ဆံထိုးနှစ်ချောင်း
Vol. 20 Ch. 200
ကွေ့ကောက်နေသောလမ်းကြားလေး၏ ဝဲယာနှစ်ဖက်စလုံးတွင် စိမ်းလန်းစိုပြည်သော ဝါးပင်များကို စိုက်ပျိုးထားရှိရာ နွေးထွေးသောနေရောင်အောက်တွင် မြေပြင်ထက်သို့ အရိပ်မည်းများ ခပ်စိပ်စိပ်ကျရောက်လျက်ရှိသည်။
သူတို့နှစ်ဦးသည် အရိပ်ထဲတွင် ရှေ့နောက်လျှောက်လှမ်းနေခဲ့ကြ၏။
ထိုအမျိုးသမီး၏ ရှည်လျားသောခြေတံများက နောက်ပိုင်းကောက်ကြောင်းအလှကို ပိုလို့ထူးခြားစေသည်။ ကျောက်စိမ်းပမာ ချောမွေ့သောခြေဖဝါးလေးများထက် ကွက်တိဝတ်ဆင်ထားသော ဖိနပ်လေးများက လမ်းလျှောက်တိုင်း တတောက်တောက်မြည်စေသည်။
"ဘာလို့ ကျွန်မအနောက်ကနေလိုက်နေတာလဲ"
လိန်ရှင်းနန် ခြေလှမ်းရပ်လိုက်ပြီး နောက်သို့လှည့်ကာ မိမိနှင့် တမင်အကွာအဝေးထားကာလိုက်ပါလာသာ လီနန်ခယ့်ကို စူးစမ်းသလို ကြည့်လိုက်သည်။
"ဩော် ပတ်ဝန်းကျင်နဲ့ရင်းနှီးအောင် ဟိုဟိုဒီဒီလိုက်ကြည့်နေတာပါ"
လီနန်ခယ့်သည် ဇနီးဖြစ်သူ၏ ပညာပြဆုံးမခြင်းကို လောလောလတ်လတ်ခံထားရသဖြင့် ဟန်ကိုယ်ဖို့ပြုံးပြကာ အကြောင်းပြချက်တစ်ခုကို ဖြစ်ကတတ်ဆန်းပေးလိုက်တော့သည်။
ထိုအမျိုးသမီးက နေရာမှမရွှေ့ဘဲ မိမိကိုစောင့်ဆိုင်းနေသည်ကို မြင်သောအခါ လီနန်ခယ့်လည်း မတတ်သာစွာပင် သူမနှင့်ဘေးချင်းယှဥ်လျှောက်လှမ်းဖို့ ရှေ့သို့တက်လာလိုက်တော့၏။
"ဒီမှာ နေရအဆင်ပြေရဲ့လား"
လေပြေညင်းက ညင်သာစွာတိုက်ခတ်လာသဖြင့် ဝါးပင်ရိပ်များက ကခုန်လှုပ်ယမ်းနေကြပြီး အမျိုးသမီး၏ နက်မှောင်သောဆံနွယ်စအချို့ကို လေကြောင်းအတိုင်းလွင့်မြောစေကာ အမျိုးသား၏ မျက်နှာထက်သို့ ခပ်ဖွဖွ ထိတိုက်ပွတ်သပ်သွားစေသည်။
လီနန်ခယ့်ဖြေလိုက်သည်။
"အဆင်ပြေပါတယ်၊ အိပ်လို့လည်းကောင်းတယ်"
"သမားတော်လော့ကော"
လိန်ရှင်းနန်က ဂရုတစိုက် ထည့်မေးလိုက်သည်။
"သူလည်း အဆင်မပြေတာမရှိပါဘူး"
လီနန်ခယ့် ခပ်ဖွဖွပြုံးမိရင်း ဖြေလိုက်၏။
"တော်သေးတာပေါ့"
လိန်ရှင်းနန် ခေါင်းညိတ်ပြကာ မည်သည့်စကားမျှ ထပ်မဆိုတော့ချေ။ ဘာကြောင့်မှန်းမသိ၊ ယနေ့ ထိုအမျိုးသားသည် ပုံမှန်ထက်ပို၍ ခပ်ခွာခွာနေနေသကဲ့သို့ ခံစားရသဖြင့် သူမစိတ်ထဲ ထူးထူးဆန်းဆန်း တစ်ခုခုလစ်ဟာနေသလို ခံစားရမိလေသည်။
သူတို့နှစ်ဦးသည် အစောင့်အကြပ်ထူထပ်လှသော ခြံဝင်းငယ်တစ်ခု၏အရှေ့သို့ ရောက်ရှိလာခဲ့ကြ၏။
အစောင့်များက သူမကိုမြင်သည်နှင့် တံခါးကို ချက်ချင်းဖွင့်ပေးကြသော်လည်း လိန်ရှင်းနန်သည် စည်းကမ်းအတိုင်းပင် မိမိ၏ သက်သေခံတံဆိပ်ပြားနှင့် လီနန်ခယ့်၏တံဆိပ်ပြားကို ပေးအပ်ကာ မှတ်တမ်းတင်သူများထံတွင် သေသေချာချာ မှတ်တမ်းတင်ခိုင်းခဲ့သည်။
"ဒါက ညကင်းလှည့်အဖွဲ့ချုပ်ရဲ့ လက်နက်တိုက်ပဲ။ အသစ်ဝင်လာတဲ့လူတိုင်းကို လက်နက်တစ်ခု ဒါမှမဟုတ် ကျင့်စဉ်ကျမ်းတစ်ခု ပေးလေ့ရှိတယ်"
လိန်ရှင်းနန်က လီနန်ခယ့်ကို ပထမထပ်ကအဆောင်ငယ်လေးထဲသို့ ခေါ်ဆောင်လာရင်း တိုးတိုးလေးရှင်းပြသည်။
"နောင်ကျ ရှင် စွမ်းဆောင်ရည်မှတ်တွေ ပိုစုဆောင်းမိလာရင် ရှင်အလိုရှိတဲ့ ဘယ်လိုမှော်ရတနာ၊ ကျင့်စဉ်မဆို လဲလှယ်လို့ရတယ်။ ဒီကလက်နက်တိုင်းက အများအားဖြင့် နတ်ဘုရားစက်မှုဆောင်ကနေ သွန်းလုပ်ထားတာဖြစ်လို့ အရမ်းခိုင်ခံ့ပြီး အစွမ်းထက်တယ်။ ကျင့်စဉ်တွေကလည်း ထူးကဲနေတာတွေများတယ်။ ဒါပေမဲ့ ရှင့်ရဲ့ ကျင့်ကြံဆင့်အရ ဒီကကျင့်ကြံရေးလမ်းစဥ်တွေကို စမ်းသပ်ကြည့်ဖို့ အားမပေးချင်သေးဘူး"
ထိုအမျိုးသမီးက ကျင့်ကြံဆင့်မမြင့်သေးဘူးဟု ပြောရန်ပြင်လိုက်သော်လည်း ထိုသူ၏ ဆန်းကြယ်လှသော ဓားသိုင်းပညာကို သတိရသွားသဖြင့် ပါးစပ်ကိုပြန်ပိတ်လိုက်ရသည်။
ဤအမျိုးသားမှာ ယုတ္တိနည်းလမ်းဖြင့် ရှင်းပြ၍မရနိုင်သော လူထူးဆန်းတစ်ယောက်ဖြစ်သည်ပင်။
လီနန်ခယ့် လက်နက်တိုက်တစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
လက်နက်တိုက်တွင် တိုက်ခိုက်ရေးပစ္စည်း ၁၈မျိုးစလုံး စုံစုံလင်လင်ရှိနေသည်ဟု ဆိုနိုင်ပေသည်။
ယုန်မလေးမုန့်၏ ဥက္ကာခဲနှစ်ခွတူ၊ သံမဏိ၏ ယပ်တောင်ဓားသွား၊ ကောကန်း၏ ရွှေခေါင်းလောင်းဒိုင်းတို့ အားလုံးကို ဤနေရာမှရရှိခဲ့ခြင်းဖြစ်ရမည်။
သို့သော် လီနန်ခယ့်ထံတွင် လောလောဆယ် မည်သည့်အရာမျှလိုအပ်မနေချေ။
သူ့ထံတွင် ဓားထုတ်ခုတ်လွှဲခြင်း သိုင်းပညာ၊ လိန်ရှင်းနန်ပေးထားသော ဓားမြှောင်၊ နျဲ့ယင်းလက်ဆောင်ပေးထားသော လက်နက်ပုန်းများ၊ မှော်အုတ်ခဲ၊ ထို့အပြင် မိုးနီစွမ်းအင်များလည်း ရှိနေပြီးဖြစ်၏။
ဤလက်နက်တိုက်မှာ သူ့အတွက် အလွန်သာမန်ဆန်နေခဲ့သည်။
"ဒီ ရွှေချည်မျှင်ဝတ်စုံပျော့က ရှင့်နဲ့ တော်တော်လေးသင့်တော်တယ်"
လိန်ရှင်းနန်က သပ်ရပ်လှပသော သေတ္တာငယ်တစ်ခုကိုထုတ်လိုက်ပြီး အထဲမှ ရွှေရောင်ဝတ်စုံပျော့တစ်ခုကို ဆွဲထုတ်ကာ ဆိုသည်။
"ဒီဝတ်စုံပျော့က ကာကွယ်ရေးစွမ်းရည် တော်တော်ကောင်းတယ်၊ သာမန်ဓားလှံတွေက သူ့ကို အလွယ်နဲ့ဖောက်မဝင်နိုင်ဘူးလေ"
"မယူတော့ပါဘူး"
လီနန်ခယ့်က ခေါင်းခါပြကာ အခြားအရာများကို ဆက်လက်ရှာဖွေကြည့်ရှုနေခဲ့သည်။
သို့သော် သူသည် သိသိသာသာကွဲပြားသော အစွမ်းထက်ပစ္စည်များရှိမလားဟု လိုက်ကြည့်နေခြင်းမဟုတ်ဘဲ ထောင့်စွန်းနေရာကွက်လပ်လေးများကိုသာ လိုက်လံကြည့်ရှုနေခြင်းဖြစ်သည်။
ပုံမှန် ဝတ္ထုဇာတ်လမ်းများအရ ဤကဲ့သို့သော မှော်လက်နက်ဆောင်များ၊ ရတနာတိုက်များတွင် လူအများသတိမထားမိဘဲ ပစ်ပယ်ထားတတ်သော ပစ္စည်းများကသာ အံ့ဩစရာအကောင်းဆုံးဖြစ်တတ်ကြသည် မဟုတ်ပါလား။
အစပိုင်းတွင် လှောင်ပြောင်ရယ်မောခြင်းခံရအပြီး ထို့နောက်မှ ကမ္ဘာကြီးကို တုန်လှုပ်စေသည်အထိ စွမ်းအားအဟုန်ထုတ်ပြပြီးမှ လူအပေါင်းကို အံ့သြကျန်ရစ်စေမည့် ဇာတ်ကွက်မျိုးပင်။
"ဒါက ဘာလေးလဲ"
လီနန်ခယ့်၏မျက်လုံးများ လင်းလက်သွားသည်။ သူသည် ထောင့်စွန်းတစ်ခုမှ မည်းမှောင်ပြီးမာကျောသော ပစ္စည်းတစ်ခုကို ကောက်ကိုင်လိုက်ကာ အားတက်သရောမေးလာ၏။
"မှော်ဆေးလုံးတစ်မျိုးများလား"
လိန်ရှင်းနန်က သူ့ကို ထူးထူးဆန်းဆန်းကြည့်ကာ ဆိုသည်။
"သန့်ရှင်းရေးလုပ်တုန်းက ပါမသွားတဲ့ ကြွက်ချေးထင်တာပဲ"
"တကယ်ကြီး ကြွက်ချေးဖြစ်နေတာပဲ"
လီနန်ခယ့်က မျက်နှာအမူအရာမပျက်ဘဲ ကြွက်ချေးတုံးကိုပြန်ပစ်ချလိုက်ကာ လူတိုင်းအလိုမရှိ၍ စွန့်ပစ်ထားသော အပြစ်အနာအဆာပါသည့်ပစ္စည်းများကို ဆက်လက်မွှေနှောက်ရှာဖွေနေခဲ့သည်။
လိန်ရှင်းနန် ဆက်ကြည့်မနေနိုင်တော့ဘဲ ဝင်ပြောမိ၏။
"ရှင်ကဒါကို အပြင်ဈေးက အဟောင်းတန်းဈေးဆိုင်လိုမျိုး ရတနာအမြုတေတွေလာရှာနေတာလား။ ညကင်းလှည့်အဖွဲ့ချုပ်မှာ ကျွမ်းကျင်သူတွေ အများကြီးရှိနေတာကို၊ အဖိုးတန်ရတနာတစ်ခုခုက ရှင်ရှာတွေ့ဖို့ အလှည့်စောင့်နေမယ်ထင်လို့လား"
လီနန်ခယ့် ခပ်ရှက်ရှက်ပြုံးလိုက်ပြီးမှ မေးလိုက်သည်။
"နတ်ဘုရားစက်မှုဆောင်က မှော်ရတနာအသစ်တွေကို ဘယ်တော့လောက်ထပ်ပို့ပေးမှာလဲ"
လိန်ရှင်းနန်ကဆိုသည်။
"နှစ်နှစ်မှာတစ်ကြိမ်ပဲ။ နောက်တစ်ကြိမ်အတွက်တော့ နောက်ထပ်နှစ်ဝက်လောက်စောင့်ရဦးမယ်"
"သိုလှောင်လို့ရတဲ့ မှော်ရတနာတွေဘာတွေကော ရှိလား။ လက်စွပ်တို့၊ လက်ကောက်တို့၊ အိတ်လေးတွေလိုမျိုး ပစ္စည်းအများကြီးထည့်လို့ဆံ့ပြီး သယ်ရလွယ်ကူတာမျိုးလေ"
လီနန်ခယ့် လက်ဟန်ခြေဟန်ဖြင့်ရှင်းပြပြီး မေးလိုက်သည်။
လိန်ရှင်းနန် ခေါင်းခါပြသည်။
"မရှိပါဘူး၊ ရှိခဲ့ရင်လည်း တခြားသူက စောစောစီးစီးယူသွားလောက်ပြီ။ ဒီလို ရှားပါးတဲ့ပစ္စည်းမျိုးကို ဧကရာဇ်မင်းမြတ်ကအစ လိုချင်တောင့်တကြတာလေ"
"ဒါဆို လင်မယားတွေအတူတူကျင့်ရတဲ့ နှစ်ကိုယ်တူကျင့်စဉ်တွေကော ရှိလား"
သူမအသံတိတ်သွားသည်။ မရှိကြောင်းကို အမူအရာဖြင့်ပြောခြင်းပင်။
"ဒါဆို အိမ်ထောင်ရေးသာယာစိုပြည်အောင် အထောက်အကူပြုတဲ့ပစ္စည်းမျိုးရော"
"တစ်ခုမှ မရှိဘူး"
လိန်ရှင်းနန် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်။
ထိုအမျိုးသမီး၏ မနှစ်မြို့ဟန်အမူအရာကို မြင်တွေ့လိုက်ရသဖြင့် လီနန်ခယ့် ထပ်မမေးရဲတော့ချေ။ သူသည် ကျောက်စိမ်းဆံထိုးတစ်စုံကို ဖြစ်ကတတ်ဆန်းကောက်ကိုင်လိုက်ပြီး ပြောလိုက်၏။
"ရပြီ၊ ဒါပဲယူတော့မယ်"
"အဲဒီ ကျောက်စိမ်းဆံထိုးနှစ်ချောင်းက သာမန် ကာကွယ်ရေးမှော်ရတနာလေးတွေပဲနော်"
ထိုအမျိုးသမီးက သတိပေးလိုက်သည်။
လီနန်ခယ့် ပြုံးလိုက်သည်။
"ရပါတယ် ဒါ အိမ်ကမိန်းမအတွက်"
လိန်ရှင်းနန် မည်သည့်စကားမျှထပ်မဆိုတော့ဘဲ လီနန်ခယ့်ကို လက်နက်တိုက်ထဲကနေ ခေါ်ထုတ်လာခဲ့သည်။ သူယူဆောင်ခဲ့သော ကျောက်စိမ်းဆံထိုးတစ်စုံကိုလည်း မှတ်တမ်းစာအုပ်ထဲတွင် သေသေချာချာ မှတ်တမ်းတင်ခဲ့သည်။
သူမသည် အရာရှိချုပ်၏ညီမဖြစ်သော်လည်း စည်းကမ်းကိုမူ တသွေမတိမ်းလိုက်နာရမည်ဖြစ်သည်။
ဝါးပင်ရိပ်များ ကခုန်ယိမ်းထိုးနေသော လမ်းကြားလေးသို့ ပြန်ရောက်သောအခါ လိန်ရှင်းနန်၏ မျက်လုံးထောင့်စွန်းမှ ထိုအမျိုးသား ကျောက်စိမ်းဆံထိုးကို သေသေချာချာ လေ့လာစူးစမ်းနေသည်အား မြင်တွေ့လိုက်ရသည်။ သူမရင်ထဲတွင် ခပ်ချဥ်ချဥ်ခံစားချက်က စာရွက်ဖြူပေါ် မင်အိုးမှောက်ကျသွားသည့်အလား ချက်ချင်းစိမ့်ဝင်ပျံ့နှံ့လာခဲ့၏။
နောက်ဆုံးတော့လည်း ဇနီးဖြစ်သူကသာ အရာရာဖြစ်ဟန်ပင်။
ဒါပေမဲ့ ပြန်တွေးကြည့်ရင်လည်း သူ့ဇနီးသည်ကို သူဂရုစိုက်တာ ဘာများထူးဆန်းနေလို့လဲ။
လိန်ရှင်းနန်သည် ဆံပင်များကို နားနောက်သို့သပ်တင်ရင်း မနေ့က အစ်ကိုဖြစ်သူမှ သူမကို လက်ထပ်ရန် အတင်းအကျပ်တွန်းအားပေးနေသည်အား ပြန်သတိရသွားသော် ခါးသက်သက်ပြုံးမိရ၏။
"ခဏနေဦး"
အမျိုးသားက ရုတ်တရက် ခြေလှမ်းရပ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
လိန်ရှင်းနန် နားမလည်နိုင်စွာဖြင့် သူ့ကို လှမ်းကြည့်လိုက်မိသည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူမကြောင်အသွားခဲ့ရသည်။ လီနန်ခယ့်က ဆံထိုးတစ်ချောင်းကို သူမ၏ဆံထုံးလေးထဲသို့ ညင်သာစွာ ထိုးစိုက်ပေးလိုက်ခြင်းပင်။
"ဒါက အစ်မအတွက်"
လီနန်ခယ့် အပြုံးဖြင့်ဆိုသည်။
"တော်တော်လေးကြည့်ကောင်းတာပဲ"
ဝါးပင်ရိပ်များ ခြံရံကခုန်နေသော လမ်းကြားအလယ်တွင် ဆံထိုး၏ထိပ်ဖျားမှ ပုလဲဆွဲသီးလေးက ခပ်သာသာလှုပ်ခါနေပြီး ရွှေရောင်အလင်းများ ဖြာထွက်နေသည်မှာ အမျိုးသမီး၏မျက်နှာလှလှလေးကို ပန်းကလေးပွင့်အာနေသည့်အလား လှပစေသည်။
လိန်ရှင်းနန်သည် နေရာတွင်ပင် ကျောက်ရုပ်ပမာ မတ်တတ်ရပ်နေမိပြီး ထို့ကျောက်စိမ်းဆံထိုးက သူမကိုချည်နှောင်လိုက်သော ကြိုးတစ်ချောင်းလို ခံစားနေမိရ၏။
ထို့အပြင် သူမ၏နှလုံးသားကိုပါ ဖမ်းစားသိမ်းယူသွားခဲ့သလို။
"ဘာ..ဘာလို့ ကျွန်မကိုပေးတာလဲ။ ဒါက ရှင့်မိန်းမအတွက် မဟုတ်ဘူးလား"
လိန်ရှင်းနန်မှာ အနည်းငယ်ပျာယာခတ်သွားရပြီး တစ်ဖက်အမျိုးသား၏အကြည့်ကို မရင်ဆိုင်ရဲတော့ချေ။ ထင်ရှားသိသာသော ရှက်သွေးတစ်လွှာက သူမ၏ပါးပြင်ထက်တွင် ခပ်နွေးနွေးတောက်လောင်နေပြီး လည်ပင်းအနောက်ဘက်အထိ ပျံ့နှံ့သွားခဲ့ရ၏။
ရှက်လွန်းအားကြီး၍ အမျိုးသား၏လက်ထဲတွင် နောက်ဆံထိုးတစ်ချောင်း ကျန်ရစ်နေသေးသည့်အကြောင်းကိုပင် သတိမမူမိတော့။
လီနန်ခယ့်ကလည်း မိမိထံတွင် တစ်ချောင်းကျန်သေးကြောင်းကို ထုတ်မပြောခဲ့ချေ။ သူက ပေါ့ပေါ့ပါးပါးနှင့် စစ်မှန်သောလေသံဖြင့်သာ ဆိုလိုက်သည်။
"ကျွန်တော်က ကိုယ်တန်ဖိုးထားတဲ့လူတွေကိုပဲ လက်ဆောင်ပေးတတ်တာ။ အစ်မလိန်က ကျွန်တော့်အပေါ် ဒီလောက်တောင်ကောင်းပေးခဲ့တာကို လက်ဆောင်တစ်ခုတော့ ပြန်ပေးသင့်တာပေါ့။ ခင်ဗျားမကြိုက်ဘူးဆိုလည်း လွှင့်ပစ်လိုက်ပါ။ နောက်ကျ ပိုကောင်းတာတစ်ခုဝယ်ပေးမယ်။"
"ကျွန်မကြိုက်ပါတယ်"
လိန်ရှင်းနန်သည် အတန်ကြာတိတ်ဆိတ်သွားပြီးမှ တစ်ကိုယ်တည်းသာကြားရလောက်မည့်လေသံဖြင့် မလှုပ်တလှုပ်လေးဆိုလိုက်သည်။
သို့သော် နှလုံးသားဆီမှ စကားသံပါပေ။
လီနန်ခယ့် တောက်ပစွာပြုံးလာသည်။
"ကြိုက်တယ်ဆိုရင်ပဲ ဝမ်းသာပါတယ်"
သို့သော် ထိုအမျိုးသမီး၏ခေါင်းပေါ်က ဆံထိုးကိုကြည့်ပြီး မိမိ၏လက်ထဲရှိ ထပ်တူညီသောဆံထိုးကို ပြန်ကြည့်မိသောအခါ လီနန်ခယ့် တစ်စုံတစ်ခုကိုသတိရသွားပြီ ဆံထုံးထက်မှဆံထိုးကို ချက်ချင်းဖြုတ်ကာ လက်ထဲသေချာထည့်ပေးလိုက်၏။
"ဒါက ကျွန်တော့်ဆီကရတဲ့ ပထမဆုံးလက်ဆောင်၊ ပြီးတော့ တော်တော်လည်းအဖိုးတန်တာမလို့ မပျက်စီးစေနဲ့နော်၊ သေချာသိမ်းထားပါ"
"အင်း"
လိန်ရှင်းနန်လည်း သူပြောတာမှန်သည်ဟုထင်သဖြင့် ဆံထိုးကို လက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်တော့သည်။
လီနန်ခယ့် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။
သို့ဆိုလျှင် လိန်ရှင်းနန် ဆေးခန်းလာပြသည့်အခါ သူ့မိန်းမသမားတော် ဆံထိုးကိုတွေ့သွားမည့်အဖြစ်မှ ရှောင်ရှားလို့ရနိုင်ကောင်းရဲ့။
ငှက်နီဌာန ခြံဝင်းငယ်လေးဆီ ပြန်ရောက်သောအခါ အတွင်းမှ အငြင်းပွားနေသောအသံများကို ကြားလိုက်ရ၏။
ရှုပ်ထွေးလှသော စိတ်ခံစားချက်များထဲတွင် နစ်ဝင်နေသော လိန်ရှင်းနန်မှာ ချက်ချင်းအသိစိတ်ကပ်သွားသည်။ သူမသည် ကျောက်စိမ်းဆံထိုးကို လုံခြုံစွာသိမ်းဆည်းလိုက်ပြီး အထဲသို့ အလျင်အမြန် လျှောက်လှမ်းဝင်ရောက်သွားခဲ့၏။
"အဲဒီနေ့က မင်းတို့ ငှက်နီဌာနကလူတွေပဲ လျှို့ဝှက်ရတနာတိုက်ထဲကို ဝင်ခဲ့ကြတာ၊ ပြီးတော့ မင်းတို့လူတွေပဲ စောင့်ကြပ်နေခဲ့တာလေ။ မိုးနီခိုးယူခံရတဲ့ကိစ္စက သေချာပေါက် မင်းတို့နဲ့ပတ်သက်နေရမယ်။ ငှက်နီဌာနအနေနဲ့ ဒီအမှုအတွက် သေချာပေါက် ရှင်းချက်တစ်ခုထုတ်ပေးရမယ်"
ခြံဝင်းအတွင်း၌ အသားညိုသော်လည်း ချောမောခန့်ညားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ယုန်မလေးမုန့်နှင့် အခြားသူများကို တင်းမာစွာ အော်ဟစ်ကြိမ်းမောင်းနေခဲ့လေသည်။
ထိုသူမှာ လိပ်နက်ဌာန၏ စုံစမ်းစစ်ဆေးရေးမှူး ယွီရှန့်ထျန်း ဖြစ်ပေသည်။