ဖုန်တက်နေတဲ့ အတိတ်
Vol. 174 Ch. 2458
ဤသို့ဖြင့် … နာရီ စက္ကန့်များက တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားခဲ့၏။
ဆိတ်ငြိမ်သည့် တောင်ကျစမ်းချောင်းနံဘေးတွင် ရေစီးသံများကို နားထောင်ရင်း အတူထိုင်နေသည့်နှယ် နှစ်ဦးလုံး စကားမဆိုကြချေ။
နှုတ်ဆိတ်လျက်သာ ထိုင်နေခဲ့ကြ၏။
“ အရာရှိလင်း ….. မင်းငါ့ကို ဘာလို့ ဒီတိုင်း တန်းမဖမ်းလိုက်တာ ….” ကျန်းလုံ မေးလိုက်သည်။ “ ငါ့လိုကောင်စားမျိုးက လူ့လောကကြီးထဲမှာ ဆက်ပြီး အသက်ရှင်နေဖို့ မတန်ပါဘူး ….”
“ အိုးဟိုး … တော်တော်လေး ပြင်းထန်တဲ့ သုံးသပ်ချက်ပါလား .. ကျုပ်ကတော့ ခင်များ တော်တော်လေး ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ခဲ့တယ်လို့ ထင်တယ် ….”
“ ရှေ့ ရက်အနည်းငယ်တုန်းက အမှုနဲ့ပတ်သက်ပြီး သေချာပြန်စီစဉ်ရင်း ခင်များနေရာမှာ ဝင်နေကြည့်လိုက်တော့ ခင်များက လူဆိုးတစ်ယောက် မဟုတ်ဘူးလို့ ပြောလို့ရတယ် ….”
“ လူဆိုးမဟုတ်ဘူးလား ….”
“ ကျုပ်သာဆိုလို့ကတော့ သူတို့ကို သတ်ရုံတင်မကဘူး … သူတို့ တစ်မိသားစုလုံကိုတောင် အလွတ်ပေးမှာ မဟုတ်ဘူး ….” လင်းရီ ပြောလိုက်သည်။
နင်ချဲ့နှင့် ထောက်ချိန်တို့နှစ်ဦးလုံး အံ့ဩသွားခဲ့ကြသည်။
သို့သော် လင်းရီက သူ့စကားကို ဆက်ပြောနေသည်။
“ ကျုပ် ခင်များကို ကိုယ်ချင်းစာပေးနိုင်ပါတယ် … ဘာလို့ဆို ဥပဒေက အပြစ်ပေးရုံပဲ တတ်နိုင်တယ် … မုန်းတီးမှုကိုတော့ မဖြေဖျောက်ပေးနိုင်ဘူး …. ခင်များရဲ့ လုပ်ရပ်တွေကို နားလည်နေတော့ တစ်ချို့ နေရာတွေမှာဆို ခင်များကိုတောင် ထောက်ခံသေးတယ် ….”
“ ဒါပေမယ့် ငါ အခုထိ နားမလည်နိုင်တာ ရှိသေးတယ် …. ငါမှန်း ဘယ်လိုလုပ်ပြီး သိသွားတာလဲ ….”
“ ခင်များက အခင်းနေရာကို ဖုံးကွယ်ပြီး ဖန်းတရဲ့ကားကို ရောင်းခဲ့တယ် .. အဲ့နောက် ကျုပ်တို့တွေ ကားပေါ်မှာ ဂေါ်ဖီမျိုးစေ့တွေ တွေ့ခဲ့တယ် …” လင်းရီ စကားကို ခေတ္တရပ်နားပြီးနောက် ဆက်ပြော၏။
“ အဲ့နောက် ခင်များတို့ အိမ်အဟောင်းကို သွားတော့ အဲ့မှာလည်း တူညီသည့် ဂေါ်ဖီမျိုးစေ့တွေ တွေ့ခဲ့ရတယ် … ဖန်းတရဲ့ မိသားစုက ဂေါ်ဖီလုံးဝ မစိုက်ဘူး ….”
“ အဲ့ဒါနဲ့ပဲ ငါ့ကို သံသယဝင်သွားခဲ့တယ်ပေါ့ ….”
“ ဆိုပါတော့ …. အကြမ်းဖျင်းတော့ အဲ့လိုပဲ … နောက်ပိုင်း ဈေးထဲသွားပြီး အတည်ပြုကြည့်တော့ ခင်များ ဝယ်ခဲ့တဲ့ ဂေါ်ဖီမျိုးစေ့တွေကလည်း ‘ ရွှယ်လိချင်း’ လို့ခေါ်တဲ့ မျိုးကွဲ ဂေါ်ဖီစေ့တွေ ဖြစ်နေတယ် ….” လင်းရီ ပြောလိုက်ပြီး “ နောက်ပြီး ခင်များ ဖန်တီးခဲ့တဲ့ အလီဘိုင် ၊ ကျုပ် အထင် ခန့်မှန်းရရင် ခင်များက ဟိုတယ်အခန်းထဲမှာ ဇာတ်ကားဖွင့်ထားခဲ့ပြီး ပြတင်းပေါက်က ခိုးထွက်သွားခဲ့တာ ဖြစ်မယ် … သူတို့ကို သတ်ပြီးတဲ့နောက်မှာ ဟိုတယ် ပြန်လာခဲ့တယ် …. အဲ့လိုနဲ့ ပြီးပြည့်စုံတဲ့ အလီဘိုင် တစ်ခု ဖန်တီးထားပြီး ဖြစ်သွားရောပေါ့ …”
“ အမှန်ပဲ ….” ကျန်းလုံက တိတ်တဆိတ် ဆေးလိပ်သောက်ရင်း ပင်ပန်းနွမ်းနယ်ဟန်ပင်။
“ အဲ့တုန်းက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ကျုပ်ကို ပြောပြပေးလို့ရလား ….”
လင်းရီ ပြောလိုက်သည်။
“ ဒါကို အမှုဖိုင်ထဲ မှတ်တမ်းတင်ဖို့ လိုတယ် … ကျုပ် မမေးဘူးဆိုရင်တောင် စခန်းက လူတွေ ကျိန်းသေပေါက် မေးကြမှာပဲ ….”
နောက်ထပ် ရှည်ကြာသည့် တိတ်ဆိတ်မှုကြီးတစ်ခုက ထပ်မံ ပေါ်ပေါက်လာခဲ့၏။ ကျန်းလုံ ဆေးလိပ် နောက်တစ်လိပ်ကို မီးညှိရင်း သာမန်လျှံကာ လေသံဖြင့်
“ အဲ့တုန်းက ငါ့အသက်ခြောက်နှစ် …. စီချွမ် စီရင်စုကို ငါ့အဖေနဲ့အတူ သွားခဲ့တယ် … ငါ့အဖေက အဘွားကြီးတစ်ယောက်ရဲ့အိမ်က ကြွေပန်းအိုးကို ၁၂ ယွမ်ပေးပြီး သူပြောတာတော့ အဲ့ပန်းအိုးက ပြန်ရောင်းရင် ယွမ် ငါးသိန်းအထိ ရနိုင်တယ်ဆိုပဲ …. အခုခေတ်ကုန်ဈေးနှုန်းနဲ့ တွက်ကြည့်ရင် ယွမ် နှစ်သန်းကျော်လောက်ပေါ့ ….”
“ တစ်ရက်ကျ … ဖန်းတရဲ့က သူ့အိမ်လာတဲ့ အောင်သွယ်တော်တွေကို ဧည့်ခံချင်လို့ဆိုပြီး တောင်ပေါ်ဒေသထွက် ပစ္စည်းတွေ လာဝယ်တယ် .. အဲ့မှာ သူတို့ အိမ်က ကြွေပန်းအိုးကို မြင်သွားခဲ့ကြတယ် ….”
“ သုံးလေးရက်လောက် ကြာပြီးတဲ့နောက်မှာ သူတို့တွေ ပြန်ရောက်လာပြီး လက်ဆောင်တွေနဲ့ အဖေ့ကို အရက်သောက်ဖို့ ခေါ်တယ် … နောက်ဆုံးကျတော့လည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေ လှစ်ဟာပြလာတာပါပဲ … ငါ့အဖေရဲ့ ပန်းအိုးကို ယွမ် ၂,၅၀၀ ပေးပြီး ဝယ်ချင်တယ် …. “
“ ပန်းအိုး ဘယ်လောက် တန်ကြေးရှိလဲ ငါတို့လည်း သိတာပေါ့ … အဲ့တော့ ဘယ်ရောင်းနိုင်မှာ …. ငါလည်း သူတို့နဲ့ စကားမပြောချင်ခဲ့ဘူး … ဒါပေမယ့် သူတို့ငါးယောက်က အတင်းဝယ်ချင်တယ်ဆိုပြီးပဲ ခေါင်းမာနေခဲ့ကြတာ … နောက်ဆုံးကျတော့ ဓားပြတိုက်ဖို့အထိပါ ကြိုးစားလာခဲ့တာပဲ ….”
“ အဲ့လိုနဲ့ ခင်များအဖေကို မတော်တဆ သတ်မိသွားခဲ့တယ်ပေါ့ ….”
“ မတော်တဆ မဟုတ်ဘူး ….” ကျန်းလုံ၏ လေသံက အေးစက်သွားခဲ့ပြီး “ ငါ့အဖေက သူတို့တွန်းတာ ခံလိုက်ရလို့ ခေါင်းနဲ့ စားပွဲထောင့်နဲ့ ဆောင့်မိပြီး ခေါင်းပေါက် သတိလစ်သွားခဲ့တယ် ….”
“ ငါ့အဖေ သွေးတွေနဲ့ ကြမ်းပြင်မှာ လဲသွားတာမြင်တော့ သူတို့အားလုံး ထိတ်လန့်ကုန်ကြတယ် … ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိကြတော့ဘူး … ဖန်းတရဲ့က နောက်ဆုတ်ချင်တယ်ဆိုပေမယ့် မာဟိုင်ချန်က တကယ်လို့ သူတို့ ဒီတိုင်း ထွက်သွားခဲ့ရင်တောင် ငါ့အဖေက ရဲကို ဖုန်းဆက်မှာပဲလေ … ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး … နောက်ဆုံးမှာ လီဟုန်ကျူးက အဖေ့ကိုသတ် ၊ ပစ္စည်းကိုယူလိုက်ရင်လည်း ဘယ်သူမှ မသိဘူးဆိုပြီး ၀င်ပြောလာတယ် …”
“ ဒါကြောင့် လီဟုန်ကျူးရဲ့ သေပုံက အဆိုးရွားဆုံး ဖြစ်နေတာကိုး … ဟုတ်တယ်မလား ….”
ကျန်းလုံ ခေါင်းညိတ်လိုက်သည်။
“ အဲ့ဒီအချိန်တုန်းက ခင်များ ဘာတွေ လုပ်နေခဲ့တာ ….”
“ သူတို့ အရက်သောက်နေတဲ့အချိန် စိတ်ရှုပ်တာနဲ့ ခြံပြင်ထွက်ပြီး … ဟစ် ….”
ကျန်းလုံ အသက်ပြင်းပြင်းရှူသွင်း၍ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ ထို့နောက် ဆက်ပြော၏။
“ အထဲမှာ စကားများ ရန်ဖြစ်နေတဲ့ အသံတွေ ကြားတော့မှ တစ်ခုခု မူမမှန်ဘူးဆိုတာကို သတိထားမိသွားတယ် … ပြန်သွားကြည့်ချင်တယ်ဆိုပေမယ့် အဲ့အချိန်မှာပဲ သူတို့ ငါ့အဖေကို သတ်လိုက်ကြတယ် ….”
“ ခင်များက သူတို့လက်ထဲကနေ ဘယ်လိုလွတ်လာခဲ့တာ ….”
“ ဘယ်လိုလုပ် လွတ်နိုင်မှာ ….” ကျန်းလုံ သရော်သည့် လေသံဖြင့် ဆိုလိုက်ပြီး “ အပြင်ကို အရင်ဆုံး ထွက်လာတာက စုန့်လင်း … သူငါ့ကို ဖမ်းမိသွားခဲ့တယ် … အဲ့နောက် မာဟိုင်ချန်နဲ့ ဝမ်ကျန့်ရှုက ရောက်လာပြီး ငါ့ခေါင်းကို ရိုက်နှက်ကြတယ် … အဲ့နောက် ငါလည်း သတိလစ်သွားခဲ့တာပဲ ….”
“ ဒါဆို ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်ခဲ့တာ ….”
“ အသက်ရှူကြပ်ပြီး နိုးလာခဲ့တာ ….”
“ အသက်ရှူကြပ်ပြီး နိုးလာခဲ့တာ ဟုတ်လား …..”
“ ငါ သေအောင် ရိုက်သတ်ခံလိုက်ရပြီဆိုပြီး သူတို့တွေ ထင်သွားခဲ့ကြတယ်လေ … အဲ့တာနဲ့ ငါ့အဖေနဲ့ငါ့ကို လူသူ အရောက်နည်းတဲ့ တောင်တန်းဆီ ခေါ်သွားပြီး အတူ မီးရှို့လိုက်ကြတယ် …” ကျန်းလုံ ပြောလိုက်ပြီး “ ဒါပေမယ့် ငါကတော့ မီးခိုးတွေကြောင့်မို့ အသက်ရှူကြပ်ပြီး နိုးလာခဲ့တာ … နိုးလည်းနိုးရော ကျန်တာ ဘာမှ မစဉ်းစားတတ်တော့ဘူး … ညအမှောင်ကြီးထဲမှာ တစ်ယောက်ထဲပြေးရင်း … ဆက်တိုက် ပြေးနေရင်း …. ငါ့မွေးစားမိဘတွေနဲ့ တွေ့တဲ့အထိပဲ ….”
နှစ်သုံးဆယ်ကျော်ကြာအောင် ဖုံးကွယ်ခံထားရသည့် အမှန်တရားက လက်ရှိအချိန်တွင်တော့ ဖြည်းဖြည်းချင်း ဖော်ထုတ်ခံနေရလေပြီ။
“ ဘယ်အချိန်ကတည်းကစပြီး လက်စားချေဖို့ စဥ်းစားခဲ့တာ …”
“ လွတ်မြောက်လာတဲ့ အချိန်ကတည်းကပဲ … ငါ့အဖေအတွက် သေချာပေါက် လက်စားပြန်ချေမယ်ဆိုပြီး ကျိန်ဆိုခဲ့တယ် ….”
“ ဆက်ပြောပါဦး …”
ကျန်းလုံခေါင်းညိတ်လိုက်သည်။ ထို့နောက် စီးကရက် တစ်လိပ်ကို ထပ်မံမီးညှိလိုက်၏။
“ ငါ့မွေးစားမိဘတွေက အတော်လေး ဆင်းရဲကြတယ် …. သူတို့မှာ သားသမီးလည်း မရှိတော့ ငါ့အပေါ် တော်တော်လေး ကောင်းပေးကြတယ် … ဒါပေမယ့် အိမ်ရဲ့ တကယ့်လက်တွေ့အခြေအနေက သေလုမြောပါးပဲ … လူတစ်ယောက်ပိုလာတာနဲ့ အသုံးစရိတ်က အလိုအလျောက် တက်လာတယ် …. ငါ ရောက်လာခဲ့တဲ့နောက်ပိုင်း အိမ်ရဲ့ အခြေအနေက ပိုပြီးတော့တောင် ကြပ်တည်းလာခဲ့တယ် … အစောပိုင်း နှစ်တွေက တကယ်ကို ခက်ခဲကြမ်းတမ်းခဲ့တာ ….”
စီးကရက်ကို ခပ်ပြင်းပြင်းရှိုက်ပြီး ကျန်ရစ်သည့် ပြာများကို လက်ဖြင့် တောက်ချလိုက်၏။
ဤတစ်ကြိမ်တွင်တော့ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး စောနတုန်းက ဝမ်းနည်းကြေကွဲနေသည့် အမူအရာနှင့် လုံးဝ မတူတော့ပေ။
လက်စားချေမှုက သူ့ကို ပျော်ရွှင်စေသည့် အရာဟု ဆို၍ရသည်။
“ အဲ့တုန်းက အတော်လေး တိုက်ဆိုင်ချင်တော့ ရွာသူကြီးက စစ်တပ်က လူခေါ်နေတယ် … စာရင်းပေးချင်တဲ့လူ ရှိလားဆိုပြီး မေးတယ် … ဒါနဲ့ ငါလည်း စာရင်းတန်းပေးလိုက်တာပေါ့ … ဒါပေမယ့် အဲ့တုန်းက ဆယ့်ငါးနှစ်ပဲ ရှိသေးတော့ အတော်လေး ငယ်သေးတယ် … ဘာမှလည်း နားမလည်သေးဘူး … အဲ့တာနဲ့ စစ်တပ်ဘက်က မခေါ်ဘူး ….”
“ တစ်နှစ်ကြာပြီးတဲ့နောက်မှာ နောက်တစ်ကြိမ် လူစာရင်း လာကောက်ပြန်တယ် … ငါလည်း နောက်တစ်ကြိမ် စာရင်း ထပ်ပေးတာပဲ ….”
“ ရသွားရောလား …”
ကျန်းလုံ ခေါင်းညိတ်လိုက်၏။
“ ဒါဆို ဆယ့်ခြောက်နှစ်နဲ့ စစ်သားဖြစ်ခဲ့တာပေါ့ ….”
“ ဘာလို့ဆို ငါက တစ်ခြားလူတွေထက် ပိုသာနေလို့ပဲ …” ကျန်းလုံ၏ မျက်လုံးတို့ အရောင်တလက်လက် တောက်ပနေပြီး “ ပထမ အကြိမ် ငြင်းပယ်ခံရပြီးနောက်မှာ ရွာနောက်ဘက်ပိုင်းက အဘိုးကြီး ဝမ်စစ်နဲ့ တွေ့ခဲ့တယ် .. သူက ဝါရင့် စစ်သားဟောင်းကြီး …. သူ့ဆီကနေ နေ့တိုင်းနေ့ လေ့လာသင်ယူခဲ့တယ် …. နေ့တိုင်းနေ့ လေ့ကျင့်ခဲ့တယ် … ဒါနဲ့ တစ်နှစ်ကြာပြီးတော့ ငါ့ထက်အသက်ကြီးတဲ့လူတွေတောင် ငါ့ပြိုင်ဘက် မဟုတ်ကြတော့ဘူး …. စစ်တပ်ခေါင်းဆောင်တွေကလည်း ငါ့မှာ အလားအလာကောင်းတွေ ရှိတာ မြင်တော့ အိမ်ထိ ကိုယ်တိုင် လာလည်ပြီး ငါ့မိဘတွေနဲ့ ဆွေးနွေးတယ် … ပြဿနာ မရှိတော့ ငါ့ကို ခေါ်သွားခဲ့ကြတာပဲ ….”
လင်းရီ သေချာ ဂရုတစိုက် နားထောင်နေလျက်ရှိ၏။ ကျန်းလုံလို ပါရမီရှင်တစ်ယောက်အတွက် ထိုသို့သော အရာမျိုးက မခက်ခဲလောက်ချေ။
“ အိမ်က ထွက်လာခဲ့ပြီးတဲ့နောက် ဖုန်းထျန်းမှာ တာဝန်ကျတယ် … နောက်ပိုင်း ကောင်းကောင်း စွမ်းဆောင်ပြနိုင်ပြီး ရွပ်ရွပ်ချွံချွံရှိတဲ့ ရဲစွမ်းသတ္တိတွေကြောင့် ရာထူးဆက်တိုက် တက်ရင်းနဲ့ နှစ်အနည်းငယ်လေး အတွင်းမှာ အထူးတပ်ဖွဲ့အသင်းရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာပဲ …. အရင် ငါးနှစ်တုန်းကမှ ကိုယ်တိုင် အနားယူဖို့ ဆုံးဖြတ်လိုက်တာ …”
“ ခင်များကို ဘယ်သူမှ လာမတားကြဘူးလား …”
“ တားကြတာပေါ့ … ခေါင်းဆောင်တွေဆို နားချနိုင်သလောက် နားချခဲ့ကြတာပဲ … ဒါပေမယ့် ငါကတော့ အကုန်လုံးကို ငြင်းလိုက်တယ် ….”
“ လက်စားချေဖို့ အချိန်ကျလာပြီမလို့လား ….”
“ အင်း ….” ကျန်းလုံ အတည်ပြုပေးလိုက်သည်။
“ ဘယ်လို ရလဒ်မျိုး ထွက်လာမလဲ ငါမသိဘူး … တကယ်လို့ ငါသာ အနားမယူဘဲ အဖမ်းခံလိုက်ရရင် ငါ့အပေါ် ကောင်းပေးကြတဲ့ ငါ့ရဲ့ ခေါင်းဆောင်တွေကိုပါ ဝင်ပတ်သက်မိစေသလို ဖြစ်သွားလိမ့်မယ် … သူတို့အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး ….”
“ အင်း … ဆက်ပါဦး ….”
“ ဖုန်းထျန်းက ထွက်လာပြီးတဲ့နောက်မှာ ငါ ပထမဆုံး လုပ်တဲ့အလုပ်က ကျင်းသုန်ရွာကို ပြန်တာပဲ …. ဖန်းတရဲ့နဲ့ ပတ်သက်တဲ့ သတင်းတွေ စပြီး စုံစမ်းတယ် … ပြီးတော့ … ငါ့ရဲ့ လက်စားချေတဲ့ အစီအစဉ်တွေကလည်း အဲ့ဒီကနေ စတင်ခဲ့တာပဲ ….”