← Chapters

နတ်ဘုရားရီ

Vol. 181 Ch. 2582

နတ်ဘုရားရီ

Vol. 181 Ch. 2582

ယခင်က အဆင့်မြင့်ဘုံကိုးဘုံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော လေဟာဘုံအတွင်းမှ အရင်းအမြစ်များက လုပ်ယက်ခံလိုက်ရပြီး ဖြစ်သည်။ အရာအားလုံးက ဗြောင်းဆန်သွားခဲ့ပြီ ဖြစ်၏။

မှော်နက်လောက၊ နတ္ထိဘုံနှင့် ကောင်းကင်ဒေသမှ အင်အားစုများက အဆင့်မြင့်ဘုံကိုးဘုံ၏ နယ်မြေများကို ထောက်ထားညှာတာခြင်း မရှိခဲ့ပေ။

တစ်ချိန်က အဆင့်မြင့်ဘုံကိုးဘုံ၏ နယ်မြေများ လုယက်ခံလိုက်ရပြီး ဆယ်စုနှစ်အနည်းငယ် ကြာပြီးနောက် လောကအတွင်း အဓိကအင်အားစုများအားလုံးသည် မူလဘုံ၌ ထွက်ပေါ်လာသည့် ကုန်းမြေအသစ်များနှင့် အမွေအနှစ်များကို စတင်အာရုံစိုက်လာကြ၏။ တဖြေးဖြေး သူတို့က အပြင်ဘက်သို့ ရွှေ့ပြောင်းသွားခဲ့ကြပြီး အဆင့်မြင့်ဘုံကိုးဘုံမှ နယ်မြေများ၏ ယခင် ခမ်းနားထည်ဝါခဲ့မှုများက ယနေ့တွင် စွန့်ပစ်မြေကဲ့သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်သည် ထျန်းယန်မြို့အရှင်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးနောက် စီဝေ့ကြယ်ကမ္ဘာသို့ ပြောင်းရွှေ့ခဲ့ရကာ ကောင်းကင်အာဏာစက်ဘုံနှင့် ကောင်းကင်အာဏာစက်မြို့တို့က ပျက်စီးဆုံးရှုံးမှုမှ ပြေးမလွတ်ခဲ့ပေ။ ယနေ့ ကောင်းကင်အာဏာစက်မြို့၌ အစွမ်းထက်ကျင့်ကြံသူများစွာ မရှိတော့ဘဲ ကျင့်ကြံခြင်းအရင်းအမြစ်များလည်း လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။ ထူးချွန်သည့် အရည်အချင်းများနှင့် လူငယ်များ ရှိလျှင်ပင် သူတို့၏ ပြည့်ဝသော အလားအလာတို့ ဖွံ့ဖြိုးလာရန် လိုအပ်သည့် အရင်းအမြစ်တို့ ရရှိလိမ့်မည် မဟုတ်ပေ။

ယခင် ကောင်းကင်အာဏာစက်ကျောင်းတော် တည်ရှိရာနေရာ၌ အပျက်အစီးများသာ ကျန်ရှိပေသည်။ လူအများသည် တစ်ချိန်က ကောင်းကင်အာဏာစက်ကျောင်းတော်၏ ခမ်းနားထည်ဝါမှုများကို လွမ်းဆွတ်ခြင်းအထိမ်းအမှတ်နှင့် ထိုနေရာသို့ မကြာခဏ လာရောက်တတ်ကြသည်။ ယခင်က ကောင်းကင်အာဏာစက်ကျောင်းတော်သည် ဘုံကိုးဘုံကို အုပ်စိုးခဲ့ပြီး ရီဖူရှင်းကလည်း မူလဘုံ၏ ဘုရင်အဖြစ် ကျော်ကြားခဲ့သည်။ တစ်ချိန်က ကောင်းကင်အာဏာစက်ကျောင်းတော်က မည်မျှ အာဏာကြီးခဲ့သနည်း။ သို့ပေမယ့် ယခုကဲ့သို့ အခြေအနေ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။

ယနေ့ထိပင် လူအများက အပျက်အစီးများအဖြစ် ကျန်ရစ်ခဲ့သည့် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ကြည့်ကာ အတိတ်ကို လွမ်းဆွတ်တသဖြစ်နေကြသည်။

ထိုအချိန်တွင် အပျက်အစီးများအတွင်း လူတစ်စု ထွက်ပေါ်လာသည်။ သူတို့က ထိုနေရာအတွင်း တစ်စုံတစ်ခုလုပ်ရန် အလုပ်ရှုပ်နေကြပုံပေါ်သည်။

အပျက်အစီးများအနီးဝန်းကျင်တွင် လူတချို့က ဟိုနေရာဒီနေရာ၌ ပြန့်ကျဲနေသည်။ ၎င်းတို့ထဲမှ တစ်နေရာတွင် အဘိုးအိုတစ်ယောက်နှင့် ကောင်လေးတစ်ယောက် ရှိနေသည်။ အဘိုးအိုက အသက်ငါးဆယ်ကျော်ခန့်ရှိကာ ကောင်လေးက ဆယ့်ငါးဆယ့်ခြောက်ခန့်သာ ရှိပုံရပြီး ကလေးအသွင်အပြင် ရှိနေဆဲ ဖြစ်သည်။

“မြေးလေး အဘိုး မင်းကို ပြချင်ခဲ့တဲ့နေရာက ဒီနေရာပဲ။”

အဘိုးအိုက လူငယ်လေး၏ ခေါင်းကို ထိကာ အပြုံးနှင့် ပြောလိုက်သည်။

“အဘိုး ဒါက အပျက်အစီးတွေဘဲ မဟုတ်ဘူးလား။ ဘာလို့ ဒီကို လာရတာလဲ။”

လူငယ်လေးက ခေါင်းကို ​မော့လိုက်သည်။ သူ၏ ဖြူစင်ရိုးသားသော မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်မှု၊ သိချင်စိတ်ပြင်းပြမှုတို့ဖြင့် ပြည့်နှက်နေသည်။

“အင်း.. ဒါက အခု အပျက်အစီးတွေ ဖြစ်နေပေမယ့် ​မြေး မမွေးခင် အဘိုး ငယ်ငယ်က ဒီနေရာဟာ လောကအတွင်း အခမ်းနားဆုံး သန့်စင်မြင့်မြတ်နယ်မြေတစ်ခု ဖြစ်ခဲ့တာ။”

အဘိုးအိုက အပျက်အစီးများကို ကြည့်ရင်း လွမ်းဆွတ်တသဖြစ်ကာ ပြောလိုက်သည်။ သူက ထိုခမ်းနားထည်ဝါသော နေ့ရက်များကို သတိရနေပုံရသည်။

သူတို့သည် ယခင်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို မည်မျှ လွမ်းဆွတ်နေရသနည်း။

“လောကအတွင်း အခမ်းနားဆုံးသန့်စင်မြင့်မြတ်နယ်မြေတဲ့လား။”

ကောင်လေးက အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ သူ သိသည့် ကောင်းကင်အာဏာစက်ဘုံက ပရမ်းပတာဖြစ်နေသော လောကတစ်ခုဖြစ်သည်။ သူ မမွေးဖွားခင်က ကောင်းကင်အာဏာစက်ဘုံက မည်သို့သော နေရာမျိုးဖြစ်ကြောင်း သူ မသိရှိပေ။ အဆုံးမှာတော့ ကောင်းကင်အာဏာစက်ကျောင်းတော် ထင်ရှားကျော်ကြားခဲ့သည့် အချိန်က လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ခြောက်ဆယ်ကျော်ခန့်က ဖြစ်လေသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ကောင်းကင်အာဏာစက်ဘုံတို့က သမိုင်းထဲ၌သာ တည်ရှိပေတော့သည်။

“ပြန်စဥ်းစားကြည့်ရင် သူက လောကတစ်ခွင် သင်ကြားပို့ချပေးဖို့အတွက် ကောင်းကင်အာဏာစက်ကျောင်းတော်ကို တည်ထောင်ခဲ့ပြီး ကောင်းကင်အာဏာစက်ဘုံရဲ့ အခမ်းနားဆုံးခေတ်ကို ယူဆောင်လာခဲ့တယ်။ ဒါပေမယ့် မုန်းစရာကောင်းတဲ့ ပြင်ပအင်အားစုတွေက ကျုးကျော်လာပြီး ကောင််းကင်အာဏာစက်ဘုံကို ဖျက်ဆီးခဲ့ကြတာကြောင့် သူက ရွေးချယ်စရာမရှိဘဲ ထွက်သွားခဲ့ရတယ်။ အခု သူ သေလားရှင်လား ဘယ်သူမှ မသိဘူး။”

အဘိုးအိုက အပျက်အစီးများကို ကြည့်နေပြီး ပြင်းထန်သည့် ခံစားချက်များနှင့် ပြည့်​နေပုံရ၏။ တစ်ချိန်က သူသည်လည်း ထိုကျောင်းတော်အတွင်း သာမန်အဖြစ်ဆုံး တပည့်တစ်ဦးသာ ဖြစ်သော်လည်း ကျောင်းတော်သားတစ်ဦးဖြစ်ခဲ့ဖူးသည်။

သို့သော် သူက ကြီးမြတ်သော တစ်စုံတစ်ရာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ရသည့်အတွက် ဂုဏ်ယူနေခဲ့သည်။ မည်သည့်အချိန် မည်သည့်နေရာ၌ဖြစ်စေ သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ တပည့်တစ်ယောက်ဖြစ်ကြောင်း အခြားသူများကို ပြောသည့်အခါ ခေါင်းမော့ရင်ကော့နိုင်ခဲ့သည်။

“အဘိုးပြောတာ နတ်ဘုရားရီလား။”

ကောင်လေးက တွေးတွေးဆဆနှင့် နာမည်တစ်ခုကို ရေရွတ်လို​က်သည်။

“အဲဒါမှန်တယ်။ သူက မင်းတို့ ကလေးတွေ ပြောနေကြတဲ့ နတ်ဘုရားရီဆိုတာပဲ။”

အဘိုးအိုက အပြုံးနှင့်ပြောလိုက်သည်။”ကောင်းကင်အာဏာစက်ဘုံအတွင်းမှာ သူက တကယ့်ကို နတ်ဘုရားတစ်ပါးပဲ။”

ကောင်လေး၏ မျက်နှာပေါ်တွင် မတူညီသော အလင်းရောင်တို့ တောက်ပလာခဲ့သည်။ ကောင်းကင်အာဏာစ​က်ဘုံ၏ လူငယ်မျိုးဆက်များကြားတွင် လူအများက ‘နတ်ဘုရားရီ’ အဖြစ် ရည်ညွှန်းသော ကျော်ကြားသည့် ပုဂ္ဂိုလ်မှာ ဒဏ္ဍာရီအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

“အဘိုး အခု နတ်ဘုရားရီ ဘယ်လိုနေလဲ။”

ကောင်လေးက မေးလိုက်၏။

“နတ်ဘုရားရီက အဝေးကို ထွက်သွားခဲ့ပြီး အဘိုးတောင် သူ ဘာတွေဖြစ်နေလဲ သေချာမသိဘူး။”

အဘိုးအိုက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူသည် တစ်ချိန်က ကောင်းကင်ဒေသ အထက်ဘုံမှ အင်အားစုများအားလုံးက သူတို့အား ဝန်းရံ၍ ဖိနှိိပ်တိုက်ခိုက်ခဲ့သော မြင်ကွင်းကို သူ၏ ကိုယ်ပိုင်မျက်လုံးများနှင့် မြင်တွေ့ခဲ့ရသည်။ ကောင်းကင်ဒေသကို အုပ်စိုးသော ဒွန်ဟောင်အင်ပါယာနန်းတော်သည်ပင် သူတို့နှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ခဲ့သောကြောင့် ရီဖူရှင်း လုပ်နိုင်သည့်အရာ အများကြီးမရှိခဲ့ပေ။

သူတို့ခေတ်အခါမှ ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ယောက်က ကောင်းကင်အာဏာစက်ဘုံမှ အတင်းအကျပ် နှင်ထုတ်ခံလိုက်ရပေသည်။

“သူ ပြန်လာမှာလား။”

ကောင်လေးက မေးလိုက်သည်။

“မဖြစ်နိုင်လောက်ဘူး။ ပြန်မလာလောက်ဘူး ထင်တယ်။”

အဘိုးအိုက နှလုံးသားထဲ၌ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။

“စီနီယာ ခင်ဗျား နတ်ဘုရားရီလို့ ခေါ်တဲ့တစ်ယောက်က ဘယ်သူလဲ။”

အသံတစ်ခုက မေးလိုက်သည်။ အဘိုးအိုက ကြည့်လိုက်သည့်အခါ လူငယ်တစ်စု ချဥ်းကပ်လာသည်ကို မြင်လိုက်ရသည်။ သူတို့၏ အရှိန်အဝါက ခမ်းနားထည်ဝါလှသည်။ အဘိုးအိုသည် အကြည့်တစ်ချက်နှင့်ပင် ထိုလူငယ်လေးယောက်က သာမန်မဟုတ်ကြောင်း ပြောနိုင်ပေသည်။

“နတ်ဘုရားရီဆိုတာ အရင်တုန်းက ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ ကျောင်းအုပ် ရီဖူရှင်းကို ရည်ညွှန်းတာပါ။ ကောင်းကင်အာဏာစက်ဘုံရဲ့ နောက်ပိုင်းမျိုးဆက်တွေက သူ့ကို အဲဒီလိုပဲ ခေါ်ကြတယ်။”

အဘိုးအိုက ပြောလိုက်ပြီးနောက် ထိုလူငယ်လေးများကို မေးလိုက်သည်။

“ဒါနဲ့ မင်းတို့က....”

“အဲဒီလိုလား။”

ခေါင်းဆောင်လာသည့် လူငယ်လေးက သိမ်မွေ့သော အပြုံးကို ဖော်ပြလာရင်း ပြောလိုက်သည်။

“ဖြစ်နိုင်တာက နတ်ဘုရားရီ ပြန်လာပါလိမ့်မယ်။”

အဘိုးအိုက စကားထပ်မပြောခင် အရှေ့မှ ထိုလူငယ်တစ်စုက အဆောက်အဦးများကို ပြန်လည်တည်ဆောက်နေခဲ့သည်။ ထိုမြင်ကွင်းသည် အဘိုးအိုကို မျက်မှောင်ကြုတ်သွားစေခဲ့၏။ သူက ရှေ့သို့ လျှောက်လာပြီး ထိုသူတို့ကို ကြည့်ကာ မေးလိုက်သည်။

“မင်းတို့ ဘာလုပ်နေတာလဲ။”

ဤနေရာက ကောင်းကင်အာဏာစက်ကျောင်းတော်၏ တည်နေရာဟောင်းဖြစ်သော်လည်း ယခုတွင် တစ်စုံတစ်ယောက်က အခြားအဆောက်အဦးများ တည်ဆောက်ချင်နေသည်လား။

“စီနီယာ ကျေးဇူးပြုပြီး စိတ်ရှည်ရှည်ထားပေးပါ။”

သူ့ဘေးမှ လူငယ်က ​ပြောလိုက်သည်။ အဘိုးအိုက ထိုလူငယ်ကို ကြည့်ကာ ထပ်ပြောလိုက်၏။

“မင်းတို့က သာမန်လူတွေမဟုတ်ကြဘူးဆိုတာ ကျုပ် သိတယ်။ ဒါပေမယ့် ဒီနေရာက နတ်ဘုရားရီ တည်ထောင်ခဲ့တဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ နယ်မြေဖြစ်ပြီး ကောင်းကင်အာဏာစက်ဘုံက လူတွေအတွက်လည်း အထွတ်အမြတ်ထားတဲ့ နေရာတစ်ခု ဖြစ်တယ်။ မင်းတို့ အိမ်တော်တစ်ခု တည်ဆောက်ချင်ရင် တခြားနေရာသွားရှာနိုင်တယ်။ ဒီနေရာမှာ တည်ဆောက်မယ်ဆိုရင် ကောင်းကင်အာဏာစက်ဘုံတစ်ခွင်လုံးက လူတွေ ဒေါသထွက်ကုန်ကြမှာစိုးမိတယ်။”

“အဲဒီလိုလား။”

လူငယ်လေးက အပြုံးနှင့် မေးလိုက်သည်။

“နတ်ဘုရားရီက ကောင်းကင်အာဏာစက်ဘုံမှာ အဲဒီလို မြင့်မားတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ထားတာလား။”

“မေးစရာကို မလိုဘူး။”

အဘိုးအို၏ မျက်လုံးများက တည်ငြိမ်လေးနက်နေသည်။

“အဲဒါဆို ဒီနေရာမှာ တည်ဆောက်ရမယ့် အကြောင်းပြချက်က ပိုတောင် ခိုင်မာသွားသေးတယ်။”

လူငယ်လေးက သူ့ရှေ့မှ လူကို ကြည့်ကာ ပြောလိုက်သည်။ အဘိုးအို၏ အမူအရာက ချက်ချင်းပင် စိမ်းသက်သွားကာ ပြောလိုက်သည်။

“မင်းက ဒီနေရာကိုပဲ ရွေးချယ်မှာ သေချာပြီလား။”

“စီနီယာ။”

လူငယ်လေးက အဘိုးအိုဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

“သတိမထားမိဘူးလား။ စီနီယာတို့ရဲ့ နတ်ဘုရားက ပြန်လာပြီလေ။”

လူငယ်လေး၏ စကားလုံးများက အဘိုးအိုကို တုန်ယင်သွားစေသည်။ သူ့မျက်နှာက နီရဲသွား၏။ ကြည့်ရသည်မှာ သူက အလွန်အမင်း စိတ်လှုပ်ရှားနေပုံရပြီး ထိုလူငယ်လေး၏ မျက်လုံးများထဲသို့ စိုက်ကြည့်ကာ မေးလိုက်သည်။

“ငါ့ကို အရူးမလုပ်နဲ့။ မင်း တကယ် ပြောနေတာလား။”

“သူတို့ တည်ဆောက်နေတာ ကောင်းကင်အာဏာစက်ကျောင်းတော်ပါ။”

လူငယ်လေးက အရှေ့သို့ ညွှန်ပြရင်း ပြောလိုက်သည်။ သူက ရီဖူရှင်း၏ တပည့်ဖြစ်သူ ​ဖန်းစွင်ပင် ဖြစ်လေသည်။

အခြားသုံးယောက်မှာ ရှောင်လင်း၊ ထျယ်ထိုနှင့် သော်ယွီတို့ ဖြစ်ကြသည်။

အဘိုးအိုက လက်သီးဆုပ်လိုက်ပြီး အလွန်ပင် စိတ်ခံစားချက်ပြင်းထန်နေသည့် အမူအရာတို့နှင့် အချိန်တချို့ကြာသည်အထိ စကားပင် မပြောနိုင်ခဲ့ပေ။ သူက သူ့မြေးလက်ကို ဆွဲကာ အားကုန်သုံး၍ ပြေးထွက်သွားခဲ့သည်။

ကောင်းကင်အာဏာစက်ဘုံ၏ နတ်ဘုရားက မကြာခင် ပြန်ရောက်လာတော့မည် ဖြစ်သည်။

ရန်ဟောင်အဆင့်မှ ကျင့်ကြံသူများ၏ အဆောက်အဦးတည်ဆောက်မှုနှုန်းမှာ အလွန် လျင်မြန်လှပြီး ရန်ဟောင်များစွာ တစ်ချိန်တည်း လုပ်ဆောင်သည့်အခါ ပို၍ပင် မြန်ဆန်လှပေသည်။ မြင့်မားသည့် အဆောက်အအုံများ ခမ်းနားထည်ဝါသည့် ခန်းမများက မကြာခင်မှာပင် မြေပြင်ထက်၌ အကောင်အထည်ပေါ်လာတော့သည်။ တစ်ရက်အတွင်း ယခင် ကောင်းကင်အာဏာစက်ကျောင်းတော်ဟောင်း တည်နေရာတွင် ခမ်းနားထည်ဝါသည့် အဆောက်အဦးများ ပေါ်ပေါက်လာခဲ့ပေသည်။ ထိုအဆောက်အဦးတို့၏ တည်နေရာက မိုင်ရာချီထိ ကျယ်ပြန့်ပေသည်။

မကြာခင်တွင် ကောင်းကင်အာဏာစက်မြို့မှ လူများက ကောင်းကင်အာဏာစက်ကျောင်းတော် တည်ရှိရာနေရာ၌ စုဝေးလာကြသည်။ သူတို့ရှေ့မှ မြင်တွေ့နေရသည့်အရာအားလုံးက အိပ်မက်ကဲ့သို့ပင် ဖြစ်သည်။

ယနေ့တွင် ရီဖူရှင်း ပြန်ရောက်လာမည့် ကောလာဟလက ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

သို့သော် လူအများက အတော်လေး မယုံမကြည် ဖြစ်နေကြ၏။

ယခင်မျိုးဆက်မှ လူများသည် ယခင်က မည်သည်တို့ ဖြစ်ပျက်ခဲ့သည်ကို သိရှိကြ၏။ သူက အထက်ဘုံမှ အင်အားစုများစွာနှင့် ရန်သူဖြစ်ခဲ့ပြီးနောက်၌ မည်သို့ ပြန်လာနိုင်ပါမည်နည်း။

ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျော်ကြားသော ဇာတ်လမ်းမှာ ယခင်ခေတ်က ဒဏ္ဍာရီသဖွယ်ဖြစ်ပုံရပြီး လူအများ၏ မှတ်ဉာဏ်များထဲတွင်ပင် အနည်းငယ် ဝေဝါးနေခဲ့ပြီဖြစ်သည်။ သို့သော် ထိုခေတ်အခါသည် ကောင်းကင်အာဏာစက်ဘုံ၏ သမိုင်းတွင် အခမ်းနားဆုံးခေတ်ပင် ဖြစ်သည်။

“ဒီလူတွေက ကျင့်ကြံခြင်းမှာ အရမ်းအားကောင်းတယ်။ သူတို့က ဘယ်သူတွေဖြစ်မလဲ။”

တစ်စုံတစ်ယောက်က အဆောက်အဦးသစ်များ တည်ဆောက်ရင်း အလုပ်များနေသည့် ကျင့်ကြံသူများကို ကြည့်လိုက်ပြီး ထိုသူများအားလုံးက ရန်ဟောင်ကျင့်ကြံသူများ ဖြစ်သည်ကို သတိပြုမ်လိုက်ကြသည်။

“စောင့်ကြည့်တာပေါ့။ မကြာခင် သိရပါလိမ့်မယ်။”

ကောင်းကင်အာဏာစက်မြို့မှ ကျင့်ကြံသူများစွာက အပြင်ဘက်တွင် ရပ်ကာ စောင့်ကြည့်နေကြသည်။ ဤရက်များတွင် ပို၍ ခမ်းနားထည်ဝါသော အဆောက်အအုံများ ပေါ်ထွက်လာပြီး ယခင်က ကောင်းကင်အာဏာစက်ကျောင်းတော်၏ အရွယ်အစားထက်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ထိုကျင့်ကြံသူများထဲက မည်သူမှ ရပ်တန့်မည့်ပုံမပေါ်သေးပေ။

လေဟာနယ်ခရီးသွားဝင်္ကပါအား တည်ဆောက်နေသည့် အထွတ်အထိပ်ရန်ဟောင်ပင် ရှိနေပေသည်။

တဖြေးဖြေးနှင့် ကောင်းကင်အာဏာစက်ဘုံ အပြင်ဘက်မှ ကျင့်ကြံသူများသည်လည်း ထိုသတင်းကို ရရှိသွားကာ သူတို့ကိုယ်တိုင် ကြည့်ရှုရန် ရောက်ရှိလာသည်။ ၎င်းတို့ထဲတွင် တူညီသော သတင်းအား လက်ခံရရှိသည့် အခြားဘုံများမှ အင်အားစုများလည်း ပါဝင်ကြသည်။

လတစ်ဝက်ခန့်ကြာပြီးနောက် ကောင်းကင်အာဏာစက်ကျောင်းတော်၏ တည်နေရာဟောင်း အပြင်ဘက်တွင် ကျင့်ကြံသူများစွာ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်၏ နေရာဟောင်းနှင့် မနီးမဝေး ကောင်းကင်ထက်တွင် ကျင့်ကြံသူတစ်စု ထွက်ပေါ်လာပေသည်။ ထိုလူစုသည် အလွန် ပြင်းထန်လှသော အရှိန်အဝါကို ပိုင်ဆိုင်ထားကြပြီး မျက်ခုံးများအား တွန့်ချိုးရင်း ရှေ့သို့ ကြည့်နေကြသည်။

ဦးဆောင်လာသူမှာ ထျန်းရှန်းကျောင်းတော်၏ ကျောင်းအုပ်ဟောင်း ကျန်းအော့ဖြစ်လေသည်။

ယခင်က ရီဖူရှင်း ဘုံကိုးဘုံကို စုစည်းခဲ့သည့်အခါ ကျန်းအော့နှင့် အခြားလူများက သူ့ထံ အညံ့ခံကာ သူ၏ လက်အောက်ခံများ ဖြစ်ခဲ့ကြရသည်။ သို့သော် ကောင်းကင်အာဏာစက်ကျောင်းတော်က အကျဥ်းအကျပ် အန္တရာယ်ထဲကျရောက်ခဲ့သောအခါ ကျန်းအော့သည် သူတို့က အညံ့ခံရန်အတင်းအကျပ် ဖိအားပေးခံခဲ့ရခြင်း ဖြစ်ပြီး သူတို့၏ ဆန္ဒအလျောက် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း မင်းသမီးဒွန်ဟောင်အား ပြောခဲ့သည်။ အဆုံး၌ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို သစ္စာဖောက်ခဲ့ကြ၏။

နောက်ပိုင်းတွင် သူတို့က ဗဟိုအင်ပါယာဘုံသို့ ပြန်ရောက်လာခဲ့ပြီး ရီဖူရှင်းအား ပုန်ကန်ခဲ့သည့် ကျင့်ကြံသူများက မဟာမိတ်ဖွဲ့လိုက်ကြကာ သူတို့၏ ကိုယ်ပိုင်အင်အားစုဖြင့် ဗဟိုအင်ပါယာဘုံကို တဖြေးဖြေး ပြန်လည်တည်ထောင်ခဲ့သည်။ ကောင်းကင်ဒေသမှ အင်အားစုများက ဘုံကိုးဘုံအတွင်း လုယက်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် သူတို့၏ အာရုံစိုက်မှုက အခြားနေရာသို့ ပြောင်းရွှေ့သွားခဲ့သည်။ ကျန်းအော့နှင့် အခြားလူများက ဗဟိုအင်ပါယာဘုံအတွင်းမှ အစွမ်းထက်အင်အားစုများ ဖြစ်လာခဲ့ပြန်သည်။

သို့သော် လတ်တလောတွင် သူတို့သည် တစ်စုံတစ်ယောက်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို ပြန်တည်ဆောက်နေသည်ဟူသော သတင်းကြောင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။

“သူတို့က ဘယ်အင်အားစုက လာခဲ့တာလဲဆိုတာ သွားရှာ။”

ကျန်းအော့က သူ့ဘေးမှ လူကို ပြောလိုက်သည့်အခါ ထျန်းရှန်းကျောင်းတော်မှ ကျင့်ကြံသူက ချက်ချင်းပင် ရှေ့သို့ တက်သွားခဲ့ပြီး ကောင်းကင်အာဏာစက်ကျောင်းတော် ပြန်လည်တည်ဆောက်နေသည့် နေရာ အပြင်ဘက်သို့ ရောက်လာသည်။ သူ့ထံမှ အဆင့်မြင့်ရန်ဟောင်တစ်ပါး၏ အရှိန်အဝါ ထွက်ပေါ်လာပြီး သူက ကျယ်လောင်ရှင်းလင်းသည့် အသံနှင့် မေးလိုက်သည်။

“မင်းတို့ ဘာတွေ ဆောက်နေကြတာလဲ။”

သို့သော် မည်သူကမှ သူ့ကို အာရုံမစိုက်ကြဘဲ ထိုနေရာရှိ ကျင့်ကြံသူတိုင်းက သူတို့၏ ကိုယ်ပိုင်အလုပ်တွင်သာ နစ်မြုပ်နေပုံရသည်။ ထိုသို့ ဗြောင်ကျကျ လျစ်လျူရှုလိုက်ခြင်းက ထိုလူကို မျက်မှောင်ကြုတ်သွားစေသည်။

“တခြားကိစ္စမရှိရင် ကျေးဇူးပြုပြီး လာမရှုပ်ဘဲ နေပေးပါ။”

အတွင်းဘက်မှ ကျင့်ကြံသူတစ်ယောက်က ထိုလူကို ကြည့်ကာ ပြောလိုက်သည်။ သူက ထိုလူကို လုံးဝ ဂရုစိာက်ခြင်း အလျဥ်းမရှိပေ။

တစ်ချိန်တည်းတွင် ပြန်လည်တည်ဆောက်နေသည့် ကျောင်းတော်အတွင်း၌ လေဟာနယ်နတ်အလင်းတစ်ခုက ရုတ်တရက် ကောင်းကင်ကို ဖြတ်သန်းထိုးဖောက်လာသည်။ ၎င်းက လေဟာနယ်ခရီးသွားဝင်္ကပါ အလင်းပင် ဖြစ်လေသည်။

လေဟာနယ်နတ်အလင်းက ကောင်းကင်နှင့် အောက်ဘုံကြားတွင် လမ်းကြောင်းတစ်ခု ပွင့်ဟလာစေပြီး နတ်အလင်းက လေဟာနယ်အတွင်း အလင်းကျောက်တိုင်တစ်ခုအဖြစ် ပေါ်ပေါက်လာသည်။

“ဒါက...”

ကောင်းကင်အာဏာစက်မြို့မှ ကျင့်ကြံသူများ၏ နှလုံးသားတို့က တုန်လှုပ်သွားခဲ့ကြသည်။ ၎င်းက အလွန် ကြောက်မက်ဖွယ်ကောင်းသည့် လေဟာနယ်ခရီးသွားဝင်္ကပါတစ်ခုဖြစ်ပြီး မည်သူရောက်ရှိလာခြင်း ဖြစ်နိုင်သနည်း။

ဘုန်း...

နတ်အလင်းတို့ ကျဆင်းလာပြီး ကောင်းကင်ထက်၌ အစွမ်းထက် ကျင့်ကြံသူတစ်စု ပေါ်ပေါက်လာပေသည်။ ထိုလူများ ထွက်ပေါ်လာသည်နှင့် အပြင်ဘက်မှ စောင့်ကြည့်နေသည့် လူတိုင်း အလိုအလျောက် အသက်ရှုအောင့်ထားလိုက်ကြသည်။ ထိုရန်ဟောင်ကျင့်ကြံသူများထံမှ အလွန် အစွမ်းထက်သည့် အရှိန်အဝါတို့ ထွက်ပေါ်နေပြီး ထိုအဖွဲ့အတွင်း၌ အထွတ်အထိပ် ရန်ဟောင်များစွာ ပါဝင်ပေသည်။

အဝေးတွင်ရှိနေသော ကျန်းအော့က ထိုထွက်ပေါ်လာသည့် လူစုကို မြင်လိုက်ရသည့်အခါ သူ့နှလုံးသားက ရုတ်တရက် တင်းကျပ်သွားလေသည်။ သူက ရင်းနှီးနေသည့် မျက်နှာများကို မြင်တွေ့လိုက်ရသည်။ သူတို့ထဲက အချို့မှာ တစ်ချိန်က သူ့ထက် ကျင့်ကြံဆင့်နိမ့်ကျသည့် ဂျူနီယာလေးများ ဖြစ်ကြသည်။

သောမျိုးနွယ်စုမှ သောကျောက်၊ ရှောင်ကလန်မှ ရှောင်မုယွီ၊ ယွမ်ယန်ကလန်မှ ယွမ်ဟုန် စသည်ဖြင့် ယခင် အတိတ်ကာလ၌ ဘုံကိုးဘုံအတွင်း ကျော်ကြားခဲ့သူများ ဖြစ်ကြသည်။

ပို၍အရေးကြီးသည်မှာ သူတို့၏ အရှိန်အဝါများက အလွန် ကြောက်မက်ဖွယ် ကောင်းနေခြင်းပင် ဖြစ်လေသည်။

နတ်အလင်းတို့က ဆက်လက်ကျဆင်းလာနေပြီး နောက်ထပ် ရင်းနှီးနေသော မျက်နှာများနှင့် ကျင့်ကြံသူတစ်စု ပေါ်ပေါက်လာသည်။ ထိုအဖွဲ့ကြား၌ ဂူတုံးလျှိုသည်ပင် အလွန် သန်မာအားကောင်းသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

ကြောက်မက်ဖွယ် နတ်စွမ်းအားတို့က ကျဆင်းလာပြီး အဆုံးမဲ့ လေဟာနယ်တစ်ခွင်ကို ဖုံးလွှမ်းထားခဲ့သည်။ ထိုမျက်နှာများကို မြင်သောအခါ အပြင်ဘက်၌ ရှိနေသည့် ကျင့်ကြံသူများက ချက်ချင်း စိတ်လှုပ်ရှားလာကြသည်။

သူတို့ အမှန်တကယ် ပြန်ရောက်လာခဲ့ကြပြီလား။

ထိုအချိန်၌ အလွန် တောက်ပသည့် နတ်အလင်းက ကောင်းကင်မှ ကျဆင်းလာကာ အဖြူရောင်ဝတ်စုံ အဖြူရောင်ဆံပင်နှင့် ပုံရိပ်တစ်ခုက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။ သူ ထွက်ပေါ်လာသည်နှင့် ကောင်းကင်အာဏာစက်ဘုံရှိ ယခင်မျိုးဆက်မှ လူများက တောင့်တင်းသွားခဲ့သည်။ သူတို့၏ မျက်လုံးများထဲ၌ ပူနွေးသော မျက်ရည်တို့ ပြည့်နှက်လာ၏။

သူ ပြန်ရောက်လာပြီ ဖြစ်သည်။

ကောင်းကင်အာဏာစက်ဘုံ၏ ဒဏ္ဍာရီပုဂ္ဂိုလ်က ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

သို့သော် ကျန်းအော့နှင့် အခြားလူများက ထိတ်လန့်တုန်လှုပ်ကာ ဖြူဖျော့သွားသည်။ သူတို့၏ ခန္ဓာကိုယ်များသည် အတွင်းပိုင်းထဲမှပင် ကြောက်ရွံ့တုန်လှုပ်နေမှုကို ခံစားမိခဲ့ပေသည်။ သူတို့၏ ရင်ဘတ်အတွင်းမှ နှလုံးသားများက ပြင်းထန်စွာ ခုန်ပေါက်နေခဲ့ကြ၏။

သူတို့သည် ချက်ချင်းပင် လှည့်ကာ ထွက်ပြေးသွားချင်ခဲ့ကြသည်။ လေဟာနယ်အရှိန်အဝါက လှိူင်းထလာပြီး သူတို့သည် ဤနေရာမှ ချက်ချင်း ပျောက်ကွယ်သွားရန်ပင် ဆုတောင်းခဲ့ကြ၏။

သို့သော် သူတို့သည် လူများစွာက သူတို့၏ လမ်းကို ပိတ်ဆို့ထားသည်အား မြင်တွေ့လိုက်ရသည်။ တူညီသည့် အစွမ်းထက်သော လေဟာနယ်အလင်းလွှာက ထိုလေဟာနယ်ကို လွှမ်းခြုံသွားကာ ကျန်းအော့၏ လမ်းအား ပိတ်ဆို့ထားခဲ့လေသည်။

တစ်ချိန်တည်းတွင် ကောင်းကင်ထက်မှ အားကောင်းလှသည့် ဖိအားတစ်ခုကျဆင်းလာပြီး ကျန်းအော့နှင့် အခြားလူများကို လွှမ်းခြုံသွားခဲ့သည်။ ကျန်းအော့သည် သူ့တစ်ကိုယ်လုံးမှ ကြက်သီးများထလာပြီး အသက်ရှုကြပ်သလို ခံစားလိုက်ရသည်။

ထိုအရှိန်အဝါက အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

All Chapters