အခန်း ၅၁၈
Vol. 35 Ch. 518
အခန်း (၅၁၈) - တယ်လီပို့စနစ် ချိတ်ဆက်မိခြင်းနှင့် ဆန်းကြယ်သော ဖြစ်စဉ်များ နောက်တစ်ကြိမ် ပေါ်ပေါက်လာခြင်း (၂)
ဤကျောက်ဆစ်ရုပ်တုကြီးများသည် ၎င်းတို့ ရောက်ရှိလာကတည်းက မြေပြင်ပေါ်၌ မှောက်ခုံအနေအထားဖြင့်သာ အမြဲရှိနေခဲ့ကြခြင်းဖြစ်ပြီး မည်သည့်လှုပ်ရှားမှုမျိုးမျှ လုံးဝ ရှိမနေခဲ့ကြပါပေ။
သူမက ၎င်းတို့ကို နှစ်ကြိမ်ခန့် အသာအယာ လှမ်းကြည့်လိုက်မိသော်လည်း မည်သည့်ထူးခြားမှုမျိုးမှ ရှာမတွေ့တာကြောင့် ထိုရုပ်တုအဝိုင်းကြားထဲမှနေ၍ လွယ်လွယ်ကူကူနဲ့ပဲ အတွင်းပိုင်းဆီကို အောင်မြင်စွာ ဖြတ်သန်းဝင်ရောက်သွားနိုင်ခဲ့ချေပြီ။
"ဟူး..."
သူမသည် လေပူတစ်ချက်ကို အသာအယာ မှုတ်ထုတ်လိုက်မိပြီး မိမိ၏ မျက်လုံးများကို မြှင့်လျက် ရှေ့က ဧရာမရှူးပျံရုပ်တုကြီးနှစ်ခုရှိရာဆီသို့ လှမ်းကြည့်လိုက်မိသည်။
သူမ၏ မျက်နှာပြင်တစ်ခုလုံးမှာမူ မသိမသာ ဖြူလျော့လာခဲ့ရရှာ၏။
ထိုရှူးပျံရုပ်တုကြီးများထံမှ ထွက်ပေါ်နေသော ဖိအားပမာဏမှာ သူမအတွက်တော့ တကယ့်ကို ပြင်းထန်ကြီးမားလွန်းလှသည်။
အခြားသူတွေလိုမျိုး မသိရသေးတဲ့ အရာတစ်ခုအပေါ် ကြောက်ရွံ့မိခြင်းမျိုးနဲ့ မတူဘဲ သူမ ခံစားနေရတဲ့ ဤကြောက်ရွံ့ထိတ်လန့်မှုကတော့ မိမိထက် များစွာ ပိုမြင့်တဲ့ ထိပ်တန်း အဆင့်မြင့် အရှိန်အဝါကြီးတစ်ခုအပေါ် လုံးဝ ရန်မလိုချင်တော့တဲ့ ခံစားချက်မျိုး သက်သက်သာ ဖြစ်ပေသည်။
ဘုရားရေ... သူတို့တွေ လုံးဝ လှုပ်မလာကြပါစေနဲ့ဦး...။
သူမသည် အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ရှေ့မျက်နှာစာဆီသို့ ချက်ချင်းပင် လျင်မြန်စွာ လျှောက်သွားခဲ့တော့သည်။
ထိုခဏ၌ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတစ်ခု ရုတ်တရက် ထပ်မံဖြစ်ပေါ်လာခဲ့ချေပြီ။
၎င်းတို့ကို တောက်လျှောက် စောင့်ကြည့်နေခဲ့တဲ့ ထိုရှူးပျံကြီး၏ ဧရာမခေါင်းကြီးမှာမူ ရုတ်တရက် လှည့်သွားခဲ့ပြီး လုဖေးအာ ရှိနေတဲ့ အရပ်မျက်နှာဆီသို့ တည့်တည့်မတ်မတ် လှမ်း၍ စိုက်ကြည့်လိုက်ခြင်း ဖြစ်ပေသည်။
ဒါတင်မကသေးဘဲ သူမ၏ ဘေးပတ်ပတ်လည်၌ ပိတ်ဆို့ထားကြဆဲဖြစ်သော အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုအုပ်စုကြီးမှာလည်း ခေါင်းများကို ဖြည်းဖြည်းချင်း မော့လိုက်ကြချေပြီ။
"ဘုရားသခင်... တကယ်ပဲ ကြောက်စရာကြီးဟာ..."
လီဝမ်ရှီးသည် မိမိ၏ နှုတ်ခမ်းကို လက်ဖြင့် အမြန်ဆုံး အုပ်လိုက်မိပြီး တိုးညှင်းလှသော လေသံလေးဖြင့် လှမ်း၍ အော်ဟစ်လိုက်မိရှာပေသည်။
ရွှီရှင်း၊ ကျိချောင်းယန်နှင့် ချီရွှယ်ဖေးတို့ သုံးဦးစလုံး၏ မျက်လုံးအစုံမှာလည်း တစ်ခဏချင်းအတွင်း ပြူးကျယ်သွားခဲ့ရ၏။
ထိုရှူးပျံကြီး၏ အကြည့်များက မိမိ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်လာခဲ့သည့် ခဏ၌ လုဖေးအာသည် မိမိကိုယ်မိမိ တကယ့်ကို အေးစက်လှသည့် ရေခဲဂူကြီးတစ်ခုအတွင်းသို့ ပြင်းထန်စွာ ထိုးဆင်းသွားခဲ့ရသလို ခံစားလိုက်ရပြီး မျက်နှာတစ်ခုလုံးလည်း တကယ့်ကို ဖြူစုတ်သွားခဲ့ရရှာပေသည်။
သူမသည် နေရာ၌တင် ချက်ချင်းပင် ရပ်တန့်လိုက်မိပြီး မည်သည့်လှုပ်ရှားမှုမျိုးကိုမှ ထပ်၍ လုံးဝ မလုပ်ဆောင်ဝံ့တော့ပါချေ။
သူမသည် မိမိ၏ ဘေးပတ်ပတ်လည်က အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများအားလုံး သူတို့၏ ခေါင်းကြီးများကို မော့ကြည့်လာနေကြတဲ့ မြင်ကွင်းကိုလည်း ကိုယ်တိုင် အသေအချာ မြင်တွေ့နေရခြင်း ဖြစ်ပေသည်။
သူမ၏ လက်ရှိ တည်နေရာမှာ ထိုရုပ်တုကြီးများ၏ အလယ်ဗဟိုတည့်တည့်၌ အပြည့်အဝ ပိတ်ဆို့ခြင်း ခံထားရခြင်းဖြစ်ရာ နောက်မှာတင်မကဘဲ အရပ်မျက်နှာ အနှံ့အပြားတွင်ပါ သွေးနီရောင် တောက်ပနေတဲ့ မျက်လုံးအစုံပေါင်း မရေမတွက်နိုင်အောင် ရှိနေခဲ့ပြီး ၎င်းတို့အားလုံးက သူမကို နေရာအနှံ့မှနေ၍ သေသေချာချာ ဝိုင်းကာစိုက်ကြည့်နေကြခြင်း ဖြစ်ပေသည်။
အပေါ်၌ ရှိနေကြသော လူငါးဦးစလုံးမှာလည်း အသက်ရှူရန်ပင် မေ့လျော့နေခဲ့ကြပြီး နောက်ပိုင်းတွင် မည်သို့သော အခြေအနေဆိုးကြီး ထပ်မံဖြစ်ပေါ်လာဦးမည်လဲဆိုသည်ကို တုန်လှုပ်စွာဖြင့် ဆက်လက်စောင့်ကြည့်နေခဲ့ကြမိပေသည်။
ဤကဲ့သို့သော ထိပ်တန့်ဖွယ် အခြေအနေဆိုးကြီးမှာမူ တကယ့်ကို မိနစ်ဝက်ခန့်အထိ ကြာမြင့်စွာ ရှိနေခဲ့ခြင်းဖြစ်ပြီး ၎င်းနောက်တွင်မူ အားလုံး၏ စိုးရိမ်တကြီး စောင့်ကြည့်မှုအောက်၌ ထိုရှူးပျံကြီး၏ ဧရာမခေါင်းကြီးမှာမူ မူလနေရာဆီသို့ ဖြည်းည်းချင်း ပြန်လည်လှည့်သွားခဲ့ပြီး ခေါင်းကိုပါ အနည်းငယ် ပြန်လည်နှိမ့်ချလိုက်ပေသည်။
ဒါတင်မကသေးဘဲ ထိုအလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများမှာလည်း မိမိတို့၏ ခေါင်းကြီးများကို ဖြည်းည်းချင်း ပြန်လည်နှိမ့်ချလိုက်ကြပြီး မြေပြင်ပေါ်၌ မူလအတိုင်း ပြန်လည်ဝပ်စင်းလျက် အလယ်ဗဟိုက ခရမ်းနက်ရောင် အလင်းတိုင်ကြီးရှိရာဆီသို့ ဦးညွှတ်ကိုးကွယ်နေကြသည့် ပုံစံမျိုးအတိုင်း ပြန်လည်ပြောင်းလဲသွားခဲ့ကြချေပြီ။
လုဖေးအာ၏ ခန္ဓာကိုယ်လေးမှာမူ လက်ရှိအချိန်အထိ မသိမသာ တုန်ရီနေဆဲ ဖြစ်ခြင်းဖြစ်ပြီး သူမသည် စိတ်ထဲ၌ လေပူတစ်ချက်ကို တိတ်တဆိတ် မှုတ်ထုတ်လိုက်မိ၏။
ဘေးပတ်ဝန်းကျင်က ရုပ်တုအုပ်စုကြီးကတော့ သူမအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး မဟုတ်ခဲ့ပါသော်လည်း ထိုဧရာမရှူးပျံရုပ်တုကြီးထံမှနေ၍ အနီးကပ် ခံစားလိုက်ရတဲ့ ပြင်းထန်လှတဲ့ ဖိအားကြီးကတော့ သူမရဲ့ နှလုံးသားအတွင်းဆီသို့ နက်ရှိုင်းလှတဲ့ ကြောက်ရွံ့မှုတွေ တိုက်ရိုက် ရိုက်ခတ်စေခဲ့ပြီး သူမရဲ့ အသိစိတ်တစ်ခုလုံးကိုပါ လုံးဝ ဝါးမြိုပစ်လုနီးပါး ဖြစ်ပေါ်စေခဲ့သောကြောင့် ဖြစ်ပေသည်။
သို့သော်လည်း ဖြစ်နိုင်တာကတော့ သူမအနေဖြင့် အာကာသလက်စွပ်အတွင်းက မှောင်မည်းလှတဲ့ ပတ်ဝန်းကျင် အခြေအနေမျိုး၌ အချိန်အတော်ကြာအောင် နေထိုင်ခဲ့ဖူးခြင်းကြောင့်လား မသိပါချေ၊ သူမ၏ ကြောက်ရွံ့မှုအပေါ် ခုခံနိုင်စွမ်းရှိတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေမှာမူ ယခင်ထက်စာလျှင် သိသိသာသာကို ပို၍ သန်မာလာခဲ့ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ဤကဲ့သို့ ပြင်းထန်လှတဲ့ ကြောက်ရွံ့မှု ဒဏ်ကို ကြုံတွေ့ခဲ့ရသည်မှာ မှန်သော်လည်း သူမသည် ထိုမိနစ်ဝက်ခန့် အချိန်အတွင်းမှာတင် မည်သည့်လှုပ်ရှားမှုမျိုးမျှ မပြုလုပ်ဘဲ ကျောက်ခဲတစ်လုံးအလား တည်ငြိမ်စွာ တောင့်ခံထားနိုင်ခဲ့ခြင်း ဖြစ်၏။
တောက်...
ကြည့်ရတာက ငါ့ရဲ့ အရည်အချင်းနဲ့ ဒီလိုတိတ်တဆိတ် ခိုးဝင်ရမယ့် လုပ်ငန်းမျိုးက ဘယ်လိုမှ မသင့်တော်ဘူး ထင်တယ်...။
ရှူးပျံရုပ်တုကြီးတွေကတော့ အလွန်ကြောက်စရာကောင်းလွန်းလှ၏။
ယခုအခါ ထိုကျောက်ဆစ်ရုပ်တုကြီးများအားလုံး မိမိအပေါ်သို့ စူးစိုက်ထားခြင်းမျိုး လုံးဝ မရှိကြတော့ဘူးဆိုမှတော့ သူမအနေဖြင့် မိမိ၏ လှုပ်ရှားမှု အရှိန်ကို ချက်ချင်းပင် အလျင်အမြန် မြှင့်လိုက်ဖို့ လိုအပ်ပေလိမ့်မည်။
သူမသည် မိမိ၏ အသက်ရှူသံများကို အမြန်ဆုံး ပြန်လည်ငြိမ်သက်အောင် ပြုလုပ်လိုက်ပြီးနောက် ရုတ်တရက် မိမိ၏ အရှိန်အားလုံးကို အစွမ်းကုန် စိုက်ထုတ်လိုက်ပြီး အလယ်ဗဟိုက ခရမ်းနက်ရောင် အလင်းတိုင်ကြီး ရှိရာဆီသို့ တကယ့်ကို အလွန်လျင်မြန်လှသော အရှိန်ဖြင့် တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့တော့သည်။
"အီး..."
လီဝမ်ရှီး၏ ရင်ခွင်အတွင်း၌ လိမ္မာစွာ ခိုနေခဲ့သော ခဲခဲလေးသည် သူမ ရုတ်တရက်ကြီး ပြင်းထန်စွာ ပြေးလွှားသွားခဲ့သည့် လှုပ်ရှားမှုကြောင့် စိတ်ထဲ၌ ထိတ်လန့်သွားခဲ့ရပုံရပြီး တိုးညှင်းလှသောအသံလေးဖြင့် အော်ဟစ်လိုက်ရှာပေသည်။
ရွှီရှင်း၏ မျက်လုံးအစုံမှာလည်း မသိမသာ အနည်းငယ် တုန်ရီသွားခဲ့ရ၏။
ဒါတင်မကသေးဘဲ သူမ၏ ဤကဲ့သို့ ပြင်းထန်လှသော လှုပ်ရှားမှုကြီးကြောင့် ထိုဧရာမရှူးပျံရုပ်တုကြီးများ၏ အာရုံစိုက်မှုကို နောက်ထပ်တစ်ကြိမ် ထပ်၍ ဆွဲဆောင်မိသွားခဲ့ပြန်ချေပြီ။
ဘေးပတ်ဝန်းကျင်က အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများမှာလည်း မိမိတို့၏ ခေါင်းကြီးများကို ချက်ချင်းပင် မော့လိုက်ကြပြီး မြေပြင်ပေါ်မှနေ၍ ဖြည်းည်းချင်း မတ်တပ်ထရပ်ရန်အထိပင် ကြိုးပမ်းလာခဲ့ကြပေသည်။
သူမသည် အလင်းတိုင်ကြီး၏ အရှေ့တည့်တည့်ဆီသို့ ရောက်ရှိသွားသည့် ခဏ၌ ချက်ချင်းပင် အရှိန်ကို ရပ်တန့်လိုက်မိပြီး ခန္ဓာကိုယ်ကို လုံးဝ လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်စွာ ထားလိုက်မိပြန်သည်။
ရှေ့သို့ နောက်ထပ် ခြေလှမ်းတစ်လှမ်းမျှသာ လှမ်းလိုက်ရုံဖြင့်တင် သူမသည် ထိုအလင်းတိုင်ကြီး၏ အတွင်းပိုင်းဆီသို့ အပြည့်အဝ ခြေချဝင်ရောက်သွားနိုင်တော့မည် ဖြစ်ပေသည်။
သို့သော်လည်း ၎င်းအတွင်းသို့ မဝင်ရောက်ခင် အချိန်အတွင်းမှာတင် မိမိ၏ ဘေးကင်းလုံခြုံမှု အခြေအနေကိုတော့ သေသေချာချာ ကြိုတင်၍ အတည်ပြုထားဖို့ လိုအပ်ပေသည်။
ယခုတစ်ကြိမ်တွင်မူ သူမသည် ဧရာမမြေကျင်းကြီး၏ အလယ်ဗဟို အူတိုင်နယ်ပယ် တည့်တည့်ဆီသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။
ထိုဧရာမရှူးပျံရုပ်တုကြီးနှစ်ခုစလုံးမှာမူ တစ်ပြိုင်နက်တည်းမှာတင် ဧရာမခေါင်းကြီးများကို အောက်သို့ ငုံ့ချလိုက်ကြပြီး သူမရှိရာ အရပ်ဆီသို့ တည့်တည့်မတ်မတ် စိုက်ကြည့်နေခဲ့ကြခြင်း ဖြစ်သလို ဘေးပတ်ဝန်းကျင်က ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများမှာလည်း အလယ်ဗဟိုဆီသို့ ခြေလှမ်းနှစ်လှမ်းခန့်အထိ ပြင်းထန်စွာ တိုးကပ်လာခဲ့ကြပေသည်။
ထို့နောက်တွင်မူ ၎င်းတို့အားလုံးမှာ ဖြည်းဖြည်းချင်း နောက်ထပ်တစ်ကြိမ် ထပ်မံ၍ လုံးဝ ရပ်တန့်သွားခဲ့ကြပြန်၏။
ဤသည်က ကိုယ်ယောင်ဖျောက် ဝတ်ရုံကြီး၏ အထူးစွမ်းရည် သက်ရောက်မှုများမှာ တကယ့်ကို အမှန်အကန် အလုပ်လုပ်နေခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
ရွှီရှင်းသည် ဧရာမမြေကျင်းကြီး၏ အစွန်းဆုံး ချောက်ကမ်းပါးနေရာ၌ ရပ်တန့်လျက် ဤမြင်ကွင်းတစ်ခုလုံးကို အဝေးမှ လှမ်း၍ စောင့်ကြည့်နေခဲ့ရခြင်း ဖြစ်သည်မှာ မှန်သော်လည်း သူမအတွက် စိတ်ထဲကနေ တကယ့်ကို ချွေးစေးများစွာ ထွက်ပေါ်လာခဲ့ရ၏။
ဤကဲ့သို့သော လှုပ်ရှားမှု ဖြစ်စဉ်ကြီးက လူကို အလွန် ရင်ခုန်စိတ်လှုပ်ရှားစေလွန်းလှပေသည်။
လီဝမ်ရှီးသည်လည်း သူမ၏ လက်နှစ်ဖက်ဖြင့် ရွှီရှင်း၏ လက်မောင်းကြီးကို တင်းကြပ်စွာ ဆွဲကိုင်ထားမိဆဲ ဖြစ်ပြီး အတွင်းပိုင်းက အခြေအနေအားလုံးကို တင်းကြပ်စွာဖြင့် စောင့်ကြည့်နေခဲ့မိကာ ၎င်းတို့အနေဖြင့် တော်တော်လေး ဝေးကွာလှသော နေရာ၌ ရှိနေခဲ့ကြသည်မှာ မှန်သော်လည်း ၎င်းကျောက်ဆစ်ရုပ်တုကြီးများကို သွားရောက်နှောင့်ယှက်မိမလားဆိုတာကို စိုးရိမ်တာကြောင့် စကားတစ်လုံးမှပင် အပြင်သို့ ဖွင့်ဟပြောရန် မဝံ့ရဲကြရှာပေ။
လုဖေးအာသည် မိမိ၏ ဘေးနားရှိ ဆယ်မီတာပင် မပြည့်တော့သော နေရာ၌ ရှိနေကြပြီး မိမိအား တည့်တည့်မတ်မတ် စိုက်ကြည့်နေကြဆဲဖြစ်သော ထိုဧရာမရှူးပျံရုပ်တုကြီးနှစ်ခုရှိရာဆီသို့ လှမ်း၍ ကြည့်ရှုရန်အတွက် လုံးဝ မဝံ့ရဲပါချေ။
သူမသည် ၎င်းတို့ထံမှ ထွက်ပေါ်လာတဲ့ ပြင်းထန်လှတဲ့ ဖိအားကြီးကြောင့် မိမိရဲ့ စိတ်အာရုံတစ်ခုလုံး မှုန့်မှုန့်ညက်ညက် ကြေမွပျက်စီးသွားမှာကို တကယ့်ကို စိုးရိမ်ပူပန်မိနေခြင်းဖြစ်ပြီး ၎င်းတို့၏ စူးစိုက်ကြည့်ရှုခြင်းကို ခံထားရခြင်းကြောင့်လည်း မိမိ၏ မျက်လုံးများကို ဘေးပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်ရှုခြင်းမျိုး လုံးဝ မပြုလုပ်ဝံ့ပေ။
မျက်လုံးထောင့်စွန်းလေးမှတစ်ဆင့်သာ ဘေးပတ်ဝန်းကျင်က အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများ၏ လှုပ်ရှားမှု အခြေအနေများကို သတိကြီးစွာဖြင့် စစ်ဆေးကြည့်ရှုနေခဲ့မိသည်။
ကံကောင်းထောက်မစွာဖြင့် ဤကျောက်ဆစ်ရုပ်တုကြီးများအားလုံးသည် သူမ၏ အရှိန်အဝါမှန်သမျှကို ပြန်လည်အာရုံခံမှုပျောက်သွားခဲ့ကြပြီ ဖြစ်ပေသည်။
ထိုရုပ်တုအုပ်စုကြီးမှာမူ တိုက်ခိုက်မည့် ပစ်မှတ်ကြီးကို ရုတ်တရက် လုံးဝ ပျောက်ကွယ်သွားခဲ့ရပြီဖြစ်သဖြင့် နေရာ၌တင် ငြိမ်သက်စွာ ရပ်တန့်နေခဲ့ကြမိပြီး စိတ်ထဲ၌လည်း မည်သို့သော ကိစ္စရပ်ကို ဆက်လက်လုပ်ဆောင်ရမည်လဲဆိုသည်ကို မသိရှိနိုင်ကြတော့ဘဲ အချင်းချင်းကြား မဝံ့မရဲဖြင့် လှမ်း၍ ဇဝေဇဝါ စိုက်ကြည့်နေကြသည့် ပုံစံမျိုးအထိပင် ပြောင်းလဲသွားခဲ့ရရှာပေသည်။
လုဖေးအာသည် စိတ်ထဲ၌ လေပူတစ်ချက်ကို သာသာယာယာလေး ထပ်မံမှုတ်ထုတ်လိုက်မိပြီး ၎င်းတို့အားလုံး သူတို့၏ မူလနေရာများဆီသို့ တိတ်ဆိတ်စွာ ပြန်လည်ဝင်ရောက်နေရာယူကြမည့် အချိန်ကိုသာ ငြိမ်သက်စွာဖြင့် ဆက်လက်စောင့်ဆိုင်းနေခဲ့မိသည်။
သူမ၏ နဖူးပြင်ပေါ်မှ ထွက်ပေါ်လာသော ချွေးစေးအချို့မှာမူ မေးစေ့မှတစ်ဆင့် လည်ပင်းက ကော်လာအတွင်းဆီသို့ ဖြည်းည်းချင်း စီးကျသွားခဲ့ရ၏။
နောက်ဆုံး၌ ထိုအလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီး အားလုံးမှာမူ သူတို့၏ ကိုယ်ကို တိတ်ဆိတ်စွာ ပြန်လည်လှည့်လိုက်ကြပြီး မြေပြင်ပေါ်၌ မည်သည့်ကိစ္စမှ ဖြစ်ပျက်ခဲ့ခြင်းမရှိသည့်အလား မူလအတိုင်း ပြန်လည်၍ အေးဆေးစွာ အိပ်စက်လိုက်ကြတော့သည်။
လုဖေးအာသည်လည်း ဤရရှိလာခဲ့သော အခွင့်အရေးကောင်းကြီးကို အမိအရ ဆုပ်ကိုင်လိုက်ပြီး မိမိ၏ ခန္ဓာကိုယ်ကို ထိုခရမ်းနက်ရောင် အလင်းတိုင်ကြီး၏ အတွင်းပိုင်းနယ်ပယ်ဆီသို့ လျင်မြန်လှသော အရှိန်ဖြင့် ချက်ချင်းပင် တစ်ရှိန်ထိုး ပြေးဝင်သွားခဲ့တော့သည်။
"သူမ အောင်မြင်အောင် ဝင်သွားခဲ့နိုင်ပြီ"
လီဝမ်ရှီးသည် တိုးညှင်းလှသော လေသံလေးဖြင့် အလန့်တကြား အော်ဟစ်လိုက်မိပြီး "သူမ တကယ်ကြီး အောင်မြင်သွားခဲ့ပြီ" ဟု ဆိုရှာ၏။
သူမ၏ လှုပ်ရှားမှု အရှိန်မှာ တကယ့်ကို လျင်မြန်လွန်းလှသဖြင့် ဘေးပတ်ဝန်းကျင်က မည်သည့်ကျောက်ဆစ်ရုပ်တုတစ်ခုမှ တစ်စုံတစ်ရာသော တုံ့ပြန်မှုမျိုး လုံးဝ ပြုလုပ်နိုင်ခြင်းမရှိခင် အချိန်အတွင်းမှာတင် ၎င်းအတွင်းသို့ တစ်ခဏချင်းအတွင်း ဖျတ်ခနဲ ဝင်ရောက်ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ပေသည်။
ထိုခရမ်းနက်ရောင် အလင်းတိုင်ကြီး၏ အတွင်းပိုင်းဆီသို့ ရောက်ရှိသွားခဲ့သည့် ခဏ၌မူ အတွင်းမှနေ၍ အပြင်ဘက်က မည်သည့်မြင်ကွင်းမျိုးကိုမှ လှမ်း၍ မြင်တွေ့နိုင်ခြင်း မရှိသလို ၎င်းနှင့် ထပ်တူကျစွာပင် အပြင်ဘက်မှနေ၍ ကြည့်မည်ဆိုပါကလည်း ၎င်းအတွင်း၌ ရှိနေသော မည်သည့်အခြေအနေမျိုးကိုမျှ လှမ်း၍ မြင်တွေ့နိုင်ခြင်းမျိုး လုံးဝ ရှိမနေပါချေ။
ယခုအခါတွင်တော့ သူမအနေဖြင့် ထိုကျောက်ဆစ်ရုပ်တုကြီးများ၏ စူးစိုက်ကြည့်ရှုခြင်း ဘေးဒဏ်ကို ထပ်မံ၍ ခံရခြင်းမျိုး လုံးဝ ရှိတော့မည် မဟုတ်ပေ။
အပေါ်၌ ရှိနေကြသော လူတိုင်းမှာလည်း စိတ်ထဲ၌ သက်ပြင်းတစ်ချက်ကို အားရပါးရ ပြိုင်တူ ချလိုက်နိုင်ကြတော့၏။
အစီအစဉ်ကတော့ အမှန်အကန် အောင်မြင်သွားခဲ့ခြင်း ဖြစ်ပေသည်။
ယခုအခါတွင် ၎င်းတယ်လီပို့စနစ်ကြီးနှစ်ခုကြား၌ အပြန်အလှန် ချက်ဆက်မှုများကို ကောင်းမွန်စွာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ကြတော့မည် ဖြစ်ပေသည်။
...
အလင်းတိုင်ကြီး၏ အတွင်းပိုင်း၌ မတ်တပ်ရပ်နေဆဲဖြစ်သော လုဖေးအာသည် အစပိုင်းတွင် အသက်ကို ပြင်းပြင်းထန်ထန် နှစ်ကြိမ်ခန့် ဆက်တိုက် ရှူသွင်းလိုက်မိပြီး ပြီးနောက် မိမိ၏ ရှေ့၌ ရုတ်တရက် ဖြန့်ကျက်ပေါ်ထွက်လာခဲ့သော မြေပုံစနစ်ကြီးကို အသေအချာ လှမ်း၍ စစ်ဆေးကြည့်ရှုလိုက်ပေသည်။
ဤခရမ်းနက်ရောင် အလင်းတိုင်ကြီးသည် ၎င်းအား ပထမဆုံးအကြိမ်အဖြစ် စတင်၍ အသက်သွင်းခဲ့စဉ်တုန်းက တြိဂံပုံစံ မှော်စာလုံးသင်္ကေတကဲ့သို့ သူမ၏ စိတ်အာရုံအပေါ်တွင် ပြင်းထန်စွာ လာရောက်တိုက်ခိုက်ခြင်းမျိုး လုံးဝ မပြုလုပ်ဘဲ ၎င်းအစား သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မယုံကြည်နိုင်လောက်အောင် သက်တောင့်သက်သာရှိလှသော နွေးထွေးမှု ခံစားချက်မျိုးကိုသာ အပြည့်အဝ ပေးစွမ်းနေခဲ့ခြင်း ဖြစ်ပေသည်။
"တောက်ပနေတဲ့ ခရမ်းနက်ရောင် အစက်အပြောက်လေးတွေလား..."
လုဖေးအာသည် ယခင်က ရွှီရှင်း မိမိအား အသေအချာ မှာကြားခဲ့ဖူးသော လမ်းညွှန်ချက်များအတိုင်း ထိုလင်းထိန်နေတဲ့ အစက်အပြောက်လေးများကို ချက်ချင်းပင် လိုက်လံရှာဖွေကြည့်လိုက်ရာ ၎င်းမြေပုံစနစ်၏ ဘယ်ဘက်အပေါ်ထောင့် နယ်မြေနေရာနှင့် ညာဘက်အောက်ထောင့် နယ်မြေနေရာတို့တွင် တောက်ပလှသော ခရမ်းနက်ရောင် အစက်အပြောက်လေး နှစ်ခု တည်ရှိနေသည်ကို ကွက်တိပင်ရှာတွေ့လိုက်၏။
၎င်းတို့သည် အခြေခံအားဖြင့် နယ်မြေ ၁ ၏ အနောက်မြောက်ဘက် အရပ်နှင့် အရှေ့တောင်ဘက် အရပ်တို့ကို အသေအချာ ကိုယ်စားပြုနေခဲ့ကြခြင်း ဖြစ်ပေသည်။
၎င်းအရပ်မျက်နှာများ၏ အခြေခံ သဘောတရားများအရ တွက်ချက်ကြည့်မည်ဆိုပါက အနောက်မြောက်ဘက်ဆီသို့ ဦးတည်နေသော ထိုတောက်ပလှသည့် အစက်အပြောက်လေးသည် မိမိတို့ လက်ရှိ ရှိနေကြသော ဆီးနှင်းတောင် တယ်လီပို့စနစ်ကြီး ဖြစ်ရမည် ဖြစ်ပြီး အရှေ့တောင်ဘက်ဆီသို့ ဦးတည်နေသော အခြားသော အစက်အပြောက်လေးကတော့ ဝမ်ကွေ့ရှင်းတို့အဖွဲ့ အောင်မြင်စွာ အသက်သွင်းလိုက်သော တယ်လီပို့စနစ်ကြီး တည်ရှိရာ နေရာ သေချာပေါက် ဖြစ်ရမည် ဖြစ်ပေသည်။
သူမသည် ထပ်၍ အချိန်ဆွဲမနေတော့ဘဲ မိမိ၏ လက်ကိုဆန့်ထုတ်လိုက်ပြီး ၎င်းနေရာရှိရာဆီသို့ ချက်ချင်းပင် လှမ်း၍ နှိပ်လိုက်ပါတော့သည်။
[အခြားသော တစ်ဖက်နယ်မြေမှနေ၍ အပြန်အလှန် ချိတ်ဆက်နိုင်ရန်အတွက် တောင်းဆိုမှုတစ်ခု ပေးပို့လာခဲ့ပါသည်၊ သင်ကော ၎င်းကို လက်ခံအတည်ပြုပေးရန် ဆန္ဒရှိပါသလား]
သူမသည် ချက်ချင်းပင် လက်ခံအတည်ပြုပေးရန်အတွက် လက်ခံမည် ကို ရဲရဲဝံ့ဝံ့ ရွေးချယ်လိုက်တော့၏။
...
လုဖေးအာဖက်မှနေ၍ ၎င်းတောင်းဆိုချက်ကို အောင်မြင်စွာ လက်ခံအတည်ပြုပေးလိုက်သည့်ခဏအတွင်းမှာတင် နယ်မြေ ၁၈၈ ၏ ကောင်းကင်ပြင်ကြီးတစ်ခုလုံးထက်တွင် တကယ့်ကို ခမ်းနားထည်ဝါလှသော ကြီးကျယ်လှသည့် မြင်ကွင်းဆန်းကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ချေပြီ။
ဧရာမမြေကျင်းကြီး၏ အပြင်ဘက်၌ ရှိနေကြသော လူအနည်းငယ်တင်မကဘဲ နယ်မြေ ၁၈၈ အတွင်းက ရှင်ကျန်သူ အားလုံးနှင့် ဤကမ္ဘာမြေပြင်ပေါ်၌ ရှိနေကြသော လူသားအားလုံးသည်ပင်လျှင် ဤကြီးကျယ်ခမ်းနားလှသော ကောင်းကင်ယံထက်က အံ့မခန်း ဖြစ်စဉ်ကြီးကို ပြိုင်တူ ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရခြင်း ဖြစ်ပေသည်။
ကောင်းကင်ယံထက်သို့ ထိုးတက်နေခဲ့ကြသော ခရမ်းနက်ရောင် အလင်းတိုင်ကြီး နှစ်ခုစလုံးမှာမူ ၎င်းခဏချင်းအတွင်းမှာတင် ပြင်းထန်လှသော လှိုင်းထန်မှု အရှိန်အဟုန်များဖြင့် အဆက်မပြတ် စတင်၍ လှုပ်ရှားလာခဲ့ကြပြီး ၎င်းနောက် ကောင်းကင်ပြင်ကြီးထက်၌ ဖြည်းဖြည်းချင်း ကွေးညွတ်လိုက်ကြပေသည်။
ဒါတင်မကသေးဘဲ ၎င်းတို့နှစ်ခုစလုံးမှာမူ တစ်ဦးနှင့်တစ်ဦး ရှိနေကြသော အရပ်မျက်နှာများဆီသို့ အချင်းချင်းကြား ပြိုင်တူ ကွေးညွတ်လျက် ချဉ်းကပ်လာနေခဲ့ကြခြင်း ဖြစ်၏။
၎င်းတို့ ကွေးညွတ်လာကြသော လှုပ်ရှားမှု အရှိန်အဟုန်မှာမူ မြန်ခြင်းနှေးခြင်းမျိုး လုံးဝ မရှိဘဲ ညဖက် ကောင်းကင်ပြင်ကြီးထက်၌ ထူးဆန်းလှသော ခရမ်းနက်ရောင် အလင်းတန်းကြီးများ အချင်းချင်းကြား ကွေးညွတ်လျက် ဆုံစည်းလာကြပုံမှာ တကယ့်ကို ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ မြင်ကွင်းကြီးပင်။
မြေပြင်ပေါ်က မည်သူမဆို အပြည့်အဝ ရှင်းလင်းစွာ မြင်တွေ့နိုင်စေရန်အတွက် အတိုင်းအတာတစ်ခုအထိ ကွက်တိ ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်ပေသည်။
"ဖေးအာ အောင်မြင်သွားခဲ့ပြီ။ အဲ့တာနှစ်ခုစလုံးက အခု အချင်းချင်း ချိတ်ဆက်မိတော့မှာ ဖြစ်ရမယ်"
လီဝမ်ရှီးသည် မိမိ၏ မျက်လုံးအစုံကို ပြူးကျယ်လျက် ကောင်းကင်ပြင်ကြီးထက်ဆီသို့ အသေအချာ မော့ကြည့်လိုက်မိရာ ၎င်းနေရာ၌မူ ဧရာမ အလင်းတန်း ကွင်းကြီးနှစ်ခုမှာ ဖြည်းဖြည်းချင်း ကွေးညွတ်လျက် အချင်းချင်းကြား ဆုံလုနီးပါး အခြေအနေသို့ ရောက်ရှိနေသည်ကို ထင်ရှားစွာ မြင်တွေ့လိုက်ရပေသည်။
ထိုအချိန်၌ သူမ၏ လက်ပတ်နာရီမှာ ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး ၎င်းမှာ ဝမ်ကွေ့ရှင်းထံမှ ပေးပို့လာသော အသံဖုန်းခေါ်ဆိုမှု ဖြစ်ပေသည်။
"ဝမ်ရှီးလေးရေ... နင်တို့တွေ တကယ်ကြီး အောင်မြင်သွားခဲ့ကြတာလားဟင်။ ဒါ တကယ်ကို မြန်ဆန်လွန်းတာပဲ"
ဝမ်ကွေ့ရှင်း၏ လေသံအတွင်း၌မူ တကယ့်ကို ဝမ်းသာအားရဖြစ်မှုများနှင့် ပြည့်နှက်နေခဲ့ချေပြီ။
"ဟုတ်တယ် အစ်မကွေ့ရှင်း။ ငါတို့ အောင်မြင်သွားခဲ့ပြီ၊ ဖေးအာက အတွင်းပိုင်းထဲကို တိတ်တဆိတ် ခိုးဝင်သွားခဲ့ပြီး တယ်လီပို့စနစ်ကြီး အပြန်အလှန် ချိတ်ဆက်မိအောင် လုပ်ဆောင်ပေးလိုက်တာ"
လီဝမ်ရှီးကိုယ်တိုင်လည်း စိတ်ထဲ၌ အလွန် စိတ်လှုပ်ရှားတက်ကြွနေခဲ့ရုံမကဘဲ မကြာမီမှာပင် အခြားသော တစ်ဖက်နယ်မြေက လူသားအားလုံးကို လူကိုယ်တိုင် တိုက်ရိုက် မြင်တွေ့ရတော့မည် ဖြစ်သောကြောင့် ဖြစ်ပေသည်။
"နင်တို့အားလုံးလည်း ဝင်တိုက်ဖို့အတွက် အဆင်သင့် ပြင်ဆင်ထားကြဦးနော်၊ ငါတို့ဖက်မှာတော့ကျောက်ဆစ်ရုပ်တုကြီးတွေရဲ့ ပြဿနာကိုလုံးဝ မဖြေရှင်းနိုင်ကြသေးဘူး၊ လုဖေးအာတစ်ဦးတည်းကသာ အတွင်းထဲကို ခိုးဝင်ပြီး စနစ်ကြီး ချိတ်ဆက်မိအောင် လုပ်ဆောင်ခဲ့တာဖြစ်လို့၊ ငါတို့ဖက်က အခြေအနေအတွက် နင်တို့ရဲ့ အကူအညီတွေကို အပြည့်အဝ လိုအပ်နေသေးလို့ပါ"
ရွှီရှင်းသည် ကောင်းကင်ပြင်ကြီးထက်၌ အဆက်မပြတ် ကွေးညွတ်လျက် ဆုံစည်းနေကြဆဲဖြစ်သော ထိုအလင်းတိုင်ကြီးများ၏ ပြောင်းလဲမှုများကို သေသေချာချာ မော့ကြည့်လိုက်ရင်း လေးနက်တည်ကြည်လှသော အမူအရာဖြင့် ဝင်ရောက်၍ စကားဆိုလိုက်ပေသည်။
"စိတ်ချပါဟာ၊ ငါတို့ ရှိနေတာမလို့ တိုက်ပွဲ ကိစ္စတွေအတွက်တော့ စိုးရိမ်နေဖို့ လုံးဝ မလိုပါဘူး"
ဝမ်ကွေ့ရှင်းကတော့ တိုက်ပွဲများနှင့် ပတ်သက်၍ မိမိကိုယ်မိမိ တကယ့်ကို ယုံကြည်မှု ရာခိုင်နှုန်းပြည့်နှက်နေခဲ့ခြင်းဖြစ်ပြီး "ငါတို့ အဲ့ဖက်ကို ကူးလာခဲ့ပြီးတာနဲ့ အဲ့ဒီကျောက်ဆစ်ရုပ်တုကြီးတွေကို အပြတ်အသတ် ခြေမှုန်းပစ်ဖို့အတွက်ပဲ စောင့်ဆိုင်းနေလိုက်ပါတော့" ဟု ဆိုလိုက်ပေသည်။
လူတိုင်းသည်လည်း မိမိတို့၏ ခေါင်းများကို မော့လျက် ကောင်းကင်ပြင်ကြီးထက်က အလင်းတိုင်ကြီးများ၏ နောက်ဆုံး ပြောင်းလဲမှု ဖြစ်စဉ်အားလုံးကို တိတ်ဆိတ်စွာဖြင့် ဆက်လက်စောင့်ကြည့်နေခဲ့ကြမိပေသည်။
နောက်ဆုံးတွင်မူ ကောင်းကင်ပြင်ထက်၌ ထိုခရမ်းနက်ရောင် အလင်းတိုင်ကြီး နှစ်ခုစလုံးမှာမူ အချင်းချင်း ဆုံစည်းသွားခဲ့ကြပြီး တစ်ခဏချင်းအတွင်းမှာတင် တစ်ခုတည်းအဖြစ်သို့ အပြည့်အဝ ပေါင်းစပ်သွားခဲ့ပါတော့သည်။
တောက်ပလှသော သက်တံကြီးတစ်ခုနှင့် အလားသဏ္ဌာန် တူလှသည့် ဧရာမခရမ်းနက်ရောင် အလင်းတန်း ကွင်းကြီးတစ်ခုသည် ကောင်းကင်ယံထက်၌ အထင်အရှား ပေါ်ထွက်လာခဲ့ချေပြီ။
၎င်းသည် မြေပြင်ပေါ်မှနေ၍ စတင်ထွက်လာခဲ့ခြင်း ဖြစ်ပြီး ထူထဲလှသော တိမ်တိုက်လွှာကြီးများကို တိုက်ရိုက် ထိုးဖောက်လျက် ကောင်းကင်ပြင်ကြီးတစ်ခုလုံးကို ခမ်းနားထည်ဝါစွာဖြင့် အပြည့်အဝ ဖြတ်သန်းဝန်းရံထားခြင်း ဖြစ်ပေရာ တိမ်တိုက်လွှာကြီးများ၏ ကြားထဲမှနေ၍ တဖျတ်ဖျတ်နှင့် မသိမသာ ထွက်ပေါ်နေခဲ့ခြင်း ဖြစ်ပေသည်။
နောက်ဆုံး၌ မတူညီသော နယ်မြေနှစ်ခုလုံးသည် ယခုအခါတွင် အပြန်အလှန် အပြည့်အဝ ချိတ်ဆက်မိသွားခဲ့ကြလေပြီ။
အခန်း ( ၅၁၈ ပြီး။