← Chapters

ငါတို့ သူ့ကို အပြစ်ပြုမိလို့ မရဘူး

Vol. 174 Ch. 2464

ငါတို့ သူ့ကို အပြစ်ပြုမိလို့ မရဘူး

Vol. 174 Ch. 2464

“ ဟုတ်ကဲ့ … နားလည်ပါပြီ ….”

ကျောင်းအုပ်ကျိုးက အင်မတန်ယဉ်ကျေးစွာ ပြောလိုက်သည်။

တကယ်တော့ သူနှင့် လင်းရီက ရင်းနှီးလှသည် မဟုတ်ပေ။ စနစ်တစ်ခုတည်း အောက်ကလည်း ဟုတ်မနေကြပေ။

သို့သော် ကျောင်းအုပ်ကျိုးက လင်းရီ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ကျိုးဟိုင် တစ်ခုလုံးတွင် မည်မျှ အရှိန်အဝါကြီးမားကြောင်းကို နားလည်နေသည်။ တက္ကသိုလ်၏ ထိပ်ပိုင်း ခေါင်းဆောင်ကြီးများကိုလည်း လာသည့်လမ်းတွင် ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရှင်းပြထားပြီး ဖြစ်သည်။

“ ဒါဆိုရင်တော့ ဒုက္ခဖြစ်စေမိပြီ ….”

“ ရပါတယ် … ပြောနေရမယ့် ကိစ္စ မဟုတ်ပါဘူး ….”

ကျိုးယွီလျန် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် တစ်ဆစ်ချိုး ပြောင်းလဲသွားသည့် အမူအရာနှင့် လီစစ်ကျယ် ၊ ရန်ဖန်းတို့ဘက် လှည့်သွားခဲ့ပြီး “ ဟောပြောပွဲကို တက်စရာ မလိုတော့ဘူး … ငါနဲ့ လိုက်ခဲ့ကြ ….”

နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြသည်။

နှလုံးခုန်သံက ဆက်တိုက် မြန်ဆန်လာပြီး ဘာတွေ ဖြစ်နေလဲဆိုတာကို နားလည်သဘောပေါက်ဖို့ ခေတ္တ အချိန်ယူလိုက်ရ၏။

သို့သော် စိတ်ထဲတွင်‌တော့ သူတို့တွေ ဤတစ်ကြိမ် ပြဿနာ အကြီးကြီး တက်ပြီ ဖြစ်ကြောင်းကို နားလည်သဘောပေါက်နေကြလေသည်။

“ ကျောင်းအုပ်ကျိုး … ကျွန်တော်တို့ …..”

“ ဘာမှ မပြောနဲ့ …. ဒီတိုင်း ငါနဲ့ လိုက်ခဲ့ …. တစ်ခြား ကျောင်းသားတွေကို အချိန်ပုပ်အောင် လုပ်နေတာလား ….”

လူတိုင်း၏ အကြည့်အောက်မှာပဲ နှစ်ဦးက တုန်တုန်ယင်ယင်နှင့် မတ်တပ်ရပ်လိုက်ကြ၏။ ထို့နောက် စိတ်ဓာတ်ကျနေသည့် အမူအရာဖြင့် ခေါင်းငိုက်စိုက်ချပြီး ဟောခန်းမထဲက ထွက်သွားခဲ့ကြလေသည်။

အခန်းတံခါး ပိတ်သွားတော့ ပကတိ တိတ်ဆိတ်မှုတစ်ခုက အခန်းတစ်ခုလုံးသို့ ကြီးစိုးသွားခဲ့သည်။

လူတိုင်း၏ မျက်လုံးများက လင်းရီအပေါ်သို့ ကျရောက်လာသည်။

လက်တစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် ကျောင်းအုပ်ကျိုးကို ခေါ်နိုင်သည့်သူက မည်သူမည်ဝါ ဖြစ်မည်ကို သူတို့တွေ တော်တော်လေး သိချင်စိတ် ပြင်းပြနေမိကြသည်။

အထင်ကြီးဖို့ကောင်းသည့်လူ ဖြစ်မည်ကတော့ မလွဲမသွေပေ။

ထိုစဉ် … စတိတ်စင်ပေါ်တွင် ရှိနေသည့် လီချူးဟန်က ညင်သာသိမ်မွေ့သည့် အပြုံးကို ဆောင်ကြဉ်းနေလျက် ရှိ၏။

လင်းရီ သူမကို ခေါင်းညိတ်ပြလိုက်ပြီး ဆက်လုပ်ဖို့ အချက်ပြလိုက်သည်။

လက်ချာက အလျင်အမြန်ပဲ ပြန်လည် စတင်လာသည်။ လူတိုင်းကလည်း သေချာအာရုံစိုက် နားထောင်နေခဲ့ကြပြီး စိတ်မချမ်းမြေ့ဖွယ်ရာ မည်သည့် ကိစ္စမျှ ဖြစ်ပျက်မလာတော့ချေ။

တစ်ချိန်တည်းတွင် ကျိုးယွီလျန်က လီစစ်ကျယ်နှင့် ရန်ဖန်းတို့ကို သူ့ရုံးခန်းထဲ ခေါ်လာသည်။

အပြင်လူများ မရှိတော့သဖြင့် နှစ်ယောက်မှာ ယခင်ကကဲ့သို့ စိုးရိမ်တုန်လှုပ်နေသည့် အမူအရာများ မရှိကြတော့ချေ။

မိသားစု နှစ်ခုလုံးက ကျိုးယွီလျန်နှင့် အဆက်အသွယ် ရှိသဖြင့် သူတို့နှစ်ဦးမှာ အခြားသော သာမန်ကျောင်းသားများကဲ့သို့ ကျောင်းအုပ်ကြီးရုံးခန်းထဲတွင် စိုးရိမ်စိတ်လှုပ်ရှားခြင်း မဖြစ်မိကြပေ။

“ ကျောင်းအုပ်ကျိုး .. တကယ်လို့ တစ်ခြား မရှိဘူးဆို ကျွန်တော်တို့ သွားတော့မယ် ….” လီစစ်ကျယ်က ပြောလိုက်သည်။

လာရာလမ်းတစ်လျှောက်တွင် နှစ်ဦးမှာ အနည်းငယ် တည်ငြိမ်သွားခဲ့ပြီး မည်သည့် ကြောက်စရာမျှ မရှိဟု တွေးထင်ခဲ့ကြ၏။

ကျောင်းနှင့် မိသားစု၏ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားကြည့်မည်ဆိုပါက မည်သည့် ပြဿနာမျှ မရှိနိုင်ပေ။

“ အရင်ဆုံး မင်းတို့ အိမ်တွေကို ဖုန်းခေါ်ပြီး ကျောင်းထွက်ဖို့ လုပ်ခိုင်းလိုက် …”

“ ဗျာ …”

သူတို့ အမူအရာများ အေးခဲသွားခဲ့ကြသည်။ ကြားလိုက်ရသည့် နားကိုပင် မယုံနိုင်ပေ။

“ ကျောင်းအုပ်ကျိုး … ခင်များ ဘာပြောလိုက်တယ် … ကျောင်းထွက်ဖို့ လုပ်ရမယ် ဟုတ်လား ….”

ကျိုးယွီလျန် လေးနက်တင်းမာသည့် အမူအရာဖြင့်‌ ခေါင်းညိတ်လိုက်သည်။

“ ဖုန်းအရင်ဆက်ပြီး မင်းတို့အိမ်တွေကို အသိပေးလိုက် … ပညာရေးရုံးကနေ မင်းတို့ရဲ့ ဖိုင်တွေ နှုတ်ဖို့ကိုတော့ ငါပဲ လုပ်လိုက်မယ် ….”

“ အကောင်းသားကြီးကို ကျွန်တော်တို့နှစ်ယောက်က ဘာလို့ ကျောင်းထွက်ရမှာလဲ …”

“ ဘာလို့ဆို မင်းတို့က မစော်ကားသင့်တဲ့ လူကိုမှ သွားပြီး စော်ကားမိခဲ့လို့ပဲ ….” ကျိုးယွီလျန်က အေးစက်စွာ ဆိုလိုက်ပြီး “ အချိန်မဖြုန်းနဲ့ …. ငါ ခဏနေ အစည်းအဝေးတက်စရာရှိသေးတယ် …”

ကျိုးယွီလျန်၏ စိတ်လက်မရှည်သည့် အမူအရာကို မြင်တော့ နှစ်ဦးမှာ ဤကိစ္စကို ချောချောမွေ့မွေ့ ဖြေရှင်း၍ မရတော့ကြောင်း သတိထားမိလာသည်။

လီစစ်ကျယ် ဖုန်းထုတ်ပြီး သူ့အဖေထံ ဖုန်းခေါ်လိုက်သည်။

“ အဖေ .. အလုပ်များနေလား … ဒီမှာ ပြဿနာ တက်သွားပြီ …”

“ ဘာပြဿနာလဲ ….”

“ ကျောင်းအုပ်ကျိုးက သားကို ကျောင်းထုတ်ချင်နေလို့ …..” လီစစ်ကျယ် စိုးရိမ်တကြီးဖြင့် ရှင်းပြလိုက်ပြီး “ အဲ့တာ အဖေ အမြန် ဒီလာခဲ့တာ ကောင်းလိမ့်မယ် ….”

“ မင်းကို ကျောင်းထုတ်မယ် ဟုတ်လား … ဘာတွေ ဖြစ်ခဲ့တာလဲ ….”

“ ဘာတွေဖြစ်နေမှန်း သားလည်း မသိဘူး … ဒီတိုင်း သားကို ကျောင်းထွက်တော့လို့ ပြောလာတာပဲ ….”

“ အဲ့မှာစောင့်နေ… အ‌ဖေ အခုချက်ချင်း ကျောင်းအုပ်ကျိုးဆီ ဖုန်းခေါ်ကြည့်မယ် ….”

“ သူ သားဘေးနားမှာပဲ ရှိတယ် … အဖေ ပြောတာတွေလည်း သူကြားတယ် …”

လီစစ်ကျယ်က စပီကာခလုတ်ကို ဖွင့်လိုက်၏။

“ ကျောင်းအုပ်ကျိုး … ဘာပြဿနာရှိလို့ ကျုပ်သားကို ကျောင်းထုတ်ရမှာ ….” လီစစ်ကျယ်၏ ဖခင်က အတန်ငယ် တင်းမာနေသည့် လေသံဖြင့် မေးမြန်းလာခဲ့သည်။

“ တကယ်လို့ တစ်ခုခု စိတ်မချမ်းမြေ့စရာ ကိစ္စတွေ ရှိခဲ့တယ်ဆိုလည်း ကျုပ်ဘက်က လျော်ပေးနိုင်ပါတယ်…. ဒါပေမယ့် သူ့ကို ကျောင်းထုတ်မယ်ဆိုရင်တော့ ကျုပ်သားရဲ့ အနာဂတ်အတွက် အဆင်မပြေဖြစ်သွားနိုင်တယ် ….”

“ သူ ပြဿနာ ရှာနေလို့တော့ မဟုတ်ဘူး … ဒီတိုင်း မစော်ကားသင့်တဲ့လူကို သွားစော်ကားခဲ့မိတာကြောင့်ပဲ …” ကျိုးယွီလျန် ပြောလိုက်သည်။

“ ကျိုးဟိုင်က လင်းရီ … ဘယ်သူလဲ ခင်များလည်း သိပါတယ် … သူက ခင်များရဲ့သားကို ကိုင်တွယ်ချင်နေတာ ၊ ကျုပ် မဟုတ်ဘူး ….”

“ လင်း၇◌ီ ….”

ဖုန်းတစ်ဖက်ခြမ်းတွင် အသံတိတ်ဆိတ်သွားခဲ့ပြီး အချိန်အတော်ကြာပြီးနောက်တွင်မှ စကားသံ ပြန်ထွက်လာသည်။

“ ငါ့သား … မင်း အထုပ်အပိုးတွေ ပြင်ပြီး အိမ်ပြန်လာခဲ့လိုက် … အဖေ နောက်မှပဲ မင်းကို ကျောင်းထွက်ဖို့ လာလုပ်ပေးမယ် ….”

“ ဗျာ ….”

လီစစ်ကျယ်၏ အမူအရာမှာ တစ်ဖန်အေးခဲသွားခဲ့ပြန်သည်။

“ အဖေ ဘာတွေ ပြောနေတာ …. ကျွန်တော့်ကို ကျောင်းထုတ်မယ် ဟုတ်လား …..”

“ ဒီကိစ္စ ဆက်ပြောစရာအကြောင်း မရှိဘူး … အဖေတို့ မိသားစုက အဲ့လူကို ပြစ်မှားလို့ မရဘူး … သူသာ ဆန္ဒရှိရင် အဖေတို့ မိသားစု တစ်လအတွင်း ဒေဝါလီ ခံလိုက်ရနိုင်တယ် … ဒီတော့ အချိန်မဖြုန်းဘဲ အထုပ်အပိုးတွေ အမြန်ပြင်တော့ …”

ဂွက် …

လီစစ်ကျယ်၏ ဖုန်းက ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့ပြီး လိပ်ပြာ အနှုတ်ခံလိုက်ရသည့်နှယ် ငူငူငိုင်ငိုင်ကြီး ဖြစ်သွားခဲ့တော့သည်။

*****

လက်ချာဟောခန်းမထဲ၌။

နှစ်နာရီကြာပြီးနောက် လက်ချာဟောပြောမှုကလည်း နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။

သို့သော် လီချူးဟန်ကတော့ မထွက်သွားနိုင်သေးပေ။ ကျောင်းသား အများအပြားက သူမအနားဝိုင်းရံနေကြပြီး သူတို့ နားမလည်လိုက်သည့် မေးခွန်းများကို မေးမြန်းနေကြသည်။ အချို့ကလည်း သူမနှင့်အတူ ဓာတ်ပုံရိုက်ချင်နေကြ၏။

လီချူးဟန်မှာ စိတ်ရှည်မှုအပြည့်ဖြင့် ၎င်းတို့ တောင်းဆိုမှုတိုင်းကို ဖြည့်ဆည်းပေးနေသည်။

နာရီဝက်နီးပါးခန့် ကြာပြီးနောက် ကျောင်းသားများအားလုံး တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြပြီး … လင်းရီလည်း နောက်ဆုံးတော့ လီချူးဟန်အနား ကပ်ခွင့် ရလေပြီ။

“ နင် လာမယ်ဆိုလည်း ငါ့ကို ဘာလို့ ကြိုမပြောတာ … မဟုတ်မှလွဲရော နင် ငါ့ကို စင်ပေါ်မှာ ကိုယ့်ကိုယ်ကို အရူးမကြီး လုပ်နေတာကို မြင်ချင်နေတာတော့ မဟုတ်ပါဘူးနော် ….”

“ ကြိုပြောလိုက်ရင် ပျော်ဖို့ ဘယ်ကောင်းတော့မှာ ….” လင်းရီ ပြုံးလျက် ဆိုလိုက်သည်။ “ နောက်ပြီး နှလုံးခွဲစိတ်မှု နယ်ပယ်ထဲမှာ ဘယ်သူကများ ဒါရိုက်တာလီကို လှောင်ပြောင်ဝံ့တဲ့ သတ္တိရှိမှာ ….”

လီချူးဟန် ညင်သာစွာ ပြုံးလိုက်၏။

သူမ၏ မျက်ဝန်းများထဲ လရောင်များကို သိုဝှက်ထားဟန် ရွှန်းလဲ့တောက်ပနေသည်။

“ မင်း ဒီည ဘာလုပ်ဖို့ စီစဉ်ထားလဲ …” လင်းရီ မေးမြန်းလိုက်၏။

“ ဆေးရုံက ငါ့ကို ခွင့်တစ်ရက်ပေးထားတယ်လေ …” လီချူးဟန် ပြုံးလျက် ဆိုလိုက်ပြီး “ လက်ချာ လာဟောပေးတဲ့ အလဲအလှယ် အနေနဲ့ပေါ့ ….”

ယခုလို အချိန်ပေးပြီး လက်ချာဟောပေးရမည့် ကိစ္စက သာမန်ဆရာဝန်များပင် လာဖို့ရာ လက်တွန့်တက်ကြသည်။ အထူးသဖြင့် အချိန်က ရွှေနှင့်စပ်ပြီး အဖိုးတန်လှသည့် လီချူးဟန်လို ထူးခြားသည့် တစ်စုံတစ်ယောက်ဆိုလျှင်တော့ ပြောနေစရာတောင် မလိုချေ။

ထို့ကြောင့် ဆေးရုံဘက်က အကျိုးအမြတ် အနည်းငယ်တော့ ကတိပေးရ၏။

မဟုတ်ဘူးဆိုပါကလည်း မည်သူကမျှ ယခုလို အလုပ်မျိုးကို စိတ်အပင်ပန်းခံပြီး ပြုလုပ်နိုင်မှာ မဟုတ်ချေ။

“ ဒါဆို စူပါမားကတ်သွားပြီး ဟင်းချက်စရာတွေ ဝယ်မယ် … အိမ်မှာ ဟင်းချက်ကြမယ် .. ပြီးရင် ဇာတ်ကားကြည့်ကြမလား …”

“ နင့် စိတ်သဘောရှိ … ငါတော့ ဘာပဲ ဖြစ်ဖြစ် အဆင်ပြေတယ် ….”

“ ငါပြောတာချည်းပဲလို့တော့ မပြောနဲ့လေ … မင်းမှာ တွေးထားတာရှိရင်လည်း ပြောဦးမှပေါ့ ….”

“ ဒါဆိုလည်း အရင်ဆုံး စူပါမားကတ်မှာ ဈေးသွားဝယ်ကြတာပေါ့ … ပြီးရင် အိမ်ပြန် ဟင်းချက်ပြီး ဇာတ်ကားကြည့်ကြမယ် …” လီချူးဟန်က လင်းရီ၏ အစီအစဉ်ကို ပြန်ရွတ်ပြသွားခဲ့၏။

လင်းရီမှာ အူတွေအသည်းတွေ ယားသွားပြီး လီချူးဟန်၏ မျက်နှာကို ဆွဲညှစ်ကာ တစ်ချက် မွှေးကြူလိုက်သည်။

“ ဒါဆိုလည်း မင်းလေး စိတ်တိုင်းကျပေါ့ ….”

အနည်းငယ် ပြင်ဆင်ပြီးနောက် နှစ်ယောက်မှာ ဟောခန်းထဲက ထွက်လာခဲ့ကြသည်။

လက်ချာ မစတင်မီ ဖြစ်ပွားခဲ့သည့် ကိစ္စသေးသေးလေး အကြောင်းကိုတော့ လီချူးဟန် မေးမြန်းမနေချေ။

အကြောင်းကတော့ မလိုအပ်ဟု သူမခံစားရသောကြောင့်ပင်။

လင်းရီ ကိုင်တွယ်နိုင်သရွေ့ အဆင်ပြေသည်။

ကျောင်းမှ ထွက်ခွာလာခဲ့ပြီးနောက် နှစ်ဦးမှာ စူပါမားကတ်သို့ မောင်းထွက်လာခဲ့ကြသည်။

လီချူးဟန်က လင်းရီနှင့် လက်မောင်းချင်းချိတ်ပြီး ဟင်းသီးဟင်းရွက် အမျိုးမျိုးကို လိုက်လံ ကြည့်ရှုနေသည်။ တစ်ခုချင်းစီတိုင်းကိုလည်း လိုက်လံနှိုင်းယှဉ်ကြည့်နေပြီး ပစ္စည်းတစ်ခုဝယ်ဖို့ကို အချိန်အတော် ပေးနေရ၏။

သူမ၏ ချွေတာသုံးစွဲတတ်သည့် အကျင့်လေးက နှစ်တွေကြာသည့်တိုင် မပြောင်းမလဲ ကျန်ရှိနေသည်။

ဈေးဝယ်ထွက်ပြီးနောက် လင်းရီတို့နှစ်ဦးလည်း ကားဖြင့် လီချူးဟန်၏ အိမ်သို့ ပြန်လာခဲ့ကြသည်။

ညစာကိုတော့ လင်းရီက ချက်ပြုတ်ပြီး လီချူးဟန်ကတော့ ဘေးမှ လိုက်လံသန့်ရှင်းရေးလုပ်သည့် တာဝန်ကို ယူထားသည်။

နှစ်ဦးမှာ အပေးအယူမျှမျှနှင့် ကိုယ်စီ တာဝန်များကို ထမ်းဆောင်နေကြလေသည်။

“ ငါ အပြင်ထွက်ပြီး ဇာတ်ကား မကြည့်ချင်တော့ဘူးပေါ့ ….”

ညစာ စားပြီးနောက် လီချူးဟန် ပြောလိုက်၏။

“ ဒါဆို ဘာလုပ်ချင်လဲ ….”

“ အိမ်မှာပဲ ကြည့်ကြမယ်လေ … အပြင်မထွက်ဘဲနဲ့ …..”

“ ရတာပဲ … ဘာပဲဆိုဆို တီဗွီကလည်း အတော်ကြီးတာပဲဟာ ….”

သူတို့အဖို့ ရုပ်ရှင်ကြည့်သည် ဆိုသည်က အချိန်ဖြုန်းဖို့ ဖြစ်ပြီး မည်သည့်သိသာထင်ရှားသည့် အရေးပါမှုမျှ ရှိမနေပေ။ ဘယ်နေရာမှာပဲ ကြည့်ရကြည့်ရ ၊ ကိစ္စမရှိပေ။

ညစာ စားပြီးနောက် နှစ်ဦးမှာ ဇာတ်ကားတစ်ကားကို သာမန်လျှံကာ ရွေးချယ်လိုက်ကြ၏။

လင်းရီက ဆိုဖာပေါ် ထိုင်နေပြီး လီချူးဟန်ကတော့ လင်းရီ၏ ရင်ခွင်ထဲတွင် ခေါင်းမှီရင်း တီဗွီကြည့်နေသည်။

လီချူးဟန်နှင့် အတူ ရှိသည့် အချိန်တိုင်း အမြဲဒီတိုင်းပင်။

အချစ်ဇာတ်လမ်းများထဲကလို ရင်ဖိုစိတ်လှုပ်ရှားစရာ အတက်အကျများကို ကြုံတွေ့ရခဲသည်။

သူမ၏ နူးညံ့သိမ်မွေ့မှုက …

ည၏ လေပြေညှင်းလို …

နွေးထွေးသည့် နွေရောင်ခြည်လို …

မမြင်ရ …

ထိတွေ့လို့လည်း မရ …

သို့တိုင် … တစ်ဦးတစ်ယောက်က သေချာအာရုံစိုက်ပြီး ဂရုတစိုက် ခံစားကြည့်မည်ဆိုလျှင်တော့ သူမ၏ တည်ရှိနေမှုကို ခံစားသိရှိနိုင်သည်။

နောက်ပြီး ဤသည်ကပဲ လင်းရီအတွက် လီချူးဟန်ကို အယုံကြည်ရဆုံး ဖြစ်နေစေရသည့် အကြောင်းအရင်းပင်။

All Chapters