← Chapters

အချိန်သံသရာ

Vol. 20 Ch. 191

အချိန်သံသရာ

Vol. 20 Ch. 191

လီနန်ခယ့်ရှေ့ရပ်နေသော ဟယ့်လန်‌ရှောင်းနှစ်ယောက်မှာ ပုံပန်းသဏ္ဌာန်ရော ဟန်ပန်အမူအရာပါမက ဖုံးအုပ်နေသော အဖြူရောင်အလင်းဝိုင်းလေးများပင် တူညီနေသေးတော့၏?

ဘာလဲ၊ ငါက ဝူခုန်းအတုအစစ်ရွေးရတော့မှာလား။

လီနန်ခယ့် ခေါင်းနည်းနည်းရှုပ်သွားရသည်။

ထို့နောက် အကျဉ်းခန်းငယ်ထဲတွင် ပိတ်လှောင်ခံထားရသည့် လူအိုကြီးလီနန်ခယ့်ကို ပြန်လှည့်ကြည့်လိုက်ချင်တွင် ထိုလူမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

သူမြင်ခဲ့ကြားခဲ့ရသမျှ အားလုံးမှာ အခုတော့ ထင်ယောင်ထင်မှား စိတ်ကူးပုံရိပ်များအလား။

"နင်..နင်ဘယ်သူလဲ၊ နင်ကဘာလို့ငါနဲ့ တစ်ပုံစံတည်းတူနေရတာလဲ"

ဘယ်ဘက်မှဟယ့်လန်ရှောင်းက မျက်လုံးပြူးပြူးလေးဖြင့် ညာဘက်မှ သူမနှင့်တစ်ထပ်တည်းတူနေသောအမျိုးသမီးကို ပြူးကြည့်ကာ တုန်တုန်ယင်ယင်‌မေးလေသည်။

ညာဘက်မှဟယ့်လန်ရှောင်းလည်း အတူတူပင် အံ့သြထိတ်လန့်နေမိသည်သာ။

အကျဥ်းထောင်ထဲပိတ်မိနေသော လီနန်ခယ့်ကိုကြည့်လိုက် ဘယ်ဘက်က သူနှင့်တစ်ထပ်တည်းတူကာ သူ့ကို တအံ့တသြစိုက်ကြည့်နေသော အမျိုးသမီးကိုပြန်ကြည့်လိုက်နှင့် မျက်နှာလှလှလေးမှာ စိတ်ရှုပ်ထွေးလာဟန်ရှိလေ၏။

"ဘာလို့ထပ်စလာပြန်တာလဲ၊ သူတို့ပြောတော့ ကျွန်မတို့လုံးဝလွတ်သွားပြီဆို။ မဟုတ်မှ ကျွန်မနဲ့ယောက်ျား လှည့်စားခံလိုက်ရတာများလား"

"ဘာက ထပ်စလာတာလဲ"

ဘယ်ဘက်မှဟယ့်လန်ရှောင်းသာမက လီနန်ခယ့်ကိုယ်တိုင်ပင် ဘုမသိဘမသိ ပြူးကြောင်နေရလေသည်။

ဤရှောင်းရှောင်းက ဘယ်ကရောက်လို့ရောက်လာမှန်း သူလည်းစဥ်းစားမရ။

မိစ္ဆာမတစ်ကောင်က ရှောင်းရှောင်းယောင်ဆောင်ပြီး ရောက်လာတာများလား။

အနီးကပ်လေ့လာကြည့်မိတော့ ညာဘက်ကဟယ့်လန်ရှောင်း၏ ပေါင်အတွင်းဘက်တွင် တက်တူးတချို့ရေးထိုးထားသည်ကို လီနန်ခယ့် သတိပြုလိုက်မိ၏။

ဖတ်ကြည့်ရသလောက်တော့ နန်ခယ့်ရဲ့ သီးသန့်အိမ်မွေးတိရိစ္ဆာန်လေး ဆိုလား။

"..."

လီနန်ခယ့်မှာ ခေါင်းများပင် ဆိုးဆိုးရွားရွားထိုးကိုက်လာရပြီး ဦးနှောက်မှာ ပေါက်ပေါက်စက်ထဲထည့်လှိမ့်ခံထားရသည့်အလား ပေါက်ကွဲတော့မတတ်ဖြစ်လာသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူ့အနားမှ တစ်တော့ တစ်တော့ ဆိုသည့် စက္ကန့်သံလေးများ မြည်ဟီးလာသည်ကို ခံစားလိုက်မိ၏။

အချိန်ဆိုသည်မှာ စီးဆင်းနေသော မြစ်ကြောင်းတစ်ခုအလား။

ရံဖန်ရံခါ နောက်ပြန်ဆုတ်သွားတတ်ပြီး ရံဖန်ရံခါတွင်မူ သံသရာလည်နေတတ်သည်။

"ဟေး ရှောင်းရှောင်း၊ ငါ တံခါးကိုဖွင့်လိုက်ပြီ၊ မြန်မြန်လာခဲ့တော့"

ထိုအချိန်၌ မှောင်မိုက်လှသောစင်္ကြံလမ်း၏ အခြားတစ်ဖက်မှ စိတ်လှုပ်ရှားနေသော အမျိုးသားတစ်ဦး၏အသံ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ထိုအသံမှာ လီနန်ခယ့်၏အသံနှင့် အလွန်ဆင်တူလေသည်။

တစ်ခုကွာခြားသည်ကတော့ ထိုလီနန်ခယ့်မှာ ဒဏ်ရာရထားသည့်အလား အသံလေးက‌ အားနည်းဖျော့တော့နေသည်ပင်။

သူတို့သုံးဦးသား မတူညီသောမျက်နှာအမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ခပ်ကြောင်ကြောင်ကြည့်လိုက်မိကြသည်။

ဘယ်ဘက်ကဟယ့်လန်‌ရှောင်းမှာ အူကြောင်ကြောင်အမူအရာဖြင့် ဝေခွဲမရစွာ သူ့ကိုယ်သူပြန်လက်ညှိုးထိုးပြပြီး မေးလာသည်။

"ရှောင်းရှောင်းကိုခေါ်နေတာလား။ အသံက ယောက်ျားအသံနဲ့တူတယ်နော်"

ထိုစဥ် တက်တူးနှင့်ရှောင်းရှောင်းက အခြေအနေကို သဘောပေါက်သွားဟန်ရှိလေသည်။

"ဘာတွေဖြစ်နေတာလဲ"

လီနန်ခယ့်ကတော့ အကြောင်သားဖြင့်သာ မေးခွန်းများဆက်တိုက်မေးနေမိသည်။ ထိုစဥ် စောစောကတွေ့ခဲ့ရသော သူ၏အဖိုးအိုပုံစံကို ပြန်သတိရလိုက်မိတော့ မဆီမဆိုင် အချက်အလက်တစ်ခုက သူ့အတွေးထဲ လက်ခနဲပေါ်လာသည်။

အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်လား။

"လာပြီ လာပြီ"

ပေါင်တွင်တက်တူးပါသော မယ်မယ်ကြီးက အသံလာရာ အမှောင်လမ်းဆီသို့ လှစ်ခနဲပြေးထွက်သွားလေသည်။

"ဟဲ့ ငါ့ကိုစောင့်ဦးလေ"

ဘယ်ဘက်မှရှောင်းရှောင်းက လူကို လှမ်းဆွဲဖို့ကြိုးစားသော်လည်း သူမလက်က တစ်ဖက်လူ၏ခန္ဓာကိုယ်ကို ထိကိုင်မရဘဲ ဖောက်ထွက်သွားသဖြင့် နေရာတွင်သာ ဆွံ့အရပ်ကျန်ခဲ့ရလေသည်။

ဘာကိုမှ မထိကိုင်လိုက်နိုင်သော်လည်း သူမ၏ အတိတ်ပုံရိပ်ကို ခံစားလိုက်ရသည့်အလား ခပ်ဝါးဝါအသိတစ်ခု ဝင်ရောက်လာခဲ့၏။

ထိုစဥ် တက်တူးဖြင့်ရှောင်းရှောင်းက ပြေးနေရာမှရပ်လိုက်ပြီး လီနန်ခယ့်ကိုပြောလာသည်။

"ယောက်ျားဘာမှမပူနဲ့ အားလုံးအဆင်ပြေသွားမှာသိလား၊ ရှင်တို့နှစ်ယောက်လည်း မကြာခင်လွတ်မှာပါ။ ဒါပေမဲ့ တစ်ခုမှတ်ထားရမှာက တံတားကိုဖြတ်တဲ့အခါ ဒီမိန်းကလေးကိုလုံးဝမယုံပါနဲ့"

အမျိုးသမီးက ကြောင်တောင်တောင်ရပ်ကျန်ခဲ့သော ဟယ့်လန်ရှောင်းကိုလက်ညှိုးထိုးပြပြီး ဆိုလေသည်။

"ရှောင်းရှောင်း မြန်မြန်လာ"

အမှောင်ထုတစ်ဖက်မှ အသံကား နောက်တစ်ဖန်ထွက်ပေါ်လာပြန်သည်။

တက်တူးနှင့်ဟယ့်လန်ရှောင်းလည်း ဘာစကားမှထပ်မပြောတော့ဘဲ အသံလာရာအမှောင်ထုထဲသို့ပြေးဝင်ကာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့လေသည်။

အကျဥ်းထောင်မှာ တစ်ဖန်ပြန်လည် ဆိတ်သုဥ်းသွားခဲ့တော့၏။

လီနန်ခယ့်နှင့် ဟယ့်လန်ရှောင်းတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျန်နေရစ်ခဲ့ကြသည်။ အရာအားလုံးမှာ အိပ်မက်တစ်ခုအလား မြန်ဆန်ဝေဝါးစွာ ဖြစ်ပျက်သွားခဲ့သည်ပင်။

အချိန်အတော်ကြာပြီးမှ လီနန်ခယ့် အသိစိတ်ပြန်ဝင်လာသည်။

သူသည် စိုစွတ်လှသော ကျောက်တုံးကြီးတစ်ခုကို မှီလျက်ထိုင်ချလိုက်ပြီး အသက်ကို ညင်သာစွာရှူသွင်းလိုက်သော်လည်း သူ့စိတ်ထဲတွင် ဆူညံသံများစွာ မြည်ဟည်းနေဆဲဖြစ်၏။

ထင်ယောင်ထင်မှားပုံရိပ်တွေလား။

ဒါမှမဟုတ် အချိန်သံသရာရဲ့ ပဲ့တင်ထပ်ကျန်ရစ်ခဲ့တဲ့ ပုံရိပ်တစ်ခုလား။

သူမြင်လိုက်ရတဲ့ အဲ့ဒီရှောင်းရှောင်းက အနာဂတ်ကရှောင်းရှောင်းလား။

ယခုအချိန်၌ လီနန်ခယ့်သည် မိုးနီလောက၏ ဆန်းကြယ်မှု၊ ထူးခြားမှုနှင့် နက်ရှိုင်းလှသော ကြောက်မက်ဖွယ်ရာများကို သေချာခံစားလိုက်ရပြီဖြစ်သည်။

သူ အတွေးလွန်နေစဥ် အကျဥ်းနံရံများမှ ဆေးရေးပန်းချီများမှာ စတင်ကွာကျလာသည်။

အရာအားလုံးမှာ ရုတ်တရတ်ဆန်ဆန် ကောက်ကွေ့လိမ်ဖယ်လာတော့၏။

အကျဉ်းထောင်သံတိုင်များ၊ ထောင်ကြမ်းပြင်နှင့် ခင်းကျင်းထားသောကောက်ရိုးများ၊ အပြင်ဘက်နံရံများနှင့် မီးတုတ်များမှာလည်း မျက်စိရှေ့မှောက်တွင်တင် မြင်သာလှသောအရှိန်ဖြင့် ပျက်စီးယိုယွင်းကုန်ကြကာ ဆေးကွာသည့်အလား ကွာကျကုန်ကြတော့၏။

ထိုစဥ် အနီရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားပြီး လီနန်ခယ့်၏ခန္ဓာကိုယ်မှာ လှပ်ခနဲ ပေါ့ပါးသွားခဲ့ရသည်။

နောက်တစ်စက္ကန့်တွင် အဆုံးအစမဲ့သော ရေအေးလှိုင်းကြီးက သူ့အား ဝါးမျိုဖုံးအုပ်သွားတော့၏။ ပတ်ပတ်လည် မျက်စိတစ်ဆုံးတွင်လည်း ပင်လယ်ရေများသာ။

မင်းသမီးရှန်းယွမ်ကိုစတွေ့ခဲ့တုန်းက ခံစားချက်မျိုးနှင့် အလွန်ပင်ဆင်တူလှပေသည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ သူ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်သောကြောင့် ရုန်းကန်နေသောဟယ့်လန်ရှောင်းကို လက်မောင်းများထဲဆွဲသွင်းကာ ကမ်းခြေဆီသို့ အတူကူးခတ်လာခဲ့တော့၏။

သူတို့နှစ်ဦး ကမ်းခြေဆီရောက်သော် ပင်လယ်ရေတွေမျိုချလိုက်မိဟန်တူသော ဟယ့်လန်ရှောင်းမှာ အဆက်မပြတ်ချောင်းဆိုးနေလေသည်။

ထိုအချိန်တွင် လီနန်ခယ့်ကတော့ သူ့မျက်စိရှေ့မှ ဆန်းကြယ်လှသောပင်လယ်ကြီးကို ငေးမောနေမိသည်။

သူ့မြင်ကွင်းတွင် သင်္ဘောကြီးတစ်စင်းက ပင်လယ်ကိုဖြတ်၍ ရွက်လွှင့်ရွေ့လျားနေခဲ့၏။

သင်္ဘောကိုယ်ထည်ကြီးမှာ နီရဲလှသောပင့်ကူအိမ်များနှင့် ပိုးကောင်အသိုက်အမြုံများဖြင့် ဖုံးအုပ်နေခဲ့ပြီး ပျက်စီးခြင်းနှင့် သေဆုံးခြင်းအရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

ထိုဧရာမသင်္ဘောကြီးပေါ်တွင် မိုးနီနှလုံးသားက လွင့်မျောတည်ရှိနေခဲ့၏။

မိုးနီနှလုံးသား၏အောက်တွင် သွေးကြောမျှင်များ ယှက်ထွေးဝန်းရံနေကာ သူမြင်ခဲ့ရသော အမည်းရောင်လေပွေကြီးကတော့ မရှိတော့လေပြီ။

လီနန်ခယ့် စိတ်ထဲမှ ခန့်မှန်းချက်တစ်ခုထုတ်လိုက်သည်။

ထိုနှလုံးသားကြီးမှာ နေရာရွှေ့ပြောင်းခြင်းစွမ်းရည်တစ်ခု ပိုင်ဆိုင်ထားခြင်းဖြစ်ရမည်။

စောစောက သူနှင့်ဟယ့်လန်ရှောင်းတို့ နှလုံးသား၏အခြေအနေကို စူးစမ်းလေ့လာရုံရှိဆဲ မသိလိုက်ခင်မှာပင် ထိုသင်္ဘောကြီးပေါ်သို့ နေရာရွှေ့ပြောင်းခံလိုက်ရန်ရှိ၏။

ထိုသင်္ဘောသည် အချိန်နှင့်ပက်သက်သော ကျိန်စာတစ်ခုဖြင့် ချည်နှောင်ခံထားရဟန်ပင်။

ထိုနေရာတွင် အနာဂတ်ကသူကိုလည်း မြင်ခဲ့ရသည်။

သို့ဆိုလျှင် သူနှင့် ဟယ့်လန်‌ရှောင်းတို့ ထိုသင်္ဘောပေါ် နောက်တစ်ခါထပ်ရောက်နိုင်ချေ ရှိနေသေးသည်ပင်။

သို့သော် အနာဂတ်မှသူတို့အဖြစ်ကို မြင်ခဲ့ပြီးဖြစ်ရာ တစ်ထပ်တည်းအဖြစ်ကို ကြုံတွေ့ရဦးမည်လား၊ ပြောင်းလဲပေဦးမည်လား။

တိုက်ဆိုင်မှုသေးသေးလေးတစ်ခုမှ ကြီးမားသောအပြောင်းအလဲကို ဖြစ်ပေါ်စေဦးမည်လား။

ထိုစဥ် အကျဥ်းချခံထားရသော လူအိုကြီးလီနန်ခယ့်ကို သူပြေးသတိရလိုက်မိသည်။

တစ်ဖက်လူက ကိုယ့်အနားကလူတွေက ကိုယ့်ကိုလိမ်ညာနေလျှင်တောင် မစွန့်ပစ်လိုက်ဖို့ မှာကြားခဲ့သည်ပင်။

ထိုစကား၏ဆိုလိုရင်းကို သူစဥ်းစားနေမိသည်။

အနာဂတ်မှာ ငါက လူယုတ်မာဖြစ်သွားပြီး တစ်ယောက်ယောက်ကို မတရားစွန့်ပစ်ခဲ့မိလို့ ဝဋ်ပြန်ခံနေရတာများလား။

ငါ့အမှားကြောင့် ကမ္ဘာပျက်ကပ်ကြီးပါ ဆိုက်သွားရတာလား။

သနားစဖွယ် လူအိုကြီးလီနန်ခယ့်ကို ပြန်တွေးရင်း လက်ရှိလီနန်ခယ့် တုန်ယင်သွားရသည်။

မဖြစ်ဘူး။

အဲဒီအဖိုးအိုရဲ့စကားကို သေသေချာချာ နားထောင်ရမယ်။

ဒီနေ့ကစပြီး မြင်သမျှ မိန်းမလှလေးတိုင်းကို သိမ်းပိုက်ရမယ်၊ ပြီးရင်လည်း ဘယ်သူ့ကိုမှ စွန့်ပစ်တာ လက်လျှော့တာမျိုး မလုပ်မိအောင် အစွမ်းကုန်ကြိုးစားရမယ်။

ဒါက လူမှုရေးဖောက်ပြန်တာမဟုတ်ဘူး၊ အခြေအနေအရ မလုပ်မဖြစ်လို့ လုပ်ရတာပဲ။

ဘာပဲဖြစ်ဖြစ် ငါလီနန်ခယ့်က ဘဝမှာ အမြဲတမ်းသစ္စာရှိတဲ့ လူကောင်းတစ်ယောက်ဖြစ်ခဲ့တာပဲလေ။ မိန်းကလေးတစ်ယောက်ကို သိမ်းပိုက်ရတဲ့အတွက် ငါကိုယ်တိုင်လည်း ထပ်တူနာကျင်ခံစားရမှာပါ။

တာဝန်အရ မလုပ်မဖြစ်လို့လုပ်ရတဲ့အရာမျိုးကို ဇနီးသည်က နားလည်ပေးဖို့မျှော်လင့်ပါတယ်။

ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက် ကျောက်ကပ်ကိုအားရှိအောင် ပိုကြိုးစားရတော့မှာပဲ။

"အကြီးကြီးပဲ"

သူ့ဘေးမှဟယ့်လန်ရှောင်းက ရုတ်တရက် အံ့အားသင့်စွာအော်ဟစ်လိုက်သည်။

လီနန်ခယ့်မှာ လန့်ဖျပ်သွားခဲ့ရပြီး ထိုအမျိုးသမီးက ကောင်းကင်ယံသို့မော့ကြည့်ကာ မှင်တက်မိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူသည်လည်း အပေါ်သို့မော့ကြည့်လိုက်မိ၏။

ကောင်းကင်ယံတွင် မီတာထောင်ချီရှည်လျားလှသော ကြီးမားလှသည့် ငါးကြီးတစ်ကောင်က ဖြည်းညှင်းစွာ ကူးခတ်နေခဲ့သည်။

ဒါ ဝေလငါးကြီးလား။

လီနန်ခယ့်၏ နှလုံးခုန်သံများ ပြင်းထန်စွာ လှုပ်ရှားတုန်ခါသွားခဲ့ရ၏။

ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားတော့မတတ် ကြီးမားလှသည့် အရိပ်မည်းကြီးက သူ့ကို အသက်ရှူကျပ်စေသည်။

သို့သော် ထိုငါးကြီးကို သူအားရအောင် မကြည့်ရသေးခင်မှာပင် နီရဲတောက်နေသော တိမ်တိုက်များကြားမှ ပိုမိုကြီးမားပြီး ရက်စက်ကြမ်းကြုတ်လှသော ကြက်ခေါင်းကြီးတစ်ခေါင်းက ဖျတ်ခနဲ ထွက်ပေါ်လာခဲ့ပြီး ချွန်မြသောနှုတ်သီးကြီးကိုဖွင့်ကာ မီတာထောင်ချီရှည်လျားလှသော ငါးကြီးကို ကိုက်ခဲပြီး ထူထပ်လှသော တိမ်တိုက်များထဲသို့ ဆွဲခေါ်သွားခဲ့တော့သည်။

လီနန်ခယ့်သည် ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြောင်အမ်းအမ်းစိုက်ကြည့်နေခဲ့မိ၏။

သူ ကျောက်ရုပ်တစ်ရုပ်လို အတောင့်သားရပ်နေမိခဲ့သည်။

သားအိမ်ပြန်ချင်ပြီ။

ထိုအချိန်မှာပင် ကောင်းကင်ယံတွင် လျှပ်စီးကြောင်းများ လက်ခနဲဖြစ်သွားခဲ့ပြီး မကြာမီမိုးရွာတော့မည့်လက္ခဏာအား ပြသလာသည်။

လီနန်ခယ့်သည် မိုးနီရွာချလိုက်သည်နှင့် အခန်းထဲသို့ အတင်းအကျပ် ပြန်လည်ခေါ်ဆောင်ခြင်းခံရလိမ့်မည်ဟု မင်းသမီးရှန်းယွမ်ပြောကြားခဲ့ဖူးသည်ကို ပြန်လည်သတိရသွားခဲ့သဖြင့် ဟယ့်လန်ရှောင်းကို ရင်ခွင်ထဲသို့ ဆွဲသွင်းဖက်ထားလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ဆယ်စက္ကန့်ခန့်ကြာပြီးနောက်တွင် မမြင်နိုင်သည့် ဆွဲအားကြီးတစ်ခုက သူ့ကို မင်္ဂလာခန်းမဆောင်ဆီသို့ အတင်းအကျပ် ဆွဲခေါ်သွားခဲ့တော့၏။

သူတို့ရှိနေခဲ့သောနေရာမှာ ချက်ချင်းဆိုသလို ဗလာသက်သက်ဖြစ်သွားခဲ့ရသည်။

All Chapters