ခင်များက လူသားတစ်ယောက် ဖြစ်နေတုန်းပါပဲ
Vol. 174 Ch. 2459
“ တကယ်ဆို ခင်များရဲ့ အဲ့တုန်းက အရည်အချင်းနဲ့ဆိုရင် ဖန်းတရဲ့ကို သတ်ဖို့က အလွယ်လေးပဲ … ငါးနှစ်လောက်ကြီး သိုသိုသိပ်သိပ် နေစရာ အကြောင်းမှ မရှိတာ …. ဘာလို့လဲ …”
“ အမှန်ပဲ ….” ကျန်းလုံလည်း စိတ်ခံစားချက်တွေ ရှုပ်ထွေးနေသယောင် ခံစားနေရရင်း “ လက်စားချေဖို့ဆိုတာ ငါ့ဆုတောင်းပဲ … သေရမှာကို မကြောက်ပေမယ့် ငါ့မှာ မိဘတွေက ရှိသေးတယ် ….”
လင်းရီ စကားမပြောဘဲ တိတ်တိတ်လေး နားထောင်နေခဲ့သည်။
“ ဖန်းတရဲ့ ဘယ်မှာရှိနေလဲဆိုတာကို သိပြီးတော့ အိမ်ပြန်ပြီး ငါ့ရဲ့ မွေးစားမိဘတွေကို သွားကြည့်တယ် …. သူတို့ရဲ့ လူမှုဘဝအခြေအနေက တိုးတက်လာပြီဆိုပေမယ့် အသက်ကလည်း ပိုကြီးလာကြပြီ … ဟင်း …..”
ကျန်းလုံက သက်ပြင်းဆက်တိုက်ချနေရင်း “ ငါ ရွာကို ပြန်ရောက်တော့ လူတိုင်းပဲ …၊ ယောက်ျား ၊ မိန်းမ ၊ လူကြီး ၊ လူငယ် … အကုန်လုံးက ငါနဲ့ လာတွေ့ပြီး ငါ့ကို အောင်မြင်နေပြီဆိုပြီး ချီးကျူးကြတယ် … သားတစ်ယောက်ကို နှစ်တွေ အကြာကြီး ကျွေးမွေးခဲ့တဲ့ ကျေးဇူးတွေက နောက်ဆုံးတော့ သူတို့ အသက်ကြီးလာတဲ့အချိန် အားကိုးပြန်ရလာပြီ ဆိုပြီး ပြောကြတယ် ….”
“ အဲ့ဒီ စကားလုံးတွေကြားတော့ ငါ့စိတ်ထဲ အတော်လေး အခက်တွေ့သွားရတယ် …. တကယ်လို့ ငါသာ လူသတ်ပြီး အဖမ်းခံလိုက်ရရင် သူတို့ကို ဘယ်သူက ကြည့်ပေးတော့မှာ … အဲ့တာကြောင့် ငါ့ရဲ့ အစီအစဉ်ကို ပြောင်းလဲလိုက်ရတယ် …”
လင်းရီလည်း စီးကရက်တစ်လိပ်ကို မီးညှိလိုက်၏။ “ ရုပ်ဖျက်ပြီး နောက်ထပ် အထောက်အထားတစ်ခုနဲ့ သူလျှိုသွားလုပ်တာပေါ့ ဟုတ်လာ ….”
“ အင်း … ဒီနည်းနဲ့ဆို ဘယ်သူမှ ငါ့ကို ခြေရာခံနိုင်တော့မှာ မဟုတ်ဘူး … ဘာပဲဆိုဆို သူတို့ကို သတ်ခဲ့တဲ့လူက ဒီလောကကြီးထဲမှာ ရှိတောင် မရှိခဲ့ဖူးတဲ့လူလေ ….” ကျန်းလုံ ရှင်းပြလိုက်သည်။
“ အဲ့အချိန် အခိုက်အတန့်ကနေစပြီး ငါ့နာမည်ကို ကျန်းလုံလို့ပြောင်း … ၊ အိုင်ဒီအတုလုပ် ၊ ရှန်းယန်ရွာမှာ သွားနေခဲ့တယ် … ဒါပေမယ့် ငါ့မိဘတွေကတော့ မသိဘူး … ငါ ကျိုးဟိုင်သွားပြီး အလုပ်ကောင်းကောင်းလုပ်နေတယ်ဆိုပြီးပဲ ကြွားထားတာ …. သူတို့ကလည်း အသက်ကြီးပြီး ရိုးအတဲ့ တောသူတောင်သားတွေဆိုတော့ အဲ့လို ကိစ္စတွေကို နားမလည်တော့ များများ မမေးကြဘူး ….”
“ ရှန်းယန်ရွာထဲ ဝင်ရောက်ပြီးတဲ့နောက်မှာ ဖန်းတရဲ့ကို မြန်မြန်ဆန်ဆန်ပဲ ရှာတွေ့သွားခဲ့တယ် … ကံကောင်းချင်တော့ မာဟိုင်ချန်လည်း သူနဲ့အတူ ရှိနေတယ် .. ဘယ်သူမှလည်း ငါဘယ်သူ ဘယ်ဝါဆိုတာကို သံသယ မဝင်ကြဘူး ….”
“ အဲ့တုန်းကတည်းက သူတို့နှစ်ယောက်ကို လက်စားချေဖို့ ငါ့မှာ အခွင့်အရေးရှိခဲ့တယ်ဆိုပေမယ့် သူတို့နှစ်ယောက်တည်းကို သတ်ရုံလောက်နဲ့ မလုံလောက်ဘူး … ဒါကြောင့် အလျင်စလို မလုပ်ခဲ့တာပဲ ….”
“ နောက်ပိုင်းနှစ်တွေမှာ ဝမ်ကျန့်ရှု၊ စုန့်လင်းနဲ့ လီဟုန်ကျူးတို့ရဲ့ သတင်းအချက်အလက်တွေကို ဆက်တိုက် စုဆောင်းနေခဲ့တယ် …. လွန်ခဲ့တဲ့ နှစ်ဝက်လောက်မှာပဲ ဒီလူတွေ ဘယ်နေရာမှာ ရှိနေကြလဲဆိုတဲ့ အချက်အလက် အပြည့်စုံကို ငါ့လက်ထဲ စုဆောင်းပြီးသွားခဲ့ပြီ … ပြီးတာနဲ့ ပြီးပြည့်စုံတဲ့ လက်စားချေမှု အစီအစဉ်ကို စတင်ခဲ့တာပဲ ….”
“ ဒါပေမယ့် ဘာလို့ အဲ့လောက် ပုံမှန်မဟုတ်တဲ့ နည်းလမ်းမျိုးကို ရွေးချယ်ခဲ့တာ … ကျုပ်တော့ လိုအပ်တယ် မထင်ဘူးနော် ….”
“ ဒီနှစ်ခုက မဆိုင်တဲ့ ကိစ္စသပ်သပ် တစ်ခုစီပဲ …..” ကျန်းလုံ ခွန်းတုံ့ပြန်ပြီးနောက် ရယ်မောရင်းဖြင့် “ ဓာတ်ကြီးငါးပါး လူသတ်ပုံစံကို အတုခိုးခဲ့တဲ့ အကြောင်းအရင်းက အမယ်အိုကြီးတစ်ယောက်က ဒီလိုနည်းလမ်းနဲ့ သေသွားခဲ့တဲ့လူတွေက ငရဲဆယ့်ရှစ်ထပ်ထဲကျပြီး ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုလို့ပဲ ….”
“ ခင်များက အဲ့လို စကားမျိုးတွေ ယုံတယ်ပေါ့ ….” လင်းရီ ရယ်မောလိုက်၏။ “ ခင်များရဲ့ ဦးနှောက်ဉာဏ်ရည်နဲ့ဆို ဒါမျိုးတွေ မယုံသင့်ဘူးလေ ….”
“ အမှန်ပဲ … တကယ်တမ်း ပြောကြေးဆို ငါက ဘာသာမဲ့ …. ဒီလို လုပ်တာကလည်း ငါ့စိတ်နှစ်သိမ့်ရာရောက်ချင်လို့ပဲ … သူတို့ပိုပြီး ခံစားရလေလေ ၊ ငါပိုပြီး စိတ်သက်သာရလေလေ ၊ ပိုပြီး ခံစားလို့ကောင်းလေလေပဲ ….” ကျန်းလုံ ပြောလိုက်သည်။
“ ဒါပေမယ့် ဖန်းတရဲ့ကတော့ တကယ်ပျော့တဲ့ငနဲကြီး … ငါသူ့အပေါ် လက်လေးတင်ရုံရှိသေးတယ် တစ်ခါတည်း ဂိသွားတော့တာပဲ …. သူ့ကိုတော့ သက်ညှာပေးလိုက်တယ် ပြောရမယ် ….”
လင်းရီ တိတ်ဆိတ်စွာ နားထောင်နေရင်း အမှုအသေးစိတ် အကြောင်းအရာများကို ပြန်လည် မြင်ယောင်ကြည့်နေသည်။
မာဟိုင်ချန်၏ ခြေထောက်များက ရိုက်ချိုးခံခဲ့ရသည်။
ဝမ်ကျန့်ရှုက သေသည်ထိ ရှော့ခ်ရတိုက်ခံခဲ့ရသည်။
စုန့်လင်းကတော့ သေသည်ထိ အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရသည်။
လီဟုန်ကျူးကတော့ အရိုးမျာအားလုံး ရိုက်ချိုးခံခဲ့ရပြီး အလောင်းသည်လည်း ထပ်မြင့်အဆောက်အဦးပေါ်မှ ပစ်ချခံခဲ့ရသည်။
နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက ဖန်းတရဲ့မှာ တကယ်လည်း ကံကောင်းသည့်ပုံပေါ်သည်။
“ ဒါဆို ကျုပ်တို့ကို ဘာကြောင့် ရန်စခဲ့တာ ….” လင်းရီ ပြုံးလျက် မေးလိုက်၏။ “ တကယ်ပဲ ကျုပ်က အဲ့လောက်ထိ အထင်ကြီးစရာ ကောင်းနေလို့ ခင်များရဲ့ ပြိုင်ဆိုင်လိုစိတ်ကို မီးညှိပေးလိုက်တာကြောင့်များလား ….”
“ အဲ့တုန်းက ဒီတိုင်း ဖြစ်သွားခဲ့တာပဲ … ငါ မာဟိုင်ချန်နဲ့ အချင်းများတယ် … မင်းတို့က လာပြီး စုံစမ်းစစ်ဆေးတယ် … တစ်ချက်ကြည့်တာနဲ့ မင်းက သာမန်မဟုတ်ဘူးဆိုတာ ငါပြောလို့ရတယ် … တော်တော်လေး အရည်အချင်းရှိမယ့်လူစားမျိုး … ငါ့ကိုယ်ထဲက ပြိုင်လိုစိတ်ကလည်း တောက်လောင်လာတယ် … “ ကျန်းလုံ ပြောလိုက်ပြီး “ ဒါပေမယ့် ဝမ်ကျန့်ရှုနဲ့ စုန့်လင်းကို သတ်တုန်းက မင်းကို ရန်စဖို့ ခေါင်းထဲ မရှိသေးဘူး … သူတို့ သေသေချာချာ သေသွားအောင်ပဲ အာရုံစိုက်နေခဲ့တာ … တစ်နေ့အထိပဲ ၊ မင်းကို ရိပ်သာဝန်းထဲမှာ မြင်လိုက်ရတယ် … အဲ့မှာ မင်း ဒီအမှုတွေကို ဆက်စပ်မိသွားပြီဆိုတာကို ငါ ချက်ချင်းပဲ ရိပ်မိလိုက်တယ် ….”
“ ဒါနဲ့ပဲ ကျုပ်ကို ဆက်ပြီး ရန်စဖို့ ဆုံးဖြတ်လိုက်တယ်ပါ့ ….”
“ မင်းနားလည်မှု လွဲနေပြီ … ငါ့ရဲ့ အစီအစဉ်က မင်းကို ရန်စဖို့ မဟုတ်ဘူး ၊ သတ်ဖို့ ….” ကျန်းလုံ ပြောလိုက်၏။
ထိုစကားကြားတော့ နင်ချဲ့နှင့် ထောက်ချိန်တို့၏ အမူအရာများ တင်းမာသွားခဲ့ကြသည်။
“ အခြေအနေတွေ ဖော်ထုတ်ခံလိုက်ရပြီဆိုတာကို သိလိုက်ရတော့ ရန်ကျင်းကို ချက်ချင်းသွားပြီး လီဟုန်ကျူးကို သတ်ဖို့ စီစဉ်ခဲ့တယ် … တိုက်ဆိုင်ချင်တော့ သူက အဲ့တုန်းက ရန်ကျင်းမှာ ရှိမနေခဲ့ဘူး …. ဒါနဲ့ ငါလည်း သူ ပြန်လာတာကို စောင့်ရုံပဲ တတ်နိုင်ခဲ့တယ် ….”
“ ဒါပေမယ့် သူ ပြန်လာပြီးတဲ့နောက်မှာ ရဲတွေနဲ့ ဆက်သွယ်နေတာကို သိလိုက်ရတယ် … ငါ့ဘက်က အရင်ဆုံး လက်ဦးမှု ရအောင် လှုပ်ရှားဖို့လိုနေပြီ … မဟုတ်ရင် အခွင့်အရေး မရှိတော့ဘူး …..”
“ အမျိုးသမီး ရဲအရာရှိ ထွက်သွားတာနဲ့ လီဟုန်ကျူးရဲ့အိမ်ထဲ ချက်ချင်းဝင်ပြီး သူ့ကို သတ်တယ် … ပြီးတာနဲ့ အဆောက်အဦးပေါ်က ပစ်ချလိုက်တယ် ….”
“ အလောင်းကို ဘာလို့ အဲ့လိုနည်းလမ်းနဲ့ စွန့်ပစ်လိုက်တာ … လုံးဝ မလိုအပ်ဘူးမလား ….”
“ ငါ့ ဒေါသတွေကို ဖြေဖျောက်ချင်လို့ ….”
ကျန်းလုံ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဒေါသတကြီးဖြင့် အံတင်းတင်းကြိတ်ထားခဲ့သည်။
“ သူ့ကို အဲ့ထက်ပိုပြီးတောင် ခံစားသွားစေချင်တာ … ဒီတိုင်း သတ်ရုံလောက်လေးက သူ့အတွက် သက်ညှာပေးလွန်းရာ ကျတယ် ….”
လင်းရီ နောက်ထပ် စီးကရက် တစ်လိပ် ယူပြီး ကျန်းလုံထံ ကမ်းပေးလိုက်သည်။ သူ့အတွက်သူလည်း တစ်လိပ်ယူလိုက်၏။
မီးခိုးငွေ့များက မျက်လုံးရှေ့တွင် အနုပညာတစ်ခုနှယ် တွန့်ကွေးယိမ်းယိုင်သွားခဲ့ပြီး ဒေါသထွက်နေသည့် စိတ်ခံစားချက်များလည်း ပြန်လည်တည်ငြိမ်သွားခဲ့၏။
“ အဲ့တုန်းက အခြေအနေကိုလည်း ရိပ်မိတယ် … မင်းတို့က မကြာခင် လာတော့မှာ … ငါ တတ်နိုင်တာဆိုလို့လည်း အောက်ကို ပစ်ချဖို့ပဲ ….”
“ ပစ်ချလိုက်တဲ့ အခိုက်အတန့်မှာပဲ ရဲကားတစ်စင်း လာနေတာကို လှမ်းမြင်လိုက်ရတယ် … မင်းလာနေပြီဆိုတာကို ငါသိလိုက်ပြီ .. ဒါကြောင့် ထွက်ပြေးဖို့ မလုပ်ဘဲ ဘေးအခန်းတံခါးကို ဖွင့်ပြီး ပုန်းနေလိုက်တယ် …. အခင်းနေရာက အခြေအနေကို ငါ သေချာ နားလည်အောင် စုံစမ်းထားပြီးသား … အဲ့ဒီ တိုက်ခန်းက ငှားဖို့ ရည်ရွယ်ထားပြီး အထဲမှာ ဘယ်သူမှ မရှိဘူးဆိုတာလည်း ငါသိတယ် ….”
“ နောက်ဆုံး .. ငါမင်းကို နောက်ယောင်ခံလိုက်ရင်း မင်းက ဖြုံဖို့ကောင်းမယ့် ပြိုင်ဘက်ဆိုတာ သေချာသွားတယ် … ငါနဲ့တောင် တန်းတူရှိလောက်တယ် … ဒါကြောင့် မင်းကို သတ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ … ဒါပေမယ့်လည်း နောက်ဆုံးတော့ ကျရှုံးသွားရတာပါပဲ …..”
“ ခင်များက ကျရှုံးမှာကို ကြောက်မယ့်လူစားမျိုး မဟုတ်ဘူးလို့ ကျုပ်ထင်ခဲ့တာ ….” လင်းရီ ပြောလိုက်ပြီး “ ခင်များဘာခင်များ ဆက်ပြီး ရုပ်ဖျက် ဟန်ဆောင်နေသရွေ့ ခင်များက တစ်ခြားတစ်ယောက် ဖြစ်နေဦးမှာပဲ … လူငါးယောက်ကို ခင်များ သတ်ခဲ့တယ်ဆိုတာလည်း ဘယ်သူမှ သိမှာ မဟုတ်ဘူး …”
“ အင်း … ငါလည်း မစိုးရိမ်ခဲ့ပါဘူး … ငါ့ မိဘတွေ ရိုက်နှက်ခံလိုက်ရတယ်ဆိုတဲ့ သတင်းမကြားခင် အချိန်ထိပေါ့ …. ချက်ချင်းပဲ အိမ်ကို အပြေးသွားပြီး အကြောင်းစုံကို စုံစမ်းကြည့်တော့ မင်းတို့တွေ မြို့ထဲ ရောက်နေတယ်ဆိုတာကို သိလိုက်ရတယ် ….”
“ ဒါပေမယ့် ခင်များက ချက်ချင်း မလှုပ်ရှားခဲ့ဘူး ဆိုတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သံသယတွေ ရှိလို့ ဖြစ်လိမ့်မယ် ….”
“ အဲ့တုန်းက ငါ့အဖေပြောတာ တစ်စုံတစ်ယောက်က ဂျုံကြိတ်စက်ရုံတည်ဆောက်ချင်လို့ ငါတို့ မြေကို ယူချင်တယ်ဆိုပြီး ပြောတယ် …. ဒါပေမယ့် ညှိနှိုင်းမှု အဆင်မပြေရာကနေ အချင်းများ ပြဿနာ ဖြစ်လာတာပဲ …. “
“ ဒီလိုမျိုး စက်ရုံလာဆောက်တဲ့ ပရောဂျက်မျိုးက ငါတို့ရွာဆီ ရောက်မလာသင့်ဘူး … အဲ့တုန်းကတည်းက ထူးဆန်းနေတာ … ဒီလိုနဲ့ စုံစမ်းကြည့်လိုက်တော့ ဟက် …..”
ကျန်းလုံက ကိုယ့်ကိုယ်ကို သရော်စွာ ရယ်မောလိုက်ပြီး “ စစ်ဆေးကြည့်လိုက်တော့ ကျင်းလင်အစိုးရရဲ့ ဝက်ဘ်ဆိုဒ်မှာ တူညီတဲ့သတင်းမျိုး တင်ထားတာကို မြင်လိုက်ရတယ် …. အစိုးရရဲ့ စီးပွားရေးလုပ်ငန်းပဲ … ဒါနဲ့ ငါလည်း များများစားစား သံသယ မဝင်မိတော့ဘူး … မင်း ထောင်ထားတဲ့ ထောက်ချောက် ဖြစ်နေမယ်လို့တော့ မထင်ထားဘူး … တော်တော် အထင်ကြီးဖို့ကောင်းတယ် … တော်ရုံလူဆို အဲ့တာမျိုး မစီစဉ်နိုင်ဘူး ….”
“ ကျုပ်အထင် … ခင်များ သတင်းကို မမြင်ခဲ့ဘူးဆိုရင်တောင် ဘယ်နည်းနဲ့ဖြစ်ဖြစ် လာမှာပဲ မဟုတ်လား ….”
“ မင်း ဘယ်လိုလုပ်ပြီး သိတာ ….” ကျန်းလုံသည် လင်းရီကို အံ့အားတကြီး ကြည့်လိုက်ပြီး ဇဝေဇဝါ ဖြစ်မှုတို့က မျက်လုံးထဲ ဖြတ်ပြေးသွားသည်။
“ ခင်များက သံယောဇဉ်ကြီးတဲ့လူဆိုတာ အကြောင်းအမျိုးမျိုးက ပြောပြနေလို့ပဲ … ခင်များရဲ့ မွေးရင်းမိဘတွေအတွက်ပဲ ဖြစ်ဖြစ်၊ မွေးစား မိဘတွေအတွက်ပဲ ဖြစ်ဖြစ် ၊ သူတို့ကို သိပ်ပြီး တန်ဖိုးထားတယ် … သူတို့က ခင်များရဲ့အားနည်းချက်ဆိုလည်း ဟုတ်တယ် … ပြီးတော့ အဲ့တာကြောင့်လည်း ကျုပ် ခင်များနဲ့အတူထိုင်ပြီး စကားပြောဖို့ ဆန္ဒရှိတာဆိုလည်း ဟုတ်တယ် …” လင်းရီက ပြုံးလျက် လက်ထဲ ကျန်နေသည့် ဆေးလိပ်တိုကို ပြရင်း “ ဒီလောကမှာ ကျုပ်နဲ့ အတူထိုင်ပြီး ဆေးလိပ်အတူသောက်ခွင့်ရတဲ့လူဆိုတာ အများကြီး မရှိဘူး …”