တစ်ယောက်တည်း
Vol. 181 Ch. 2588
ဆုလာဘ်က သင့်လျော်ပြီး အထူးသဖြင့် မက်လောက်စရာကောင်းလောက်အောင် ရက်ရောမှုရှိသည့်အခါ သူတို့၏ အသက်ကိုပင် ရင်းရဲသည့် သတ္တိကောင်းသူများက လစ်လပ်နေမည် မဟုတ်ပေ။
ရန်ဟောင်အဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်နိုင်မည့် မည်သူမဆို နတ်ဘုရားအဆင့်အမွေအနှစ်နယ်မြေ၌ ကျင့်ကြံရန် အခွင့်အရေးနှင့် လဲလှယ်နိုင်သည်။ စီဝေ့ကြယ်ကမ္ဘာတစ်ခုလုံးကို ဖမ်းဆီးရန် ခက်ခဲလျှင်ပင် မူလဘုံ၌ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို ပြန်ရရှိရန်မှာ မခက်ခဲသင့်ပေ။
ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းမှ ရရှိမည့် ဆုလာဘ်က ပို၍ပင် မက်လောက်စရာ ဖြစ်သည်။ မဟာအင်ပါယာ၏ စွမ်းအားကို ထိတွေ့ခံစားနိုင်မည့် အခွင့်အရေး၊ နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်များနှင့် ရှေးဟောင်းနတ်ဘုရားကလန်များ၏ ထိပ်တန်းကျင့်စဥ်မှာ အလွန် ဆွဲဆောင်မှုပြင်းလှသည်။ ဤကဲ့သို့သော ဆွဲဆောင်မှုမှာ အပြင်ဘက်မှ နတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူများကိုပင် သွေးဆောင်ဖြားယောင်းနိုင်သည်။
ရီဖူရှင်းအား လုပ်ကြံသတ်ဖြတ်ခြင်း။ ၎င်းက သာမန်လူများ စိတ်ကူး၍မရနိုင်သော တစ်စုံတစ်ရာ ဖြစ်သည်။ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးမှ ရှင်သန်နိုင်ခဲ့သူများကြား၌ပင် ထိုသို့လုပ်ဆောင်ရဲသည့် ဖြစ်နိုင်ချေက အနည်းငယ်သာ ရှိသည်။ အနောက်ဘက်ပင်လယ်နယ်မြေသခင်အိမ်တော်က ရီဖူရှင်းအား သတ်ဖြတ်ချင်နေသည်မှာ အချိန်ကြာမြင့်လှပြီ ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုအပြင် ကောင်းကင်ဒေသအတွင်းရှိ အခြားသော ထိပ်သီးအင်အားစုများလည်း တူညီစွာပင် သူတို့ကြား၌ ရီဖူရှင်း၏ သေဆုံးခြင်းကို မမြင်တွေ့ချင်သည့်သူ မည်သူရှိပါသနည်း။
သို့သော် ယခုတွင်မူ ရီဖူရှင်းက ကောင်းကောင်းမွန်မွန် အသက်ရှင်ဆဲ ဖြစ်သည့်အပြင် သူက ပို၍ပင် အားကောင်းလာသေးသည်။ သူက နတ်ဘုရားလက်နက်များကို ဖျက်ဆီးပစ်ခဲ့ပြီး ချုပ်နှောင်ခံထားရမှုမှ ချိုးဖောက်ထွက်ကာ ရှေးဟောင်းနတ်ဘုရားကလန်များ၏ နယ်မြေများအား ဖျက်ဆီးပစ်ခဲ့သည်။
ဟောက်ထျန်းမြို့တစ်ခွင်လုံးမှ လူမျက ထိုအကြောင်း ပြောဆိုနေခြင်းအား မရပ်တန့်နိုင်ပေ။ ကောင်းကင်ထက်မှ လူအုပ်ကြီးအား ဝေ့ကြည့်လိုက်သည့် ဟောက်ထျန်းကလန်ခေါင်းဆောင်၏ ပုံရိပ်က ကောင်းကင်နတ်ဘုရားတစ်ပါးကဲ့သို့ အလွန် ခမ်းနားထည်ဝါကာ အာဏာစက်လွှမ်းမိုးနိုင်သည့်ပုံပေါ်ပေသည်။ သူက ဆက်ပြောလိုက်၏။
“ဒီတစ်ကြိမ် စစ်ပွဲက ကျုပ်တို့ ကောင်းကင်ဒေသနဲ့ စီဝေ့ကြယ်ကမ္ဘာကြားကပဲ။ ရီဖူရှင်းက ကောင်းကင်ဒေသကို ဖယ်ထုတ်ချင်နေပြီး မူလဘုံကို အတင်းအကျပ် အုပ်စိုးနိုင်အောင် ကောင်းကင်ဒေသရဲ့ ကျင့်ကြံသူတွေကို သတ်ဖြတ်ခဲ့တယ်။ အဲဒီလိုဆိုမှတော့ ကျုပ်တို့တွေ စီဝေ့ကြယ်ကမ္ဘာရဲ့ ကျင့်ကြံသူတွေနဲ့အတူ လောကကြီးကနေ ထာဝရပျောက်ကွယ်သွားအောင် လုပ်ပေးမယ်။ ဒီီနေ့ သတ်ဖြတ်မိန့်ကို ထုတ်ပြန်ပြီး တရားဝင်အသက်သွင်းမယ်။ သွားရမယ့် လမ်းကြောင်းကို ဖွင့်လှစ်ပြီးနောက် စီဝေ့ကြယ်ကမ္ဘာက လူတွေကို သုတ်သင်ဖို့ မူလဘုံကို သွားချင်တဲ့သူ ဘယ်သူမဆို ပူးပေါင်းလို့ရတယ်။”
ကောင်းကင်ဒေသ၏ နယ်မြေပေါ်၌
သတ်ဖြတ်မိန့်ကို တရားဝင် ထုတ်ပြန်ကြေညာကာ အသက်သွင်းခဲ့သည်။
အမှန်တကယ် ပါဝင်မည့် လူများက မည်သူတို့ဖြစ်ကြောင်းကို မည်သူမှ မသိကြပေ။
ထို့ပြင် သော့ချက်မှာ ယခုချိန်မှစ၍ ကောင်းကင်ဒေသမှ မူလဘုံသို့ ရောက်ရှိလာသည့် ကျင့်ကြံသူများမှာ သတ်ဖြတ်မိန့်ကို သယ်ဆောင်၍ စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများအား အမဲလိုက်ရန် လာရောက်သည့်သူ ဟုတ်မဟုတ် မည်သူမှ သိရှိလိမ့်မည် မဟုတ်ပေ။ ယခုအချိန်မှစကာ စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများက ကောင်းကင်ဒေသမှ လာသည့်သူတိုင်းကို သတိထား စောင့်ကြည့်ရမည် ဖြစ်သည်။
မည်သူမဆို သူတို့ကို သေစေနိုင်သည့် တိုက်ခိုက်မှု ပြုလုပ်လာနိုင်သောကြောင့် ဖြစ်သည်။
ဟောက်ထျန်းကလန်ခေါင်းဆောင်၏ စကားအရ ယခုချိန်မှစကာ သတ်ဖြတ်မိန့်က တရားဝင် သက်ရောက်မှုရှိသွားခဲ့ပြီ ဖြစ်သည်။
စီဝေ့ကြယ်ကမ္ဘာသည် ကောင်းကင်ဒေသမှ အခြားအင်အားစုများနှင့် မိတ်ဆွေဖွဲ့လိုလျှင် အမြဲ သတိထားနေရမည် ဖြစ်သည်။
ဤသည်က အနည်းငယ်ရက်စက်သည့် လှည့်စားမှုဖြစ်သော်လည်း ကောင်းကင်ဒေသကို စီဝေ့ကြယ်ကမ္ဘာနှင့် ဆန့်ကျင်ဘက်၌ ရပ်တည်လာစေရန် လှုံ့ဆော်နိုင်ပေသည်။
“ရီဖူရှင်းက စီဝေ့ကြယ်ကမ္ဘာကို ဦးဆောင်ပြီး စိတ်ရှိတိုင်း သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်။ ကောင်းကင်ဒေသက လူတစ်ယောက်အနေနဲ့ ကျုပ်တို့က ဒီရက်စက်မှုကို ဆန့်ကျင်ရပ်တည်ရမယ်။ စီဝေ့ကြယ်ကမ္ဘာကို ဖျက်ဆီးပြီး ရီဖူရှင်းကို သူလုပ်ခဲ့တာတွေအတွက် အပြစ်ပေးတာက ကောင်းမွန်တဲ့လုပ်ရပ်ပဲ။”
ထိုအချိန်တွင် စားသောက်ဆိုင်တစ်ခုပေါ်ရှိ ကျင့်ကြံသူတစ်ယောက်က ကျယ်လောင်စွာ ကြေညာလိုက်ပြီး သူ့အသံလှိုင်းက လေဟာနယ်တစ်ခွင်ကို ဖြတ်သန်းသွားသည်။
ထိုသူမှာ နတ်ဘုရားမာန်ဟုန်တောင်တန်းမှ ကျင့်ကြံသူဖြစ်ပြီး ကောင်းကင်ဒေသအတွင်း ထိပ်သီးအဆင့်ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်သည်။ သူတို့သည် ယခင်က စီဝေ့ကြယ်ကမ္ဘာကို ဖျက်ဆီးရန် ကြိုးစားခဲ့သည့် တိုက်ပွဲ၌ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့ဖူးသည်။ သူတို့က ရီဖူရှင်းအပေါ် ရန်ငြိုးအာဃာတတို့ကို ဆုပ်ကိုင်ထားကြသည်ဖြစ်ရာ စီဝေ့ကြယ်ကမ္ဘာအတွင်း ကျင့်ကြံနေသူများအား အပြစ်ပေးရန်ဟူသည့်အခွင့်အရေးကို အသုံးပြုကာ သတ်ဖြတ်မိန့်အား လက်ခံလိုက်သည်ထက် ပိုကောင်းသည့် အချိန်အခါမရှိနိုင်ပေ။
“အနောက်ဘက်ပင်လယ်နယ်မြေသခင်အိမ်တော်ရဲ့ နယ်မြေသခင်အနေနဲ့ ကျုပ်လည်း ရှေ့ထွက်လာပြီး စီဝေ့ကြယ်ကမ္ဘာကို ဖျက်ဆီးပစ်ဖို့ တာဝန်ရှိတယ်။”
အနောက်ဘက်ပင်လယ်၏ နယ်မြေသခင်က ကျယ်လောင်စွာ ကြေညာလိုက်သည်။
ထို့နောက် နေရာအသီးသီးမှ ကျင့်ကြံသူများက သူတို့၏ ရပ်တည်ချက်များကို အောင်မြင်စွာ ဖော်ပြခဲ့ပြီး သတ်ဖြတ်မိန့်ကို လက်ခံကာ စီဝေ့ကြယ်ကမ္ဘာနှင့် ရီဖူရှင်းအား သတ်ဖြတ်ဖျက်ဆီးလိမ့်မည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ကြသည်။ ထို့ပြင် ထိုထိပ်သီးအင်အားစုများအားလုံးက ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုနှင့် အမြဲတမ်း လိုက်လျောညီထွေ ရှိကြ၏။
သို့သော် ထိုကျင့်ကြံသူတစ်ယောက်ချင်းစီတိုင်းက သူတို့၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖော်ပြကာ တုန့်ပြန်လာသည်နှင့်အမျှ ဟောက်ထျန်းမြို့က အနည်းငယ် တုန်လှုပ်ဖွယ်လေထုအခြေအနေ ဖြစ်လာသည်။
“စီဝေ့ကို ဖျက်ဆီး၊ ရီဖူရှင်းကို သတ်။”
အသံတစ်ခုက ဟောက်ထျန်းမြို့အတွင်းမှ ပဲ့တင်ထပ်လာသည်။
“စီဝေ့ကို ဖျက်ဆီး၊ ရီဖူရှင်းကို သတ်။”
“…”
ထိုအသံများက တစ်ခေါက်ပြီး တစ်ခေါက် ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်ကာ ဟောက်ထျန်းမြို့တစ်ခွင်လုံးက သတ်ဖြတ်မိန့်ကို တုန့်ပြန်ပြီး စီဝေ့အား ဖျက်ဆီး၍ ရီဖူရှင်းကို သတ်ဖြတ်ရန် အသင့်ဖြစ်နေခဲ့ပုံရသည်။
ထိုကြောက်မက်ဖွယ် အသံက လူအုပ်ကြီး၏ တီးတိုးသံများနှင့် အရာအားလုံးကို လွှမ်းခြုံသွားခဲ့သည်။ ဤကျယ်ပြောသည့် ရှေးဟောင်းမြို့အတွင်း ရက်စက်ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များသာ တည်ရှိတော့ပုံရသည်။
သိသာစွာပင် ၎င်းက ဟောက်ထျန်းမြို့အတွင်းရှိ ကျင့်ကြံသူများထံမှ အလိုအလျောက် တုန့်ပြန်မှုမဟုတ်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ယောက်က လူအုပ်ကြီးကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်၍ ထိန်းမနိုင်သိမ်းမရ မြင်ကွင်းအား ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အခြားတစ်နေရာ၌ ရှိနေသည့် လူများက ထိုရုတ်ရုတ်သဲသဲ အဖြစ်ကြောင့် သက်ရောက်ခံလိုက်ရပုံရသည်။ သူတို့က အတော်လေးစိတ်လှုပ်ရှားနေခဲ့ပြီး စီဝေ့ကို ဖျက်ဆီး၊ ရီဖူရှင်းကို သတ်ဟု လိုက်ကာဟစ်ကြွေးနေခဲ့ပေသည်။
သတ်ဖြတ်မိန့်က အတည်ဖြစ်သွားခဲ့ပြီး စီဝေ့ကြယ်ကမ္ဘာသည် ကောင်းကင်ဒေသမှ မရေတွက်နိုင်သော ကျင့်ကြံသူများ၏ လုပ်ကြံသတ်ဖြတ်မှုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
စီဝေ့က ချေမှုန်းခံရတော့မည် ဖြစ်သည်။
ထိုအချိန်တွင် ထိုရုတ်ရုတ်သဲသဲဖြစ်မှု၏ သက်ရောက်မှုကို နက်ရှိုင်းစွာ ခံခဲ့ရသည့် ကျင့်ကြံသူတစ်ယောက်က လေထဲသို့ တက်သွားသည့်တိုင်အောင် ဆက်လက်အော်ဟစ်နေသေးသည်။
“စီဝေ့ကို ဖျက်ဆီး၊ ရီဖူရှင်းကို......”
သူ၏ စကားလုံးများ မပြီးဆုံးသေးခင် အလင်းတစ်ချက်က သူ့လည်ချောင်းအား ဖြတ်သွားကာ မည်သည့်နေရာက ရောက်လာမှန်းမသိရလောက်အောင် လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားပေသည်။ သူက စကားကို ပြီးဆုံးအောင် ပြောချင်သော်လည်း အသံထွက်မလာတော့သည်ကို တွေ့ရှိလိုက်ရသည်။ သူက ရုတ်တရက် မည်သည်တို့ ဖြစ်နေကြောင်း သတိပြုမိလိုက်ပြီး သူ၏ မျက်လုံးများထဲ၌ အကြောက်တရားတို့နှင့် ပြည့်နှက်သွားခဲ့သည်။ တုန်ယင်စွာဖြင့် သူ၏ လက်များနှင့် လည်ချောင်းပေါ်သို့ အုပ်လိုက်ကာ ခေါင်းငုံ့၍ ကြည့်လိုက်သည့်အခါ သူ့ သွေးများနှင့် ဖုံးလွှမ်းနေကြောင်း မြင်တွေ့လိုက်ရသည်။
“မဟုတ်...”
သူက အကြောက်တရားများစွာနှင့် အော်ဟစ်ရန် ကြိုးပမ်းလိုက်သော်လည်း အသံက အလွန် အက်ကွဲနေကာ ထိုသက်ဝင်လှုပ်ရှားနေသည့် လေထုအခြေအနေအောက် ဖုံးလွှမ်းခြင်း ခံလိုက်ရသည်။
တစ်ချိန်တည်းတွင် အခြားနေရာများ၌ ဓားဆန္ဒအစအနများက အလင်းတန်းများကဲ့သို့ ဖြတ်သန်းသွားခဲ့သည်။ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည့် လူအများ၏ လည်ချောင်းများကို ထိုဓားဆန္ဒတို့က တိကျစွာ ပိုင်းဖြတ်သွားခဲ့လေသည်။
“ဟိုကိုကြည့်လိုက်။”
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က မနီးမဝေးမှ ကျင့်ကြံသူတစ်ယောက်ကို ကြည့်မိလိုက်ပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သူသည် ထိုလူက သူ၏ လည်ချောင်းကို လက်နှစ်ဖက်နှင့် အုပ်ကိုင်ထားသော်လည်း တောက်ပသည့် အနီရောင်သွေးတို့က ပန်းထွက်နေကာ စီးကျနေသည်ကို ရပ်တန့်ရန် မဖြစ်နိုင်ပုံရသည်။ သူ၏ ခေါင်းက တစ်ဖက်သို့ စတင်၍ စောင်းကျလာပြီး ဓားဆန္ဒဖြင့် ရှင်းရှင်းလင်းလင်း အဖြတ်ခံလိုက်ရပေသည်။
“ဘာတွေဖြစ်နေတာလဲ။”
ထိုနေရာရှိ ကျင့်ကြံသူများက ရုတ်တရက် အေးစက်သွားကာ သူတို့၏ ဝိညာဥ်များထဲမှပင် တုန်ယင်သွားကြသည်။ မကြာခင်၌ ထိုတစ်နေရာတည်းသာ မဟုတ်တော့ဘဲ ဟောက်ထျန်းမြို့အတွင်း အခြားနေရာများတွင်လည်း တူညီသော ကိစ္စရပ်များ ဖြစ်ပေါ်လာပေသည်။
“ဂရုစိုက်ကြ။ တစ်ယောက်ယောက်က ကျုပ်တို့ကို တိုက်ခိုက်နေတယ်။”
ကျယ်လောင်သည့် သတိပေးသံတစ်ခု ထွက်ပေါ်လာပြီး ဟောက်ထျန်းမြို့အတွင်းမှ စိတ်လှုပ်ရှားစရာကောင်းသည့် အငွေ့အသက်များနှင့် ဆူညံသံများက ဖိနှိပ်ခံလိုက်ရပေသည်။ တခဏအတွင်း ဟောက်ထျန်းမြို့က တိတ်ဆိတ်သွားခဲ့သည်။
ထိုကျင့်ကြံသူများက သူတို့၏ နတ်အာရုံတို့ကို ထုတ်လွှတ်လိုက်လိုက်သည့်အခါ လည်ပင်းကို အုပ်ထားသည့် လူအများအပြားက သွေးအိုင်အတွင်း လဲကျနေသည်ကို မြင်တွေ့လိုက်ကြသည်။
ထို့ပြင် ၎င်းက တစ်နေရာတည်းတွင် မဟုတ်ဘဲ နေရာအနှံ့အပြား၌ တပြိုင်တည်း ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး အချို့နေရာများက တစ်နေရာနှင့် တစ်နေရာ အတော်လေး ဝေးကွာပေသည်။ ကြည့်ရသည်မှာ ကျင့်ကြံသူများစွာက တစ်ချိန်တည်းတွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်နိုင်ပေသည်။
“ဘယ်သူလဲ။ ထွက်လာခဲ့။”
ကောင်းကင်ထက်မှ အေးစက်သည့် သတိပေးသံထွက်ပေါ်လာပြီး ဟောက်ထျန်းနှင့်တူသော ပုံရိပ်တစ်ခု ပေါ်ပေါက်လာကာ သူ့မျက်လုံးများက ဟောက်ထျန်းတစ်မြို့လုံးကို ခြုံကြည့်လိုက်သည်။ သူ၏ တည်ငြိမ်သော အကြည့်တို့က နေရာအနှံ့ကို စူးစမ်းနေပြီး သူ၏ ကြောက်မက်ဖွယ် နတ်အာရုံက မြို့တစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။
သို့သော် တရားခံကို လုံးဝ ရှာမတွေ့သလို ထိုနေရာ၌ မည်သူမှလည်း ရှိမနေပေ။
သို့ပေမယ့် သူသည် ထိုအဖြစ်က မတူညီသည့် နေရာများတွင် ဖြစ်ပေါ်နေပြီး အချို့နေရာများမှာ အလွန် ဝေးကွာနေခဲ့သည်။ သူတို့အားလုံးက တပြိုင်တည်းလိုလို သေစေနိုင်သည့် တိုက်ခိုက်မှုကို ခံခဲ့ရပြီး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ သို့ဆိုလျှင် သူတို့က မည်သို့ဖြစ်၍ တရားခံ တစ်ယောက်တစ်လေမျှပင် ရှာမတွေ့နိုင်ရသနည်း။
တိုက်ခိုက်သူများက သူတို့၏ အရှိန်အဝါအား ဖုံးကွယ်ရာ၌ ကျွမ်းကျင်နေခြင်း ဖြစ်နိုင်သလား။
ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုမှ ခေါင်းဆောင်များအားလုံးက ဟောက်ထျန်းမြို့ကောင်းကင်ထက်၌ ရှိနေပေသည်။ ဟောက်ထျန်းကလန်သည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများအား ဤနေရာသို့ ဆင့်ခေါ်ထားသော်လည်း ယခုတွင် သူတို့အား ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်သူ အမှန်တကယ် ထွက်ပေါ်လာပေသည်။ ဤသည်က မည်သို့သော စော်ကားမှုနည်း။
ဟောက်ထျန်းမြို့တစ်မြို့လုံး၌ ကြောက်မက်ဖွယ်ဖြစ်လာသည် အရှိန်အဝါတို့ လွှမ်းခြုံနေခဲ့ပြီး ကျင့်ကြံသူများအားလုံး၏ နတ်အာရုံတို့က လူတိုင်းပေါ်၌ ပျံ့နှံ့လွှမ်းခြုံနေခဲ့သည်။ သူတို့က တစ်ယောက်ချင်း ရှာဖွေကြည့်ခဲ့လျှင် မည်သူဖြစ်ကြောင်း တွေ့ရှိလိမ့်မည်ဟု သေချာပေသည်။
“ထပ်ရှာစရာမလိုတော့ဘူး။”
ထိုအခိုက်အတန့်တွင် လေဟာနယ်အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းအသံက အနီးကပ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ထင်မှတ်ရသလို အလွန် ဝေးကွာလှသည့် နေရာမှ လာခြင်းဖြစ်သည်ဟုလည်း ထင်ရပေသည်။ နတ်အာရုံများသည်ပင် ထိုအသံလာရာအရင်းအမြစ်ကို ပိတ်ဆို့မထားနိုင်ပေ။ သူတို့၏ နတ်အာရုံက ထိုအသံနောက်သို့ လိုက်ကာ ရောက်သွားသည်နှင့် ထိုနေရာ၌ မည်သူမှ ရှိမနေသည်နှင့် အဆုံးသတ်သွားခဲ့သည်။
သို့သော် ထိုအသံကို ဟောက်ထျန်းမြို့တစ်ခွင်လုံးမှ လူတိုင်းကြားနိုင်ကြ၏။
“ရီဖူရှင်း။”
ဝမ်ရှောင်၏ မျက်လုံးများက ရုတ်တရက် ထက်ရှသွားသည်။ ၎င်းက ရီဖူရှင်း၏ အသံဖြစ်၏။ သူ၏ ကမ္ဘာမကြေရန်သူက နှစ်ပေါင်းသုံးဆယ်ကျော်ကြာပြီးနောက် ပြန်လည်ထွက်ပေါ်လာပြီဖြစ်သည်။ သို့ပေမယ့် ရီဖူရှင်းက သူ့အား မည်သို့မြင်သည်ကို သူ မသိပေ။
သို့သော် သူ့အတွက် ရီဖူရှင်းက သူ၏ ကမ္ဘာမကြေရန်သူပင် ဖြစ်သည်။
“ရီဖူရှင်း။”
ဟောက်ထျန်းမြို့အတွင်းမှ လူများက ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ မကြာသေးမီကပင် သူတို့က စီဝေ့အား ဖျက်ဆီးကာ ရီဖူရှင်းအား သတ်ဖြတ်မည်ဟု ကြွေးကြော်နေကြသေးသည်။ ယခု ရီဖူရှင်းက ကိုယ်တိုင် ပေါ်ပေါက်လာသည့်အခါ သူတို့က ရှက်ရွံ့လွန်းစွာဖြင့် တိတ်ဆိတ်သွားရတော့၏။
ဟောက်ထျန်းမြို့တွင် သတ်ဖြတ်မိန့်ကို တရားဝင်ထုတ်သည့်နေ့၌ ရီဖူရှင်းက လူကိုယ်တိုင် ပေါ်ပေါက်လာရဲသည်။ မည်မျှ မောက်မာကာ ကျိုးကြောင်းမဆီလျော်သည့် ယုံကြည်ချက် ပြင်းထန်နေပါသနည်း။
သူက ယခုလေးတင် ထိုလူကို သတ်ဖြတ်ခဲ့သည်လား။
သူက မည်သို့လုပ်ဆောင်ခဲ့ပါသနည်း။
“ဗုဒ္ဓရောင်ဝါခြေလှမ်း။”
ကျင့်ကြံသူအချို့သည် ရီဖူရှင်းက ဗုဒ္ဓအထူးစွမ်းရည်ဖြစ်သော ဗုဒ္ဓရောင်ဝါခြေလှမ်းအား ကျွမ်းကျင်သည်အား အမှတ်ရလိုက်ကြသည်။ ဆိုလိုသည်မှာ ရီဖူရှင်းက သူ၏ တည်နေရာကို မည်သည့် သတိပေးချက်မှ မရှိဘဲ အချိန်မရွေး ပြောင်းရွှေ့နိုင်သည်ဟု ဖြစ်သည်။ သူသည် သတ်ဖြတ်ရန် တစ်နေရာ၌ ချက်ချင်း ပေါ်ပေါက်လာပြီး မတူညီသည့်နေရာများသို့ ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြုကာ လျှပ်တပြက်အတွင်း သွားရောက်နိုင်ပြီး အစအနပင်မကျန်အောင် ပျောက်ကွယ်သွားနိုင်သည်။
၎င်းက အလွန် ရယ်စရာကောင်းလှပေသည်။ ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုက သတ်ဖြတ်မိန့်ကို ထုတ်ပြန်ပြီးပြီးချင်း ရီဖူရှင်းက ဟောက်ထျန်းမြို့သို့ ရောက်ရှိလာကာ သူတို့အား သတ်ဖြတ်ခဲ့ပေသည်။
“လွန်ခဲ့တဲ့ နှစ်ငါးဆယ်က ကျုပ် မူလဘုံမှာ ကျင့်ကြံနေရင်း စီဝေ့မဟာအင်ပါယာရဲ့ အမွေအနှစ်ကို ရရှိခဲ့တဲ့အပြင် တခြားမဟာအင်ပါယာတချို့ရဲ့ အမွေအနှစ်တွေကိုလည်း ဆက်ခံနိုင်ခဲ့တယ်။ ကောင်းကင်ဒေသရဲ့ အင်အားစုတွေက အမွေအနှစ်တွေကို လုယက်ဖို့အတွက် အင်အားစုတွေ ပူးပေါင်းပြီး ကောင်းကင်အာဏာစက်ကျောင်းတော်ကို ကျူးကျော်ခဲ့တယ်။ ထျန်းယန်မြို့သခင်က ဘယ်လောက်တောင် မောက်မာခဲ့တယ်ဆိုတာ ခင်ဗျားတို့ မမှတ်မိကြဘူးလား။ ကျုပ်က နတ်ဘုရားရုပ်ကြွင်းကို မပေးချင်ခဲ့တာကြောင့် သူက ကောင်းကင်အာဏာစက်ကျောင်းတော်ကို တစ်ချက်တည်းနဲ့ သုတ်သင်ဖို့ လုပ်ခဲ့ပြီး လူ့အသက်တွေကို အမှိုက်တွေလို သဘောထားခဲ့တယ်။ ဒါပေမယ့် ဘယ်အချိန်ကတည်းက မူလဘုံထဲက ကျင့်ကြံသူတွေရဲ့ အသက်တွေက မောက်မာတဲ့ ရှေးဟောင်းနတ်ဘုရားကလန်တွေရဲ့ တန်ဖိုးထားမှုကို ခံရတာလဲ။”
“လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက ထျန်းယန်မြို့ လက်နက်ပြုလုပ်တဲ့ပြိုင်ပွဲမှာ ကောင်းကင်ဒေသရဲ့ အင်အားစုတွေက စီဝေ့ကို ဖျက်ဆီးဖို့ နတ်ဘုရားလက်နက်တွေ အသုံးပြုခဲ့ပြန်တယ်။ နတ်ဘုရားလက်နက်တွေရဲ့ တိုက်ခိုက်မှုအောက်မှာ ဖျက်ဆီးခြင်းစွမ်းအားတွေက စီဝေ့ကြယ်ကမ္ဘာကို ထိုးဖောက်ဝင်ရောက်လာပြီး မရေတွက်နိုင်တဲ့ လူတွေ အသက်ဆုံးရှုံးခဲ့ရပြန်တယ်။ အဲဒီအချိန်တုန်းက ကောင်းကင်ဒေသထဲက ဘယ်သူကများ သူတို့ရဲ့ အသက်ဆုံးရှုံးမှုကို ဂရုစိုက်ဖူးလို့လဲ။”
ထိုရေခဲကဲ့သို့ အေးစက်နေသည့် အသံက ဟောက်ထျန်းမြို့တစ်ခွင်ကို ပဲ့တင်ထပ်လာသည်။ အသံထွက်ပေါ်လာသည့်အခါတိုင်း ၎င်းက မတူညီသော နေရာများသို့ ပြောင်းလဲသွားကာ ခန့်မှန်းရန် မဖြစ်နိုင်ခဲ့ပေ။
“အခု ကျုပ်က မူလဘုံမှာ ရှိတဲ့ ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုရဲ့ အခြေစိုက်စခန်းတွေကို ဖျက်ဆီးပစ်ပြီး လက်စားချေလိုက်ရုံလေးနဲ့ ခင်ဗျားတို့က ကျုပ်ကို အပြစ်မဲ့တဲ့သူတွေကို မဆင်မခြင် သတ်တဲ့ လူရမ်းကားလို့ သမုတ်ရဲတယ်လား။ ဘယ်လိုဟာသမျိုးလဲ။ အခု ခင်ဗျားတို့က သတ်ဖြတ်မိန့်ကိုတောင် ထုတ်ပြန်လိုက်တယ်ပေါ့။”
ရီဖူရှင်း၏ အသံက အလွန် ထေ့ငေါ့ကာ သရော်လှောင်ပြောင်နေပုံရသည်။
ထိုအသံထွက်ပေါ်လာသည့်အခါ စားသောက်ဆိုင်ထိပ်ဖျားရှိ လူတစ်စုက ရုတ်တရက် အားကောင်းလှသည့် ခြိမ်းခြောက်မှုကို ခံစားမိလိုက်ကြသည်။ သူတို့၏ အမူအရာက ပြောင်းလဲသွားပြီး ခန္ဓာကိုယ်မှ မဟာလမ်းစဥ်အရှိန်အဝါတို့ ပေါက်ကွဲထွက်လာသည်။
သို့သော် နောက်တစ်ခဏတွင် သူတို့၏ ခန္ဓာကိုယ်များက ရှိနေသည့်နေရာ၌ အေးခဲသွားပြီး လေဟာနယ်က ပိတ်လှောင်ခံလိုက်ရသကဲ့သို့ လှုပ်ရှား၍ မရနိုင်တော့ပေ။ နောက်တခဏတွင် ဓားစွမ်းအားက ပေါက်ကွဲထွက်လာပြီး လေဟာနယ်အား အပိုင်းအစများအဖြစ် စုတ်ဖြဲပစ်လိုက်ပေသည်။
သွေးများက ပြန့်ကျဲသွားပြီး ထိုကျင့်ကြံသူများသည် ချက်ချင်းပင် သတ်ဖြတ်ခံလိုက်ရပေသည်။ သူတို့က အဓိကအင်အားစုတစ်ခုမှ ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့ထဲက အချို့မှာ ရန်ဟောင်အထွတ်အထိပ်အဆင့် ဖြစ်လေသည်။ သူတို့သည်လည်း မကြာသေးခင်က ရီဖူရှင်းအား သတ်ဖြတ်၍ စီဝေ့ကို ဖျက်ဆီးပစ်မည်ဟု ကြွေးကြော်နေခဲ့သေးသည်။ သို့သော် တခဏအတွင်း သူတို့ထဲက မည်သူမှ အသက်ရှင်လျက် ထွက်မသွားနိုင်ခဲ့ပေ။
“ဒါက....”
လူတိုင်း၏ ရှေ့တွင် ရီဖူရှင်းက သူကိုယ်တိုင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်ခဲ့သည်။
ဘုန်း...
ဟောက်ထျန်းကလန်ခေါင်းဆောင်အပါအဝင် အစွမ်းထက်သည့် ကလန်ခေါင်းဆောင်ခြောက်ဦးက ဖိနှိပ်လွှမ်းမိုးနိုင်သည့် စွမ်းအားတို့ကို တပြိုင်တည်း ထုတ်လွှတ်လိုက်ပြီး မြို့တစ်ခုလုံးကို ဖြန့်ကျက်ကာ အဆုံးမဲ့လေဟာနယ်ကို လွှမ်းခြုံသွားသည်။
“မင်း ဒီမှာ ရောက်နေပြီဆိုမှတော့ ဘာလို့ ပုန်းနေတာလဲ။”
ဟောက်ထျန်းကလန်ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်သည်။
သူ့အသံထွက်ပေါ်လာသည်နှင့် ရုတ်တရက် ဟောက်ထျန်းမြို့ကောင်းကင်ထက်တွင် ပုံရိပ်တစ်ခုက ပါးလွှာသည့် လေထုအတွင်းမှ ပေါ်ပေါက်လာသည်။ ထိုလူက နှင်းကဲ့သို့ ဖြူဆွတ်နေသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ တည်ရှိမှုက မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သည်။
၎င်းက ရီဖူရှင်း ဖြစ်သည်။
“ခင်ဗျားတို့ရဲ့ သတ်ဖြတ်မိန့်က စီဝေ့ကို ဖျက်ဆီး၊ ရီဖူရှင်းကို သတ် ဟုတ်တယ်မလား။”
သူက အောက်ဘက်ရှိ ကျင့်ကြံသူများကို ဂရုမစိုက်စွာ ဝေ့ကြည့်လိုက်ပြီး သူက ဆက်ပြောလိုက်၏။
“ကျုပ် ဒီမှာရောက်နေပြီ။ စီဝေ့ကို ဖျက်ဆီးပြီး ကျုပ်ကို သတ်ချင်တဲ့ ဘယ်သူမဆို ထရပ်ပြီး ရှေ့တက်လာခဲ့။