← Chapters

လက်တုန့်ပြန်ခြင်း

Vol. 181 Ch. 2584

လက်တုန့်ပြန်ခြင်း

Vol. 181 Ch. 2584

ကောင်းကင်ဒေသ၏ အဓိကအင်အားစုများက လွန်ခဲ့သော ဆယ်စုနှစ်များကပင် မူလဘုံသို့ ရောက်ရှိနေခဲ့ကြ၏။ ဘုံကိုးဘုံမှစတင်ကာ နေရာအနှံ့ ဖြန့်ကျက်လာပြီး သူတို့အားလုံးက ကိုယ်ပိုင်အင်အားစုနယ်မြေများပင် ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ဒေသ၏ အားကောင်းလှသော အင်အားစုများအနေနှင့် ရှေးဟောင်းနတ်ဘုရားကလန်များသည်လည်း တူညီစွာပင် လုပ်ဆောင်ခဲ့ကြ၏။

ကောင်းကင်ဒေသ၏ ရှေးဟောင်းနတ်ဘုရားကလန်များမှ အစွမ်းထက်ဆုံး အင်အားစုတစ်ခုဖြစ်သော ထျန်းယန်မြို့သည်လည်း ထိုကဲ့သို့ပင် လုပ်ဆောင်ခဲ့ကြသည်။ သူတို့က မူလဘုံအတွင်း ကြီးမားသည့် နယ်မြေတစ်ခုကို တည်ဆောက်ခဲ့ပြီး ဖြစ်သည်။

ထိုနေရာကို ထျန်းယန်မြို့၏ ထျန်းယန်ကမ္ဘာငယ်လေးဟု ခေါ်ကြ၏။

ကောင်းကင်ဒေသ၏ ထိပ်တန်းလက်နက်ဖန်တီးရာ နေရာတစ်ခုအနေနှင့် ထျန်းယန်မြို့က အချို့သော ကဏ္ဍများတွင် ထူးခြားသာလွန်ပေသည်မှာ ပြောစရာမလိုပေ။ ထျန်းယန်ကမ္ဘာငယ်လေးသည် တစ်ချိန်က မူလဘုံ၏ အတွင်းပိုင်း၌ မျောလွင့်နေခဲ့ဖူးသည်။ ၎င်းကို အလွန်ဖျက်ဆီးနိုင်စွမ်း မြင့်မားသော ပရမ်းပတာဖြစ်နေသည့် စွမ်းအင်လှိုင်းများဖြင့် ဝန်းရံထားခဲ့သည်။

သို့သော် ထျန်းယန်မြို့မှ ကျင့်ကြံသူများက ကြယ်သတ္တုများ ထွက်ရှိသည့်နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုနယ်မြေကို ဖျက်ဆီးခြင်းစွမ်းအင်လှိုင်းများနှင့် ဖုံးကွယ်ထားပြီး နယ်​မြေတစ်ခု တည်ထောင်ခဲ့ပေသည်။ ထျန်းယန်မြို့၏ ကြောက်မက်ဖွယ် စွမ်းအားများနှင့် သူတို့က ထိုနေရာကို ပိတ်ဆို့တားဆီးကာ ချက်ချင်းပင် လက်ရှိ ထျန်းယန်ကမ္ဘာငယ်အဖြစ် ပြန်လည်တည်ဆောက် အုပ်စိုးခဲ့ပေသည်။

ဆယ်စုနှစ်အနည်းငယ်အတွင်း ထျန်းယန်မြို့သည် ထျန်းယန်ကမ္ဘာငယ်ကို တည်ဆောက်ရန် အလွန် များပြားလှသော အရင်းအမြစ်များကို အသုံးပြုခဲ့သည်။ သူတို့သည် တစ်ချိန်က ပျက်စီးနေခဲ့သည့် နေရာကို ခမ်းနားထည်ဝါသည့် နေရာတစ်ခုဖြစ်လာအောင် လုပ်ဆောင်ခဲ့ကြသည်။

ပြင်ပအင်အားစုများ ထျန်းယန်ကမ္ဘာငယ်သို့ကျူးကျော်လာမည်ကို တားဆီးရန် ထျန်းယန်မြို့သည် ထျန်းယန်ကမ္ဘာငယ်၏ အပြင်ဘက်၌ အလွန်အစွမ်းထက်သော ဝင်္ကပါကို ခင်းကျင်းထားကာ အပြင်ဘက်လောကမှ သီးခြားခွဲထုတ်ထားသည်။ ထျန်းယန်မြို့၏ အဓိကအဖွဲ့ဝင်ကျင့်ကြံသူများသာလျှင် ထိုဝင်္ကပါအား ဖွင့်၍ လွတ်လပ်စွာ သွားလာနိုင်ပေသည်။

ထို့ပြင် ထျန်းယန်ကမ္ဘာငယ်အတွင်း မရေတွက်နိုင်သော ကျင့်ကြံသူများစွာ နေထိုင်နေသည်။ သူတို့အားလုံးသည် ထျန်းယန်မြို့မှ ရွှေ့ပြောင်းလာခဲ့သည့် ကျင့်ကြံသူများ ဖြစ်ကြသည်။ အများစုမှာ လက်မှုပညာရှင်များ ဖြစ်ကြ၏။ အချို့က လက်နက်ဖန်တီးပြုလုပ်ရာ၌ပင် ကျွမ်းကျင်ကြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အန​ည်းငယ်အတွင်း သူတို့က ထျန်းယန်ကမ္ဘာငယ်လေးကို ရွှေမြို့တော်အဖြစ် ပြောင်းလဲပစ်ခဲ့ပြီး ဖြစ်သည်။ ရွှေရောင်နတ်အလင်းတို့က ထျန်းယန်ကမ္ဘာငယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထိုကမ္ဘာငယ်၏ မျက်နှာပြင်ဧရိယာက ကြီးမားခြင်းမရှိပေ။ ၎င်းက ကောင်းကင်ဒေသ၏ သေးငယ်သော မြို့လေးတစ်မြို့ထက်ပင် ပို၍ သေးငယ်ပေသည်။

သို့သော် ထိုနေရာအနီးတစ်ဝိုက်တွင် သတ္တုတွင်းထွက်များ ရှိနေသေးသည့် ရှေးဟောင်းကြယ်အချို့လည်း ရှိပေသည်။ ထိုတွင်းထွက်သတ္တုများက သဘာဝအတို​င်းဖြစ်တည်နေပြီး ၎င်းတို့ကိုယ်တိုင် အတိုင်းအဆမရှိ ပြန်လည်ဖြည့်တင်းနိုင်ပေသည်။ ထို့ကြောင့် ထျန်းယန်မြို့မှ အဖွဲ့ဝင်များက ထိုနေရာကို ခိုင်ခိုင်မာမာ ထိန်းချုပ်ထားပြီး ဤတွင်းထွက်များအား မောင်ပိုင်စီးထားကြသည်။ သူတို့က ထျန်းယန်ကမ္ဘာငယ်အား တည်ဆောက်ရာတွင် တွင်းထွက်ပစ္စည်းများစွာကို အသုံးပြုခဲ့ကြသလို လေဟာနယ်ဖြတ်လမ်းကြောင်းဖြင့် ၎င်းတို့ကို ထျန်းယန်မြို့သို့ တင်ပို့ခဲ့ကြသေးသည်။

ထျန်းယန်မြို့က ထျန်းယန်ကမ္ဘာငယ်အတွက် အရေးကြီးသည့်နေရာတွင် ရှိနေခဲ့သည်။ ဤတွင်းထွက်သတ္တုများက ရှားပါးသည့် သတ္တုများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အလွန် အဖိုးတန်ပေသည်။ အခြားအင်အားစုများက ရှေးခေတ်မဟာအင်ပါယာများ၏ အမွေအနှစ်တို့ကို ရှာဖွေရန် တိုက်ခိုက်ရင်း အလုပ်များနေစဥ် ထျန်းယန်မြို့က ဤနေရာအပေါ်၌သာ အာရုံစိုက်ထားခဲ့သည်။

ယခုတွင် ထျန်းယန်ကမ္ဘာငယ်ရှိ ကျင့်ကြံသူများစွာက အလုပ်ရှုပ်နေခဲ့ကြ၏။

တစ်ချိန်တည်းတွင် ထျန်းယန်ကမ္ဘာငယ် အပြင်ဘက်၌ လူတစ်စုပေါ်ပေါက်လာသည်။ ခေါင်းဆောင်မှာ ရီဖူရှင်း ဖြစ်သည်။

ရီဖူရှင်းနှင့် သူ့အဖွဲ့က ရှေ့သို့ ကြည့်လိုက်ကြသည်။ သူတို့က အလင်းလွှာတစ်ခုကို ခပ်ရေးရေးမြင်နိုင်ပေသည်။ ထျန်းယန်ကမ္ဘာငယ်တစ်ခွင်လုံးကို ကြီးမားသည့် ဝင်္ကပါတစ်ခုနှင့် လွှမ်းခြုံထားကာ အပြင်လူများ၏ မြင်ကွင်းမှ ဖုံးကွယ်ထားပေသည်။ ထိုကမ္ဘာငယ်က ဝင်္ကပါအစီအရင်အတွင်း ဖုံးကွယ်ခံထားရသည်။ ထို့ပြင် ဝန်းရံထားသည့် စွမ်းအင်လှိုင်းများက ပြင်းထန်လှပေသည်။ ထို့ကြောင့် ဤကမ္ဘာငယ်ကို ထောက်လှမ်းရန် ခက်ခဲသည်။

“ဒီနေရာကို ရောက်ဖို့ အတော်လေးခက်ခဲတဲ့ ခရီးဖြစ်ခဲ့တာပဲ။”

အင်ပါယာရှီက ရေရွတ်လိုက်သည်။ သူတို့သည် အနောက်ဘက်အင်ပါယာနန်းတော်မှ ရရှိခဲ့သော သဲလွန်စနှင့်ပင် ဤနေရာကို ထောက်လှမ်းရန်အတွက် အချိန်အတော်လေး ယူခဲ့ရပေသည်။ သဲလွန်စမရှိဘဲနှင့်ဆိုလျှင် သူတို့က ဤနေရာသို့ ရောက်ရှိရန်ပင် ပိုမိုခက်ခဲပေလိမ့်မည်။

ထျန်းယန်မြို့က ဤကမ္ဘာငယ်အား ဖုံးကွယ်ထားရန် ကောင်းစွာလုပ်ဆောင်ခဲ့ကြသည်။ သူတို့က ၎င်းကို နက်ရှိုင်းစွာ ဖုံးကွယ်ထားလေ ဤကမ္ဘာငယ်က မည်မျှအရေးကြီးကြောင်း ပို၍ပြသနေလေ ဖြစ်သည်။ ထျန်းယန်မြို့သခင်ရုံးတော်သည် ဤနေရာကို သူတို့အပိုင်အဖြစ် သိမ်းယူရန် ရည်ရွယ်ချက်ရှိကြ၏။ သူတို့သည် ဤနေရာကို အပြည့်အဝထိန်းချုပ်ချင်နေကြပြီး အခြားလူများ ဤနေရာသို့ ခြေချရန်ခွင့်မပြချင်ခဲ့ပေ။

သို့သော် ယခုတွင် ဤနေရာက ရီဖူရှင်းနှင့် သူ့အဖွဲ့၏ ပိုင်နက်ဖြစ်လာပေတော့မည်။

“ဝင်္ကပါအစီအရင်က အရမ်းအစွမ်းထက်တယ်။ ကျုပ် ချိုးဖျက်ကြည့်မယ်။”

မျက်မမြင်ထျယ်က ပြောလိုက်သည်။ ထို့နောက် သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး ချက်ချင်းပင် ကြီးမားသည့် နတ်ဘုရားတစ်ပါး၏ ပုံရိပ်က ကောင်းကင်တွင် ပေါ်ပေါက်လာသည်။ ၎င်းက နတ်ဘုရားတူတစ်လက်ကို ကိုင်ထားပြီး အလွန် ခမ်းနားထည်ဝါလှသည်။

ထိုနတ်ဘုရားပုံရိပ်က နတ်ဘုရားတူက အောက်သို့ ကျဆင်းလာကာ အလင်းလွှာအား ရိုက်ခတ်လိုက်သည်။ ဝင်္ကပါအစီအရင်က ပြင်းထန်စွာ တုန်ခါသွားပြီး ၎င်းအပေါ်၌ အက်ကြောင်းများ ပေါ်ပေါက်လာသည်။ သို့သော် ၎င်းက ပျက်စီးမသွားခဲ့ပေ။

မျက်မမြင်ထျယ်က တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။ နတ်ဘုရားကဲ့သို့ ပုံရိပ်က လက်ထဲမှတူဖြင့် တစ်ဖန် ရိုက်ချလိုက်ပြန်ပေသည်။

မျက်မမြင်ထျယ်က ပထမတစ်ခေါက်တိုက်ခိုက်လိုက်သည့် အချိန်တွင် ထျန်းယန်ကမ္ဘာငယ်တစ်ခွင်လုံးက တုန်ခါသွားခဲ့ပေသည်။ ၎င်းက ကမ္ဘာငယ်အတွင်းရှိ လူတိုင်းကို ကောင်းကင်သို့မော့ကြည့်စေခဲ့ပြီး သူတို့၏ နှလုံးသားများကို တုန်ယင်သွားစေခဲ့သည်။

မည်သည်တို့ဖြစ်ပျက်နေသနည်းဟု သူတို့က သိချင်နေကြသည်။

ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ထျန်းယန်ကမ္ဘာငယ် အပြင်ဘက်မှနေ၍ အကာအကွယ်အစီအရင်ကို တိုက်ခိုက်နေပုံရသည်။

ဘုန်း...

နောက်ထပ် ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်းသည် သူတို့၏ နှလုံးသားများက တုန်ယင်လာသည်အား ခံစားလိုက်ကြရပေသည်။

တစ်စုံတစ်ယောက်က ထျန်းယန်ကမ္ဘာငယ်သို့ ကျူးကျော်လာနေပေသည်။ ရှင်းလင်းစွာပင် သူတို့က မည်သည်တို့ ဖြစ်နေကြောင်း သတိပြုမိခဲ့ကြသည်။ ပုံရိပ်များစွာက ကောင်းကင်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လာခဲ့ကြသည်။ ထျန်းယန်ကမ္ဘာငယ်ပေါ်ရှိ နန်းတော်တစ်ခုမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထွက်ပေါ်လာ၏။  ၎င်းက နတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူ၏ ထူးခြားပြောင်မြောက်လှသော အရှိန်အဝါ ဖြစ်လေသည်။

ထိုကျင့်ကြံသူက ရှေ့သို့ တက်လာပြီး ကောင်းကင်သို့ ကြည့်လိုက်သည်။ နောက်ထပ်ပြင်းထန်သော တုန်ခါသံတစ်ခုကို ကြားလိုက်ရ၏။ ဝင်္ကပါအစီအရင်က အပိုင်းအစများအဖြစ် ပြိုကွဲလာပေသည်။ ပုံရိပ်အနည်းငယ်က ကောင်းကင်ထက်၌ ပေါ်ပေါက်လာသည်။

နတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူ၏ စိတ်ဝိညာဥ်စွမ်းအားက ထျန်းယန်ကမ္ဘာငယ်ကို လွှမ်းခြုံသွားသည်။ သူ၏ စွမ်းအားက ချက်ချင်းပင် ကျယ်ပြောသော လေဟာနယ်ကို ဖုံးလွှမ်းကာ အထက်သို့ ထိုးတက်သွား၏။

သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ၏ ပုံရိပ်က ထျန်းယန်ကမ္ဘာငယ် အထက်တွင် ပေါ်ပေါက်လာသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ကာ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက ချက်ချင်း ထွက်ပေါ်လာပေသည်။ ရွှေရောင်နတ်အလင်းတို့က ကျယ်ပြောသည့် လေဟာနယ်ကို လင်းထိန်သွားစေသည်။ ကောင်းကင်တွင် အစီအရင်ပုံစံတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းက ဝင်္ကပါအစီအရင်တစ်ခုနှင့် ဆင်တူပြီး တည်ရှိနေသောအရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပုံရသည်။

၎င်းက ကောင်းကင်မွမ်းမံခြင်းပညာရပ်၏ ဆင့်ပွားလက်နက်တစ်ခုပင် ဖြစ်သည်။ ယခင်က ထျန်းယန်မဟာအင်ပါယာက ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားပညာရပ်ကို တီထွင်ခဲ့ပြီး ကောင်းကင်မွမ်းမံခြင်းဟု ခေါ်သည့် နတ်ဘုရားလက်နက်တစ်ခုကိုလည်း ဖန်တီးခဲ့သည်။ ထျန်းယန်မြို့မှ သူ၏ မျိုးဆက်များက သူ့ဖန်တီးမှုကို အတုယူကာ ဤကောင်းကင်မွမ်းမံပညာရပ်မှ ဆင့်ပွားလက်နက်ကို ဖန်တီးခဲ့ကြသည်။ ၎င်းက ပြင်းထန်လှသည့် စွမ်းအားတို့နှင့် နတ်ဘုရားကပ်ဘေးဒုတိယအဆင့် နတ်ဘုရားလက်နက်တစ်ခု ဖြစ်သည်။

သို့သော် ကောင်းကင်မွမ်းမံဆင့်ပွားလက်နက်က လေဟာနယ်အတွင်း ရောက်ရှိလာချိန်၌ ပုံရိပ်တစ်ခုက ဝေးကွာလှသည့် အကွာအဝေးကို ဂရုမစိုက်ဘဲ ထျန်းယန်ကမ္ဘာငယ်၏ မြေပေါ်တွင် ပေါ်ပေါက်လာသည်။ သူက ထိုကမ္ဘာငယ်၏ အလယ်ဗဟိုသို့ တည့်မတ်စွာ ဆင်းသက်လာခဲ့သည်။ ထိုနေရာ၌ ထိုကမ္ဘာငယ်နှင့် အခြားနေရာတစ်ခုကို ဆက်သွယ်ထားသည့် လေဟာနယ်နတ်အလင်းတန်းတစ်ခုက ကောင်းကင်တွင် ရှိနေပေသည်။

၎င်းက ထျန်းယန်မြို့မှ ထျန်းယန်ကမ္ဘာငယ်သို့ ဆက်သွယ်ထားသည့် ဖြတ်လမ်းကြောင်းပင် ဖြစ်သည်။

ရီဖူရှင်းက ထိုလမ်းကြောင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ချက်ချင်းပင် လေဟာနယ်က တွန့်လိမ်ကာ ပြိုကျပျက်စီးသွားပေသည်။ ကြောက်မက်ဖွယ်လေဟာနယ်မုန်တိုင်းက ပြင်းထန်စွာ ဖြစ်ပေါ်နေပြီး ဖြတ်လမ်းကြောင်းက ပျက်ယွင်းသွားခဲ့သည်။ ရီဖူရှင်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး ထိုအာကာသဖြတ်လမ်းကြောင်းအား ချက်ချင်း ပျက်စီးသွားစေခဲ့သည်။

သူ၏ ပထမခြေလှမ်းမှာ ထျန်းယန်မြို့နှင့် ဤနေရာကြားမှ ဆက်သွယ်မှုအား ဖြတ်တောက်ရန် ဖြစ်သည်။

လေထဲတွင် ရှိနေသည့် ကျင့်ကြံသူက လျင်မြန်စွာ လှည့်ကြည့်လိုက်ကြသည်။ ထိုအာကာသဖြတ်လမ်းကြောင်း ဖျက်ဆီးခံလိုက်ရသည်ကို မြင်သောအခါ သူ၏ အမူအရာက အလွန် အရုပ်ဆိုးသွားခဲ့ပေသည်။ သူက အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

“ရီဖူရှင်း...”

သူက ရီဖူရှင်းအား မည်သို့ မမှတ်မိဘဲနေပါမည်နည်း။ ကောင်းကင်ဒေသအတွင်း သူ၏ တည်ရှိမှုကို သတိမပြုမိသူက အနည်းငယ်သာ ရှိပေလိမ့်မည်။

သူက ကောင်းကင်သို့ ပြန်လှည့်ကြည့်လိုက်၏။ ကျင့်ကြံသူငါးယောက်က ထိုနေရာ၌ ရပ်နေခဲ့သည်။ ခြွင်းချက်မရှိဘဲ သူတို့အားလုံးက သူ့ကဲ့သို့ နတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။

သူ့မျက်နှာက ဖြူဖျော့သွားခဲ့သည်။ ထိုအဖွဲ့က မည်သို့ဖြစ်၍ ထိုမျှ အစွမ်းထက်နေရပါသနည်း။

စီဝေ့ကြယ်ကမ္ဘာက ထိုမျှ ကြောက်မက်ဖွယ်စွမ်းအားတို့ ရှိသည့် အဖွဲ့တစ်ဖွဲ့ကို မွေးထုတ်ပေးရန် လုံလောက်အောင် လုပ်နိုင်စွမ်းရှိသည်လား။

ဘုန်း...

ကောင်းကင်မွမ်းမံဆင့်ပွားလက်နက်က ကျယ်ပြန့်လာကာ နေမင်းကို ဖုံးကွယ်လိုက်သည်။ ၎င်းက ကျယ်ပြောသော လေဟာနယ်ကို ဖုံးလွှမ်းကာ ထျန်းယန်ကမ္ဘာငယ်အား ကာကွယ်ထားလိုက်သည်။ ကောင်းကင်မွမ်းမံနတ်အလင်းတို့က ကျင့်ကြံသူငါးယောက်ပေါ်သို့ ကျရောက်လာသည်။ တစ်ချိန်တည်းတွင် ထျန်းယန်ကမ္ဘာငယ်၏ ကျင့်ကြံသူက ကောင်းကင်အမြင့်သို့ ပြေးတက်သွားခဲ့ပြီး ကောင်းကင်မွမ်းမံဆင့်ပွားလက်နက်အတွင်းရှိ သူ့ခန္ဓာကိုယ်က နတ်အလင်းတို့ဖြင့် လွှမ်းခြုံခံထားရပေသည်။

ခြိမ်းခြောက်နိုင်သော လေပွေတို့က ကောင်းကင်တွင် ပေါ်ပေါက်လာကာ ၎င်း၏ အနီးရှိ အရာအားလုံးကို ဝါးမြိုရန်ရည်ရွယ်ခဲ့သည်။

ဘုန်း...

“မလုပ်နဲ့။”

နာကျင်သည့်အော်ဟစ်သံများကို ကြားလိုက်ကြရသည်။

ကောင်းကင်မွမ်းမံဆင့်ပွားလက်နက်၏ စွမ်းအားက အလွန် ပြင်းထန်လှပေသည်။ ထျန်းယန်ကမ္ဘာငယ်ပေါ်မှ ကျင့်ကြံသူများက ၎င်း၏ စွမ်းအားကို တောင့်မခံနိုင်ဘဲ ချက်ချင်း ပျော်ကျသွားခဲ့ကြသည်။ သူတို့က အော်ဟစ်ရင်း သေဆုံးသွားကြရပေသည်။ ထိုပညာရပ်က အသုံးပြုသူ၏ မဟာမိတ်များကိုပင် အမှန်တကယ် အရည်ဖျော်ပစ်လိုက်လိမ့်မည် ဖြစ်သည်။

ဘုန်း...

ရီဖူရှင်းက ကောင်းကင်မွမ်းမံဆင့်ပွားလက်နက်၏ အောက်ခြေ၌ တိုက်ရိုက်ပေါ်ပေါက်လာသည်။ သူ့ ခန္ဓာကိုယ်အနီးတွင် ဖျက်ဆီးခြင်းလေပွေမုန်တိုင်းနှင့် ကပ်ဘေးအလင်းတို့က ဝန်းရံရစ်ပတ်လာပြီး သူ့အား အရည်ဖျော်ချပစ်ရန် ရည်ရွယ်နေသည်။ သို့သော် ရီဖူရှင်း၏ အသွေးအသားများက ဖျက်ဆီး၍မရနိုင်အောင် ဖြစ်ပြီး မည်သည့်သက်ရောက်မှုမှ မရှိခဲ့ပေ။

၎င်းသည် ထျန်းယန်မြို့မှ နတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူ၏ မျက်နှာအမူအရာအား ပို၍ပင် အရုပ်ဆိုးသွားစေသည်။ သူက စိတ်ဓာတ်ကျသွားခဲ့သည်။ ရီဖူရှင်းက နတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူငါးယောက်ထက်ပင် ပို၍ အားကောင်းနေသည်လား။

သူက ဤတိုက်ပွဲ၌ အနိုင်ရရန် မျှော်လင့်ချက်မရှိတော့ပေ။ ထို့ပြင် ထျန်းယန်မြို့နှင့် ဆက်သွယ်ထားသည့် လမ်းကြောင်းက ပျက်စီးသွားပြီ ဖြစ်သည်။ သူသည် အကူအညီတောင်းချင်လျှင်ပင် မည်သည့် နည်းလမ်းမှရှိမနေပေ။ သူ့ကို စောင့်ဆိုင်းနေသည်မှာ သေခြင်းတရားသာ ဖြစ်သည်။

…

ကောင်းကင်ဒေသမှ ထျန်းယန်မြို့သခင်ရုံးတော်အတွင်း ပုံရိပ်များစွာက ကောင်းကင်သို့ တစ်ယောက်ပြီးတစ်ယောက် ပျံတက်လာကြသည်။

မြို့သခင်ရုံးတော်တစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်နေခဲ့သည်။ မြို့သခင်ရုံးတော်၏ အလယ်ဗဟိုတွင် လေဟာနယ်မုန်တိုင်းတစ်ခုက ပြင်းထန်စွာ တိုက်ခတ်နေခဲ့၏။ အချိန်နှင့်လေဟာနယ်တို့ ပရမ်းပတာဖြစ်သွားခဲ့သည့်အတွက် မူလဘုံနှင့် ဆက်သွယ်ထားသည့် လေဟာနယ်လမ်းကြောင်းက ဖျက်ဆီးခံလိုက်ရပေသည်။

ဘုန်း...

ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုက ကောင်းကင်တွင် ဖြန့်ကျက်လာပြီး မြို့သခင်ရုံးတော်ကို လွှမ်းခြုံသွားသည်။ ၎င်းက ထျန်းယန်မြို့တစ်ခွင်ကိုပင် ဖုံးလွှမ်းထားသည်။

ထျန်းယန်မြို့သခင်က မြို့သခင်ရုံးတော်၏ ကောင်းကင်ထက်သို့ တက်လာခဲ့သည်။ အားလုံးသော ကျင့်ကြံသူများက မြို့သခင်ကို ကြည့်နေကြပြီး သူတို့၏ နှလုံးသားများက တုန်ယင်နေခဲ့ကြသည်။ သူတို့က မူလဘုံ၌ ရှိနေသော သူတို့၏ နယ်မြေကို တိုက်ခိုက်ခံရကြောင်း သတိပြုမိခဲ့ကြ၏။

သို့သော် မည်သူက ကျူးကျော်ခဲ့ပါသနည်း။

“မြို့သခင် ဘာတွေဖြစ်နေတာလဲ။”

မြို့သခင်ရုံးတော်အတွင်းမှ ကျင့်ကြံသူတစ်ယောက်က နားမလည်နိုင်စွာ မေးလိုက်သည်။ သူတို့က မည်သည်တို့ဖြစ်ပျက်နေသည်ကို လုံးဝနားမလည်ကြပေ။

“ဝမ်ယွီ သေသွားပြီ။”

ထျန်းယန်မြို့သခင်က ကြေညာလိုက်သည်။ သူ့စကားလုံးများက ကျင့်ကြံသူများကို တုန်လှုပ်ချောက်ချားသွားစေသည်။

ဝမ်ယွီမှာ ထျန်းယန်မြို့သခင်၏ ညီငယ်ပင်ဖြစ်သည်။ သူက အစွမ်းထက်သည့်ကျင့်ကြံခြင်းနှင့် မြင့်မားသော အဆင့်အတန်းရှိသည်။ သူက မူလဘုံသို့သွားကာ ထျန်းယန်ကမ္ဘာငယ်ရှိ သတ္တုများကို တူးဖော်ကာ ထျန်းယန်မြို့သို့ ပို့ဆောင်ပေးရန် တာဝန်ယူထားရပေသည်။ ဝမ်ယွီ၏ အဆင့်အတန်းနှင့် စွမ်းရည်က အငြင်းပွားနိုင်ဖွယ်မရှိပေ။

သို့သော် ထျန်းယန်မြို့သခင်က သူ၏ ညီဖြစ်သူ သေဆုံးသွားပြီဟု ကြေညာခဲ့သည်။

ဝမ်ယွီက မူလဘုံ၌ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူက အသတ်ခံခဲ့ရပေသည်။

“ဘယ်သူလုပ်ခဲ့တာလဲ။”

တစ်စုံတစ်ယောက်က မေးလိုက်သည်။ မည်သူက ထိုမျှအတင့်ရဲစွာပြုမူရဲရသနည်း။

မှော်နက်လောက သို့မဟုတ် နတ္ထိဘုံမှ တစ်စုံတစ်ယောက်က ထိုသို့လုပ်ဆောင်ခဲ့သည်လား။

“သူ စီဝေ့ကြယ်ကမ္ဘာက ရီဖူရှင်းရဲ့သတ်ဖြတ်တာကို ခံခဲ့ရတာ။”

ထျန်းယန်မြို့သခင်က ပြောလိုက်သည်။ သူ့အသံက ရေခဲကဲ့သို့ အေးစက်နေခဲ့ပြီး သတ်ဖြတ်လိုစိတ်က ကောင်းကင်တွင် ပြည့်နှက်နေခဲ့၏။

ထိုရင်းနှီးနေသည့် အမည်က ထျန်းယန်မြို့သခင်ရုံးတော်တစ်ခုလုံးကို ခေတ္တမျှ တိတ်ဆိတ်သွားစေခဲ့သည်။

၎င်းက စီဝေ့ကြယ်ကမ္ဘာမှ ရီဖူရှင်း ဖြစ်သည်။

All Chapters