မက်လောက်သည့်ဆုလာဘ်
Vol. 181 Ch. 2587
နန်ထျန်းနယ်မြေအတွင်းရှိ ဟောက်ထျန်းကလန်သည် ထိုနယ်မြေအတွင်းရှိ အဓိကမဏ္ဍိုင်အင်အားစုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူတို့က နယ်မြေသခင်အိမ်တော်ကပင် ရင်ဆိုင်ရန် ခက်ခဲသည်အထိ အင်အားကြီးပေသည်။
ရှေးအချိန်က ကောင်းကင်ဒေသကို တောင်ပိုင်းကောင်းကင်ကျယ်(နန်ဟောက်ထျန်း) ဟု ခေါ်တွင်ခဲ့ဖူးသည်။
ရှေးဟောင်းနတ်ဘုရားကလန်များနှင့် သက်ဆိုင်သည့် အင်အားစုတစ်ခုအနေဖြင့် ဟောက်ထျန်းကလန်က ရှည်လျားလှသော သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပြီး သူ၏ ခေတ်အခါ၌ အံ့သြဖွယ်ကောင်းလောက်သည့် ရှေးဟောင်းမဟာအင်ပါယာတစ်ပါးဖြစ်သည့် ဟောက်ထျန်းမဟာအင်ပါယာမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားကလန်များ၏ တစ်စိတ်တစ်ပိုင်းအနေနှင့် သူတို့က မဟာအင်ပါယာ၏ အလွန်အစွမ်းထက်ပြီး ဖျက်ဆီး၍မရနိုင်သော စွမ်းအားကိုပင် လက်ခံပိုင်ဆိုင်ရပြီး ယနေ့ထိတိုင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပေးခဲ့သည်ဟု ဆိုလိုသည်။
ဟောက်ထျန်းကလန်အတွင်း၌ ဟောက်ထျန်းမဟာအင်ပါယာ၏ စွမ်းအားရှိပေသည်။
ယခုတွင် ဟောက်ထျန်းကလန် တည်ရှိရာ နန်ထျန်းနယ်မြေအတွင်း ဟောက်ထျန်းမြို့၌ ကောင်းကင်ဒေသမှ ကျင့်ကြံသူများစွာ စုဝေးရောက်ရှိနေသည်။
ဟောက်ထျန်းကလန်က အခြားရှေးဟောင်းနတ်ဘုရားကလန် ငါးခုနှင့် ပူးပေါင်းပြီး လောကအနှံ့မှ ထူးချွန်သည့် ကျင့်ကြံသူများကို ဖိတ်ခေါ်ပြီး သတ်ဖြတ်မိန့်ကို အသက်သွင်းရန် ဤနေရာ၌ စုဝေးစေခဲ့သည်။ ဤအဖြစ်က ကောင်းကင်ဒေသအတွင်း အလွန်ကြီးမားသည့် ဆူပူမှုတို့ကို ဖြစ်စေခဲ့သည်။ အချိန်တိုအတွင်း ကောင်းကင်ဒေသမှ မရေတွက်နိုင်သော ကျင့်ကြံသူများက လှုပ်ရှားမှု၌ ပါဝင်ရန် ဤနေရာသို့ အပြေးရောက်လာကြ၏။ အချို့သည် ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခု ပူးပေါင်းကာ ထုတ်ပြန်ထားသည့် သတ်ဖြတ်မိန့်က မည်မျှပြင်းထန်မည်ကို မြင်တွေ့ချင်နေကြသည်။ သူတို့သည် စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများကို သတ်ဖြတ်ရန်အတွက် ဤအင်အားစုများ၏ အသုံးချခံလုပ်ပေးရန် ထိုက်တန်ပါရဲ့လား မြင်တွေ့ချင်နေကြသည်။
သတ်ဖြတ်မိန့်က အမှန်တကယ် ဖြစ်လာရန်အတွက် သူတို့ကို ဆွဲဆောင်ရန် ဆုလာဘ်က လုံလောက်မှုရှိရမည် ဖြစ်သည်။ အဆုံးမှာတော့ စီဝေ့ကြယ်ကမ္ဘာ၏ ခွန်အားက သတိထားမိလောက်ဖွယ်ဖြစ်ကာ ရီဖူရှင်း၏ အလားအလာကလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။
သို့သော် ဟောက်ထျန်းကလန်က ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို စုဝေးနိုင်ခဲ့ရာ သူတို့ အောင်မြင်နိုင်သည့် အခွင့်အရေးက အတော်လေး မြင့်မားမည်မှာ သေချာပေသည်။
သူတို့အားလုံးသည် ဤကြိုးစားအားထုတ်မှုအတွက် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုက မည်မျှ ကမ်းလှမ်းရန် ဆန္ဒရှိလိမ့်မည်ကို သိချင်နေကြသည်။
ဟောက်ထျန်းမြို့အတွင်း စားသောက်ဆိုင်နှင့် တည်းခိုခန်းတိုင်း၌ လူပြည့်နေခဲ့ပြီ ဖြစ်သည်။ စားသောက်ဆိုင်တစ်ခုအတွင်း မနက်ဖြန်၌ တရားဝင်ထုတ်ပြန်မည့် သတ်ဖြတ်မိန့်အကြောင်း ဆွေးနွေးနေကြသည်။
“ရှေးဟောင်းနတ်ဘုရားကလန်အားလုံး ရောက်နေပြီလို့ ကြားတယ်။ ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခု စုပေါင်းပြီး သတ်ဖြတ်မိန့်ထုတ်တာက အရှင်ဒွန်ဟောင် ကောင်းကင်ဒေသကို စုစည်းပြီးကတည်းကဆိုရင် ဒါက ပထမဆုံး ဖြစ်လိမ့်မယ် ဟုတ်တယ်မလား။”
တစ်စုံတစ်ယောက်က မှတ်ချက်ချလိုက်သည်။
“အင်း။”
အခြားတစ်ယောက်က ခေါင်းညိတ်လိုက်၏။
“အမှန်တော့ အရင်တုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကတောင် ကောင်းကင်ဒေသအတွင်း အကြီးကျယ်ဆုံးတိုက်ပွဲဖြစ်ကြောင်း နှစ်ပေါင်းများစွာကြာအောင် သမိုင်းတွင်လိမ့်မယ်။ နတ်ဘုရားလက်နက်တွေကို အသုံးပြုပြီးတောင်မှ သူတို့က စီဝေ့ကို ဖျက်ဆီးဖို့ ကျရှုံးခဲ့တယ်။ စီဝေ့ကြယ်ကမ္ဘာအတွင်း ရီဖူရှင်းက အကြွင်းမဲ့ ဘုရင်တစ်ပါးပဲ။ သူက စီဝေ့မဟာအင်ပါယာရဲ့ စွမ်းအားကို အသုံးပြုနိုင်ပြီး လွန်ခဲ့တဲ့ သုံးနှစ်က ထျန်းယန်မြို့ရဲ့ နတ်ဘုရားလက်နက်ကိုတောင် ဖျက်ဆီးပစ်နိုင်ခဲ့တယ်။”
“ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုက မဟာမိတ်ဖွဲ့လိုက်တာ မအံ့သြတော့ပါဘူး။ ဒီတစ်ကြိမ်မှာ ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုလုံး အများကြီး ဆုံးရှုံးခဲ့ရတယ်။ ဟောက်ထျန်းကလန်က မူလဘုံမှာ မဟာအင်ပါယာရဲ့ အမွေအနှစ်တစ်ခုကို ရရှိခဲ့ပေမယ့် အပြည့်အဝ မတူးဖော်ရသေးခင် လုယူခံလိုက်ရတယ်။ ကလန်ခေါင်းဆောင်ရဲ့ အငယ်ဆုံးသားကလည်း အဲဒီဖြစ်စဥ်အတွင်း အသတ်ခံလိုက်ရတာကြောင့် ဟောက်ထျန်းကလန်က အရမ်းဒေါသထွက်ပြီး စီဝေ့ကြယ်ကမ္ဘာကို လုံးဝချေမှုန်းနိုင်ဖို့အတွက် သတ်ဖြတ်မိန့် ထုတ်ပြန်တာ အံ့သြစရာမရှိပါဘူး။
“ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုနဲ့ ကောင်းကင်ဒေသရဲ့ ထိပ်သီးအင်အားစုတွေ ပူးပေါင်းပြီး ဝမ်ရှောင်က အဲဒီကို နတ်ဘုရားလက်နက်တွေ ယူသွားတာတောင် ဘယ်သူကမှ ရီဖူရှင်းကို မသတ်နိုင်ခဲ့သလို စီဝေ့ဘုံကိုလည်း မဖျက်ဆီးနိုင်ခဲ့ဘူး။ အခု သူတို့က သတ်ဖြတ်မိန့်ထုတ်ရုံလေးနဲ့ ကောင်းကင်ဒေသရဲ့ ကျင့်ကြံသူတွေက စီဝေ့ကြယ်ကမ္ဘာထဲကို ဝင်ရောက်နိုင်စွမ်းရှိလိမ့်မယ်လို့များ ထင်နေကြလား။ အရင်ကလို ကျရှုံးရုံပဲ ရှိမှာ မဟုတ်ဘူးလား။”
“ခင်ဗျား သိပ်နားမလည်ဘူးမလား။ ပထမအချက်ကို ပြောရအောင်။ မူလဘုံက အဆုံးမရှိ ကျယ်ပြန့်ပြီး စီဝေ့ကြယ်ကမ္ဘာက မူလဘုံအတွင်းမှာ တည်ရှိတယ်။ ဒါက သူတို့ရဲ့ အမိမြေသဘောမျိုးမို့ ပထဝီဝင်အနေအထားအရ အရေးသာမှုရှိတယ်။ အခု ရီဖူရှင်းက စီဝေ့ကြယ်ကမ္ဘာကို ဗဟိုပြုပြီး နယ်မြေချဲ့ထွင်လို့ မူလဘုံတစ်ခွင်လုံးကို ထိန်းချုပ်ချင်နေတယ်။ ရီဖူရှင်းကိုယ်တိုင်က ဗုဒ္ဓရဲ့ အထူးစွမ်းရည်ဖြစ်တဲ့ ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျွမ်းကျင်တာကြောင့် သူက အစအနတောင် မကျန်ခဲ့ဘဲ သွားလာနိုင်တယ်။ သူ အနာဂတ်မှာ ပိုပြီး အားကောင်းလာရင် ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုက မူလဘုံမှာ အရေးသာမှု ရှိတော့မှာမဟုတ်ဘူး။ ဒါကြောင့် သူတို့က ကောင်းကင်ဒေသမှာ ရှိတဲ့ ကျင့်ကြံသူတွေအားလုံးကို အသုံးပြုပြီး စီဝေ့ကြယ်ကမ္ဘာကို ဖိအားပေးချင်နေတာ။”
“ဒုတိယအချက်အနေနဲ့ ကောင်းကင်ဒေသထဲမှာ ထိပ်သီးကျင်ပကြံသူတွေ လုံးဝမရှိဘူးလို့ ထင်လား။ ကောင်းကင်ပြက္ခဒိန်အရ အခု ဘယ်နနှစ်တောင် ရှိနေပြီလဲ။ နှစ်တစ်သောင်းထက်ကျော်နေပြီ။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းအတွင်း ကျင့်ကြံသူ ဘယ်လောက်များများ မွေးဖွားပြီး ကျင့်ကြံသူ ဘယ်လောက်များများ ဒီလောကကြီးကနေ ပုန်းကွယ်နေမလဲ။ ပြောကြတာတော့ ဒီနှစ်တွေမှာ ဖြစ်ပေါ်လာတဲ့ မူလဘုံအရှုပ်အထွေးတွေအတွင်း ပုန်းကွယ်နေတဲ့ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးက အမွေအနှစ်တွေအတွက် တိုက်ခိုက်ဖို့ ထွက်လာကြတယ်တဲ့။ ရှေးဟောင်းနတ်ဘုရားကလန်တွေက ဒီအကြောင်းတွေကို ကျုပ်ထက် ပိုပြီး နားလည်မယ် ထင်တယ်။ မက်လောက်စရာ ဆွဲဆောင်မှု ရှိနေသရွေ့ အဲဒီထူးချွန်တဲ့ ကျင့်ကြံသူတွေက ထွက်လာပြီး လှုပ်ရှားကြလိမ့်မယ်။”
“တတိယအချက်ကတော့ တော်တော်လေး အရေးပါတယ်။ သတ်ဖြတ်မိန့်ကို အောင်အောင်မြင်မြင် အသက်သွင်းလိုက်နိုင်တာနဲ့ စီဝေ့ကြယ်ကမ္ဘာက ကောင်းကင်ဒေသရဲ့ နံပါတ်တစ် ဘုံရန်သူ ဖြစ်လာလိမ့်မယ်။ ဒါက မူလဘုံအတွက် ကောင်းကင်ဒေသနဲ့ စီဝေ့ကြယ်ကမ္ဘာကြားက စစ်ပွဲတစ်ခု ဖြစ်သွားမှာ။ ဒါပေမယ့် အဆုံးမှာ အင်အားစုတွေ ပိုပြီး ပါဝင်လာတာနဲ့ အင်ပါယာနန်းတော်ကတောင်....”
“ကျုပ် နက်နက်ရှိုင်းရှိုင်း မတွေးမိလိုက်ဘူး။ သတ်ဖြတ်မိန့် အသက်ဝင်သွားရင် ကောင်းကင်ဒေသရဲ့ ကျင့်ကြံသူတွေအများကြီးက စီဝေ့ကြယ်ကမ္ဘာ ကျင့်ကြံသူတွေကို သတ်ဖြတ်အမဲလိုက်ဖို့ သွေးဆောင်ခံရပြီး ကောင်းကင်ဒေသနဲ့ စီဝေ့ကြယ်ကမ္ဘာ နှစ်ခုလုံးကို ဘုံနှစ်ခုကြားတိုက်ပွဲအဖြစ် တွန်းပို့လိုက်မှာ မလွဲမသွေပဲ။ ပြီးတော့ ဒါက လူအများကို စီဝေ့ကြယ်ကမ္ဘာက မူလဘုံကို ကိုယ်စားပြုတယ်လို့ ခံစားမိစေလိမ့်မယ်။ ဒါကြောင့်....”
ကျင့်ကြံသူများက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။ ဤအခြေအနေ၌ စီဝေ့ကြယ်ကမ္ဘာအတွက် စောင့်ဆိုင်းနေရန်မှာ အလွန် မိုက်မဲရာကျပေလိမ့်မည်။ ၎င်းကို အချိန်တိုအတွင်း မချိုးဖျက်နိုင်လျှင်ပင် ထိုဆန့်ကျင်တိုက်ခိုက်သူများကို ဖွဲ့စည်းပြီးသည်နှင့် စီဝေ့ကြယ်ကမ္ဘာက အနှေးနှင့်အမြန် ဖျက်ဆီးခံရလိမ့်မည် ဖြစ်သည်။
မဟုတ်လျှင် စီဝေ့ကြယ်ကမ္ဘာကို အခြေစိုက်စခန်းအဖြစ် အသုံးပြု၍ မူလဘုံကို အုပ်စိုးလာမည့် နောက်ထပ် မဟာအင်ပါယာတစ်ပါး ထွက်ပေါ်လာမည်ကို ကောင်းကင်ဒေသက လက်ခံလိုက်ရပေလိမ့်မည်။
“ရီဖူရှင်းက တကယ်ကို သတ္တိရှိလွန်းတယ်။”
တစ်စုံတစ်ယောက်က ပြောလိုက်သည်။
“သူက မူလဘုံမှာရှိနေတဲ့ ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုရဲ့ အခြေစိုက်စခန်းတွေကို တိုက်ခိုက်ရဲတယ်။ သူက မူလဘုံကို သိမ်းပိုက်ပြီး ကောင်းကင်ဒေသက လူတွေကို ဖယ်ထုတ်ချင်နေတာ ထင်တယ်။ အရမ်းလွန်တာပဲ။”
“မင်းမှာသာ ရီဖူရှင်းလို ခွန်အားရှိရင် သူ့ထက်တောင် ပိုပြီး သတ္တိရှိလိမ့်ဦးမယ်။”
တစ်စုံတစ်ယောက်က စနောက်လိုက်သည်။
၎င်းက အတော်လေးမှန်ကန်သည်ဟု လူတိုင်းက ခေါင်းညိတ်သဘောတူလိုက်ကြသည်။ ယခု ရီဖူရှင်းက ကောင်းကင်မှ နေမင်းကဲ့သို့ပင် ဤလောကအတွင်း သူ့ကို မသိသည့်သူ မရှိပေ။ ထျန်းယန်မြို့အတွင်း ကျင်းပခဲ့သော လက်နက်ပြုလုပ်သည့် ပြိုင်ပွဲသည် ဝမ်ရှောင်ကို မဟာအင်ပါယာအဆင့်အောက်၌ အကျော်ကြားဆုံး ပုဂ္ဂိုလ်ဖြစ်လာစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူက ရီဖူရှင်း၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပေသည်။
သူ့ကဲ့သို့သော လူမျိုးကို မည်သူက ရပ်တန့်နိုင်လိမ့်မည် ဖြစ်ကြောင်း မည်သူမှ မသိကြပေ။
“ဒီတစ်ကြိမ် ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုနဲ့ စီဝေ့ကြယ်ကမ္ဘာကြားက ထိပ်တိုက်ရင်ဆိုင်တွေ့မှုက ဘယ်လိုအဆုံးသတ်မလဲ ဘယ်သူမှ မသိဘူး။”
တစ်စုံတစ်ယောက်က ပြောလိုက်သည်။
“ကျုပ်တို့ စောင့်ကြည့်ရုံပဲ တတ်နိုင်တယ်။”
ဤကျင့်ကြံသူများ အားလုံးက မြင့်မားသည့် မျှော်မှန်းချက်များနှင့် စောင့်ဆိုင်းနေခဲ့ကြသည်။
မနက်ဖြန်၌ သူတို့က သတ်ဖြတ်မိန့်က အထမြောက်လိမ့်မည်လား မြင်တွေ့ရမည် ဖြစ်သည်။
မရေတွက်နိုင်သော နှစ်များစွာ စိန်ခေါ်မှုများနှင့် ရုန်းကန်ဖြတ်သန်းခဲ့ရသည့် ရှေးဟောင်းမြို့တစ်မြို့ဖြစ်သော ဟောက်ထျန်းမြို့က ခမ်းနားထည်ဝါသည့် အတိတ်ရှိခဲ့သော်လည်း ကောင်းကင်ဒေသကို စုစည်းပြီးကတည်းက ထိုမျှထိ သက်ဝင်လှုပ်ရှားမှု မရှိခဲ့ပေ။
မရေတွက်နိုင်သော လူများ၏ မျှော်လင့်ချက်များနှင့် နောက်ဆုံးတွင် ဟောက်ထျန်းမြို့က သတ်ဖြတ်မိန့်ကို တရားဝင်အသက်သွင်းမည့် နေ့သို့ ရောက်ရှိလာပေသည်။
ယနေ့တွင် ဟောက်ထျန်းမြို့အထက် ကောင်းကင်မှ ရွှေရောင်နေအလင်းတို့ ဖြာကျနေခဲ့သည်။ ရာသီဥတုက မြို့အတွင်းမှ ခံစားချက်များကဲ့သို့ အလွန် နွေးထွေးကာ တောက်ပနေခဲ့၏။
မြို့ထဲတွင် မရေတွက်နိုင်သော လူများက တီးတိုးပြောဆိုနေကြကာ ဖြစ်ပျက်လာမည့် တစ်စုံတစ်ရာအား စောင့်ဆိုင်းနေကြသည်။
နောက်ဆုံး၌ အသံတစ်ခုက မြို့တစ်ခွင်ကို ဖြတ်သန်းထွက်ပေါ်လာသည်။ ၎င်းက နတ်ဘုရားများ၏ ခေါင်းလောင်းမှ ထွက်ပေါ်လာသည့် အသံမျိုး ဖြစ်ပြီး ကြားလိုက်ရသည့် လူတိုင်း၏ နှလုံးသားများထဲ၌တွင်ပါ ပဲ့တင်ထပ်သွားခဲ့သည်။ ထိုအချိန်တွင် ဤအဆုံးအစမဲ့သည့်နယ်မြေပေါ်ရှိ ဟောက်ထျန်းမြို့အတွင်းမှ မရေတွက်နိုင်သော ကျင့်ကြံသူ ကျင့်ကြံသူများက တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
ရုတ်တရက် အလွန် တောက်ပသည့် ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ထက်၌ ပေါ်ပေါက်လာသည်။ ထိုနတ်အလင်းက စုစည်းကာ အလွန်တရာ ကြီးမားသည့် ပုံရိပ်က ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။ ၎င်းက ဟောက်ထျန်း၏ ပုံရိပ်ပင် ဖြစ်သည်။
“အဲဒါ ဟောက်ထျန်းကလန်ခေါင်းဆောင်ပဲ။”
တစ်စုံတစ်ယောက်က ထိုကြီးမားသည့် မျက်နှာနှင့် ပုံရိပ်ကို သတိရလိုက်သည်။ ၎င်းက နန်ထျန်းနယ်မြေအတွင်း အစွမ်းထက်ဆုံးပုဂ္ဂိုလ်ပင် ဖြစ်သည်။ ဟောက်ထျန်းကလန်ခေါင်းဆောင်၏ မျက်နှာက ကောင်းကင်ထက်တွင် တိုက်ရိုက်ပေါ်ပေါက်လာသည့်အတွက် တစ်မြို့လုံးက သူ့ကို မြင်နိုင်ပေသည်။
ထိုဟောက်ထျန်းပုံရိပ်၏ နောက်တွင် နတ်စစ်သူကြီးများကဲ့သို့ ပုံရိပ်များစွာလည်း ရပ်နေခဲ့သည်။ သူတို့က ဟောက်ထျန်းကလန်မှ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ထို့နောက် အခြားသော နေရာငါးခုမှ နောက်ထပ် နတ်အလင်းများ ပေါက်ကွဲထွက်လာပြီး ပုံရိပ်များစွာက ကောင်းကင်၌ တစ်ခုပြီးတစ်ခု စတင်ပေါ်ပေါက်လာသည်။ ထိုနေရာများထဲမှ တစ်နေရာတွင် ရွှေရောင်အလင်းများက ကောင်းကင်၌ ပြည့်နှက်နေခဲ့ပြီး ၎င်းက ဗုဒ္ဓဘုံမှ ကျင့်ကြံသူများပင် ဖြစ်သည်။
နောက်တစ်နေရာတွင် အနှိုင်းမဲ့ ခမ်းနားထည်ဝါသည့် ပုံရိပ်တစ်ခုက ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေပြီး သူ့နောက်တွင် ထျန်းယန်မြို့သခင်နှင့် ထျန်းယန်မြို့မှ ကျင့်ကြံသူများ ရှိနေသည်။
လူအများ၏ အကြည့်များက ထျန်းယန်မြို့သခင် ဘေးမှ လူထဲ ရောက်ရှိသွားကြသည်။ ထိုနေရာ၌ ရှိနေသူမှာ ထျန်းယန်မြို့သခင်က 'မဟာအင်ပါယာအောက်မှ အစွမ်းထက်ဆုံး' ဟု ချီးမွမ်းခဲ့သော ဝမ်ရှောင် ဖြစ်သည်။
အခြားသုံးနေရာ၌ အနန္တနယ်မြေမှ ရှေးဟောင်းနတ်ဘုရားကလန် ဖြစ်သော အနန္တတောင်တန်းမှ လူများ ရှိနေသည်။
ထိုက်ရှန်နယ်မြေမှ ရှေးဟောင်းနတ်ဘုရားကျန်းကလန်။
ယွမ်ရှီးနယ်မြေမှ ယွမ်ရှီးနန်းတော်။
ထိုအဓိကအင်အားစုများအားလုံးက ကျင့်ကြံသူများစွာနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ ရောက်လာကြပြီး စုဝေးနေသည်။ ယခုတွင် ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုက ကျယ်ပြောလှသော ကောင်းကင်၏ ပြောရေးဆိုခွင့်ရှိသူများကဲ့သို့ ဟောက်ထျန်းမြို့ ကောင်းကင်ထက်တွင် ရှိနေခဲ့ကြသည်။
ဟောက်ထျန်းမြို့၏ အဓိကနေရာတစ်ခုချင်းစီရှိ အဆောက်အဦးထိပ်များပေါ်တွင် ကျင့်ကြံသူများက ထိုင်နေခဲ့ကြ၏။ သူတို့က ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုများမှ လူများဖြစ်ကြပြီး ယခုတွင် သူတို့က ဟောက်ထျန်းမြို့အတွင်း ရှိနေခဲ့သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်မှ ဟောက်ထျန်းကလန်ခေါင်းဆောင်က စကားစပြောလိုက်သည်။
“ဒီနေ့ ကောင်းကင်ဒေသ တစ်ခွင်လုံးက ကျင့်ကြံသူတွေကို ဟောက်ထျန်းမြို့ဆီ လာဖို့ဖိတ်ခေါ်ရတာ ဘာလို့လဲဆိုတာ သိကြမယ် ထင်ပါတယ်။ မူလဘုံကို ကောင်းကင်ဒေသရဲ့ လက်အောက်ခံနယ်မြေအဖြစ်နဲ့ အချိန်အကြာကြီး အုပ်ချုပ်ခဲ့တယ်။ ကောင်းကင်ဒေသရဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ရီဖူရှင်းက သူ လုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက် အပြစ်မပေးဘဲ ထောက်ထားညှာတာခဲ့တဲ့ မဟာအင်ပါယာရဲ့ စေတနာကို အလွဲသုံးစားလုပ်ခဲ့တယ်။ သူ့ကိုယ်သူ အင်အားတောင့်တင်းလာအောင် လုပ်ပြီးနောက် ကလဲ့စားချေဖို့အတွက်နဲ့ မူလဘုံနယ်မြေထဲမှာ ပရမ်းပတာ ဖြစ်စေခဲ့တယ်။ အခု သူက ဆန္ဒရှိသလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေပါ ပြုလုပ်နေခဲ့တယ်။ အရင်ဆုံး သူက သူ့ရဲ့ ရမ်းကားတဲ့ ကျင့်ကြံသူတွေကို ဦးဆောင်ပြီး ဘုံကိုးဘုံအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပြီး အတင်းအကျပ် သိမ်းပိုက်ခဲ့တယ်။ ပြီးတော့ သူက မူလဘုံအတွင်းမှာရှိတဲ့ ကောင်းကင်ဒေသရဲ့ အဓိက အခြေစိုက်နေရာတွေကို တိုက်ခိုက်ပြီး လက်လွတ်စပယ် သတ်ဖြတ်မှုတွေကို ပြုလုပ်ခဲ့တဲ့အပြင် မူလဘုံကနေ လူတိုင်းကို ဖယ်ထုတ်ပြီး မူလဘုံကို အတင်းအကျပ်သိမ်းပိုက်ဖို့ ကြံစည်နေခဲ့တယ်။”
သူ၏ စကားသံက လေဟာနယ်တစ်ခွင်ကို ပဲ့တင်ထပ်သွားခဲ့သည်။ သူသည် ရီဖူရှင်းကို မဆင်မခြင် သတ်ဖြတ်ခြင်းနှင့် ဆိုးယုတ်သည့်အရာအားလုံးကို ပြုလုပ်သည့် လောက၏ မကောင်းဆိုးဝါးနတ်ဆိုးကဲ့သို့ ဖော်ပြထားသည်။
ဟောက်ထျန်းကလန်ခေါင်းဆောင်က ခေတ္တမျှ ရပ်လိုက်ပြီးနောက် ကျယ်လောင်စွာ ဆက်ပြောလိုက်သည်။
“ဒါကြောင့် စီဝေ့ကြယ်ကမ္ဘာက ကျင့်ကြံသူတွေကို သုတ်သင်ရှင်းလင်းဖို့အတွက် တခြား ရှေးဟောင်းနတ်ဘုရားကလန်တွေနဲ့ပူးပေါင်းပြီး ကျုပ်တို့ ဒီနေ့ ဒီနေရာမှာ ရှိနေရတာ ဖြစ်တယ်။ စီဝေ့ကြယ်ကမ္ဘာအတွင်း ကြယ်ကောင်းကင်ကျင့်ကြံရေးနန်းတော်က ကျင့်ကြံရေးအတွက် သန့်စင်မြင့်မြတ်နယ်မြေ ဖြစ်တယ်။ စီဝေ့ကြယ်ကမ္ဘာက ကျင့်ကြံသူတွေကို သတ်နိုင်တဲ့ ဘယ်သူမဆို စီဝေ့ကြယ်ကမ္ဘာကို ရှင်းလင်းသုတ်သင်ပြီးတာနဲ့ ကြယ်ကောင်းကင်ကျင့်ကြံရေးနယ်မြေကို ဝင်ရောက်ပြီး မဟာအင်ပါယာရဲ့ စွမ်းအားတွေနဲ့ ထိတွေ့ခွင့်ရစေရမယ်လို့ ကျုပ် ကတိပေးတယ်။”
ဟောက်ထျန်းမြို့မှ ထိုကျင့်ကြံသူများ၏ နှလုံးသားတို့က ခုန်ပေါက်သွားခဲ့သည်။ ၎င်းက အလွန်လွယ်ကူလွန်းလှသည်။ မည်သည့် ကျင့်ကြံဆင့်ရှိသူဖြစ်စေ ကိစ္စမရှိဘဲ သတ်ဖြတ်မှုတစ်ခု ပြုလုပ်နိုင်သရွေ့ မည်သူမဆို အနာဂတ်၌ မဟာအင်ပါယာ၏ စွမ်းအားကို ထိတွေ့နိုင်မည့် အခွင့်အရေး ရလာလိမ့်မည် ဖြစ်သည်။
သို့သော် ထိုနေရာ၌ မေးစရာမေးခွန်းတချို့ ရှိနေဆဲ ဖြစ်သည်။ ထိုကတိစကားများမှာ စီဝေ့ကြယ်ကမ္ဘာကို အမှန်တကယ် ချေမှုန်းပြီးသည်အထိ စောင့်ဆိုင်းရန် လိုအပ်ပြီး အလုပ်ထက် အပြောက ပိုလွယ်ကြောင်း လူတိုင်း သိပေသည်။ ပို၍ အရေးကြီးသည်မှာ ရီဖူရှင်းက စီဝေ့မဟာအင်ပါယာ၏ ဆက်ခံသူဖြစ်သည်။ စီဝေ့က ချေမှုန်းခံရလျှင် မဟာအင်ပါယာစွမ်းအားများက ကျန်ရှိနေခြင်းရှိမရှိ မည်သူမှ မသိပေ။
“ပြီးတော့ အနာဂတ်မှာ အနာဂတ်မှာ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုက မူလဘုံအတွင်းက ကျုပ်တို့ရဲ့ အခြေစိုက်စခန်းတွေကို ပြန်ရတာနဲ့ မင်းတို့ အချိန်မရွေးလာရောက်ပြီး ကျင့်ကြံနိုင်တယ်။”
“ရန်ဟောင်အဆင့်ကျင့်ကြံသူတွေကို သတ်ဖြတ်နိုင်တဲ့သူတွေက ဘယ်လိုကန့်သတ်ချက်မှ မရှိဘဲ အမွေအနှစ်နယ်မြေအားလုံးကို ဝင်ရောက်ခွင့်ရရှိလိမ့်မယ်။ မဟာအင်ပါယာရဲ့ အမွေအနှစ်တွေ ရရှိခဲ့ရင် မင်းတို့ရဲ့ ကျင့်ကြံခြင်းမှာ ပိုပြီး အထောက်အကူဖြစ်စေလိမ့်မယ်။”
“ကျုပ် အခုလေးတင်ပြောထားတဲ့ ကမ်းလှမ်းချက်တွေအပြင် နတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူတွေကို သတ်နိုင်သူတွေက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုထဲက တစ်ခုခုဆီ ဝင်ရောက်ဖို့ ရွေးချယ်နိုင်ပြီး မဟာအင်ပါယာရဲ့ စွမ်းအားကို ထိတွေ့ခွင့်ရလိမ့်မယ်။ နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်တွေလည်း ဆုလာဘ်အဖြစ် ရလိမ့်မှာဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုရဲ့ ထိပ်တန်းကျင့်စဥ်တွေထဲကနေ အဆင့်မြင့်ကျင့်စဥ်တစ်ခု ရွေးချယ်နိုင်မယ့် အခွင့်အရေးရှိတယ်။”
“ရီဖူရှင်းကို သတ်နိုင်တဲ့ သူ ဘယ်သူမဆိုအတွက်ကတော့ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုကို ဘာကန့်သတ်ချက်မှမထားဘဲ အတားအဆီးမရှိ ဝင်ထွက်နိုင်လိမ့်မှာ ဖြစ်တယ်။”
ဟောက်ထျန်းကလန်ခေါင်းဆောင်က ကျယ်လောင်စွာ ပြောလိုက်ပြီး သူ၏ အသံက လေဟာနယ်အတွင်း ပဲ့တင်ထပ်လာကာ မရေတွက်နိုင်သည့် ကျင့်ကြံသူများ၏ နှလုံးသားနှင့် ဝိညာဥ်အား တုန်လှုပ်သွားစေခဲ့သည်။ မည်သူပင်ဖြစ်ပါစေ ထိုကဲ့သို့သော အခြေအနေများက အလွန် မက်လောက်စရာပင် ဖြစ်သည်။
နတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူများသည်ပင် အတော်လေး သွေးဆောင်ခံခဲ့ရသည်။
ဤသတ်ဖြတ်မိန့်က အောင်မြင်စွာ အသက်သွင်းနိုင်ရန် ဖြစ်နိုင်ချေမြင့်မားပေသည်။ ကျင့်ကြံသူများစွာက စွန့်စားမှုပြုပြီး စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများစွာကို အမဲလိုက်သတ်ဖြတ်မှု၌ ပါဝင်ရန် ဆန္ဒရှိပေလိမ့်မည်။
စီဝေ့ကြယ်ကမ္ဘာက နောက်တစ်ကြိမ် ထပ်၍ အန္တရာယ်တောထဲ ရောက်ရတော့မည် ဖြစ်သည်။