← Chapters

သတ်ဖြတ်မိန့်

Vol. 181 Ch. 2585

သတ်ဖြတ်မိန့်

Vol. 181 Ch. 2585

ကောင်းကင်ဒေသအတွင်း ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုတွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရီဖူရှင်းက စီဝေ့ကြယ်ကမ္ဘာမှ နတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူငါးယောက်ကို ခေါ်ဆောင်လာကာ မူလဘုံအတွင်းရှိ ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခု၏ အ​ခြေစိုက်နေရာများကို အဆက်မပြတ် ကျူးကျော်နေခဲ့သည်။ ရီဖူရှင်းနှင့် သူ့အဖွဲ့က မူလဘုံအတွင်းရှိ ရှေးဟောင်းနတ်ဘုရားကလန်များ၏ ပိုင်ဆိုင်မှုများကို လုယူ၍ သူတို့၏ ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည်။

သူတို့က အကြင်နာကင်းမဲ့ကာ ရက်စက်လှပေသည်။

ထိုသတင်းကို လူအများ သိလာကြသည့်အချိန်၌ မူလဘုံအတွင်းရှိ ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခု၏ အခြေစိုက်စခန်းများက ဖျက်ဆီးခံခဲ့ရပြီး ဖြစ်သည်။ နောက်မှသာ ထိုသတင်းက ကောင်းကင်ဒေသသို့ ရောက်ရှိသွားခဲ့ပြီး ကျင့်ကြံသူများကြားတွင် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့စေသည်။

ကျင့်ကြံသူများအားလုံးက ထိတ်လန့်အံ့သြသွားရင်း သူတို့၏ စိတ်ထဲ၌ အမေးသင်္ကေတများ ထွက်ပေါ်လာသည်။ မည်သည့်အတွက်ကြောင့် မူလဘုံရှိ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု၏ အ​ခြေစိုက်စခန်းများ ဖျက်ဆီးခံရပြီးနောက်မှသာ သတင်းက ရောက်ရှိလာရပါသနည်း။ သတင်းက ချက်ချင်း ပျံ့နှံ့လာခြင်းမရှိဘဲ ရက်အနည်းငယ် နောက်ကျပြီးနောက်မှ ရောက်ရှိလာခဲ့ပေသည်။

ထို့နောက်မှသာ ကောင်းကင်ဒေသမှ လူများသည် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုလုံး တိုက်ခိုက်ခံခဲ့ရပြီး ဖြစ်သည်ကို ရုတ်တရက် သတိပြုမိခဲ့ကြသည်။

ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်နောက်ကွယ်တွင် သံသယဖြစ်စရာ တစ်စုံတစ်ရာ ရှိနေပေသည်။

ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုသည် အချင်းချင်း ဆက်သွယ်ကာ သတင်းစကားပေးပို့နိုင်ကြ၏။ ထျန်းယန်မြို့ရှိ ရှေးဟောင်းနတ်ဘုရားကလန် အရင်ဆုံး တိုက်ခိုက်ခံရပြီးနောက် သူတို့က ကောင်းကင်ဒေသရှိ အခြားသော ရှေးဟောင်းနတ်ဘုရားကလန်များအား ချက်ချင်း သတင်းပေးပို့နိုင်ပေသည်။ သို့သော် သူတို့က ထိုသို့မလုပ်ဆောင်ခဲ့ကြပေ။

ထို့ကြောင့် အခြားသော ရှေးဟောင်းနတ်ဘုရားကလန်များက ပြင်ဆင်ချိန်မရလိုက်ဘဲ ခြုံခိုတိုက်ခိုက်ကာ ဖျက်ဆီးခံလိုက်ရပေသည်။ ကောင်းကင်ဒေသနှင့် မူလဘုံကြား ဆက်သွယ်ထားသည့် ဆက်သွယ်မှုအား ဖြတ်တောက်ပစ်ခံလိုက်ရခြင်းသာ ဖြစ်နိုင်ပေသည်။

မဟုတ်လျှင် ရှေးဟောင်းနတ်ဘုရားကလန်များမှ စစ်ကူများ အလျင်အမြန်ပေးပို့ပေးနိုင်ခဲ့ပါလျှင် ရီဖူရှင်းတို့အဖွဲ့က အလျင်စလို ပြုမူလှုပ်ရှားရဲလိမ့်မည် မဟုတ်ပေ။ သူတို့က ရှေးဟောင်းနတ်ဘုရားကလန်များ၏ တိုက်ခိုက်မှုခံရပြီး သူတို့ကိုယ်တိုင်သာ ပျက်စီးခြင်း ဆိုက်ရောက်ရပေလိမ့်မည်။

သို့သော် အရာအားလုံးက ထိုကဲ့သို့ မဖြစ်ပျက်ခဲ့ပေ။ ရီဖူရှင်းက အလွန် ချောမွေ့စွာဖြင့် မူလဘုံ၌ရှိနေသည့် ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခု၏ အခြေစိုက်စခန်းများကို ဖျက်ဆီးပစ်ခဲ့သည်။ ရှေးဟောင်းနတ်ဘုရားကလန် အားလုံးက အလွန်ကြီးမားသည့် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။

ရှေးဟောင်းနတ်ဘုရားကလန်များ အားလုံးတွင် သူတို့၏ ကိုယ်ပိုင်အစီအစဥ်များ ရှိကြသည်။ မူလဘုံ၌ သူတို့၏ အခြေစိုက်စခန်းများက ဖျက်ဆီးခံခဲ့ရပြီဖြစ်သည့်အတွက် သူတို့သည် အခြားသော ရှေးဟောင်းနတ်ဘုရားကလန်များလည်း သူတို့နှင့် တူညီသည့် ကံကြမ္မာကို ကြုံတွေ့ရရန် မျှော်လင့်နေကြသည်။ ထိုသို့ဖြစ်သည့်အခါ အားလုံးသော အင်အားစုများ၏ ရန်ငြိုးရန်စများက ရီဖူရှင်းထံ ဦးတည်သွားလိမ့်မည် ဖြစ်သည်။

ကောင်းကင်ဒေသမှ ထျန်းယန်မြို့သခင်ရုံးတော်အတွင်း ရွှေရောင်ထိုင်ခုံတစ်ခု၏ ရှေ့တွင် ကျင့်ကြံသူများစွာ ရောက်ရှိနေပေသည်။ ဝမ်ရှောင်လည်း ထိုနေရာ၌ ရောက်ရှိနေခဲ့သည်။ လက်ရှိ ရောက်ရှိနေသည့် လူများအားလုံးက ဝမ်မိသားစု၏ အဓိကအဖွဲ့ဝင်များ ဖြစ်ကြသည်။

“ဘယ်လိုတွေ ဖြစ်သွားတာလဲ။”

ထျန်းယန်မြို့သခင်က မေးလိုက်သည်။

အောက်ဘက်ရှိ လူတစ်ယောက်က ပြောလိုက်သည်။

“သတင်းတွေက ပျံ့နှံ့နေပြီး ကောင်းကင်ဒေသရဲ့ လူတွေ အားလုံး သိပြီးနေကြပြီ။ အရင်တုန်းက စီဝေ့ကြယ်ကမ္ဘာကို ကျူးကျော်မှုမှာ ပါဝင်ခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုလုံး ဘယ်အင်အားစုမှ မလွတ်ခဲ့ဘူး။”

“အင်း။”

ထျန်းယန်မြို့သခင်က ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။ ၎င်းက သူ ထင်မှတ်ထားသလိုပင် ဖြစ်၏။ ထျန်းယန်ကမ္ဘာငယ် တိုက်ခိုက်ခံရသည်ဟု သတင်းကိုရရှိသည့်အခါ အလွန် အံ့အားသင့်သွားခဲ့သည်။ သူ၏ ညီငယ်လည်း အသတ်ခံလိုက်ရပေသည်။ သူ့စိတ်ထဲ၌ မည်မျှဒေါသထွက်နေမည်ကို ခန့်မှန်းနိုင်ပေသည်။

သို့သော် ထျန်းယန်မြို့သခင်က စိတ်တည်ငြိမ်သွားပြီးနောက် ထိုသတင်းအား မဖြန့်ခဲ့ပေ။ ထို့အစား သူက သတင်းကို ထိန်းသိမ်းထားခဲ့သည်။ ရီဖူရှင်းက နတ်ဘုရားလက်နက်၏ ချိပ်စည်းကို ချိုးဖျက်ကာ နတ်ဘုရားလက်နက်ကို ဖျက်ဆီးပစ်ခဲ့ပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားက ယခင်ကထက် ပိုမို အားကောင်းလာကာ သူ့အား ပို၍ပင် အန္တရာယ်များလာစေသည်။

ရီဖူရှင်းက သေမှရမည် ဖြစ်သည်။

သူက ရီဖူရှင်းအား သတ်ဖြတ်ရန်  ထျန်းယန်မြို့တစ်ခုတည်းပေါ် မှီခိုမနေနိုင်ပေ။ အခြားအင်အားစုများကလည်း လှုပ်ရှားမှုပြုရန် လိုအပ်ပေသည်။ ထို့ကြောင့် သူက အခြားသော ရှေးဟောင်းနတ်ဘုရားကလန်တို့အား ဆွဲသွင်းရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အခြားသော ရှေးဟောင်းနတ်ဘုရားကလန်များအတွက် ဆုံးရှုံးမှုကြီးမားလေ အမုန်းတရားက နက်ရှိုင်းလေဖြစ်ကာ ရီဖူရှင်းအား သတ်ဖြတ်နိုင်ရန် ပို၍ အားထုတ်လိမ့်မည် ဖြစ်သည်။

“ဒီလိုလုပ်လိုက်တော့ တခြားရှေးဟောင်းနတ်ဘုရားကလန်တွေကို ဆန့်ကျင်လိုက်သလို ဖြစ်မနေဘူးလား။”

ကျင့်ကြံသူတစ်ယောက်က မေးလိုက်သည်။ သူသည် သူတို့က အရင်ဆုံးတိုက်ခိုက်ခံရသူများ ဖြစ်လာမည်ကို စိုးရိမ်နေသည်။

“ငါတို့နောက်မှ တိုက်ခိုက်ခံရတဲ့သူတွေလည်း တခြားအင်အားစုတွေကို သတင်းမပေးခဲ့ဘူး။”

ထျန်းယန်မြို့သခင်က ဂရုမစိုက်စွာ ပြောလိုက်သည်။

“အရင်တုန်းက တိုက်ပွဲမှာ ငါတို့က နစ်နာမှုအများဆုံး ခံစားခဲ့ရတာ။ ငါတို့ ဒုက္ခရောက်နေချိန် သူတို့ ဘယ်လိုကန်ထုတ်ခဲ့လဲ။ သူတို့က ငါတို့ အစွမ်းကုန်မတိုက်ခိုက်ဘူးတောင် ပြောခဲ့ကြတာ။ ငါတို့ ထျန်းယန်မြို့ရဲ့ အဖွဲ့ဝင်တွေက သေသည်အထိ တိုက်ခိုက်ပြီး စီဝေ့ကြယ်ကမ္ဘာနဲ့အတူ ပျက်စီးသွားစေဖို့တောင် ဆုတောင်းနေခဲ့တာမလား။”

ယခင်က အားလုံးသော အင်အားစုများသည် ဝမ်ရှောင်က စီဝေ့ကြယ်ကမ္ဘာကို အင်အားအကုန်ထုတ်သုံးကာ တိုက်ခိုက်ပြီး ဖျက်ဆီးပစ်နိုင်ရန် မျှော်လင့်ခဲ့ကြသည်။

“ငါတို့ ထျန်းယန်မြို့က နတ်ဘုရားလက်နက်ကို ဆုံးရှုံးခဲ့ရတဲ့အပြင် တိုက်ခိုက်ခံခဲ့ရသေးတယ်။ ငါတို့က တခြားအင်အားစုတွေ အန္တရာယ်ကင်းလုံခြုံဖို့ ဘယ်လို ခွင့်ပြုထားနိုင်မှာလဲ။”

သူက ဆက်ပြောလိုက်သည်။

သူ့အသံက အာဃာတတို့ ပါဝင်နေသလို ထင်မှတ်ရပေသည်။

“ရီဖူရှင်းကို သတ်ဖို့အခွင့်အရေးကို လက်လွတ်မသွားနိုင်ဘူးလား။”

အကြီးအကဲတစ်ယောက်က မေးလိုက်သည်။ သူက ထျန်းယန်မြို့သခင်နှင့် တူညီသော မျိုးဆက်မှ အကြီးအကဲတစ်ယောက် ဖြစ်သည်။ မဟုတ်လျှင် သူက ယခုအချိန်၌ မေးခွန်းထုတ်ရဲလိမ့်မည် မဟုတ်ပေ။

“အဲဒီလို မဖြစ်ဘူး။”

ထျန်းယန်မြို့သခင်က ထိုမေးခွန်းကို စိတ်ထဲမထားဘဲ ပြန်ဖြေလိုက်သည်။

“နှစ်ပေါင်းသုံးဆယ်တောင် ကြာသွားပြီ။ ရီဖူရှင်းက လွယ်လွယ်လေး လာပြီး သေတွင်းတူးလိမ့်မှာမဟုတ်ဘူး။ သူက ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျင့်ကြံထားသေးတယ်။ ဒါကြောင့် သူ့ကို လွယ်လွယ်​လေး သတ်နိုင်မှာ မဟုတ်ဘူး။ ကျုပ်တို့က တခြားအင်အားစုတွေကို သတင်းပေးလိုက်ပြီး ခြုံခိုတိုက်ဖို့ စီစဥ်ခဲ့ရင်တောင် တခြား အခြေစိုက်စခန်းတွေက သူ့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။”

“အဲဒါ မှန်တယ်။ ရီဖူရှင်းက ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျင့်ကြံထားတာကြောင့် သူသာ ရှေးဟောင်းနတ်ဘုရားကလန်တွေရဲ့ အဓိကနယ်မြေတွေထဲက တစ်ခုဆီ ဝင်မလာခဲ့ရင် သူ့ကို ရင်ဆိုင်ဖို့ အတော်လေးခက်ခဲလိမ့်မယ်။”

အကြီးအကဲက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

“ဒါပေမယ့် ကျုပ်တို့ နောက်ထပ် ဘာလုပ်သင့်လဲ။”

“စောင့်မယ်။”

ထျန်းယန်မြို့သခင်က ပြောလိုက်သည်။

“ငါတို့ ဘာမှလုပ်စရာမလိုဘူး။ အရင်တုန်းက စီဝေ့ကြယ်ကမ္ဘာကို တိုက်ခိုက်တော့ ငါတို့ ဦးဆောင်ခဲ့ပေမယ့် တခြားအင်အားစုတွေက ဘေးကနေပဲ စောင့်ကြည့်နေခဲ့တာ။ အခုတော့ အစပြုလှုပ်ရှားဖို့က သူတို့အလှည့်ပဲ။”

သူသည် ယခင်က အဖြစ်အပျက်များအပေါ်၌ တေးမှတ်ထားပုံရသည်။

သူသည် ထျန်းယန်မြို့က လက်နက်ပြုလုပ်ခြင်းပြိုင်ပွဲကို စီစဥ်ပြီး ကောင်းကင်​ဒေသအား ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်ကို မေ့သွားပုံရသည်။ သူသည် ဝမ်ရှောင်ကို နတ်ဘုရားလက်နက်များပေးအပ်ခဲ့ပြီး ရီဖူရှင်းအား သတ်ဖြတ်ရန် စီဝေ့ကြယ်ကမ္ဘာသို့ လွှတ်ခဲ့သည်။ သူက ဝမ်ရှောင်၏ အမည်ကို ကောင်းကင်ဒေသတစ်ခွင်လုံးတွင်ကျော်ကြားလာပြီး ပြိုင်ဘက်ကင်းဖြစ်စေရန်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ကိစ္စများက သူစီစဥ်ထားသလို ဖြစ်မလာဘဲ ကောင်းမွန်စွာ အဆုံးမသတ်ခဲ့ပေ။ ထိုစဥ်က ရလဒ်အပေါ် မကျေမချမ်း ဖြစ်ခဲ့သည့်အတွက်ကြောင့် သူက ယနေ့ ထိုစကားလုံးများကို ပြောခဲ့ခြင်းဖြစ်သည်။

“တခြားအင်အားစုတွေကရော လှုပ်ရှားကြမှာလား။”

တစ်စုံတစ်ယောက်က သံသယနှင့် မေးလိုက်သည်။

“ကိစ္စမရှိဘူး။ ဒီတစ်ကြိမ် ဘယ်သူမှ မလှုပ်ရှားရင် ငါတို့လည်း လှုပ်ရှားမှာ မဟုတ်ဘူး။”

ထျန်းယန်မြို့သခင်က ပြောလိုက်သည်။

“ငါတို့ စောင့်ဖို့ပဲလိုတယ်။”

သူက ပြောလိုက်ပြီးနောက် သူ၏ စွမ်းအားတို့က ရုတ်တရက် လှုပ်ရှားလာသည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် သူ့ရှေ့တွင် ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာ၏။ ၎င်းက လူတစ်ယောက်၏ ပုံရိပ်ဖြစ်လေသည်။

“တစ်ယောက်ယောက် ရောက်လာတယ်။”

မြို့သခင်က ပြောလိုက်သည်။ ထျန်းယန်မြို့မှ ကျင့်ကြံသူများက ထိုမြင်ကွင်းကို မြင်သည့်အခါ မျက်လုံးများအား မှေးကျဥ်းလိုက်ကြသည်။ ကြည့်ရသည်မှာ အခြားရှေးဟောင်းနတ်ဘုရားကလန်မှ လူများက စောင့်ဆိုင်းရသည်ကို စိတ်မရှည်တော့ဘဲ သူတို့နှင့် တွေ့ဆုံရန် ရောက်လာခြင်း ဖြစ်လိမ့်မည် ဖြစ်သည်။

“အရှင်ဟွာ…”

ထျန်းယန်မြို့သခင်က နှုတ်ဆက်လိုက်သည်။ ရောက်ရှိလာသူမှာ ဟောက်ထျန်းကလန်၏ အရှင်သခင်ကိုယ်တိုင်ပင် ဖြစ်လေသည်။ ထျန်းယန်မြို့၏ ကျင့်ကြံသူများသည် ဤတစ်ကြိမ်၌ ဟောက်ထျန်းကလန်အနေနှင့် ဆုံးရှုံးမှုများပြားခဲ့သည်ဟု ကြားမိသည်။ သူတို့၏ ဆုံးရှုံးမှုက ထျန်းယန်မြို့ထက်ပင် ကြီးမားသေးသည်။

ဟောက်ထျန်းကလန်က ဤအဖြစ်အပျက်အတွက် ပို၍ ဒေါသထွက်နေပေလိမ့်မည်။

“မြို့အရှင် လက်ရှိမူလဘုံအခြေအနေနဲ့ ပတ်သတ်ပြီး ခင်ဗျား ဘယ်လိုအတွေးရှိလဲ။”

ဟောက်ထျန်းကလန်ခေါင်းဆောင်က မေးလိုက်သည်။ သူ့ပုံစံက တည်ငြိမ်နေပြီး သာမန်အခြေအနေနှင့် မကွာခြားသည့်ပုံပင်။

ထျန်းယန်မြို့သခင်က အေးစက်စွာ ဖြေလိုက်သည်။

“ရီဖူရှင်းက မူလဘုံမှာ ပရမ်းပတာဖြစ်အောင် လုပ်ပြီး မူလဘုံကို ပိုင်ဆိုင်ဖို့အတွက် ကောင်းကင်ဒေသရဲ့ အင်အားစုတွေကို မောင်းထုတ်ဖို့ ရည်ရွယ်နေခဲ့တာ။ သူက ရက်စက်ပြီး ရည်မှန်းချက်ကြီးတယ်။”

သူက ရီဖူရှင်းအား သဘောမကျသည့်ပုံရပေသည်။ သူ၏ စကားများထဲတွင် ရီဖူရှင်းက မည်သည့်နည်းလမ်းမဆို အသုံးပြု၍ မူလဘုံအား သိမ်းပိုက်ချင်နေသည့် မကောင်းဆိုးဝါးလူယုတ်မာတစ်ယောက် ဖြစ်သည်။

“ခင်ဗျားနဲ့ ကျုပ် စိတ်ချင်းတူတာပဲ။”

ဟောက်ထျန်းကလန်ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။

“ကလန်ခေါင်းဆောင် ဒီကိစ္စနဲ့ပတ်သတ်ပြီး ခင်ဗျားမှာ ဘယ်လိုအတွေးမျိုးရှိလဲ။”

ထျန်းယန်မြို့သခင်က မေးလိုက်သည်။ သူသည် ပထမဆုံး စတင်လှုပ်ရှားမည့်သူမှာ ဟောက်ထျန်းကလန်၏ ခေါင်းဆောင် ဖြစ်လိမ့်မည်လားဟု ခန့်မှန်းနေသည်။ ၎င်းက သူ မျှော်လင့်ထားသကဲ့သို့ ဖြစ်​လေသည်။

ရီဖူရှင်း၏ တိုက်ခိုက်မှုပြီးသည့်နောက် မူလဘုံ၌ ဟောက်ထျန်းကလန်၏ အခြေစိုက်စခန်းက ဖျက်ဆီးခံခဲ့ရပြီး သူတို့ကို အများအပြား ဆုံးရှုံးစေခဲ့သည့်အပြင် အလွန် အရေးကြီးသည့် လူတစ်ယောက်ကိုလည်း ဆုံးရှုံးခဲ့ရသည်။ ထိုသူမှာ ဟောက်ထျန်းကလန်ခေါင်းဆောင်က အလွန် တန်ဖိုးထားသည့် ဟောက်ထျန်းကလန် မျိုးဆက်တစ်ဦး ဖြစ်သည်။ ထိုသူသည် သူ အသက်အရွယ်ကြီးသည့်အချိန်မှ သူ့ကိုယ်လုပ်တော်များထဲရှိ တစ်ယောက်က မွေးဖွားပေးခဲ့သည့် ကလေးဖြစ်သည်။ ဟောက်ထျန်းကလန်ခေါင်းဆောင်သည် သူ၏ အငယ်ဆုံးကလေးအပေါ် အလွန်မြင့်မားသော မျှော်မှန်းချက်ရှိသည့်အတွက် မူလဘုံသို့ သွားရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ဤအငယ်ဆုံးကလေးက ထူးချွန်သည့် ပါရမီနှင့် အရည်အချင်းရှိသည်။ သို့သော် သူက မူလဘုံအတွင်း အသတ်ခံလိုက်ရပေသည်။ သူသည် ရီဖူရှင်းတို့အဖွဲ့ သူတို့၏ အခြေစိုက်စခန်းကို တိုက်ခိုက်စဥ်က သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။

ဤသွေးကြွေးကို ရီဖူရှင်း၏ သေဆုံးခြင်းနှင့် ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ပြန်လည်ရယူရပေလိမ့်မည်။

ဟောက်ထျန်းကလန်၏ အရှင်သခင်က အေးစက်စွာ ​ကြေညာလိုက်သည်။

“ခင်ဗျားအပါအဝင် ကောင်းကင်ဒေသရဲ့ အင်အားစုအားလုံးကို ဖိတ်ခေါ်ပြီး စီဝေ့ကြယ်ကမ္ဘာရဲ့ ကျင့်ကြံသူအားလုံးကို အမဲလိုက်သတ်ဖြတ်ဖို့ သတ်မိန့်ထုတ်လိုက်မယ်။ ဘယ်လိုထင်လဲ။”

သူ၏ စကားထဲမှ သတ်ဖြတ်လိုစိတ်များက ကောင်းကင်တွင် ပြည့်နှက်နေခဲ့၏။

All Chapters