← Chapters

အထင်သေးခြင်း

Vol. 181 Ch. 2586

အထင်သေးခြင်း

Vol. 181 Ch. 2586

“သတ်ဖြတ်မိန့်လား။”

ထျန်းယန်မြို့အတွင်းရှိ ကျင့်ကြံသူများက ထိုစကားလုံးများကို ကြားသည့်အခါ ဟောက်ထျန်းကလန်ခေါင်းဆောင်၏ သတ်ဖြတ်လိုစိတ်က မည်မျှ အားကောင်းနေကြောင်း သတိပြုမိလိုက်ကြသည်။ ကြည့်ရသည်မှာ သူ၏ အငယ်ဆုံးသား သေဆုံးမှုက သူ့အပေါ် ကြီးမားသည့် သက်ရောက်မှုရှိသွားခဲ့ပုံပေါ်လေသည်။

အရှင်ဒွန်ဟောင် ကောင်းကင်ဒေသကို စုစည်းပြီးစဥ်ကတည်းက ကောင်းကင်ဒေသသည် သူတို့၏ ကိုယ်ပိုင် စည်းမျဥ်းများနှင့် လည်ပတ်နေခဲ့ခြင်း ဖြစ်သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟူသည်မှာ လူသားမဆန်ဘဲ နည်းလမ်းကျသည့် အကြောင်းပြချက်အားလုံးနှင့် ဆန့်ကျင်နေမည် ဖြစ်သည်။

သို့သော် ယခုတွင် ရှေးဟောင်းနတ်ဘုရားကလန်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဟောက်ထျန်းကလန်က စီဝေ့ကြယ်ကမ္ဘာတစ်ခုလုံးကို သတ်ဖြတ်မိန့်ထုတ်ချင်နေသည်။

“တိတိကျကျ ဘယ်လိုလုပ်ချင်တာလဲ။”

ထျန်းယန်မြို့သခင်က မေးလိုက်သည်။ သူက အခြားအင်အားစုများ အရင် လှုပ်ရှားလာသည်ကို စောင့်ဆိုင်းနေသောကြောင့် ယခုထိတိုင် တိတ်ဆိတ်နေခဲ့ခြင်း ဖြစ်သည်။ ယခု ဟောက်ထျန်းကလန် ခေါင်းဆောင်က အစပြု၍ သူ့ထံ ရောက်လာကာ ရီဖူရှင်းနှင့် ရင်ဆိုင်ရန် မဟာမိတ်ဖြစ်လိုသည့်အတွက် သူကလည်း ကျိန်းသေ သဘောတူမည်သာ ဖြစ်သည်။

“ရီဖူရှင်းက ကောင်းကင်ဒေသရဲ့ အင်အားစုတွေကို တပြိုင်တည်း တိုက်ခိုက်ဖို့ စီဝေ့ကြယ်ကမ္ဘာတစ်ခုလုံးကို ဦးဆောင်ခဲ့တယ်။ မူလဘုံတစ်ခုလုံးသာမက မဟာလမ်းစဥ်ဘုံသုံးထောင်ကို ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ ကောင်းကင်အာဏာစက်ဘုံရဲ့ ကျင့်ကြံသူတွေကို ဖြန့်ကျက်စေလွှတ်ထားပြီဆိုတာ ရှာတွေ့ခဲ့တယ်။ အဲဒီလူရဲ့ ရည်မှန်းချက်က အဆုံးမရှိဘူး။”

ဟောက်ထျန်းကလန်ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်သည်။

“ဒီလိုမကောင်းဆိုးဝါးအင်အားစုက လောကအတွင်း မတည်ရှိနိုင်အောင် အမြစ်ဖြတ်ရှင်းလင်းပစ်သင့်တယ်။”

“သူက ကောင်းကင်ဒေသကို အဆုံးစွန်ထိရောက်အောင် တွန်းပို့ချင်နေတာကြောင့် စီဝေ့ကြယ်ကမ္ဘာကို တန်ပြန်သတ်ဖြတ်ဖို့ ကျုပ်တို့ ကောင်းကင်ဒေသရဲ့ အင်အားစုတွေအားလုံးကို စုစည်းရလိမ့်မယ်။”

ဟောက်ထျန်းကလန်၏ ခေါင်းဆောင်က ဆက်ပြောလိုက်သည်။

“ကျုပ်နဲ့ ခင်ဗျားတို့အားလုံးက သတ်ဖြတ်မိန့်ကို အကောင်အထည်ဖော်ဖို့အတွက် အားဖြည့်ထောက်ပံ့ရမယ်။ ကျုပ်တို့က ကောင်းကင်ဒေသအတွင်း နေရာအနှံ့မှာရှိတဲ့ ကျင့်ကြံသူတွေအားလုံးကို ခေါ်ဆောင်ပြီး စီဝေ့ကြယ်ကမ္ဘာက ကျင့်ကြံသူတွေကို အမဲလိုက်သုတ်သင်ဖို့ မူလဘုံကို သွားရလိမ့်မယ်။ ဘယ်သူမဆို တစ်ယောက်တွေ့တာနဲ့ တစ်ယောက်သတ်ပစ်ရမယ်။ သူက မူလဘုံကို သိမ်းပိုက်ချင်နေတာ။ ကျုပ်တို့အနေနဲ့ မူလဘုံရဲ့ နယ်မြေတွေက စီဝေ့ကြယ်ကမ္ဘာနဲ့ မသက်ဆိုင်တော့တဲ့ နေရာတစ်ခုဖြစ်ကြောင်း ပြပေးရမယ်။”

ထိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ရန် အစီအစဥ်တွင် သူတို့ကိုယ်တိုင်သာမက ကောင်းကင်ဒေသတစ်ခွင်မှ အင်အားစုများအားလုံး ပူးပေါင်းပါဝင်ရန် လိုအပ်သည်။ သူက ရီဖူရှင်းနှင့် စီဝေ့ကြယ်ကမ္ဘာအား လောကဘုံရန်သူဖြစ်ရန် လုပ်ဆောင်ချင်နေပေသည်။

ဝန်ခံရလျှင် ဟောက်ထျန်းကလန်ခေါင်းဆောင်၏ အစီအစဥ်က အလွန် ရက်စက်လှသည်။ သူက ကောင်းကင်ဒေသအတွင်းမှ မရေတွက်နိုင်သော ကျင့်ကြံသူများကို စုစည်းပြီး သတ်ဖြတ်မိန့်ကို အသုံးပြုကာ စီဝေ့ကြယ်ကမ္ဘာမှ လူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် ကြံစည်နေသည်။

သူတို့က စီဝေ့ကြယ်ကမ္ဘာအတွင်း မဝင်ရောက်နိုင်သော်လည်း ကြယ်ကမ္ဘာအပြင်သို့ ထွက်လာသည့် တစ်ယောက်ချင်းစီအား သတ်ဖြတ်ရပေလိမ့်မည်။ စီဝေ့ကြယ်ကမ္ဘာ၏ ကျင့်ကြံသူများသည် မူလဘုံအတွင်း သူတို့၏ အင်အားစုများနှင့် မဟာလမ်းစဥ်ဘုံသုံးထောင်ကဲ့သို့ မတူညီသည့် နယ်မြေများစွာ၌ ပြန့်ကျဲနေခဲ့ကြသည်။ သူတို့ ထိုနေရာများရှိ လူအားလုံးကို သတ်ဖြတ်သုတ်သင်ပစ်နိုင်ပေသည်။

“သတ်ဖြတ်မိန့်ထုတ်ပြီး ကောင်းကင်ဒေသက လူတွေကို အန္တရာယ်တောထဲ ပို့ဖို့ စဥ်းစားတယ်ဆိုရင် အဲဒီလောက် မလွယ်ကူမှာ ကြောက်မိတယ်။ သူတို့ကို မက်လုံးတစ်ခုခု ပေးဖို့တော့ လိုလိမ့်မယ်။”

ထျန်းယန်မြို့သခင်က ပြန်ဖြေလိုက်သည်။

“​ကောင်းကင်ဒေသထဲက တချို့ထိပ်တန်းအင်အားစုတွေနဲ့ ပူးပေါင်းပြီး ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုက သတ်ဖြတ်မိန့်ကို ထမ်းဆောင်နိုင်တဲ့ သူတွေကို မတူညီတဲ့ ဆုလာဘ်တွေပေးမယ်။ ရှေးဟောင်းနတ်ဘုရားကလန်နဲ့ ကောင်းကင်ဒေသရဲ့ ထိပ်သီးအင်အားစုတွေရဲ့ ဦးဆောင်မှုနဲ့ ကောင်းကင်ဒေသနယ်မြေတစ်ခွင်လုံး ပါဝင်လာဖို့ ဆန္ဒရှိမယ်လို့ ယုံကြည်တယ်။”

ဟောက်ထျန်းကလန်ခေါင်းဆောင်က အလွန်အေးစက်သည့် အသံနှင့် ပြောလိုက်သည်။ အစမှအဆုံးထိ သတ်ဖြတ်လိုသော စိတ်ဆန္ဒများသည် သူ့ထံမှ အနည်းငယ်မျှပင် ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။

“ဒါဆို ကောင်းပြီလေ။”

ထျန်းယန်မြို့သခင်၏ မျက်လုံးများထဲ၌ ထက်ရှသည့် အလင်းတို့ ဖြတ်ပြေးသွားပြီး ပြောလိုက်သည်။ သိသာစွာပင် သူက ဟောက်ထျန်းကလန်ခေါင်းဆောင်မှ ဖော်ပြလာသည့် သတ်ဖြတ်မိန့်အား ထောက်ခံအားပေးမည် ဖြစ်သည်။

သူတို့၏ အစီအစဥ်က အောင်မြင်လျှင် ကောင်းကင်ဒေသအတွင်း အားလုံးသော အင်အားစုများမှ ကျင့်ကြံသူများက သတ်ဖြတ်မိန့်ကို အောင်မြင်စွာ လုပ်ဆောင်ကြပေလိမ့်မည်။ ထိုအချိန်မှစကာ စီဝေ့ကြယ်ကမ္ဘာ၏ ကျင့်ကြံသူများသည် အပြင်ထွက်လာသည့် မည်သူမဆို ပစ်မှတ်ထားခံရမည် ဖြစ်သည့်အတွက် စိတ်ရှိသလို လှုပ်ရှားရဲကြတော့မည် မဟုတ်ပေ။ မူလဘုံအား သိမ်းပိုက်မည်ဟူခြင်းမှာ လုံးဝဖြစ်နိုင်ချေမရှိသည့် သူတို့၏ ရူးမိုက်သော အိပ်မက်တစ်ခုသာ ဖြစ်လာပေလိမ့်မည်။

ထို့ပြင် စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများသည် မည်သူက သူတို့ကို သတ်သွားမည်ကို မသိသလို နောက်ထပ် မည်သူက အသတ်ခံရလိမ့်မည်ကို မသိသော အကြောက်တရားများထဲ၌ ထာဝရနေသွားရလိမ့်မည် ဖြစ်သည်။ သူတို့က စီဝေ့ကြယ်ကမ္ဘာမှ ထွက်ခွာလာသည်နှင့် ကျိန်းသေ အမဲလိုက်သတ်ဖြတ်ခံရလိမ့်မည် ဖြစ်သည်။ သူတို့က စီဝေ့ကြယ်ကမ္ဘာအတွင်း နေလျှင်ပင် သေဆုံးမှုကို ရှောင်လွှဲနိုင်မလား အာမခံချက်မရှိပေ။

သတ်ဖြတ်မိန့်သာ အစစ်အမှန်ဖြစ်လာလျှင် ၎င်းက စီဝေ့ကြယ်ကမ္ဘာအတွက် နောက်ထပ် ပျက်စီးခြင်း ဘေးအန္တရာယ် ဖြစ်လာလိမ့်မည်မှာ သံသယဖြစ်ဖွယ်မရှိပါချေ။

“ကလန်ခေါင်းဆောင် နောက်ထပ် ဘာလုပ်ဖို့ စီစဥ်ထားလဲ။”

ထျန်းယန်မြို့သခင်က မေးလိုက်သည်။ ယခုအချိန်၌ ရီဖူရှင်းက ရှေးဟောင်းနတ်ဘုရားကလန်များ၏ အခြေစိုက်စခန်းကို ဖျက်ဆီးပစ်ပြီး မဟာလမ်းစဥ်ဘုံသုံးထောင်ကို စုစည်းရန်အတွက် အရှိန်အဟုန်နှင့် လှုပ်ရှားနေခဲ့ရာ လူတိုင်းက အလျင်စလို မလှုပ်ရှားရဲသည့်အတွက် သတ်ဖြတ်မိန့်ကို အကောင်အထည်ဖော်ရန် ခက်ခဲနိုင်ပေသည်။

ရီဖူရှင်းနှင့် စီဝေ့ကြယ်ကမ္ဘာကို ထိပါးရန် မည်သူက ရူးသွပ်ပါလိမ့်မည်နည်း။

“ဟောက်ထျန်းကလန်က ကောင်းကင်ဒေသရဲ့ နေရာအသီးသီးက ကျင့်ကြံသူတွေကို စုဝေးဖို့ ဆင့်ခေါ်ပြီး သတ်ဖြတ်မိန့်ကို တရားဝင်ထုတ်ပြန်မယ်။ ဒါကြောင့် ဒီကိစ္စအတွက် မြို့သခင်နဲ့ တခြားလူတွေရဲ့ ပူးပေါင်းမှုကို လိုအပ်တယ်။ ကောင်းကင်ဒေသရဲ့ ကျင့်ကြံသူတွေ အားလုံး တပြိုင်တည်း သတ်ဖြတ်မိန့်ကို လက်ခံလိုက်တာနဲ့ အနာဂတ်မှာ ကျုပ်တို့ သတိထားနေစရာမလိုတော့ဘဲ ကောင်းကင်ဒေသအတွင်းမှာ သူတို့ရဲ့ လှုပ်ရှားပေးမယ့် တခြားလူတွေ ရှိလာလိမ့်မယ်။ ရီဖူရှင်းနဲ့ စီဝေ့ကြယ်ကမ္ဘာက လူတွေအားလုံး စီဝေ့ကြယ်ကမ္ဘာထဲမှာပဲ ပိတ်မိနေလိမ့်မယ်။”

ဟောက်ထျန်းကလန်ခေါင်းဆောင်က ဆက်ပြောလိုက်သည်။

“ထပ်ပြောရရင် ဒီတစ်ခေါက် စုဝေးမှုက စီဝေ့ကြယ်ကမ္ဘာနဲ့ ဘယ်လို ရင်ဆိုင်မလဲဆိုတာ အဖြေရှာဖို့ပဲ။ ပြီးတော့ တရားမျှတမှုအတွက် ရီဖူရှင်းကို ဘယ်လိုရင်ဆိုင်ပြီး စီဝေ့ကြယ်ကမ္ဘာကို ရှင်းလင်းပစ်မလဲဆိုတာ ဆွေးနွေးရမယ်။

“ကောင်းပြီ။”

ထျန်းယန်မြို့သခင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျုပ် အပြည့်အဝ ပူးပေါင်းပါ့မယ်။ ဟောက်ထျန်းကလန်က ကျုပ်တို့ကို ကြိုတင် အသိပေးနေသရွေ့ ထျန်းယန်မြို့က ပါဝင်ပေးဖို့ ကျိန်းသေတယ်။”

“အင်း။”

ဟောက်ထျန်းကလန်ခေါင်းဆောင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ချက်ချင်း ပျောက်​ကွယ်သွားပြီး အခြားရှေးဟောင်းနတ်ဘုရားကလန်များကို စည်းရုံးရန် သွားရောက်ခဲ့သည်။

…

စီဝေ့ကြယ်ကမ္ဘာကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကောင်းကင်ဒေသ၏ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုက အတူတကွစုပေါင်းကာ သတ်ဖြတ်မိန့်ထုတ်လိုက်သည့် သတင်း ထွက်ပေါ်လာသောအခါ ကောင်းကင်ဒေသတစ်ခွင်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏။

ရီဖူရှင်းက ရဲရင့်လွန်းစွာဖြင့် စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများကို ဦးဆောင်၍ ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုကို တိုက်ခိုက်ခဲ့သည်။ ထိုသည်မှာ မှန်းဆ၍မရလောက်အောင် မောက်မာသော အပြုအမူမျိုးပင် ဖြစ်သည်။

ထိုအဖြစ်ကြောင့် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုက ကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် သူတို့က သူတို့အတွက် လက်စားချေရုံသာမက ရီဖူရှင်းကိုပါ သေစေချင်ခဲ့သည်။ သို့ဖြစ်ရာ သူတို့က သတ်ဖြတ်မိန့်ကို အသုံးပြုကာ စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများအား သတ်ဖြတ်သုတ်သင်ရာတွင် ကောင်းကင်ဒေသတစ်ခွင်မှ လူများကို ပါဝင်လာစေရန် စီစဥ်ခဲ့သည်။

၎င်းက အမှန်တကယ်ပင် မယုံနိုင်လောက်အောင် ရူးသွပ်ခြင်း ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုက အထွတ်အထိပ်အဆင့်ရှိ အင်အားစုများဖြစ်သော်လည်း ယခုတွင် သူတို့က လူတစ်ယောက်တည်းအတွက် ထိုမျှ ကြီးမားသည့် ဗျူဟာကို အသုံးပြုခဲ့ပေသည်။ သူတို့က ကောင်းကင်ဒေသတစ်ခွင်လုံးမှ အင်အားကိုပင် အသုံးပြုချင်နေသည်။

လူတိုင်းအတွက် ရီဖူရှင်းနှင့် စီဝေ့ကြယ်ကမ္ဘာက ကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်လာသည်မှာ ရှင်းလင်းပေသည်။

အချိန်တိုအတွင်း ကောင်းကင်ဒေသတစ်ခွင်လုံးက ထိုသတင်းများကြောင့် ဆူညံပွက်လောရိုက်နေခဲ့သည်။ ဟောက်ထျန်းကလန် တည်ရှိသည့်နေရာသို့ မရေတွက်နိုင်သော ကျင့်ကြံသူများက သွားရောက်ခဲ့ကြပြီး ၎င်းသည် ဆေးဖော်ခြင်းပြိုင်ပွဲပြီးသည့်နောက် ကြီးမားသော ပွဲတော်တစ်ခုသဖွယ် ဖြစ်ခဲ့သည်။

ဤတစ်ကြိမ်၌ စီဝေ့ကြယ်ကမ္ဘာနှင့် ရီဖူရှင်းကို ရင်ဆိုင်ရန် နည်းလမ်းမှာ သတ်ဖြတ်ရန်သာ ဖြစ်သည်။

…

ရီဖူရှင်းက ထိုသတင်းကို လက်ခံရရှိသည့်အချိန်တွင် သူက စီဝေ့အင်ပါယာနန်းတော်အတွင်း ရှိနေခဲ့ခြင်း ဖြစ်သည်။ သူတို့က သူတို့ သိမ်းပိုက်လာသည့် အရင်းအမြစ်များကို စီဝေ့ကြယ်ကမ္ဘာအတွင်း ရွှေ့ပြောင်းရင်း အလုပ်များနေခဲ့ခြင်း ဖြစ်သည်။

သူက ရှီးချီယောင်ထံမှ သတင်းရရှိခဲ့ခြင်း ဖြစ်သည်။

ရှီးချီယောင်က စီဝေ့ကြယ်ကမ္ဘာ၌ ကျင့်ကြံနေခဲ့သော်လည်း သူမက အနောက်အင်ပါယာနန်းတော်နှင့် အဆက်အသွယ် မပြတ်ရှိပေသည်။ ထိုသတင်းကို လက်ခံရရှိပြီးနောက် အနောက်အင်ပါယာနန်းတော်က သူမကို ချက်ချင်း သတင်းပေးခဲ့ခြင်း ဖြစ်သည်။

“သတ်ဖြတ်မိန့်လား။”

စီဝေ့အင်ပါယာနန်းတော်အတွင်းရှိ ရီဖူရှင်းက ရှီးချီယောင်၏ စကားများကို ကြားသည့်အခါ၌ အနည်းငယ် အထင်အမြင်သေးနေပုံရသည်။ ကောင်းကင်ဒေသတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည့် သတ်ဖြတ်မိန့်ကိုပင် သူက မည်သို့မှမခံစားရသလို ရှိနေပေသည်။

ရီဖူရှင်း၏ ဂရုမစိုက်သည့် အမူအရာကို ကြည့်ပြီး ရှီးချီယောင်က ပြောလိုက်သည်။

“သတ်ဖြတ်မိန့်ကို အစပြုခဲ့တာ ဟောက်ထျန်းကလန်ပဲ။ ကောင်းကင်ဒေသတစ်ခုလုံး ပါဝင်လာမယ်ဆိုရင် စီဝေ့အင်ပါယာနန်းတော်အတွက် မူလဘုံကို ချဲ့ထွင်ဖို့ မဖြစ်နိုင်တော့ဘဲ စီဝေ့ကြယ်ကမ္ဘာထဲမှာပဲ ပိတ်မိနေလိမ့်မယ်။”

ရီဖူရှင်းက ထိုအကြောင်းကို နားမလည်သည်လား။ သူက မည်သို့ဖြစ်၍ ထိုမျှ အထင်အမြင်သေးနေရပါသနည်း။

“ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုကို စမတိုက်ခိုက်ခင် ဘာကြောင့် မဟာလမ်းစဥ်ဘုံသုံးထောင်ကို အရင်ဆုံးသိမ်းပိုက်ပြီး စီနီယာအစ်ကိုကို အုပ်ချုပ်ခိုင်းရတာလဲ မင်းသိလား။”

ရီဖူရှင်းက ရှီးချီယောင်ကို ကြည့်ကာ အချက်ကျကျ မေးလိုက်သည်။

ရှီးချီယောင်က သူ့ကို ကြည့်ရင်း ခေတ္တမျှ အံ့သြမှက်တက်သွားကာ သူမ၏ လှပသော မျက်လုံးများထဲတွင် ထူးဆန်းသည့် အလင်းတို့ ဖြတ်ပြေးသွားပေသည်။ သိသာစွာပင် သူမက ရီဖူရှင်းမပြောသည့် စကားလုံးများကို နားလည်ပေသည်။

“သူတို့ကို မူလဘုံဆီလာစေချင်လို့လား။”

ရှီးချီယောင်က ပြောလိုက်သည်။

“ဒါပေါ့။”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“ရှေးဟောင်းနတ်ဘုရားကလန်တွေဆီ သွားရမှာနဲ့ ယှဥ်ရင် သူတို့ကို မူလဘုံဆီ လာစေလိုက်တာက ပိုကောင်းတယ်။ အဲဒါက သူတို့ကို ရင်ဆိုင်ရတဲ့အခါ ပိုပြီး လွယ်ကူသွားစေတယ်။

“ဒါပေမယ့်...”

ရီဖူရှင်း၏ မျက်လုံးများက ကောင်းကင်အမြင့်တစ်နေရာသို့ ကြည့်လိုက်သည်။

“ဟောက်ထျန်းကလန်က သတ်ဖြတ်မိန့်ထုတ်ထုတ် မထုတ်ထုတ် ဂရုမစိုက်ဘူး။ ဒါပေမယ့် အဲဒါသာ တကယ်အလုပ်ဖြစ်သွားခဲ့ရင် စီဝေ့ကြယ်ကမ္ဘာထဲက ကျင့်ကြံသူတွေအတွက် အန္တရာယ်ဖြစ်လာလိမ့်မယ်။ ကြည့်ရတာ အဲဒီကို ကျုပ်ကိုယ်တိုင်သွားဖို့ လိုအပ်နေပုံပဲ။”

“ရှင်က ကောင်းကင်ဒေသကို ပြန်သွားချင်လို့လား။”

ရှီးချီယောင်က ရီဖူရှင်းကို မယုံကြည်နိုင်သလို စိုက်ကြည့်လိုက်သည်။ လက်နက်ဖန်တီးခြင်းပြိုင်ပွဲပြီးသည့်နောက် နှစ်ပေါင်းများစွာ အကြာတွင် ရီဖူရှင်းက ကောင်းကင်ဒေသအတွင်း တစ်ဖန် ခြေချတော့မည် ဖြစ်သည်။

All Chapters