တန်ဖိုးကိန်းဂဏန်းများ
Vol. 174 Ch. 2461
“ ပြန်တော့မလို့လား … သောက်စမ်းပါဦးဟ … မင်း အစားအသောက်တွေလည်း ထိရုံလေးတင် ထိထားတာ … ဘာလို့ အဲ့လောက် အလျင်လိုနေတာ …” ကျန်းလုံ၏ မွေးစားဖခင်က အားမလိုအားမရဖြစ်စွာ ပြောလိုက်၏။
“ ကျွန်တော့်မှာလည်း တစ်ခြား လုပ်စရာလေးတွေ ရှိနေသေးလို့ပါဗျာ … ကျင်းလင်ကိုသွားပြီး သတင်းပို့ဖို့ လိုသေးတယ် … မဟုတ်ဘူးဆို အထက်က ကြိမ်းတာ ခံရလိမ့်မယ် …” လင်းရီ တောင်းပန်တိုလျှိုးသည့် အပြုံးဖြင့် ပြောလိုက်သည်။
“ ဒါဆိုလည်း ဘယ်တတ်နိုင်မှာ .. အလုပ်ကိစ္စက အရေးကြီးတာပေါ့ ….”
ကျန်းလုံ၏ မွေးစားဖခင်က ကျန်းလုံကို ကြည့်လိုက်ပြီး “ မင်းရဲ့ ရဲဘော်ကို သွားလိုက်ပို့လိုက်ဦးလေ ….”
“ ဟုတ်ကဲ့ ….”
ကျန်းလုံ အပြင်သို့ ထွက်လာပြီး လင်းရီကို တံခါးပေါက်ဝအထိ လိုက်ပို့လိုက်သည်။
“ ပြန်တော့မှာလား … ငါ့ကို ဒီမှာ တစ်ယောက်တည်း ထားခဲ့ပြီးတော့လေ …”
“ ကျုပ်သာ စိတ်မချဖြစ်နေမယ်ဆိုရင် အစောကြီးကတည်းက ခင်များကို လူလွှတ်ပြီး ဖမ်းခိုင်းပြီးပြီပေါ့ ….” လင်းရီ ကျန်းလုံ၏ ပခုံးပေါ် လက်တင်ရင်း ပြောလိုက်ပြီး “ ကျုပ် ကျင်းလင်က Liscalton ဟိုတယ်မှာ ရှိနေမယ် …. သုံးရက်နေရင် ကျုပ်ကို အဲ့မှာ လာရှာလိုက် … ကျိုးဟိုင်ကို အတူပြန်ကြမယ် …. ဒီရက်အနည်းငယ်အတွင်းမှာတော့ ခင်များရဲ့ မိဘတွေနဲ့ အချိန်အတူ ဖြုန်းပေးလိုက် …. သူတို့အသက်တွေကလည်း ကြီးလှပြီ …. အမှန်အတိုင်းပြောရရင် သူတို့တွေ ခင်များကို မထည့်ပေးချင်မှန်း ခံစားမိတယ် …. ဒါပေမယ့် ကျုပ်လည်း ဘာမှ မလုပ်ပေးနိုင်ဘူး ….”
“ ငါက အပြစ်ပေးခံရတာနဲ့ တန်ပါတယ် … အဲ့တာက ငါ ခံယူသင့်တဲ့ အရာပဲလေ ….” ကျန်းလုံ ပြောလိုက်သည်။ “ မင်း ဒီလောက် လုပ်ပေးတာကိုပဲ ငါ အများကြီး ကျေးဇူးတင်နေပြီ ….”
“ အိုကေ … ကောင်းပြီ … ပြန်ပြီး ထမင်းသွားစားတော့ … ကျုပ် အရင် သွားနှင့်တော့မယ် ….”
“ အင်း ….”
လင်းရီ ထွက်သွားခဲ့ပြီးနောက် ကျန်းလုံက နေရာတွင် တိတ်ဆိတ်စွာ ရပ်တန့်နေရင်း ထွက်ခွာသွားသည့် လင်းရီ၏ နောက်ကျောကို မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့၏။
*****
လမ်းဘေးရောက်တော့ လင်းရီသည် တက္ကစီငှားပြီး ကျင်းလင်သို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက် ကွန်ဖြူးရှပ် ဘုရားကျောင်းသို့ သွားပြီး ရန်စီနှင့် တွေ့ဆုံသည်။
“ နင့် ကိစ္စတွေ ကိုင်တွယ်လို့ ပြီးသွားပြီလား ….”
လင်းရီကို မြင်တော့ ရန်စီက ပျော်ရွှင်မြူးတူးစွာ ချဉ်းကပ်လာသည်။
“ ပြီးသွားပြီ … ဒါပေမယ့် ဒီမှာ ရက်နည်းနည်းလောက်တော့ ထပ်နေရဦးမှာ … မင်းကရော … ဒီကိစ္စတွေ ပြီးပြီလား …..”
“ ဒါရိုက်တာနဲ့ ပရိုဂျူဆာ တစ်ချို့နဲ့ တွေ့ဖို့ ကျန်သေးတယ် ….. ငါလည်း ရက်နည်းနည်းကြာတော့မှ ပြန်ဖြစ်လိမ့်မယ် ….”
“ အဆင်ပြေသားပဲ … အတူ ပြန်လို့ ရတာပေါ့ ….”
နှစ်ယောက်မှာ စကားအတူပြောရင်း နေ့လည်စာ စားလိုက်ကြသည်။ မွန်းလွဲပိုင်းတွင်တော့ ရန်စီတွင် အခြားသော လုပ်စရာများရှိသဖြင့် ကိုယ်စီ လမ်းခွဲလိုက်ကြ၏။
မခွဲခွာမီ လင်းရီက သူမ၏ လက်တော့ကို ငှားယူထားလိုက်သည်။
အမှု အနှစ်ချုပ်ကို ရေးဖို့က အခြားသူများ၏ တာဝန်ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်တော့ လင်းရီ သူ့ဘာသူ ရေးဖို့ ဆုံးဖြတ်ထား၏။
အဓိကကတော့ ဤအမှုက သူ့ရဲအလုပ်အကိုင်၏ နောက်ဆုံးမစ်ရှင် ဖြစ်တာကတစ်ကြောင်း ၊ နောက်ပြီး ဤအမှုက အတော်လေး ထူးခြားသည့်အပြင် အမှု၏ ဇာတ်လမ်းတစ်ရပ်လုံးကို သူ့အမြင် ရှုထောင့်ကနေပြီး တင်ပြချင်သည်။
ဤလောကကြီးတွင် အမှန်တရားနှင့် ရင်ဆိုင်ရသည့်အခါတိုင်း လူတို့မှာ အချည်းနှီး ကူကယ်ရာမဲ့ရစမြဲပင်။
ဟိုတယ်သို့ ပြန်ရောက်လာခဲ့ပြီးနောက် လင်းရီသည် ညနေခင်း တစ်ခင်းလုံး ကွန်ပျူတာရှေ့တွင် ထိုင်နေခဲ့၏။ သို့သော် ‘ အမှု အနှစ်ချုပ် အစီရင်ခံစာ ‘ ဟူသည့် ခေါင်းစဉ်မှအပ အခြားမည်သည်ကိုမျှ သူ မရေးသားနိုင်ချေ။
မည်သို့ စတင်၍ မည်သို့ ရေးသားပြီး မည်သို့ အဆုံးသတ်ရမည်ကိုပင် သူ မသိတော့ချေ။
အမှု၏ အဓိက အနှစ်သာရများကို လူတိုင်းထံသို့ သူ ချပြချင်သည်။
ချစ်ခင်ရင်းနှီးမှုနှင့် မိသားစု သံယောဇဉ်။
လက်စားချေမှုနှင့် အမုန်းတရား။
လူသားတို့၏ အကောင်းအဆိုး သဘာဝ။
နှစ်သုံးဆယ်ကျော်ကြာ ဖုံးကွယ်ခံထားရသည့် အမှုတစ်ခု။
နှစ်သုံးဆယ်ကျော်ကြာ ဘဝနှစ်ခုနှင့် နေထိုင်ခဲ့ရသည့် ကောင်လေးတစ်ဦး။
ရှုပ်ထွေးလှသည့် အခြေအနေများကို သာမန်ရိုးရိုးရှင်းရှင်း စာလုံးများဖြင့် ဖော်ပြဖို့ရန်မှာ အင်မတန် ခဲယဉ်းနေသဖြင့် လင်းရီအဖို့ မည်သည့်နေရာက အစချီရမည်ကိုပင် မသိတော့ချေ။
တကယ့်လက်တွေ့ ဘဝက စိတ်ကူးယဉ်ပုံပြင်ဝတ္ထုများထက် ပိုပြီး ထူးဆန်းသည်ဟု လူတို့ ပြောလေ့ရှိကြသည်။
ထိုစကားကို လင်းရီ လက်ရှိ အချိန်မှပဲ နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သွားခဲ့တော့၏။
ထူးဆန်းလွန်း၍ ရယ်ချင်စရာ ကောင်းလွန်းသည်ဟုတောင် သူ ခံစားနေရ၏။
အစမှ အဆုံးထိတိုင်အောင် ခြောက်နှစ်အရွယ် ကောင်လေးတစ်ဦး၏ အိပ်မက်တစ်ခုကို အကောင်အထည် ဖော်သည်ထက် မပိုခဲ့ချေ။
အင်မတန် လက်တွေ့ဆန်သလို ၊ အင်မတန်လည်း ထင်ယောင်ထင်မှား ဆန်လှသည်။
နောက်သုံးရက်ကြာသည်အထိ လင်းရီသည် ဟိုတယ်မှာပဲ တစ်ချိန်လုံး အချိန်ပေးရင်း အမှုအသေးစိတ် အကြောင်းအရာများကို ဖြည်းဖြည်းချင်း စုစည်းလိုက်၏။
တစ်ချိန်တည်းမှာပဲ ရန်စီက ကျင်းလင်ရှိ သူမ၏ အလုပ်များကို ပြီးဆုံးသွားခဲ့ပြီး လင်းရီနှင့်အတူ ပြန်ဖို့ရာ အဆင်သင့် ဖြစ်နေလေသည်။
ကျန်းလုံကလည်း လင်းရီကို စိတ်ပျက်စေခဲ့ခြင်း မရှိ။
သုံးရက်ပြီး နောက်တစ်နေ့ မနက်ခင်းမှာပဲ ရှေ့ကောင်တာက ပေးသည့် လိပ်စာအတိုင်း အခန်းသို့ ရောက်ရှိလာခဲ့၏။
လင်းရီနှင့် ဆုံတွေ့ရာတွင် မိတ်ဟောင်းဆွေဟောင်း တစ်ယောက်ကို ဆုံတွေ့ရသကဲ့သို့ ကျန်းလုံ၏ အမူအရာမှာ တည်ငြိမ်နေလျက် ရှိသည်။
ဤသည်ကလည်း လင်းရီ မြင်တွေ့ရဖို့ မျှော်လင့်ထားသည့် အရာပင်။
မွေးစားမိဘများနှင့် ကောင်းမွန်စွာ အချိန်ပေးပြီးနောက်တွင် ရောက်ရှိလာမည့် သူ့ကံကြမ္မာကို အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်နေလေပြီ။
ကျန်းလုံကို ရန်စီနှင့် အကြမ်းဖျင်း မိတ်ဆက်ပေးပြီး သုံးဦးသား ကျိုးဟိုင်သို့ လေယာဉ်ဖြင့် အတူ ပြန်လာခဲ့ကြသည်။
ကိုယ်စီ လုပ်စရာ ကိစ္စများ ရှိနေကြသဖြင့် လေဆိပ်မှာပဲ လမ်းခွဲလိုက်ကြ၏။ လင်းရီကတော့ ကျန်းလုံကို ခေါ်ဆောင်ရင်း ရှင်းရှန်းရဲစခန်းသို့ ရောက်ရှိလာသည်။
ရုံးခန်းထဲတွင် ကျန်းလုံနှင့်အတူ လင်းရီ ရောက်လာတာကို မြင်တော့ ကျန်းဟွေ့နှင့် အခြားသူများမှာ အတော်လေး အံ့အားသင့်သွားခဲ့ကြပြီး လေထုသည်လည်း တင်းမာသွားခဲ့သည်။
ဤလူက လူသတ်သမား ဖြစ်မည်ကို သူတို့တွေ အလိုအလျောက် ခန့်မှန်းမိနေကြ၏။
“ အရာရှိကျန်း ၊ အရာရှိကျူး … မတွေ့တာတောင် ကြာပြီ …” ကျန်းလုံက တက်တက်ကြွကြွနှင့် မိတ်ဆက်လိုက်၏။
ကျန်းဟွေ့တို့တတွေ သူ့အား သတိထားသည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ မျက်လုံးထဲ ရင်းနှီးသယောင် ဖြစ်နေသော်လည်း ထိုသူ မည်သူမည်ဝါမှန်းတော့ သူတို့ မသိသည်မှာ ကျိန်းသေသည်။
“ မင်း ငါတို့နှစ်ယောက်ကို သိနေတယ် ….”
“ ဒါပေါ့ … ကျွန်တော်တို့ ရှန်းရန်ရွာမှာ တွေ့ဖူးကြတယ်လေ ….”
၎င်းနောက် လင်းရီက ကျန်းလုံ၏ ရုပ်ဖျက်ထားမှုအကြောင်းကို ကျန်းဟွေ့တို့ထံ အကြောင်းစုံ ရှင်းပြလိုက်တော့အခါမှပဲ အခြေအနေကို နားလည်သဘောပေါက်သွားခဲ့ကြတော့သည်။
“ ဒါတွေ အကုန်လုံးကို မင်းလုပ်ခဲ့တာပေါ့ … ငါ လုံးဝကို ထင်မထားခဲ့တာ ….”
ကျန်းလုံ ခါးသက်စွာ ပြုံးပြလိုက်သည်။ “ ပြဿနာတွေ ပေးမိတဲ့အတွက် တောင်းပန်ပါတယ် ….”
“ အစ်ကိုဟွေ့ …. သူ့ကို ခေါ်သွားခိုင်းလိုက်တော့ …. အမှု အသေးစိတ်ကိုတော့ ကျုပ်ကပဲ ရှင်းပြပေးမယ် ….”
“ ကောင်းပြီလေ … မင်းပြောတဲ့အတိုင်းပဲ….”
ကျန်းဟွေ့က လူများကို ကျန်းလုံအား ခေါ်သွားခိုင်းလိုက်ပြီး လင်းရီက သူ ရေးထားသည့် အမှု အနှစ်ချုပ် အစီရင်ခံစာကို အရာရှိနှစ်ဦးလက်ထဲသို့ အပ်နှံလိုက်သည်။
အစီရင်ခံစာကို တိတ်တဆိတ် အာရုံစိုက် ဖတ်ရှုရင်း နှစ်ဦးလုံးမှာ တစ်ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားခဲ့ကြတော့၏။
ဆေးလိပ်ပြာခွက်ထဲ မီးညှိထားသည့် ဆေးလိပ်ပင် တစ်ဖွာမျှ မသောက်လိုက်ရဘဲ ပြာတန်းအရှည်ကြီး အဖြစ်သာ ကျန်ရစ်ခဲ့လေသည်။
“ သူလည်း ဘဝတော်တော်ကြမ်းခဲ့တဲ့လူပဲ …” ကျူးကျွင်းချီ သက်ပြင်းချလိုက်သည်။
“ ရွေးချယ်စရာမှ မရှိတာ …. သူ့လုပ်ရပ်ကို ထောက်ခံရင်လည်း ငါတို့တွေက သွယ်ဝိုက်ပြီး ဥပဒေရဲ့ တန်ဖိုးတွေကို ဆန့်ကျင်ရာ ရောက်သွားမယ် …. ကိုယ်ချင်းစာတယ်ဆိုပေမယ့် ရင်ထဲမှာပဲ သိမ်းထားလို့ရမယ် ….”
“ ဒါပေမယ့် သူကတော့ တကယ့်လူပဲ … ငါသူ့ကို လေးစားတယ် …..”
ကျန်းဟွေ့ ခေါင်တစ်ချက်ညိတ်ပြီး လင်းရီကို ကြည့်လိုက်သည်။
“ ဒီအမှုမှာ မင်း ပင်ပန်းသွားရပြီ …. ရက်နည်းနည်း ခွင့်ယူပြီး အိမ်မှာ ကောင်းကောင်းနားလိုက် …. အဆင်သင့် ဖြစ်ပြီဆိုတော့မှ အလုပ်ပြန်ဆင်း …”
“ အိုကေ ….”
လင်းရီ မငြင်းပယ်ဘဲ နှုတ်ဆက်စကားဆို၍ ရှင်းရှန်းရဲစခန်းထဲမှ ထွက်လာခဲ့၏။
တံခါးဝအပြင်ဘက်သို့ ခြေလှမ်းချသည်နှင့် စိတ်ထဲတွင် စနစ်၏ အသိပေးသံက အသံမြည်လာသည်။
[ မစ်ရှင် ပြီးမြောက်သွားပါပြီ ]
[ ဆုလဒ် : အတွေ့အကြုံမှတ် တစ်သိန်းခွဲ ]
[ အလုပ်ပြီးမြောက်နှုန်း : ၁၀၀ ရာခိုင်နှုန်း ]
[ဆုလဒ် : စီအဆင့် တိုက်ခိုက်ရေး စွမ်းရည် ]
လင်းရီ မျှော်လင့်ထားခဲ့သည့်အတိုင်း စနစ် မစ်ရှင်က ပြီးမြောက်သွားခဲ့၏။
ရဲအရာရှိ အလုပ်အကိုင်သည်လည်း ပြီးမြောက်သွားခဲ့လေပြီ။
စီအဆင့် တိုက်ခိုက်ရေးစွမ်းရည်ဖြင့် သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း နောက်တစ်ဆင့်သို့ မြင့်တက်လာပြီ ဖြစ်သည်။
လင်းရီ ကောင်းကင်ကို မော့ကြည့်လိုက်၏။
အဖြူရောင် တိမ်စိုင် တစ်ချို့နှင့်အတူ ကောင်းကင်က ပြာလဲ့တောက်ပနေသည်။
အဝေးတစ်နေရာတွင် လေညှင်းတို့ တိုက်ခတ်လိုက်တိုင်း မြင့်မားသည့် သစ်ပင်တစ်ချို့ထက်ရှိ သစ်ရွက်လေးများက ညှင်သာစွာ ရွေ့လျားသွား၏။
တဒင်္ဂသော အခိုက်အတန့်လေးတွင် လောကကြီးက အရာအားလုံး သာယာလှပနေသည်ဟု ခံစားနေရသော်လည်း … ယင်းက သူနှင့် သက်ဆိုင်ခြင်းတော့ မရှိပေ။
ပင်ပန်းနွမ်းနယ်စွာဖြင့် … လင်းရီ ချောင်ရန် အုပ်စုသို့ မောင်းထွက်လာသည်။
လင်းရီ ဝင်လာသည်ကို မြင်တော့ ကျီချင်းရန် ချက်ချင်းပဲ အားတက်သရော ကြိုဆိုသည်။
“ ဂုဏ်ယူပါတယ်နော် လူကြီးမင်းလင်း … အမှုကြီး တစ်ခုကို ဖြေရှင်းလိုက်နိုင်ပြီ … အခုဆို ရှင့် ကလေးတွေရှေ့မှာ အကြီးကြီး ကြွားစရာတစ်ခု ရသွားပြီပေါ့ ….”
ကျီချင်းရန်ကို မြင်တော့ လင်းရီ၏ ခံစားချက်တို့ အများအပြား ပိုမိုကောင်းမွန်လာခဲ့သည်။
“ ကိုယ်ဝန်ရော ဘယ်လိုနေသေးလဲ … မသက်မသာ ဖြစ်တာတွေ မရှိဘူးမလား …..”
“ အားလုံးကောင်းတယ် မပူနဲ့ …” ကျီချင်းရန် ပြောလိုက်ပြီး “ ဒါပေမယ့် နင့်မျက်နှာကြည့်ရတာ သိပ်မပျော်သလိုပဲနော် …..”
“ ဒီအမှုက နည်းနည်းထူးခြားလို့ပါ ….”
“ ထူးခြားတာလား … ငါ နားထောင်ချင်တယ် …..”
လင်းရီ ဆိုဖာပေါ် ထိုင်ချပြီး နောက်နာရီဝက်ကြာသည်ထိ အမှုဇာတ်လမ်းတစ်ရပ်လုံးကို ကျီချင်းရန်အား အကြောင်းဆုံး ပြောပြလိုက်သည်။
သူမ၏ အမူအရာသည်လည်း ရှုပ်ထွေးသွားခဲ့၏။
“ နင်ပြောတာ နားထောင်ပြီးတော့ သူ လုပ်ခဲ့တာတွေကလည်း မမှားဘူးလို့ ထင်မိတယ် ….”
လင်းရီ၏ အကြည့်များက ပြတင်းပေါက်အပြင်ဘက် ကောင်းကင်ကြီး ရှိရာသို့ ရောက်သွားခဲ့ပြီး ခပ်ဖျော့ဖျော့ လေသံဖြင့် “ ဒါပေမယ့် ဥပဒေရဲ့ အကြီးမားဆုံး ဝိသေသလက္ခဏာက လူတိုင်းအပေါ်ကို တစ်ပြေးညီ တန်းတူညီမျှ သက်ရောက်တာပဲ … မင်းနဲ့ငါ့ရဲ့ အမြင်တွေက အရေးမပါဘူး ….”
“ အမှန်ပဲ ….” ကျီချင်းရန် ညင်သာစွာ သက်ပြင်းချလိုက်၏။
“ လူ့အဖွဲ့အစည်းကြီးကို ထိန်းကျောင်းပေးနေတဲ့ အခြေခံကျတဲ့ ဥပဒေ ချိန်ခွင်လျှာကိုတော့ တို့တွေ ဖျက်စီးပစ်လို့မရဘူး ….”