အခန်း ၅၂၃
Vol. 35 Ch. 523
အခန်း (၅၂၃) - တိတ်တဆိတ် ကိုယ်ယောင်ဖျောက်ခြင်း
လုဖေးအာသည် မျက်လုံးများကို ပြူးကျယ်လျက် "နင့်ရဲ့ အဆိပ်က ကူးစက်နိုင်တဲ့ လမ်းကြောင်းတွေ တော်တော်လေး များတာပဲနော်" ဟု အံ့ဩတကြီး ဆိုလိုက်သည်။
အခြားတစ်ဖက်တွင်မူ ချီရွှယ်ဖေးက သူမ၏ ချောမွေ့လှသော မေးစေ့လေးကို အသာအယာ ပွတ်သပ်ရင်း "ဖြစ်နိုင်ရင် အဆိပ်အတွက် အဆိပ်ဖြေဆေးအချို့ကို ငါ ကြံဆပေးလို့ ရနိုင်မလားမသိဘူး..." ဟု ဝင်ရောက်ပြောဆိုလာခဲ့၏။
"ကဲပါ အားလုံးပဲ..."
ရွှီရှင်းက ၎င်းတို့ကြားက အရေးမပါလှသော စကားဝိုင်းကို ချက်ချင်းပင် ဝင်ရောက်ဖြတ်တောက်လိုက်ပြီး "အခုက လျှောက်ပြီး လေကန်နေရမယ့် အချိန်မဟုတ်ဘူး။ ငါတို့ လက်ရှိ ကြုံနေရတဲ့ ပြဿနာကို အရင်ဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုခုကို မြန်မြန် ကြံကြရအောင်" ဟု သတိပေးလိုက်ပေသည်။
ဧရာမမြေကျင်းကြီး၏ အတွင်းပိုင်း၌မူ ထိုရှူးပျံကျောက်ဆစ်ရုပ်တုကြီးသည် မိမိ၏ အတောင်ပံကြီးများကို ဖြန့်လျက် လေထုထဲသို့ ပျံတက်တော့မည့် ပုံသဏ္ဌာန်အတိုင်း ရှိနေခဲ့ခြင်းဖြစ်ရာ ၎င်းက အကယ်၍သာ နောက်တစ်ကြိမ် ထပ်၍ အသက်ဝင်လှုပ်ရှားလာခဲ့မယ်ဆိုရင်တော့ ဘေးပတ်ဝန်းကျင်က လူအားလုံးကို ပြင်းထန်စွာ စတင်တိုက်ခိုက်လာတော့မည် ဖြစ်ကြောင်း ထင်ရှားလှပေသည်။
သို့သော်လည်း တစ်ခုခုကြောင့် ထိုရှူးပျံရုပ်တုကြီးကော အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုအုပ်စုကြီးတစ်ခုလုံးပါ လက်ရှိအချိန်၌ သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားကြပြီး ရွှီရှင်းတို့အဖွဲ့အပေါ် ဇွတ်အတင်း ဝင်ရောက်တိုက်ခိုက်ခြင်းမျိုး လုံးဝ မပြုလုပ်ကြပါပေ။
၎င်းပုံစံမှာ တစ်စုံတစ်ဦးက နောက်ကွယ်မှနေ၍ ၎င်းတို့ကို အတင်းအဓမ္မ ဖိနှိပ်ချုပ်ချယ်ထားသည့်အလား တကယ့်ကို သိသာလှပေသည်။
၎င်းနောက်ကွယ်က ကြိုးကိုင်သူဆိုတာက တကယ်ကြီး ချန်ယင်း နဲ့ ရွှယ်လန်တို့နှစ်ဦးစလုံး ဖြစ်နေကြတာလားမသိချေ။
၎င်းတို့နှစ်ဦးက ဤကျောက်ဆစ်ရုပ်တုကြီးတွေကို စိတ်ကွယ်ရာကနေ အပြည့်အဝ ထိန်းချုပ်ပေးထားကြတာများလား မသိပါချေ။
ရွှီရှင်းသည် စိတ်ထဲ၌ ဤကျောက်ဆစ်ရုပ်တုကြီးများအားလုံးသည် ချန်ယင်းနှင့် ရွှယ်လန်တို့နှစ်ဦး၏ တိုက်ရိုက် ကြိုးကိုင်ထိန်းချုပ်မှုအောက်၌သာ ရှိနေကြလိမ့်မည်ဟု ပို၍ ယုံကြည်လာခဲ့မိပေသည်။
အထူးသဖြင့် ခုဏကရှောင်ဟုန်တစ်ယောက် မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်းတွင်မှ ထိုအဆင့်နိမ့် ဗီဇပြောင်းသတ္တဝါ ရုပ်တုအုပ်စုကြီးတစ်ခုလုံးမှာ တကယ့်ကို ရူးသွပ်မတတ် စတင်၍ သောင်းကျန်းလာခဲ့ကြခြင်း ဖြစ်ပေသည်။
သို့သော်လည်း ရတနာသေတ္တာ သားရဲကြီးက ရှောင်ဟုန်၏ ခန္ဓာကိုယ်အား ဝမ်းဗိုက်အတွင်းဆီသို့ အပြည့်အဝ ဝါးမြိုသိမ်းဆည်းပစ်လိုက်ပြီးနောက်ပိုင်းတွင်မူ ၎င်းကျောက်ဆစ်ရုပ်တုကြီးများအားလုံးသည် မိမိတို့ကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်လိုက်ကြပြီး ငြိမ်သက်ခြင်း အခြေအနေဆီသို့ တဖြည်းည်းချင်း ပြန်လည်ရောက်ရှိသွားခဲ့ကြရပြန်ခြင်း ဖြစ်ပေသည်။
ဒါဆိုရင် ၎င်းတို့နှစ်ဦးက လက်ရှိအချိန် ဘယ်နေရာမှာ ခိုအောင်းနေကြတာလဲ...။
ရွှီရှင်းသည် မိမိနှင့် ကျိချောင်းယန်တို့ နှစ်ဦးစလုံး ပြီးခဲ့သည့်အချိန်က ပင်ပန်းခံ တူးဆွထားခဲ့ကြသော ထိုအေးစက်လှသည့် သံတံခါးကြီး တည်ရှိရာ နေရာဆီသို့ လှမ်း၍ ကြည့်ရှုလိုက်မိပေသည်။
အကယ်၍သာ ၎င်းသံတံခါးကြီး၏ အတွင်းပိုင်းဆီသို့ လူကိုယ်တိုင် ဆင်းသက်သွားနိုင်ခဲ့မယ်ဆိုရင်တော့ ဖြစ်နိုင်တာက ဤနောက်ကွယ်က လျှို့ဝှက် ဆန်းပြားမှု အချို့ကို အပြည့်အဝ ရှာဖွေဖော်ထုတ်နိုင်လိမ့်မည် ဖြစ်ပေသည်။
သို့သော်လည်း လက်ရှိအချိန်၌ တကယ့်အရေးကြီးဆုံး ကိစ္စမှာမူ ဤတယ်လီပို့စနစ်ကြီး၏ အခြေအနေများကို အရင်ဆုံး ပြီးမြောက်အောင် ဖြေရှင်းနိုင်ရန်အတွက်သာ ဖြစ်၏။
ဝမ်လေ့သည် မိမိ၏ ဧရာမလက်သီးဆုပ်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး "ငါတို့အားလုံး အောက်ခြေကို ပြိုင်တူ ခုန်ချလိုက်ပြီး ကျောက်ဆစ်ရုပ်တု အားလုံးကို သွားပြီးတော့ ဖျက်ဆီးပစ်လိုက်ကြရင် မကောင်းဘူးလား" ဟု ဆိုလိုက်ပေသည်။
ကျိချောင်းယန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်မိရင်း
"အောက်ခြေမှာက အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါတွေနဲ့ အဆင့်အတန်း တူတဲ့ ကျောက်ဆစ်ရုပ်တုပေါင်း အနည်းဆုံး ရာဂဏန်းနီးပါးခန့်အထိ ရှိနေတာ။ အဲ့ကောင်တွေကို ဝင်ရောက်ရင်ဆိုင်ရမယ့် ကိစ္စက တကယ့်ကို ခက်ခဲလွန်းတယ်။ အထူးသဖြင့် အလယ်က ဧရာမရှူးပျံရုပ်တုကြီးဆိုရင်တော့ အဲ့တာကြီးရဲ့ အခြေခံခွန်အားက အဆင့်မြင့် ဗီဇပြောင်းသတ္တဝါတွေထက်စာရင် လုံးဝ အားနည်းနေမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ သူတို့အားလုံးကို အပြီး ဖျက်ဆီးပစ်ဖို့ဆိုတာ ဘယ်သို့မှ မလွယ်ကူလှဘူး" ဟု ဆိုလိုက်ပေသည်။
"အင်း... နင်ပြောတာလည်း ဟုတ်တာပဲ၊ ဧရာမရှူးပျံရုပ်တုကြီးကို ငါ့ရဲ့ အဆိပ်စွမ်းရည်နဲ့ အပြည့်အ၀ ထိန်းချုပ်နိုင်ဖို့ ကိစ္စက တော်တော်လေး ခက်ခဲလွန်းတယ်။"
ဝမ်ကွေ့ရှင်းသည်လည်း ဧရာမမြေကျင်းကြီး၏ အတွင်းပိုင်းဆီသို့ ကိုယ်ကို ပြန်လှည့်လိုက်မိပြီး ဝင်ရောက် ရှင်းပြလာခဲ့၏။
"ငါ ပိုင်ဆိုင်ထားတဲ့ စိတ်ဝိဉာဉ် အဆိပ်အတောက်တွေက သတ္တဝါတစ်ကောင်ကို အပြည့်အဝ ကြိုးကိုင်နိုင်မယ့် အချိန်အပိုင်းအခြားနဲ့ လှုပ်ရှားမှု အရှိန်ဆိုတာက အခြေခံအားဖြင့် အဲ့သတ္တဝါရဲ့ ခန္ဓာကိုယ် အရွယ်အစား ပမာဏနဲ့ တိုက်ရိုက် သက်ဆိုင်နေလို့ပါ။ ဧရာမရှူးပျံရုပ်တုကြီးအတွင်းကို ငါ့ရဲ့ အဆိပ်အတောက်တွေ စိမ့်ဝင်ပျံ့နှံ့သွားနိုင်မယ့် အရှိန်က အတော်နှေးလွန်းတာ။သူရဲ့ ခန္ဓာကိုယ် အရွယ်အစားကလည်း ကြီးမားလွန်းတာဖြစ်လို့ သူ့ကိုအပြည့်အဝ ကြိုးကိုင်နိုင်ဖို့အတွက်ဆိုရင် တကယ့်ကို များပြားလှတဲ့ အဆိပ်အမြောက်အများကို အဆက်မပြတ် သုံးစွဲဖို့ လိုဦးမှာ၊ ပြီးတော့ အခြေခံအားဖြင့် ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာကြီး။ ဒါပေမယ့်လည်း အောက်ခြေက တခြား ကျောက်ဆစ်ရုပ်တုကြီးတွေအပေါ်မှာဆိုရင်တော့ ငါ့ရဲ့ အဆိပ်စွမ်းရည်က သေချာပေါက် အလုပ်လုပ်နိုင်လိမ့်မယ်လို့ ယူဆရတယ်"
လုဖေးအာသည် စိတ်ထဲ၌ ထိတ်လန့်မှုအချို့ ရှိနေဆဲ ဖြစ်သဖြင့် ခန္ဓာကိုယ်အား အနောက်ဘက်ဆီသို့ ခြေလှမ်းအနည်းငယ်မျှ ထပ်မံ၍ ဆုတ်ခွာလိုက်မိပြီး "ငါတို့တွေ တကယ်ကြီး ဧရာမရှူးပျံကျောက်ဆစ်ရုပ်တုကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ခိုက်ကြတော့မှာလား" ဟု မေးမြန်းလိုက်ရှာ၏။
ကျောက်ရှောင်ချွမ်းသည်လည်း မိမိ၏ လည်ပင်းကြီးကို မသိမသာ ကျုံ့လိုက်မိပြီး "ဒီလောက်အထိ ကြီးတဲ့ဧရာမသတ္တဝါဆိုးကြီးတစ်ကောင်နဲ့ လူကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင်ရမယ့် တိုက်ပွဲတွေမှာဆိုရင် ငါကိုယ်တိုင်လည်း အဲ့ကိစ္စတွေကို ကျွမ်းကျင်စွာ ဖြေရှင်းနိုင်စွမ်း လုံးဝ ရှိမနေဘူး...။ ဒါတင်မကသေးဘူး ငါ ခုဏတုန်းက အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးတစ်ကောင်ရဲ့ ရင်ဘတ်တည့်တည့်ကို ဒူးလေး သုံးပြီးတော့ မြှားတစ်စင်း တိုက်ရိုက် ပစ်ပြီး စမ်းသပ်လိုက်တာ အဲ့တာကြီးက အကျိုးသက်ရောက်မှု လုံးဝ ရှိမနေခဲ့ဘူး။ ကြည့်ရတာတော့ အခုတစ်ကြိမ် ဒီကောင်တွေရဲ့ အားနည်းချက် နေရာက ရင်ဘတ်မှာရှိနေတာ မျိုး လုံးဝ မဟုတ်တော့တဲ့ ပုံစံမျိုးပဲ" ဟု ဆိုလိုက်ပေသည်။
ချီရွှယ်ဖေးနှင့် လီဝမ်ရှီးတို့ နှစ်ဦးစလုံးမှာမူ တစ်ဦးကိုတစ်ဦး လှမ်း၍ ကြည့်လိုက်ကြမိပေသည်။
၎င်းတို့နှစ်ဦးစလုံးထံ၌မူ တိုက်ခိုက်ရေး စွမ်းရည် ပမာဏ တကယ့်ကို ကြီးကြီးမားမား ရှိမနေခဲ့ကြသဖြင့် ဤကဲ့သို့သော ရှေ့တန်းတိုက်ပွဲကြီးအတွင်း ဝင်ရောက်လျက် ကြီးမားလှသော စွမ်းဆောင်ရည်များစွာ ထုတ်ဖော်ပြသနိုင်စွမ်း လုံးဝ ရှိမနေကြရှာပေ။
၎င်းတို့နှစ်ဦးစလုံးအနေဖြင့် အခြေခံခွန်အား ပမာဏ အလယ်အလတ်အဆင့်နှင့် ၎င်းထက် ပိုမိုမြင့်လှသော ဤကဲ့သို့ ကျောက်ဆစ်ရုပ်တုဆိုးကြီးများနှင့် ရင်ဆိုင်ရမည့် အခြေအနေမျိုးတွင်မူ အဝေးတစ်နေရာမှနေ၍ ဒူးလေးများကို အသုံးပြုကာ ပေါက်ကွဲမြှားများဖြင့် လှမ်း၍ ပစ်ခတ်ကူညီပေးနိုင်မည့် နည်းလမ်းတစ်ခုတည်းသာ ရှိပေသည်။
"ဟေး... ငါတို့ဖက်မှာ လူအင်အား ဒီလောက်အထိ များနေတာပဲကို စိတ်ထဲမှာ ဘာကိစ္စကို ကြောက်လန့်နေဖို့ လိုဦးမှာလဲ"
ဝမ်လေ့ကတော့ မျက်နှာတွင် မည်သို့သော စိုးရိမ်ပူပန်မှုမျိုးမျှ ရှိမနေခဲ့ဘဲ "ငါ့အတွက်တော့ ဒီလောက်အထိ များတဲ့ သူငယ်ချင်း တွေနဲ့ အပြင်မှာ လူကိုယ်တိုင် လာရောက်တွေ့ရတာ ဒါက ပထမဆုံးအကြိမ်ပဲ မဟုတ်လား။ ငါတို့အားလုံး စနစ်တကျ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ကြောက်ဖို့ကောင်းတဲ့ ကျောက်ဆစ်ရုပ်တုကြီးတွေကို သေချာပေါက် မှုန့်မှုန့်ညက်ညက် ကြေသွားအောင် ရိုက်ခွဲပစ်နိုင်စွမ်း ရှိမှာ သေချာပါတယ်" ဟု ဆိုလိုက်ပေသည်။
"ဒါနဲ့... ချင်ယွန်လုံနဲ့ ချင်ယွန်ဟု တို့ ညီအစ်ကိုနှစ်ယောက်ကော အခု ဘယ်နေရာကို ရောက်နေကြတာလဲ။"
ချီရွှယ်ဖေးက ဘေးမှနေ၍ လှမ်း၍ မေးမြန်းလိုက်၏။
"အဲ့နှစ်ယောက်ကတော့ နင်တို့တွေ တယ်လီပို့စနစ်ကြီး အပြန်အလှန် ချိတ်ဆက်မိအောင် မလုပ်နိုင်သေးခင် အချိန်မှာတင် နေရာကို ကြိုရောက်နေခဲ့တာမျိုး လုံးဝ မရှိကြသေးလို့ပါ၊ အဲ့တာကြောင့် ငါတို့အဖွဲ့က အရင်ဆုံး ဒီဖက်နယ်မြေကို ကူးပြီး မင်းတို့ကို ကူပေးဖို့လာခဲ့ကြတာ"
ဝမ်ကွေ့ရှင်းက လေသံကို အေးဆေးစွာဖြင့် ပြန်လည်ရှင်းပြလိုက်ပြီး "ဒါပေမယ့် သူတို့နှစ်ယောက်လုံး အခုဆိုတယ်လီပို့စနစ်နားကို နေကြလောက်ပြီ ငါလည်း သူတို့နှစ်ယောက်လုံးကို အဲ့နေရာမှာပဲ ခဏစောင့်ဖို့မှာထားခဲ့ဖူးလို့ပါ" ဟု ဆိုလိုက်ပေသည်။
ရွှီရှင်းသည် စိတ်ထဲ၌ အတွေးများကို ခေတ္တမျှ ကြံဆတွက်ချက်နေမိပေသည်။
သူသည် ညာဘက်လက်ပေါ်က အာကာသလက်စွပ်ကြီးရှိရာဆီသို့ လှမ်း၍ ကြည့်ရှုလိုက်မိပြီး ၎င်းနောက် ဘေးနားက ကျောက်ရှောင်ချွမ်းရှိရာ ဆီသို့ မျက်လုံးများဖြင့် လှမ်း၍ စိုက်ကြည့်လိုက်မိရာ သူ၏ မျက်လုံးအစုံမှာ တဖြည်းဖြည်းချင်း တောက်ပလာခဲ့၏။
ကြည့်ရတာ သူ၏ စိတ်ထဲ၌ ပြောင်မြောက်တဲ့ အစီအစဉ်ကောင်းတစ်ခုကို အောင်မြင်စွာ ကြံဆနိုင်သွားခဲ့ပြီ ဖြစ်ရပေမည်။
"ဟင်... မင်း စိတ်ထဲမှာ ဘာအကြောင်းတွေကို လျှောက်ပြီးတော့ တွက်ချက်နေတာလဲ အစ်ကိုရှင်းရာ။"
ကျောက်ရှောင်ချွမ်းသည် ၎င်း၏ မျက်လုံးများ ထူးဆန်းစွာ တောက်ပလာခဲ့သည်ကို မြင်တွေ့လိုက်ရသောအခါ စိတ်ထဲ၌ မသိမသာ တုန်လှုပ်သွားခဲ့ရပုံရပြီး မျက်နှာတွင် နောက်ပြောင်လိုသည့် အမူအရာများဖြင့် ခန္ဓာကိုယ်အား အနောက်ဘက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ချက်ချင်းပင် ဆုတ်ခွာလိုက်မိကာ "မင်းက ဘာဖြစ်လို့ ငါ့ရဲ့ ကိုယ်ပေါ်ကိုဒီလောက် အထိ စူးစိုက်ပြီး ကြည့်နေရတာလဲ၊ မင်းအတွက် ဘေးနားက အစ်မဝမ်ရှီးတစ်ယောက်တည်း ရှိနေရုံနဲ့တင် တကယ်ကြီး မလုံလောက်သေးဘူး ဟုတ်လား" ဟု နောက်ပြောင်လိုက်ပေသည်။
အခန်း ( ၅၂၃ ပြီး။