့ဘူး မဟုတ်လား ….”

ကျန်းလုံ ခဏမျှ အံ့အားသင့်သွားခဲ့ပြီး ထို့နောက် ရယ်မောလိုက်၏။

သူ့ပါးနှစ်ဖက်မှ ကပ်ထားသည့် အချပ်ပြားများကို ခွာလိုက်ပြီး နှာခေါင်းဘေးနှင့် မျက်ခွံပေါ်မှ အရာတစ်ချို့ကိုလည်း ဖယ်ရှားလိုက်သည်။

အားလုံးဖယ်ရှားရှင်းလင်းပြီးချိန်မှာတော့ ကျန်းလုံမှာ မတူညီသည့် လူတစ်ယောက်ကဲ့သို့ လုံးဝ ပြောင်းလဲသွားခဲ့လေသည်။

“ မင်း တကယ်ပဲ အရေပြား မျက်နှာဖုံးအတုတောင် လုပ်ထားတယ် …” ထောက်ချိန် မယုံကြည်နိုင်သည့် အမူအရာဖြင့် အသံထွက်မိသွားခဲ့၏။

နောက်တစ်ထပ် ရုပ်ဖျက်ထားလိမ့်မည်ဟု မျှော်လင့်မထားသည့်အတွက် နင်ချဲ့နှင့် ထောက်ချိန်တို့နှစ်ဦးလုံး အကြီးအကျယ် အံ့အားသင့်သွားခဲ့ကြသည်။

“ ဒီရဲ့ ဒုတိယအလွှာသာ မရှိရင် သူကိုယ်တိုင်တောင် သူ့ကိုယ်ထဲရှိတဲ့ လူကောင်းနဲ့ နတ်ဆိုးကို မခွဲခြားနိုင်လောက်ဘူးရယ် ….”

ကျန်းလုံ ကိုယ့်ကိုယ်ကိုယ် သရော်စွာ ရယ်မောလိုက်၏။ လင်းရီစကားကို သဘောတူနေဟန်ပင်။

“ အရာရှိလင်း …” ကျန်းလုံ ပြုံးလျက် ဆိုလိုက်ပြီး “ မင်းရဲ့ အထောက်အထားကို သိသွားပြီဆိုပေမယ့် ငါ ဒီလိုပဲ ဆက်ခေါ်ချင်သေးတယ် …”

“ ဘာလို့ ….”

“ ဘာလို့ဆို ငါ့ကိုယ်ငါ အသာစီးရတယ် ခံစားရလို့လေ … ငါက ရဲအရာရှိတစ်ယောက်ကို အနိုင်ယူနိုင်ခဲ့ပေမယ့် မင်းကိုတော့ မနိုင်ခဲ့ဘူး …” ကျန်းလုံ ပြောလိုက်ပြီး “ ကလေးဘဝကနေ အခုထိ …၊ ငါဘယ်သူ့ကိုမှ မလေးစားခဲ့ဘူး …. မင်းက ငါ အမှန်တကယ် လေးစားမိတဲ့ ပထမဆုံး လူပဲ ….”

လင်းရီ ရယ်မောလိုက်၏။

“ ခင်များ ကြိုက်သလိုသာ‌ ခေါ် …. ကျုပ်လည်း ခင်များကို ရာဇဝတ်သား တစ်ယောက်လို မဆက်ဆံချင်ဘူး … ညကောင်းကင်အောက်မှာ စကားထိုင်ပြောကြတာပေါ့ ….”

“ အိုကေလေ … ဒါပေမယ့် စီးကရက်တစ်လိပ်လောက် ပေးလို့ရလား ….”

“ ပြဿနာ မရှိဘူး ….”

နင်ချဲ့က သူ့စီးကရက်ဘူးကို ကမ်းပေးလာသည်။

လင်းရီက တစ်လိပ်ကို ကျန်းလုံထံ ကမ်းပေးလိုက်ပြီး သူကိုယ်တိုင်လည်း ထူးထူးခြားခြား တစ်လိပ် မီးညှိလိုက်၏။

ကျန်းလုံ မီးညှိပြီး ဆေးလိပ်ငွေ့များကို အဆုတ်သွင်းသို့ အားပါးတရ ရှိုက်သွင်းပြီး ဟူးခနဲ မှုတ်ထုတ်လိုက်သည်။

ဤအချိန်အခိုက်အတန့်၌ …

သူ့စိတ်ဝိဉာဏ်သည် နောက်ဆုံးတော့ ထွက်ပေါက်လမ်းကို ရှာတွေ့သွားခဲ့လေပြီ။

All Chapters