← Chapters

ပြန်ပေးဆပ်ခြင်း

Vol. 174 Ch. 2460

ပြန်ပေးဆပ်ခြင်း

Vol. 174 Ch. 2460

“ ကျေးဇူးပဲ …”

ကျန်းလုံက စီးကရက်ကို ပါးစပ်ထဲ ခဲထားပြီး ကုတင်ကို ကျောမှီရင်း တိတ်ဆိတ်နေသည်။

လက်ရှိ အချိန်အခိုက်အတန့်၌ သူ့စိတ်မှာ ထူးထူးခြားခြား ပေါ့ပါးနေလျက် ရှိ၏။

အခန်းထဲရှိ တိတ်ဆိတ်နေမှုက ပြင်းထန်လွန်းလှပြီး နင်ချဲ့အမြင်တွင် မတူညီသည့် ကမ္ဘာနှစ်ခုအဖြစ် ခွဲထွက်သွားသည့်နှယ် ခံစားနေရသည်။

ကြမ်းပြင်တွင် ထိုင်နေရင်း ကျန်းလုံမှာ နင်ချဲ့နှင့် ထောက်ချိန်တို့နှစ်ဦးလုံး မည်သို့မျှ နားမလည်နိုင်သည့် ဇာတ်လမ်းရှည်ကြီး တစ်ပုဒ်နှယ် ဖြစ်နေလျက် ရှိသည်။

လင်းရီကတော့ သူ့ကို နားလည်ကောင်း နားလည်ပေးနိုင်မည်။ မဟုတ်လည်း သူ၏ တည်ရှိမှုကပဲ ကျန်းလုံကို ထိုကဲ့သို့သော တည်ငြိမ်မှုမျိုး ယူဆောင်လာပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

အကယ်၍ အခြားတစ်ယောက်ဆိုပါက မကိုင်တွယ်တတ်၍ မီးဟုန်းဟုန်း လောင်ကျွမ်းနေလောက်ပြီ ဖြစ်၏။

သို့သော် လက်ရှိ အချိန်အခိုက်အတန့်တွင်တော့ .. သူက တိတ်ဆိတ်စွာထိုင်ရင်း ဆေးလိပ်သောက်နေလျက် ရှိ၏။

သူ့စိတ်ဝိဉာဏ်သည်လည်း လက်ရှိ တဒင်္ဂသော အခိုက်အတန့်လေးတွင် လွတ်လပ်မှုကို ခံစားနေရသည်။

“ ငါ မင်းကို ပြောချင်တာ တစ်ခုရှိတယ် … မင်း ယုံပါ့မလားတော့ မသိဘူး ….”

“ ပြောကြည့်လေ …”

“ ငါ စုန့်ကော်ဖူကို မသတ်ခဲ့ဘူး …”

“ ခင်များ သူ့ကို မသတ်ခဲ့ဘူး ဟုတ်လား ….”

ယင်းအဆိုက လင်းရီကို အတော်လေး အံ့အားသင့်သွားစေခဲ့၏။ ထိုသို့ ဖြစ်လိမ့်မည်ကို သူ ဘယ်တုန်းကမျှ မစဉ်းစားမိခဲ့ချေ။

“ မင်း သူနဲ့ တွေ့ခဲ့တဲ့ အကြောင်း ငါသိတယ် … ဒါပေမယ့် အဲ့တုန်းက စုန့်ကော်ဖူကို ခြောက်လှန့်ပြီး တစ်ခြားရွာသားတွေ ပေါက်တတ်ကရ မပြောရဲအောင်ပဲ သတိပေးချင်ခဲ့တာ … ဒါပေမယ့် သူက အဲ့ညမှာပဲ အရက်မူးပြီး မြောင်းထဲပြုတ်ကျ သေဆုံးသွားမယ်လို့ မထင်ထားဘူး … အဲ့တာနဲ့ ငါလည်း အခြေအနေကို အခွင့်ကောင်းယူပြီး သူ့လည်ပင်းကို ချိုးလိုက်တယ် … အဲ့နောက် ကျင်းသုန်ရွာက လူတွေကို ကြောက်သွားအောင် လူသတ်သလိုမျိုး ဖန်တီးလိုက်တာပဲ …”

“ ဆိုတော့ အဲ့လိုဖြစ်ခဲ့တာကိုး ….”

“ ဒီကိစ္စက အတော်လေး တိုက်ဆိုင်သွားတာ … ငါတောင် ယုံရခက်ခက်ရယ် …. ဒါကြောင့်မို့ မင်း ယုံပါ့မလားလည်း ငါ မသိဘူး …. ဒါပေမယ့်လည်း ကိစ္စတော့ မရှိတော့ပါဘူး ….”

“ အမှန်ပဲ … ဒီအချိန်ရောက်မှတော့ ဘာမှ မထူးတော့ဘူး ….”

“ နောက်တစ်ခုရှိသေးတယ် … ငါ မင်းကို တစ်ခုလောက် အကူအညီ တောင်းချင်တယ် …”

“ ခင်များရဲ့ မွေးစားမိဘတွေ အကြောင်းလား … ကျုပ် သူတို့ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးလိုက်ပါမယ် …..” လင်းရီ ပြောလိုက်သည်။ “ ပြီးတော့ ခင်များမိသားစုရဲ့ အိမ်အဟောင်း အဲ့တာကိုလည်း လူလွှတ်ပြီး ပုံမှန် သန့်ရှေးရေး လုပ်ခိုင်းထားလိုက်မယ် ….”

ကျန်းလုံ တိတ်ဆိတ်သွားခဲ့၏။

“ ကျေးဇူးပဲ ….”

“ ခင်များရဲ့ မွေးစားမိဘတွေက ဒီနှစ်ထဲ အသက်တော်တော်ကြီးနေပြီ ကြားတယ် … တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် အာဏာပိုင်တွေဘက်က စီရင်ချက် မချခင်‌ တွေ့ခွင့်ရဖို့ ပြောပေးမယ် … ဒါပေမယ့် အာမတော့ မခံနိုင်ဘူးနော် ….”

အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့ပြီး လင်းရီ နောက်ဆုံးရရှိလိုက်သည်ကလည်း ‘ ကျေးဇူးပဲ ‘ဆိုသည့် ခွန်းတုံ့ပြန်မှု တစ်ခုပင်။

မသိလိုက် ၊ မသိခင်မှာပဲ အရှေ့ဘက် ကောင်းကင်ယံက ဖြည်းဖြည်းချင်း လင်းစပြုလာသည်။ လင်းရီ မတ်တပ်ထပြီး အညောင်းဆန့်လိုက်၏။

“ လောကကြီးထဲ ထာဝရတည်တံ့တဲ့ ပျော်ပွဲရွှင်ပွဲဆိုတာ မရှိဘူး … အရုဏ်တက်လာပြီ ….”

“ အင်း … ငါသိတယ် ….” ကျန်းလုံ ဂရုမစိုက်သည့် အမူအရာဖြင့် ပြောလိုက်ပြီး “ ဒီဆေးလိပ်လေးတော့ ကုန်အောင် သောက်လို့ ရမယ်မလား ….”

“ ဒါပေါ့ … ကျုပ်တို့ ခင်များကို အပြင်မှာ စောင့်နေမယ် ….”

လင်းရီသည် ကျန်နှစ်ယောက်ကို မျက်လုံးဖြင့် အချက်ပြလိုက်ပြီး သူတို့အားလုံး အခန်းထဲမှ အတူထွက်လာခဲ့ကြသည်။

“ ကိစ္စလည်း ပြီးပြီဆိုတော့ နင် ရန်ကျင်းကို တစ်ခေါက် လိုက်ခဲ့ပါဦးလား … နိုင်ငံတကာ အခြေအနေက အခုတစ်လော သိပ်ပုံမှန် မဟုတ်လို့ ….” နင်ချဲ့ ပြောလိုက်၏။

“ ဘယ်လို ပုံမှန်မဟုတ်တာ ….”

“ အမေရိကန်နဲ့ ဂျပန်တွေ အာဖရိကမှာ ဆက်တိုက် ပေါ်လာတယ် … ဒါ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး ….”

“ အဲ့နေရာက အမြဲတမ်း ရှုပ်ထွေးနေတာချည်း မဟုတ်လား …..”

“ ရှုပ်ထွေးတာမှန်တယ် … ဒါပေမယ့် အခုလို အရေးကြီးတဲ့ အချိန်အခါမျိုးမှာ လေတိုက်လို့ မြက်ပင်လေး ရွေ့သွားရင်တောင် ငါတို့ဘက်က သတိထားနေရမှာ ….”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ကျိုးဟိုင်မှာ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ် … လောလောဆယ်တော့ ရန်ကျင်း မလိုက်နိုင်သေးဘူး … တကယ်လို့ တစ်ခုခုဆို ချက်ချင်း ဖုန်းခေါ်လိုက် ….”

“ အိုကေ ….”

“ စစ်တပ်ကနေ ကားတစ်စင်း ငှားလာခဲ့သေးတယ် …. နင်ဖို့ ချန်ထားပေးခဲ့ရမလား ….”

“ မလိုဘူး … မင်းတို့သာ ယူသွား …. ငါကတော့ တက္ကစီနဲ့လည်း အဆင်ပြေတယ် …”

နင်ချဲ့က အခန်းတံခါးဘက်ခြမ်းသို့ ကြည့်လိုက်ပြီး “ သူ့ကို ဘယ်လိုကိုင်တွယ်ဖို့ စဉ်းစားထားလဲ … နင်တစ်ယောက်တည်း အဆင်ပြေပါ့မလား ….”

“ ငါ့ကို မပူနဲ့ … ငါက အဆင်ပြေတယ် ….”

“ ဒါဆိုလည်း ငါတို့သွားပြီနော် ….” နင်ချဲ့ ပြောလိုက်ပြီး “ တကယ်လို့ တစ်ခုခု အကူအညီလိုတယ်ဆိုရင် ငါတို့ကို ဖုန်းခေါ်လိုက် ….”

“ အင်းပါ ….”

ခေတ္တ စကားပြောပြီးနောက် နင်ချဲ့နှင့်‌ ထောက်ချိန်တို့ ထွက်သွားခဲ့ကြသည်။

လင်းရီကတော့ အခန်းအပြင်ဘက်တွင် မတ်တပ်ရပ်ရင်း တိတ်တဆိတ် စောင့်ဆိုင်းနေသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ကျန်းလုံ အခန်းထဲမှ သူ့ဘာသူ ထွက်လာခဲ့သည်။

သူ့အမူအရာက တည်ငြိမ်နေသည်။ မျက်နှာကလည်း မိတ်ဆွေဟောင်းကြီး တစ်ယောက်နှင့် ဆုံတွေ့ရသည့်နှယ် ပြုံးရွှင်လို့ နေခဲ့သည်။

“ သွားစို့ …”

နှစ်ဦးသား အပြင်သို့ ထွက်လာပြီး တက္ကစီတစ်စင်း ငှားလိုက်ကြ၏။

သို့သော် သွားရင်းသွားရင်းဖြင့် ကျန်းလုံ တစ်ခုခု လွဲချော်နေသည်ကို သတိထားမိသွားခဲ့သည်။

“ ဒါ ကျင်းလင်းသွားတဲ့ လမ်းမဟုတ်ဘူးမလား …”

“ တံခါးဝနား ရောက်လာပြီးမှတော့ အိမ်ထဲတော့ တစ်ခေါက် ဝင်ကြည့်သင့်တာပေါ့ မဟုတ်ဘူးလား …” လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး “ ငါတို့က ဒီရေအတက်အကျကို ထိန်းချုပ်နေတဲ့ မိုးနတ်မင်းကြီးမှ မဟုတ်တာ အိမ်ဝကနေ သုံးကြိမ်ဖြတ်သွားတာတောင် မဝင်ဘဲ နေစရာ အကြောင်းမရှိဘူး ….”

ကျန်းလုံ တိတ်ဆိတ်သွား၏။ ဘာပြန်ပြောလို့ ပြောရမှန်း မသိတော့သဖြင့် တိတ်ဆိတ်မှုဖြင့်သာ ခွန်းတုံ့ပြန်နိုင်သည်။

ဆယ့်ငါးမိနစ်ခန့်ကြာတော့ တက္ကစီက ရွာအဝင်ဝသို့ ရောက်လာခဲ့သည်။ နှစ်ဦးမှာ နောက်ထပ် ငါးမိနစ်၊ ခြောက်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ကျန်းလုံ၏ အိမ်သို့ ရောက်လာသည်။

အိမ်က အုတ်နီခဲဖြင့် အသစ်ဆောက်လုပ်ထားပြီး အထူးတလှယ် ခမ်းနားကြီးကျယ် မနေသော်ငြား လူအိုနှစ်ယောက် အတူ နေထိုင်ဖို့ကတော့ အင်မတန် ကျယ်ဝန်းသည်ဟု ဆိုရမည်။

သူတို့နှစ်ယောက် ခြံထဲဝင်လာတော့ လင်မယားဖြစ်ဟန်တူသူနှစ်ဦးက ခါးကိုင်းပြီး ဟင်းရွက်စိုက်ခင်းထဲတွင် အလုပ်များနေသည်။

သူတို့၏ အသက်ကို ခန့်မှန်းကြည့်ရသလောက်ကတော့ ခုနစ်ဆယ်နီးပါးခန့် ရှိလောက်ပြီ ဖြစ်၏။

“ ပိုပြီး ရွှင်ရွှင်ပြပြ နေစမ်း … သူတို့ကို စိတ်ပူအောင် မလုပ်စမ်းနဲ့ ….”

ကျန်းလုံ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အပြုံးတစ်ခုက မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။

“ အဖေ ၊ အမေ ….”

တစ်စုံတစ်ယောက်၏ အသံကြားတော့ အလုပ်များနေသည့် စုံတွဲက နောက်လှည့်ကြည့်လာသည်။

ကျန်းလုံကို မြင်တော့ သူတို့နှစ်ဦးလုံး၏ မျက်နှာများမှာ ချက်ချင်းပဲ ပျော်ရွှင်မှုကြောင့် ဝင်းလက်သွားခဲ့ကြ၏။

“ သားလေး ….”

လင်းရီလည်း ရှိနေသည့်အတွက် လူအိုကြီးနှစ်ဦးက သူတို့၏ စိတ်ခံစားချက်များကို အတန်ငယ် ပြန်ထိန်းလိုက်ကြသည်။

“ ဒါက ….”

“ သူက ……”

ကျန်းလုံမှာ အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ပြီး မည်သို့ ပြောပြရမှန်း မသိ ဖြစ်နေသည်။

“ ဦးလေး ၊ အန်တီ … ကျွန်တော်က သူ့ရဲဘော်ရဲဘက်ပါ ….”

ပြောရင်းဖြင့် လင်းရီက သူ့ အိတ်ထောင်ထဲမှ စစ်တပ်အိုင်ဒီကို သက်သေပြဖို့အတွက် ထုတ်ယူလိုက်သည်။

“ ရဲဘော်တစ်ယောက်ပါ အတူပါလာတာလား ….”

လူအိုစုံတွဲ၏ မျက်နှာများက ထပ်မံဝင်းပသွားခဲ့ပြီး လင်းရီကို အိမ်ထဲသို့ နွေးနွေးထွေးထွေး ကြိုဆိုလိုက်ကြ၏။

“ သားတို့ အခုထိ ထမင်းမစားရသေးဘူး မဟုတ်လား … အခုပဲ ထမင်းပွဲ ပြင်လိုက်မယ် ….”

“ ရပြီဗျ … မလိုဘူး … ကျွန်တော်တို့ လမ်းမှာ စားခဲ့ပြီးပြီ …”

“ အဲ့တာ လမ်းမှာလေ …. အခုက အိမ်မှာ … တစ်ခုခုတော့ စားသွားရမှာပဲ ….”

လင်းရီကို ငြင်းဖို့ အခွင့်အရေးမပေးဘဲ စုံတွဲက မီးဖိုချောင်ထဲဝင်ကာ အလုပ်ရှုပ်နေကြပြန်သည်။

မကြာမီ ဟင်းလေးပွဲ အဆင်သင့် ဖြစ်သွားခဲ့၏။

“ တောမှာဆိုတဲ့ အရသာရှိတာတွေက သိပ်ရှိတာ မဟုတ်ဘူး … ဒီဝိုင်းစားလိုက် … နောက်မှ ငါ့သားကို ခေါ်ပြီး စားကောင်းတာ တစ်ခုခု လိုက်ကျွေးခိုင်းလိုက်ပေါ့ ….”

“ ဒါနဲ့တင် အတော်ကောင်းနေပါပြီ ….”

ရောမရောက်လျှင် ရောမလိုကျင့်ရမည် ဆိုသည့် စကားအတိုင်း စားပွဲပေါ် ထမင်းရောက်လာသည်နှင့် လင်းရီ ငြင်းမနေတော့ဘဲ ကျန်းလုံ၏ မွေးစားဖခင်နှင့်ပင် အရက်အတူ သောက်လိုက်သေး၏။

“ ဦးလေးနဲ့ အန်တီ … ဒီနေ့ ကျွန်တော်ရောက်လာခဲ့တာက ဆွေးနွေးချင်တာလေး ရှိလို့ပါ …”

“ အို … ဘာများလဲ ပြောလေ ….”

“ ကျွန်တော်တို့ခေါင်းဆောင်က ကပ္ပတိန်ကို ပြန်ပြီး တာဝန်ထမ်းဆောင်ချင်နေတယ် … နိုင်ငံက သူ့ကို လိုအပ်နေတုန်းပဲ … အဲ့ဒါကြောင့် ……”

စုံတွဲမှာ ခေတ္တခန့် ကြက်သေသေသွားခဲ့၏။ ယခုလို အလှည့်အပြောင်းမျိုး ဖြစ်လာမည်ဟု မျှော်လင့်မထားခဲ့ပါချေ။

ကျန်းလုံလည်း တဒင်္ဂမျှ အေးခဲသွားခဲ့၏။

လက်ထဲတွင် ဝိုင်ခွက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း မျက်လုံးအမြင်တို့ မှုန်ရီဝေဝါးလာခဲ့၏။

“ ဒါ ကောင်းတဲ့ ကိစ္စပဲလေ … ငါ့သားက နိုင်ငံအတွက် အသုံးဝင်နေသေးတာပဲ … ငါတို့နှစ်ယောက်လည်း ပျော်တာပေါ့ ….”

လင်းရီ၏ လိမ်ညာမှုထဲ အမှားများဖြင့် ပြည့်နှက်နေသော်လည်း လူအိုစုံတွဲက သတိမမူမိကြချေ။

နှစ်ဦးလုံးက ရိုးသားပြီး ထိုကဲ့သို့သော အနည်းငယ် ပိုရှုပ်ထွေးသည့် ကိစ္စရပ်များကို နားမလည်ကြချေ။

“ ဒါဆိုရင်တော့ တာဝန်ချိန်အတွင်းမှာ သူ ခဏခဏ လာလည်ပေးနိုင်မှာတော့ မဟုတ်ဘူးနော် … ကျွန်တော်တို့‌ ခေါင်းဆောင်လည်း အဲ့ကိစ္စနဲ့ ပတ်သက်ပြီး အတော်လေး စိတ်မကောင်းမိပါဘူး … “

“ ရတယ် ရတယ် … ငါတို့နှစ်ယောက်လုံး သန်မာသေးတယ် .. သူ ကြည့်ပေးဖို့ မလိုဘူး …” ကျန်းလုံ၏ မွေးစားဖခင်က ဆိုလိုက်ပြီး “ ပြီးတော့ သူလည်း ဒီနှစ်တွေ တစ်လျှောက်လုံး အပြင်မှာပဲ အလုပ်လုပ်နေတာလေ … တစ်ခါတစ်လေမှပဲ အိမ်လာလည်တာ …. နိုင်ငံအတွက် အကျိုးပြုနေမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ ….”

“ ဦးလေးနဲ့ အန်တီက ဒီလို စဉ်းစားတယ်ဆိုရင်တော့ ကျွန်တော်လည်း စိတ်သက်သာရပါပြီ … အထက် ခေါင်းဆောင်ကြီးတွေက သူ့ကို ထွက်သွားဖို့ သုံးရက် အချိန်ပေးထားတယ် … မိသားစုကို အချိန်ပေးနိုင်အောင်ပေါ့ …”

“ နိုင်ငံတော်က သူ့ကို လိုအပ်လာတယ်ဆိုမှတော့ ငါတို့လည်း သူ့ကို နှောင့်နှေးစေလို့ ဘယ်ဖြစ်မှာ ….”ကျန်းလုံ၏ မွေးစားအဖေက သူ့ပခုံးကို ပုတ်၍ ပြောလိုက်ပြီး “ ငါ့သား … မင်းပြန်ရောက်သွားရင် သေချာလေ့ကျင့်ရမယ် … ငါ့ကို သိက္ခာမကျစေနဲ့ ….”

“ ဟုတ်ကဲ့ ….”

“ ဦးလေး ၊ အန်တီ … ခင်များတို့ စားနှင့်ကြဦး … ကျွန်တော် တစ်ခြား ကိစ္စလေးတွေ ရှိသေးလို့ အခု သွားရတော့မယ် …”

“ ပြန်တော့မလို့လား ….”

လင်းရီ၏ စကားက ကျန်းလုံကို အံ့အားသင့်သွားစေခဲ့သည်။

All Chapters