အခန်း ၅၁၇
Vol. 35 Ch. 517
အခန်း (၅၁၇) - တယ်လီပို့စနစ် ချိတ်ဆက်မိခြင်းနှင့် ဆန်းကြယ်သော ဖြစ်စဉ်များ နောက်တစ်ကြိမ် ပေါ်ပေါက်လာခြင်း
သူတို့သာ ဒီဖက်ကို ကူးလာနိုင်ကြမယ်ဆိုရင်တော့ သေချာပေါက် အားကိုးရတဲ့ စစ်ကူကြီးတွေ ဖြစ်လာကြမှာပဲ။
"ငါတို့ နည်းလမ်းတစ်ခုခု ကြံဆလိုက်ပါ့မယ်၊ နင်တို့လည်း... ခဏလောက် တောင့်ခံထားပေးဦး"
ရွှီရှင်းက အတွေးနက်နေရင်း လှမ်းပြောလိုက်သည်။
"အင်း... အေးပါဟာ၊ ငါတို့လည်း အိမ်ကို မပြန်သေးဘဲ ဒီဆီးနှင်းတောင်... အာ... မဟုတ်ပါဘူး၊ အခုတော့ ဧရာမမြေကျင်းကြီး ဖြစ်သွားပြီပေါ့၊ ဒီနေရာမှာပဲ နင်တို့ဆီက သတင်းကို စောင့်နေလိုက်မယ်။ မြန်မြန်တော့ လုပ်ကြဦးနော်"
၀မ်ကွေ့ရှင်းရဲ့ လေသံက အနည်းငယ် စိတ်ပျက်သွားသလို ဖြစ်သွားရှာသည်။
သူမက ဒီဖက်က လူတွေနဲ့ ချက်ချင်း ဆုံရတော့မယ်လို့ ထင်မှတ်ထားခဲ့တာ ဖြစ်ပေသည်။
"အစ်ကိုရှင်း... မလောပါနဲ့ဗျာ၊ ငါတို့ဆီမှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။ အခြားနယ်မြေက လူတွေဆိုရင် တယ်လီပို့စနစ်တစ်ခုကိုတောင် အသက်သွင်းနိုင်မယ့် အရည်အချင်းမျိုး လုံးဝ မရှိကြသေးဘူး။ငါတို့ကို ဘယ်လိုမှ အမီလိုက်နိုင်မှာ မဟုတ်ပါဘူး"
ဒါကတော့ ကျောက်ရှောင်ချွမ်းရဲ့ အော်ပြောသံ ဖြစ်သည်။
"ဟုတ်ပဗျာ၊ အားလုံးပဲ မလောကြပါနဲ့၊ ငါတို့ကတော့ ဘယ်အချိန်မဆို တယ်လီပို့လုပ်ပြီး ဝင်တိုက်ဖို့ အဆင်သင့်ပဲဟေ့။ ငါ ခွန်အားမြှင့်ပတ်တီးကို သုံးပြီး ခွန်အားတွေကို အပြည့်အဝ ထိန်းချုပ်နိုင်သွားကတည်းက ထွက်ပေါ်လာတဲ့ ငါ့ရဲ့ သာမန်လက်သီးချက်တွေကို အဲ့ဒီရုပ်တုကြီးတွေ မြည်းစမ်းကြည့်စေရတာပေါ့"
ဒါကတော့ ဝမ်လေ့ရဲ့ အသံ ဖြစ်ပေသည်။
"နင်တို့နှစ်ယောက်က ငါ့ကို သက်သက် လာပြီး လူဆိုးမဖြစ်အောင် လုပ်နေတာ မဟုတ်လား။ ငါက သူတို့ကို မြန်မြန်လုပ်ဖို့ ပြောနေတာကို နင်တို့နှစ်ယောက်က မလောနဲ့လို့ ဝင်ပြောနေကြတယ်"
"ဝါး... ငါ့နားကို လာမကပ်နဲ့ဦးနော်၊ ငါ ကြောက်လို့ပါ။ အစ်မကွေ့ရှင်း... မလုပ်ပါနဲ့"
ဝမ်လေ့ရဲ့ အော်ဟစ်သံက တကယ့်ကို လွန်ကဲလွန်းလှပေသည်။
ဒီဖက်က တိုက်ပွဲကြောင့် အနည်းငယ် ပင်ပန်းနွမ်းနယ်နေခဲ့ကြတဲ့ လူအနည်းငယ်မှာ မထိန်းနိုင်ဘဲ ပြိုင်တူ ရယ်မောမိလိုက်ကြပေသည်။
ဟိုဖက်က လူတွေကတော့ စိုးရိမ်ပူပန်စရာ ကိစ္စမျိုး သိပ်ပြီး မရှိကြတာဖြစ်လို့ တကယ့်ကို ပျော်ပျော်ရွှင်ရွှင် ရှိနေကြဆဲ ဖြစ်သည်။
ဖုန်းခေါ်ဆိုမှုကို ဖြတ်တောက်ပြီးနောက် အားလုံးမှာ ခေတ္တမျှ လုံးဝ တိတ်ဆိတ်သွားခဲ့ကြရပြန်၏။
"ငါ နည်းလမ်းနှစ်ခု စဉ်းစားမိတယ်"
ရွှီရှင်းသည် ဧရာမမြေကျင်းကြီးအတွင်းက ကျောက်ဆစ်ရုပ်တုကြီးများကို လှမ်းကြည့်လိုက်ပြီး ပထမဆုံးအဖြစ် ဝင်၍ စကားဆိုလိုက်ပေသည်။
သူက လက်ချောင်းတစ်ချောင်းကို အသာအယာ ထောင်ပြလိုက်မိ၏။
"ပထမနည်းလမ်းကတော့ ဝင်တိုက်ဖို့ပဲ၊ ဒါပေမဲ့ အောက်ခြေက ရုပ်တုတွေနဲ့ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင်တော့ ငါတို့တွေ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျောက်ဆစ်ရုပ်တုကြီးတွေကို ငါ့ရဲ့ သစ်ပင်အိမ် ပတ်ဝန်းကျင်အနားဆီ ရောက်အောင် မျှားခေါ်သွားဖို့ နည်းလမ်းရှာရမယ်၊ အဲ့ကျမှပဲ သစ်ပင်အိမ်က အစွမ်းထက်လက်နက်ကြီးတွေနဲ့ ကာကွယ်ရေးစနစ်တွေကို သုံးပြီးတော့ အပြတ်ရှင်းကြတာပေါ့"
ကျိချောင်းယန်က ခေတ္တမျှ အတွေးနက်သွားခဲ့ပြီးမှ အခြေအနေကို ဝင်ရောက်သုံးသပ်ပြလာခဲ့၏။
"ဒီအစီအစဉ်ကိုသာ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မယ်ဆိုရင်တော့ တကယ့်ကို နည်းလမ်းကောင်းတစ်ခု ဖြစ်တာတော့ အမှန်ပဲ။ ဒါပေမဲ့ သူတို့တွေ ဝတ်ပြုကိုးကွယ်နေကြတဲ့ အမူအရာတွေကို ကြည့်ရသရွေ့တော့ သူတို့က ဧရာမမြေကျင်းကြီးရဲ့ ဘေးကနေပြီးတော့ ဝေးဝေးလံလံ ထွက်သွားကြမယ့် ပုံမျိုး လုံးဝ ရှိမနေဘူး။ အဲ့ဒီအစား မြေကျင်းကြီးရဲ့ ဘေးပတ်ပတ်လည်မှာပဲ အမြဲတမ်း ခိုအောင်းပြီး ထိုခရမ်းနက်ရောင် အလင်းတိုင်ကြီးကိုပဲ ကာကွယ် စောင့်ရှောက်နေကြဖို့ ရာခိုင်နှုန်း တော်တော်လေး မြင့်မားတယ်"
ရွှီရှင်းကလည်း ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်မိပေသည်။
သူကိုယ်တိုင်လည်း ဤကိစ္စကို ကြိုတင်၍ ထည့်သွင်းစဉ်းစားခဲ့ဖူးပေသည်။
၎င်းတို့အနေဖြင့် အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုအုပ်စုကြီးရယ် ထိုဧရာမရှူးပျံကြီးနှစ်ကောင်လုံးကိုပါ တစ်ကမ္ဘာလုံးစာခန့် ဝေးကွာလှတဲ့ နေရာအထိ မျှားခေါ်သွားနိုင်မည့် စွမ်းရည်မျိုး ရှိမရှိဆိုတဲ့ ကိစ္စကို လောလောဆယ် ထည့်သွင်းမတွက်ချက်သေးပဲ ထိုရန်သူကြီးတွေက မိမိတို့ရဲ့ နောက်ကို တကယ်ကြီး လိုက်ပါလာကြမလားဆိုတဲ့ ကိစ္စရပ်ကတင် တကယ့်ကို မေးခွန်းထုတ်စရာ အချက်ကြီးတစ်ခု ဖြစ်နေသောကြောင့် ဖြစ်ပေသည်။
"ဒါကြောင့်မို့လို့ ဒုတိယမြောက် နည်းလမ်းတစ်ခု ထပ်ရှိသေးတယ်"
ရွှီရှင်းက လက်ချောင်းနှစ်ချောင်းကို ထပ်၍ ဆန့်ထုတ်ပြလိုက်ပြန်၏။
"ဒုတိယနည်းလမ်းကတော့... ငါတို့ထဲက လူတစ်ယောက်က အတွင်းထဲကို တိတ်တဆိတ် ခိုးဝင်သွားဖို့ပဲ၊ ရုပ်တုကြီးတွေ လုံးဝ သတိမပြုမိခင် အချိန်အတွင်း အလင်းတိုင်ကြီးရဲ့ အတွင်းပိုင်းထဲကို အမြန်ဆုံး ဝင်ရောက်ပြီး စနစ်ကြီးနှစ်ခုကို အမြန်ဆုံး ချိတ်ဆက်မိအောင် လုပ်ဆောင်လိုက်ရုံပဲ။ အဲ့တာဆို ဟိုဖက်က လူတွေလည်း ဒီဖက်ကို ချက်ချင်း ကူးလာနိုင်ကြမှာဖြစ်လို့ ငါတို့အားလုံး ပေါင်းပြီးတော့ ကျောက်ဆစ်ရုပ်တုကြီးတွေကို အတူတူ ရင်ဆိုင်ဖြေရှင်းကြတာပေါ့"
"အား... အဲ့ဒါကတော့..."
လီဝမ်ရှီးသည် ခဲခဲလေးရဲ့ နူးညံ့လှတဲ့ ဗိုက်ပွပွလေးကို သာသာယာယာလေး သပ်ပေးနေခဲ့သော မိမိ၏ လက်ကလေးကို ချက်ချင်းပင် ရပ်တန့်လိုက်မိပြီး "ငါတို့တွေ တကယ်ကြီး တိတ်တဆိတ် ခိုးဝင်သွားလို့ ရနိုင်ပါ့မလားဟင်။ အဲ့တာက တကယ့်ကို စွန့်စားရလွန်းလှတယ် မဟုတ်လား။ အကယ်လို့ ရုပ်တုကြီးတွေ သတိပြုမိသွားခဲ့မယ်ဆိုရင်တော့ ငါတို့တွေ ချက်ချင်းပဲ အဝိုင်းခံလိုက်ရမှာ သေချာတာကို၊ ပြီးတော့ ရန်သူတွေ အားလုံးကလည်း အလယ်အလတ်အဆင့် ဒါမှမဟုတ် အဲ့တာထက် အများကြီး ပိုပြီးတော့ သန်မာတဲ့ ကောင်တွေချည်းပဲလေ" ဟု စိုးရိမ်တကြီးဖြင့် ဆိုရှာ၏။
"တိတ်တဆိတ် ခိုးဝင်သွားဖို့ကတော့ သေချာပေါက် ဖြစ်နိုင်ချေ ရှိပါတယ်"
ရွှီရှင်းက ခေါင်းညိတ်လိုက်ရင်း မိမိ၏ ကျောပိုးအိတ်အတွင်းမှ ပစ္စည်းတစ်ခုကို ချက်ချင်းပင် ဆွဲထုတ်ပြလိုက်ကာ "ဒီပစ္စည်းသာ ရှိမယ်ဆိုရင်တော့ သေချာပေါက် အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မယ်" ဟု ဆိုလိုက်ပေသည်။
[ကိုယ်ယောင်ဖျောက် ဝတ်ရုံ : ၎င်းဝတ်ရုံကိုသာ အပြည့်အဝ ဝတ်ဆင်ထားခဲ့မည်ဆိုပါက၊ ရှင်ကျန်သူအနေဖြင့် ရန်သူများ၏ ရှေ့မှောက်၌ လမ်းဘေးက သာမန်ကျောက်ခဲတစ်ခုအလား လုံးဝ သတိမပြုမိဘဲ လျစ်လျူရှုခြင်း ခံရလိမ့်မည် ဖြစ်ပေသည်၊ မည်သို့ပင်ဆိုစေ မိမိ၏ ခန္ဓာကိုယ်ကို လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်စွာ ထားရှိနေသရွေ့သာ လျှင် ဖြစ်၏။
အမှန်အတိုင်း ပြောရမည်ဆိုပါက ဤကဲ့သို့ တိတ်တဆိတ် ခိုးဝင်ရမည့် လုပ်ငန်းစဉ်မျိုးကိုတော့ ကျောက်ရှောင်ချွမ်းကသာ အထိရောက်ဆုံး လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်ပေသည်။
သူသာဆိုလျှင်မူ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားသည့်တိုင်အောင် ပတ်ဝန်းကျင်က မည်သည့်ရန်သူတစ်ဦးမှ လုံးဝ သတိပြုမိနိုင်ခြင်းမျိုး မရှိဘဲ တကယ့်ကို လွယ်ကူချောမွေ့စွာဖြင့် အတွင်းပိုင်းဆီသို့ ခိုးဝင်သွားနိုင်စွမ်း ရှိပေသည်။
ကံမကောင်းတာကတော့ သူက အခြားသော တစ်ဖက်နယ်မြေမှာ ရောက်ရှိနေခြင်းဖြစ်သဖြင့် ဤဖက်က ကိစ္စများကို ဘယ်လိုမှ လာရောက်၍ ဝိုင်းဝန်းကူညီပေးနိုင်ခြင်း မရှိရှာပါပေ။
၎င်းတို့အုပ်စုတစ်ခုလုံးသည် ခေတ္တမျှ ဆွေးနွေးတိုင်ပင်လိုက်ကြပြီးနောက်ဆုံး၌ ဒုတိယမြောက် နည်းလမ်းကိုသာ အသုံးပြုရန်အတွက် အပြီးတိုင် ဆုံးဖြတ်လိုက်ကြတော့သည်။
မည်သို့ပင်ဆိုစေ ပထမနည်းလမ်းကတော့ အောင်မြင်နိုင်ချေ ရာခိုင်နှုန်း အလွန် နည်းပါးလွန်းလှရုံတင်မကဘဲ ဦးနှောက်ခြောက်စရာ ကိစ္စလည်း များစွာ ပါဝင်နေသောကြောင့် ဖြစ်ပေသည်။
လှုပ်ရှားမှုတစ်ခုခုသာ မသိမသာ မှားယွင်းသွားခဲ့မည်ဆိုပါက လူတိုင်း သေချာပေါက် အန္တရာယ်ဆိုးကြီးနှင့် ကြုံတွေ့သွားရနိုင်ချေ ရှိပေသည်။
သေချာတာကတော့ ဤဒုတိယနည်းလမ်းသည်လည်း တစ်စုံတစ်ဦးအနေဖြင့် မိမိ၏ အသက်အန္တရာယ်ကို ကြီးမားစွာ စွန့်စားရမည့် ကိစ္စရပ်တစ်ခု ဖြစ်နေဆဲ ဖြစ်၏။
"ငါ သွားလိုက်ပါ့မယ်"
လုဖေးအာက ချက်ချင်းပင်ပြောလာချင်း ဖြစ်ပြီး "ငါ့ရဲ့ လှုပ်ရှားမှု အရှိန်က မြန်လွန်းတာဖြစ်သလို၊ ငါ့မှာ ထူးခြားတဲ့ အသက်ပြန်ရှင်နိုင်ခွင့် အခွင့်အရေးတစ်ခုလည်း ရှိနေသေးတာပဲဥစ္စာ။ ဒါကြောင့်မို့လို့ အစီအစဉ်တစ်ခုခု မှားယွင်းသွားခဲ့မယ်ဆိုရင်တောင်မှ ငါကတော့ ဘေးကင်းကင်းနဲ့ ပြန်လည်ဆုတ်ခွာနိုင်စွမ်း ရှိလိမ့်မယ်လို့ ကိုယ်ပိုင် ယုံကြည်ချက် အပြည့်ရှိတယ်" ဟု ဆိုရှာ၏။
ရွှီရှင်းကလည်း ခေါင်းကို အသာအယာ ညိတ်လိုက်မိပေသည်။
လုဖေးအာသည် ဤလုပ်ငန်းစဉ်အတွက် တကယ့်ကို အသင့်တော်ဆုံး ထိပ်တန်း ရွေးချယ်မှုတစ်ခု ဖြစ်နေခဲ့သည်မှာ တကယ့်ကို အမှန်ပင် ဖြစ်၏။
သူမ ခုဏက ပြောခဲ့သော အားသာချက်များအပြင် သူမထံ၌ အခြားသော ကြီးမားလှသည့် အားသာချက်တစ်ခုပါ ထပ်၍ ရှိနေသေးခြင်း ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ သူမအနေဖြင့် ရန်သူများအပေါ် တိုက်ခိုက်မှုများကို ကြိုတင်၍ စတင်လုပ်ဆောင်ခြင်းမျိုး လုံးဝ မပြုလုပ်သရွေ့တော့ မည်သည့်ဗီဇပြောင်းသတ္တဝါဆိုးကြီးများထံမှမဆို ရန်လိုသည့် တုံ့ပြန်မှုမျိုးကို ဘယ်လိုမှ ဆွဲဆောင်မိလိမ့်မည် မဟုတ်ပါချေ။
ဤကဲ့သို့သော ထူးခြားလှသည့် သဘာဝ အားသာချက်မျိုးကိုတော့ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါကြီးများ ဖြစ်ကြသော မီမီ သို့မဟုတ် ငွေရောင်ဘုရင်တို့အနေဖြင့် ဘယ်လိုမှ လုပ်ဆောင်နိုင်ခြင်းမျိုး လုံးဝ မရှိကြပါပေ။
ဤကျောက်ဆစ်ရုပ်တုကြီးများသည် တကယ့်မြေပြင်က ဗီဇပြောင်းသတ္တဝါကြီးများနှင့် ဘယ်လို ဆက်စပ်မှုမျိုး ရှိနေမလဲဆိုသည်ကို လက်ရှိအချိန်အထိ သေသေချာချာ မသိရှိနိုင်ကြသေးပါသော်လည်း ဤနည်းလမ်းကို အသုံးပြုလျက် စမ်းသပ်ကြည့်ရခြင်းမှာ သေချာပေါက် တန်ဖိုးရှိလှပေသည်။
အကယ်၍ သူမ ဝင်ရောက်သွားသည့်တိုင်အောင် ရုပ်တုကြီးများက လုံးဝ ပစ်မှတ်မထားကြဘူးဆိုလျှင်ကော ဘာဖြစ်လာနိုင်မည်နည်း။
နောက်ဆုံး၌ ၎င်းတို့အဖွဲ့သား အားလုံးသည် လုဖေးအာကိုသာ သီးသန့် စေလွှတ်ရန်အတွက် အပြည့်အဝ ရွေးချယ်လိုက်ကြတော့သည်။
လုဖေးအာသည် ကိုယ်ယောင်ဖျောက် ဝတ်ရုံကြီးကို ခန္ဓာကိုယ်ပေါ်၌ သေသေချာချာ ဝတ်ဆင်လိုက်ပြီး ချီရွှယ်ဖေး မိမိအား လှမ်း၍ ပေးလာသော အရေးပေါ် ဆေးလုံးများကိုပါ ခါးကြားဆီသို့ စနစ်တကျ သိမ်းဆည်းလိုက်ကာ အသက်ကို တစ်ချက် ရှူသွင်းလိုက်ပြီး မိမိ၏ နောက်မှ လူတိုင်းအား ခေါင်းညိတ်ပြလိုက်၏။
၎င်းနောက် ဧရာမမြေကျင်းကြီး၏ ကျောက်နံရံမှတစ်ဆင့် အောက်ခြေဆီသို့ ဖြည်းဖြည်းချင်း လျှောဆင်းသွားခဲ့ရှာပေသည်။
သူမကိုယ်တိုင်ကော၊ အပေါ်၌ ကျန်နေခဲ့ကြသော လူတိုင်းပါ ဧရာမမြေကျင်းကြီးအတွင်းက ကျောက်ဆစ်ရုပ်တုကြီးများ၏ သေးငယ်လှသော လှုပ်ရှားမှု အရိပ်အယောင်မှန်သမျှကိုတင်းကြပ်စွာဖြင့် အသေအချာ စိုက်ကြည့်နေခဲ့ကြမိပေသည်။
ကံကောင်းထောက်မစွာဖြင့် သူမ ဧရာမမြေကျင်းကြီးအတွင်းသို့ ဘေးကင်းစွာ ခြေချဝင်ရောက်လိုက်နိုင်ခဲ့ပြီးနောက်ပိုင်းတွင်မူ လောလောဆယ်အနေဖြင့် ၎င်းကျောက်ဆစ်ရုပ်တုကြီးများ၏ စူးစိုက်ခြင်းကို လုံးဝ ဆွဲဆောင်မိခြင်းမျိုး ရှိမနေခဲ့ပါပေ။
သူမသည် အစပိုင်းတွင် မဝံ့မရဲဖြင့် ရှေ့သို့ ခြေလှမ်းနှစ်လှမ်းခန့် အသာအယာ လှမ်းလျက် စမ်းသပ်လျှောက်လှမ်းကြည့်လိုက်မိပေသည်။
ပတ်ဝန်းကျင်က ကျောက်ဆစ်ရုပ်တုကြီးများထံမှ မည်သည့်တုံ့ပြန်မှုမျိုးမှ လုံးဝ ထွက်ပေါ်လာခြင်းမရှိသည်ကို အသေအချာ မြင်တွေ့လိုက်ရသည့် အခါကျမှသာ သူမသည် မိမိ၏ လှုပ်ရှားမှု အရှိန်ကို ချက်ချင်းပင် လျင်မြန်စွာ မြှင့်လိုက်တော့၏။
"သူမက တကယ်ကြီး ကျောက်ဆစ်ရုပ်တုကြီးတွေရဲ့ တိုက်ခိုက်မှုကို အောင်မြင်အောင် ရှောင်တိမ်းသွားနိုင်တာလား"
ရွှီရှင်းသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် သူ၏ မျက်လုံးအစုံမှာ မသိမသာ တောက်ပသွားခဲ့ရပေသည်။
"တကယ်ကို ရင်တမမ ဖြစ်ရလွန်းတယ်ရှင်..."
လီဝမ်ရှီးသည် စိတ်ထဲ၌ တော်တော်လေး စိုးရိမ်ပူပန်နေမိဆဲ ဖြစ်ခြင်းဖြစ်ပြီး မိမိ၏ လက်ထဲက မြှားတံအဆင်သင့် တပ်ဆင်ထားပြီးသား ဖြစ်သော ဒူးလေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိကာ အကယ်၍ အခြေအနေဆိုးကြီး ရုတ်တရက် ဖြစ်ပေါ်လာခဲ့မည်ဆိုပါက အောက်ခြေဆီသို့ ချက်ချင်းပင် လျင်မြန်စွာ ပစ်ခတ်ကူညီပေးနိုင်ရန်အတွက် အပြည့်အဝ အဆင်သင့် ပြင်ဆင်ထားရှာပေသည်။
"ကြည့်ရတာတော့ လောလောဆယ် အန္တရာယ် ရှိမနေတဲ့ ပုံစံမျိုးပါပဲ"
ချီရွှယ်ဖေးသည်လည်း စိတ်ထဲ၌ မသိမသာ သက်ပြင်းတစ်ချက် ချလိုက်မိရှာပေသည်။
"ငါတို့တွေ စိတ်အေးလက်အေးဖြစ်ဖို့အတွက် စောလွန်းပါသေးတယ်။
သူမက လက်ရှိအချိန်အထိ အပြင်ဘက် အဝိုင်းအတွင်းမှာပဲ ရှိနေသေးတာလေ"
ကျိချောင်းယန်ကတော့ လေးနက်တည်ကြည်လှသော အမူအရာဖြင့် ဝင်ရောက်၍ စကားဆိုလိုက်ပေသည်။
မြေကျင်းကြီး၏ အောက်ခြေ မြေပြင်တစ်ခုလုံးတွင်မူ လွန်ခဲ့သည့်အချိန်က ပြင်းထန်လှသော ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာခဲ့ရသည့် ပေါက်ကွဲမှု ခြေရာလက်ရာများဖြင့် ပြည့်နှက်နေခဲ့ခြင်းဖြစ်ပြီး နေရာအနှံ့အပြားတွင်လည်း ဖြူလွလွ ကျောက်မှုန့်ပုံကြီးများစွာ ပြန့်ကျဲလျက် ရှိနေခဲ့ကြပေသည်။
လုဖေးအာသည် ၎င်းကျောက်မှုန့်ပုံကြီးများ၏ ကြားထဲမှနေ၍ ရှေ့မျက်နှာစာဆီသို့ ခြေလှမ်းတစ်လှမ်းချင်းစီ သတိကြီးစွာဖြင့် စဉ်ဆက်မပြတ် တိုးဝင်လျှောက်လှမ်းနေခဲ့ရှာ၏။
မကြာမီမှာပင် သူမသည် အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါများ၏ ကျောက်ဆစ်ရုပ်တုကြီးများ စနစ်တကျ ဝိုင်းပတ်ပိတ်ဆို့ထားကြသော အတွင်းပိုင်း နယ်ပယ် အဝိုင်း၏ ဘေးနားဆီသို့ နီးကပ်စွာဖြင့် ရောက်ရှိသွားခဲ့တော့၏။
အခန်း ( ၅၁၇ ပြီး။