အခန်း ၅၁၃
Vol. 35 Ch. 513
အခန်း (၅၁၃) - ရတနာသေတ္တာ သားရဲကြီး အစွမ်းပြခြင်းနှင့် ဒုတိယမြောက် အလင်းတိုင်ကြီး ပေါ်ထွက်လာခြင်း (၂)
၎င်းက ကျောက်ဆစ်ရုပ်တုတစ်ခုမျှသာ ဖြစ်ပေသည်။
သို့သော်လည်း ကျိချောင်းယန် ယခုတင် ပြောပြခဲ့သော နောက်ကွယ်ကနေ စောင့်ကြည့်နေသည့် ကိစ္စကတော့...။
၎င်းက တကယ်ပဲ အမှတ်အသား သင်္ကေတများကြောင့်လား မသိပါချေ။
ဟုတ်သားပဲ။ ရှောင်ဟုန်။
ရှောင်ဟုန် ဘယ်နေရာကို ရောက်နေတာလဲ။
ရှောင်ဟုန်ကိုရှာဖွေရန်အတွက် ချက်ချင်းပင် ကိုယ်ကို နောက်သို့ လှည့်လိုက်မိပေသည်။
သူသည် ရှောင်ဟုန်ကို အပြင်သို့ ထုတ်ပေးခဲ့ပြီးနောက် အခြားသော ကျောက်ဆစ်ရုပ်တုကြီးများနှင့် အတူတူ လှုပ်ရှားသွားလာနိုင်ခြင်း ရှိမရှိကို စစ်ဆေးကြည့်ရှုရန်အတွက် ၎င်းအား အာကာသလက်စွပ်ထဲသို့ ပြန်လည်သိမ်းဆည်းခြင်းမျိုး လုံးဝ မပြုလုပ်ခဲ့ပါပေ။
ပထမဆုံး အဝိုင်းက သာမန်သားရဲရုပ်တုကြီး အားလုံးကို ဖြေရှင်းလို့ ပြီးဆုံးသွားခဲ့သည့်တိုင်အောင် သူသည် မည်သည့်လှုပ်ရှားမှု အရိပ်အယောင်မျှ ပြသခြင်းမျိုး လုံးဝ ရှိမနေခဲ့ပါပေ။
"...ရှောင်ဟုန် ဘယ်မှာလဲ"
ရွှီရှင်းသည် ပတ်ပတ်လည်ကို လိုက်လံရှာဖွေရင်း သူ၏ မျက်စိသူငယ်အိမ်များမှာ တဖြည်းဖြည်းနှင့် ပြူးကျယ်လာခဲ့ရချေပြီ။
၎င်းတို့၏ အနောက်ရှိ မြေပြင်ပေါ်တွင် ထားခဲ့သော ထိုကောင်လေး၏ ကျောက်ဆစ်ရုပ်တုမှာမူ ယခုအခါ လုံးဝ ကွယ်ပျောက်နေခဲ့ပြီ ဖြစ်၏။
သူ ဘယ်ကို ထွက်သွားတာလဲ။
"ဟင်"
လုဖေးအာသည် ရှောင်ဟုန် မူလက ထိုင်နေခဲ့သော နေရာရှိရာဆီသို့ ချက်ချင်းပင် အပြေးအလွှား သွားရောက်ကြည့်ရှုလိုက်မိပြီး မျက်နှာတွင် အလွန်ပင် အံ့အားသင့်သော အမူအရာများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း "သူ စောစောကတင်ပဲ ဒီနေရာမှာ ရှိနေသေးတာ မဟုတ်ဘူးလား။ ငါ ဒူးလေးကို သုံးပြီး ပေါက်ကွဲမြှားတွေနဲ့ လှမ်းပစ်နေတဲ့ အချိန်တုန်းကလည်း၊ သူ့ကိုပဲ အမြဲတမ်း စောင့်ကြည့်နေခဲ့တာ။" ဟု ဆို၏။
"ထိုကောင်လေးက အသက်ဝင် လှုပ်ရှားလာခဲ့ပြီးမှ ချက်ချင်းပဲ ပျောက်ကွယ်သွားတာလား"
ကျိချောင်းယန်သည်လည်း ခေတ္တမျှ ကြောင်အမ်းသွားခဲ့ရပြီး ဧရာမမြေကျင်းကြီးရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်မိရင်း သူ၏ မျက်မှောင်ကြီးမှာလည်း အနည်းငယ် တွန့်ချိုးသွားခဲ့ရပေသည်။
ရွှီရှင်းသည် ပတ်ဝန်းကျင် အခြေအနေအားလုံးကို သေသေချာချာ ဝေ့ဝဲကြည့်ရှုလိုက်မိ၏။
ဧရာမမြေကျင်းကြီး၏ ပတ်ပတ်လည် မီတာနှစ်ဆယ်ခန့် အကွာအတွင်း၌မူ မြေကျင်းကြီး၏ အတွင်းပိုင်းမှ အပူချိန်များကြောင့် ဆီးနှင်းများ လုံးဝ စုပုံလာနိုင်ခြင်းမရှိဘဲ အကုန်လုံး အရည်ပျော် ကွယ်ပျောက်နေခဲ့ကြချေပြီ။
ထိုမြေကျင်းကြီး၏ အပြင်ဘက် မီတာနှစ်ဆယ် နယ်ပယ်ကို ကျော်လွန်သွားခဲ့သည့် အခါကျမှသာ သုံးမီတာခန့်အထိ ထူထဲလှသော ဆီးနှင်းထုကြီးများက ၎င်းနေရာတစ်ခုလုံးကို ဝိုင်းဝန်းပိတ်ဆို့ထားကြခြင်းဖြစ်သဖြင့် ပိုမိုကြီးမားလှသော ဧရာမဆီးနှင်းမြေကျင်းကြီးတစ်ခုအလား ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်ပေသည်။
ဒါတင်မကသေးဘဲ ဤမီတာနှစ်ဆယ် အကွာအဝေးအတွင်း၌ ရှိနေသော ခြောက်သွေ့လှသည့် တောအုပ်ကြီးမှာမူ ထူထဲလှသော ဆီးနှင်းထုကြီးများအောက်မှနေ၍ သဘာဝအတိုင်း အပြင်သို့ ထွက်ပေါ်နေခဲ့ကြပေသည်။
"အီး..."
ခဲခဲလေးသည် ရုတ်တရက် လီဝမ်ရှီး၏ ရင်ခွင်အတွင်းမှနေ၍ ခုန်ဆင်းလိုက်ပြီး ထိုတောအုပ်ကြီး၏ အတွင်းပိုင်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့ချေပြီ။
"ခဲခဲလေး..."
လီဝမ်ရှီးသည် ၎င်းအား လှမ်း၍ ဖမ်းဆွဲရန် ကြိုးပမ်းလိုက်သော်လည်း တကယ့်ကို အချိန်မမီလိုက်ပါပေ။
ရွှီရှင်းသည်လည်း မည်သည့်တွေဝေမှုမျိုးမှမရှိဘဲ ၎င်း၏ နောက်မှနေ၍ ချက်ချင်းပင် လျင်မြန်စွာ လိုက်ပါသွားခဲ့တော့သည်။
မည်သို့ပင်ဆိုစေ ခဲခဲလေးသည် ဤကဲ့သို့ လှုပ်ရှားသွားခြင်းဖြစ်ပါက သေချာပေါက် တစ်စုံတစ်ခုကို ကြိုတင်၍ ရှာဖွေတွေ့ရှိသွားခဲ့ခြင်းကြောင့် ဖြစ်ရပေမည်။
သူသည် ခဲခဲလေး၏ နောက်သို့ သတိကြီးစွာဖြင့် လိုက်သွားခဲ့ရာ မကြာမီမှာပင် ခြောက်သွေ့လှသော ပေါ့ပလာသစ်ပင်ကြီးတစ်ပင်၏ ပင်စည်အကွယ်၌ မိမိ၏ ဒူးနှစ်ဖက်ကို တင်းကြပ်စွာ ပွေ့ဖက်ထားလျက် ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ရီနေရှာသော ရှောင်ဟုန်ကို ပြန်လည်ရှာတွေ့ရှိလိုက်ရပေသည်။
သူသည် အမှန်တကယ်ပင် အသက်ဝင်လျက် လှုပ်ရှားနေခဲ့ခြင်း ဖြစ်၏။
ထိုကောင်လေး၏ ကျောက်ဆစ်ရုပ်တုမှာမူ မိမိ၏ ဧရာမခေါင်းလေးကို ဒူးနှစ်ဖက်ကြားထဲသို့ ဝှက်ထားခဲ့ခြင်းဖြစ်ပြီး တစ်စုံတစ်ဦး ချဉ်းကပ်လာသည့် ခြေသံကို ကြားလိုက်ရသည့် အခါ၌လည်း အပေါ်သို့ မော့ကြည့်ရန် လုံးဝ မဝံ့ရဲရှာဘဲ မိမိ၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ကာကွယ်ထားလျက် ခန္ဓာကိုယ်ကို မြေပြင်ပေါ်၌ ပို၍ ကျုံ့ဝင်သွားစေကာ
"ငါ့ဆီကို မလာကြပါနဲ့။ ငါ့ကိုလည်း ထပ်ပြီးတော့ မရိုက်ကြပါနဲ့တော့။ ငါ တကယ်ပဲ မှားခဲ့ပါတယ်၊ ကယ်ကြပါဦး... ကယ်ကြပါဦးဗျာ" ဟု စိုးရိမ်ထိတ်လန့်တကြီးဖြင့် အော်ဟစ်နေရှာပေသည်။
"ရှောင်ဟုန်၊ ငါပါဟ ရွှီရှင်းပါ။ အပေါ်ကို မော့ကြည့်လိုက်ပါဦး။"
ရွှီရှင်းသည် သူ့အား ထပ်၍ ထိတ်လန့်သွားစေမည်ကို စိုးရိမ်သဖြင့် ချက်ချင်းပင် အနားသို့ မကပ်သေးဘဲ နေရာ၌တင် ရပ်လျက် အသံ ခပ်အေးအေးနှင့်ညင်သာစွာ လှမ်း၍ ဆိုလိုက်ပေသည်။
"ဟင်..."
ရွှီရှင်း၏ လေသံမှာ ၎င်းအတွက် အလွန်ပင် ရင်းနှီးကျွမ်းဝင်နေခဲ့ပုံရပေသည်။
သူသည် မိမိ၏ ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး ရွှီရှင်းရှိရာ အရပ်ဆီသို့ လှမ်း၍ ကြည့်ရှုလိုက်ရှာ၏။
ရွှီရှင်း၏ မျက်နှာကို အသေအချာ မြင်တွေ့လိုက်ရသည့် ခဏ၌ပင် သူ၏ မျက်နှာပေါ်တွင် ပြည့်နှက်နေခဲ့သော စိုးရိမ်ထိတ်လန့်မှု အားလုံးမှာ တစ်ခဏအတွင်း လုံးဝကွယ်ပျောက်သွားခဲ့ရပြီး မျက်လုံးအစုံနှင့် နှုတ်ခမ်းများမှာလည်း တဖြည်းဖြည်းနှင့် ပြူးကျယ်ပွင့်ဟသွားခဲ့ကာ မဝံ့မရဲ လေသံလေးဖြင့် "ခင်ဗျားက...ကျွန်တော့်ကိုကော ကျွန်တော့်ရဲ့ မိဘနှစ်ပါးစလုံးကိုကော မြေအောက်ကမ္ဘာထဲကနေပြီးတော့ ဘေးကင်းကင်းနဲ့ အပြင်ကို အတူတူ ခေါ်ထုတ်ပေးခဲ့တဲ့ အစ်ကိုကြီး မဟုတ်လား။ အစ်ကိုကြီး ရွှီရှင်း ဟုတ်ရဲ့လား" ဟု လှမ်း၍ မေးမြန်းရှာပေသည်။
"ငါပါဟ ရှောင်ဟုန်၊ အဲ့ဒါကြောင့်မို့လို့ စိတ်ထဲမှာ ထပ်ပြီး ကြောက်မနေပါနဲ့တော့။"
ရှောင်ဟုန်တစ်ယောက် မိမိအား အသေအချာ မှတ်မိနေဆဲဖြစ်ကြောင်း မြင်တွေ့လိုက်ရသည့် အခါ၌ ရွှီရှင်းသည် သူ၏ ဘေးနားဆီသို့ ချဉ်းကပ်သွားခဲ့ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်၏။
"အစ်ကိုကြီး... ငါ... အီး..ဟီးဟီး..."
သူသည် ဝမ်းနည်းပက်လက်ဖြင့် ချက်ချင်းပင် အော်ဟစ်ငိုယိုလိုက်ပါတော့သည်။
ဤကျောက်ဆစ်ရုပ်တုကြီးများထံမှနေ၍ မျက်ရည်များ အမှန်တကယ် ကျဆင်းလာနိုင်ခြင်းမရှိသည်မှာ မှန်သော်လည်း သူ၏ ငိုယိုသံနှင့် နာကျင်လှသော မျက်နှာအမူအရာလေးမှာမူ စိတ်ထဲက ခံစားချက်ဆိုးများနှင့် ရောက်ရှိလာကြပြီဖြစ်သော အခြားသော လူလေးဦးအပေါ် တကယ့်ကို အားကိုးတောင့်တမိသွားသည့် စိတ်များကို အပြည့်အဝ ထုတ်ဖော်ပြသနေခဲ့ရှာပေသည်။
သူနှင့် ယခင်က တစ်ကြိမ် ဆုံတွေ့ဖူးခဲ့သည့် လုဖေးအာသည်လည်း ဘေးနားဆီသို့ ချက်ချင်းပင် အပြေးအလွှား တိုးကပ်လာခဲ့ပြီး ထိုကောင်လေး၏ စိတ်ခံစားချက်များ ပြန်လည်ပြေလျော့သွားစေရန်အတွက် ဝိုင်းဝန်းနှစ်သိမ့်ပေးနေခဲ့ရှာ၏။
မိနစ်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြီးနောက် ရှောင်ဟုန်၏ စိတ်အခြေအနေမှာ တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့ချေပြီ။
၎င်းနောက်တွင်မူ ရွှီရှင်းက "ရှောင်ဟုန်၊ မင်းတို့တွေ မြေပြင်ပေါ်ကို ရောက်လာခဲ့ပြီးတဲ့ နောက်ပိုင်း ဘယ်လို အခြေအနေတွေကို ဆက်ပြီး ကြုံတွေ့ခဲ့ရလဲဆိုတာ ငါ့ကို သေသေချာချာ ပြောပြလို့ ရနိုင်မလား။ ပြီးတော့ မင်းက ဘာဖြစ်လို့ ရတနာသေတ္တာ သားရဲကြီးရဲ့ ဝမ်းဗိုက်ထဲကို ရောက်နေရတာလဲ" ဟု ဖြည်းညှင်းစွာ လှမ်း၍ မေးမြန်းလိုက်ပေသည်။
ရှောင်ဟုန်သည်လည်း လက်ရှိအချိန်၌ မြေပြင်ပေါ်မှ ထရပ်လိုက်ပြီ ဖြစ်ပြီး မိမိ၏ ကျောက်သားလက်ကလေးနှစ်ဖက်ဖြင့် ရွှီရှင်း၏ လက်မောင်းကြီးကို တင်းကြပ်စွာ ဆွဲကိုင်ထားကာ ရွှီရှင်းအား မိမိ၏ စိတ်ထဲက တစ်ခုတည်းသော အားကိုးရာကြီးတစ်ခုအဖြစ် အပြည့်အဝ သတ်မှတ်ထားပုံရပေသည်။
သူသည် မိမိ၏ ဘေးပတ်ဝန်းကျင်က အခြားသော လူအနည်းငယ်ရှိရာဆီသို့ မဝံ့မရဲဖြင့် လှမ်း၍ တစ်ချက်ကြည့်လိုက်မိပြီးနောက် "ကျွန်တော်... ကျွန်တော်ကိုယ်တိုင်လည်း ဘာအကြောင်းအရာကိုမှ သေချာ မသိပါဘူး။ ဖေဖေနဲ့ မေမေတို့ကလည်း ငါ့ကို ဘာကိစ္စကိုမှ လုံးဝ မပြောပြခဲ့ ကြလို့ပါ..." ဟု တိုးညှင်းစွာ ဆိုရှာ၏။
"မင်း သိရှိသမျှ အကြောင်းတွေကိုပဲ ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပြပေးပါ။ ငါ သေချာပေါက် မင်းရဲ့ မိဘနှစ်ပါးစလုံးကို ပြန်ရှာတွေ့နိုင်အောင် အစွမ်းကုန် ကူညီပေးပါ့မယ်။"
ရွှီရှင်းက လေသံကို အလွန်ပင် ညင်သာစွာဖြင့် ထပ်မံဆိုလိုက်ပေသည်။
ရှောင်ဟုန်က ခေါင်းလေးကို ညိတ်ပြလိုက်မိပြီး "ကောင်းပါပြီ၊ ကျွန်တော် အစ်ကိုကြီးကို အပြည့်အဝ ယုံကြည်ပါတယ်။ ဒါဆိုရင်... ကျွန်တော်တို့တွေ အစ်ကိုကြီးရဲ့ သစ်ပင်အိမ်အတွင်းကနေပြီးတော့ စတင်ထွက်ခွာခဲ့ကြပြီးတဲ့ နောက်ပိုင်းမှာ..."
ရုတ်တရက် သူ၏ စကားပြောသံကြီးမှာ လေထုထဲ၌ ချက်ချင်းပင် လုံးဝ ပြတ်တောက်သွားခဲ့ရပါတော့သည်။
"နောက်တစ်ကြိမ် ထပ်ပြီးတော့ လှုပ်ရှားလို့ မရတော့ပြန်ဘူးလားဟင်"
ယခင်က ဤကဲ့သို့သောအခြေအနေမျိုးကို ကိုယ်တိုင်ကြုံတွေ့ဖူးခဲ့သည့် လုဖေးအာသည် ခဏအတွင်းမှာတင် မျက်လုံးအစုံကို ပြူးကျယ်လျက် လှမ်း၍ မေးမြန်းလိုက်မိပေသည်။
ရွှီရှင်းသည်လည်း မျက်မှောင်ကို အနည်းငယ် တင်းကြပ်စွာ တွန့်ချိုးလိုက်မိပေသည်။
မဟုတ်သေးပါပေ၊ လက်ရှိအခြေအနေမှာ နောက်တစ်ကြိမ် ပြန်လည်အိပ်စက်သွားခြင်းမျိုး လုံးဝ မဟုတ်ပါချေ။
ရှောင်ဟုန်သည် လက်ရှိအချိန်အထိ တကယ့်ကို အသက်ဝင်လျက် လှုပ်ရှားနိုင်စွမ်း ရှိနေဆဲ ဖြစ်ပေသည်။
သူသည် ဘေးက မည်သူ့ကိုမှ စကား ထပ်ပြောခြင်းမျိုး လုံးဝ မပြုလုပ်တော့ဘဲ ၎င်းအစား သူ၏ ခေါင်းလေးကို ဖြည်းဖြည်းချင်း လှည့်လိုက်မိပြီး ထိုဧရာမမြေကျင်းကြီး ရှိရာအရပ်ဆီသို့ တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်နေခဲ့ခြင်း ဖြစ်၏။
မြေကျင်းကြီး၏ အတွင်းပိုင်း၌မူ ထိုဧရာမရှူးပျံကြီး၏ ခေါင်းကြီးမှာ မူလပုံစံအတိုင်း လုံးဝ လှည့်ထားဆဲ ဖြစ်ရုံမျှမက မည်သည့်ဖုံးကွယ်မှုမျိုးမျှ မရှိဘဲ ရွှီရှင်းနှင့် သူ၏ အဖွဲ့သားများ ရှိနေကြသော အရပ်မျက်နှာဆီသို့ တည့်တည့်မတ်မတ် စိုက်ကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။
၎င်းနောက်တွင်မူ ရှောင်ဟုန်၏ ကျောက်သားမျက်လုံး အစုံထံမှနေ၍ ရုတ်တရက် သွေးနီရောင် တောက်သော အလင်းတန်းဖျော့ဖျော့အချို့ တဖျတ်ဖျတ် လက်လာခဲ့ကြပြီး သူ၏ ခန္ဓာကိုယ်မှာလည်း စတင်၍ လှုပ်ရှားလာခဲ့ချေပြီ။
သူသည် မည်သည့်စကားတစ်ခွန်းမှ မဆိုဘဲ ဧရာမမြေကျင်းကြီး ရှိရာအရပ်ဆီသို့ ခြေလှမ်းများကို ဖြည်းဖြည်းချင်း လှမ်းလျက် စတင်လျှောက်လှမ်းသွားခဲ့ခြင်း ဖြစ်ပြီး ၎င်းနောက်တွင်မူ လှုပ်ရှားမှု အရှိန်မှာ သိသိသာသာ လျင်မြန်စွာ မြင့်တက်လာခဲ့ကာ နောက်ဆုံးတွင် ပြေးသွားခဲ့ပါတော့သည်။
"ရှောင်ဟုန်..."
ရွှီရှင်းသည် သူ၏ လှုပ်ရှားမှုများကို အမြန်ဆုံး တားဆီးနိုင်ရန်အတွက် ရှောင်ဟုန်၏ ပုခုံးကြီးကို မိမိ၏ လက်ဖြင့် ချက်ချင်းပင် လှမ်း၍ တင်းကြပ်စွာ ဖမ်းဆွဲလိုက်တော့သည်။
သို့သော်လည်း မည်သည့်အကြောင်းအရင်းကြောင့်မှန်း မသိရဘဲ ထိုကောင်လေး၏ ကျောက်ဆစ်ရုပ်တုထံမှ ထွက်ပေါ်လာသော တွန်းကန်ခွန်အား ပမာဏမှာ မယုံကြည်နိုင်လောက်အောင်ပင် အလွန် ပြင်းထန်လွန်းလှသဖြင့် ရွှီရှင်း၏ အင်အားဖြင့်ပင် ၎င်း၏ လှုပ်ရှားမှုများကို ဘယ်လိုနည်းနဲ့မှ ဆက်၍ ဟန့်တားနိုင်ခြင်း မရှိဘဲ ၎င်းအစား သူ၏ ခန္ဓာကိုယ်ပါ ရှေ့မျက်နှာစာဆီသို့ ခြေလှမ်းအနည်းငယ်ခန့် တရွတ်တိုက် ပါသွားခဲ့၏။
"ငါ့ကို တစ်ချက်လောက် စမ်းခွင့်ပြုဦး"
ကျိချောင်းယန်သည် ယနေ့အတွက် မိမိ၏ ကျပန်းစွမ်းရည်မြှင့်တင်မှုကို ခွန်အားမြှင့်တင်မှုအဖြစ် ရွေးချယ်ထားခြင်းဖြစ်သဖြင့် သူ၏ အခြေခံခွန်အား ပမာဏမှာ ရွှီရှင်းထက်စာလျှင် များစွာ ပို၍ သန်မာနေခဲ့ခြင်း ဖြစ်ပေသည်။
သူသည် ရှောင်ဟုန်၏ လက်မောင်းကြီးကို မိမိ၏ လက်နှစ်ဖက်ဖြင့် ချက်ချင်းပင် အရှိန်ဖြင့် လှမ်း၍ ဖမ်းဆွဲလိုက်သော်လည်း ရှောင်ဟုန်၏ ရှေ့ဆက်တိုးလှုပ်ရှားမှုများကိုတော့ အပြည့်အဝ ဟန့်တားနိုင်ခြင်းမျိုး လုံးဝ မရှိပေ။
၎င်း၏ ပြေးလွှားသည့် အရှိန်ကို အနည်းငယ်သာ နှေးကွေးသွားအောင် ပြုလုပ်နိုင်ခဲ့ပြီး ၎င်း၏ ဆွဲခေါ်မှုဒဏ်ကြောင့် အရှေ့သို့ လိုက်ပါသွားခဲ့ရ
ပြန်၏။
ရှောင်ဟုန်သည် ဧရာမမြေကျင်းကြီးရှိရာ အရပ်ဆီသို့ လျင်မြန်လှသော အရှိန်ဖြင့် ပြေးလွှားနေခဲ့ခြင်း ဖြစ်ပေသည်။
"သူ့ရဲ့ အရှိန်က မြန်ဆန်လွန်းတယ်"
ချီရွှယ်ဖေး၏ မျက်မှောင်မှာလည်း အနည်းငယ် တွန့်ချိုးသွားခဲ့ရရှာပေသည်။
၎င်းတို့အားလုံး ရှောင်ဟုန်၏ ဘေးနား၌ ဝိုင်းဝန်းနှစ်သိမ့်ပေးနေခဲ့ကြသည့် အချိန်အတွင်း၌ ကျိချောင်းယန်သည် ဤကောင်လေး၏ ကျောက်ဆစ်ရုပ်တုနှင့် ပတ်သက်သော အကြောင်းအရင်းအားလုံးကို သူမအား အကျဉ်းချုံးလျက် ကြိုတင်၍ အသေအချာ ရှင်းပြခဲ့ပြီးသား ဖြစ်ပေသည်။
ဖြစ်နိုင်တာက နောက်ကွယ်ကနေပြီးတော့ ထိန်းချုပ်ခြင်း ခံလိုက်ရတာလား။
တစ်စုံတစ်ဦးက သူ့ကို ထိုမြေကျင်းကြီးရှိရာဆီသို့ အတင်း သွားဖို့အတွက် နောက်ကွယ်ကနေ ထိန်းချုပ်လိုက်ခြင်းများလား မသိပါချေ။
ရွှီရှင်းသည် ရှောင်ဟုန်အား မိမိ၏ အာကာသလက်စွပ်အတွင်းသို့ ချက်ချင်းပင် ပြန်လည်သိမ်းဆည်းပစ်ရန် စဉ်းစားလိုက်မိသော်လည်း ရှောင်ဟုန်၏ ပြေးလွှားနေသည့် အရှိန်မှာ တကယ့်ကို လျင်မြန်လွန်းလှသဖြင့် ၎င်း၏ အနားဆီသို့ အမီလိုက်ရန်အတွက်ပင် လုံးဝ မလွယ်ကူလှပါပေ။
မီမီသည်လည်း ရှေ့မျက်နှာစာဆီသို့ ချက်ချင်းပင် လျင်မြန်စွာ အပြေးအလွှား သွားလိုက်ပြီး မိမိ၏ ဧရာမခန္ဓာကိုယ်ကြီးဖြင့် ထိုကောင်လေး၏ ကျောက်ဆစ်ရုပ်တုအား အရှေ့မှနေ၍ အတင်း တွန်းကန်လျက် ၎င်း၏ လှုပ်ရှားမှုများကို ရပ်တန့်သွားအောင် ကြိုးစားပေးနေခဲ့သော်လည်း ၎င်း၏ ခြေလှမ်းများကို အနည်းငယ်မျှသာ နှေးကွေးသွားစေနိုင်ခဲ့ပေသည်။
မည်သို့ပင်ဆိုစေ သူမသည် ရှောင်ဟုန်၏ ခန္ဓာကိုယ်အား ထိခိုက်ဒဏ်ရာများရအောင် မပြုလုပ်ဝံ့သဖြင့် မိမိ၏ ထက်လှသော ခြေသည်းကြီးများကို ဆန့်ထုတ်လျက် ပြင်းထန်စွာ တိုက်ခိုက်ခြင်းမျိုးကို လုံးဝ မပြုလုပ်ချေ။
အခန်း ( ၅၁၃ ပြီး။