ရန်ပုံငွေလုပွဲ
Vol. 20 Ch. 193
ရုံးတော်ခန်းမအတွင်းတွင်။
ဆရာတော်ဟွေဟိုင်၊ ဆရာတော်ယုံမော့နှင့် ဘုန်းကြီးချန်းမင်တို့မှာ ခန်းမအောက်တွင် ရိုသေစွာမတ်တတ်ရပ်နေကြသည်။
ထိပ်ဆုံးခုံတွင်ထိုင်နေသော ခရိုင်ဝန်မင်းရှန်ချွန်းဟယ်မှာမူ ယခင်ကလိုပင် မျက်နှာအရောင်အဆင်းပြန်လည်ကောင်းမွန်ကာ လက်ဖက်ရည်ကို အရသာခံသောက်နေခဲ့၏။
အရိပ်တပ်သားများက ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
မင်းသမီးကြီးလည်း မကြာမီ သူတို့နောက်လိုက်သွားတော့မည်ပင်။
သေးငယ်လှသော တုန်းချီခရိုင်လေးတွင် သူလက်အုပ်ချီပသရမည့် မည်သည့်နန်းမျိုးနန်းနွယ်မျှ မရှိတော့သည့်အတွက် ခရိုင်ဝန်မင်းငယ်လေးမှာ နောက်ဆုံးတော့ အသက်ရှူချောင်ကာ နေ့ရက်များကို အေးအေးချမ်းချမ်း ပြန်လည်ဖြတ်သန်းနိုင်ပေတော့မည်။
မိမိမယားငယ်လေးများကိုလည်း အရင်လို အိမ်တစ်ဆောင်မီးတပြောင်ဖြင့် လွတ်လွတ်လပ်လပ် ပြန်ထားနိုင်တော့မည်ဖြစ်၏။
ရှန်ချွန်းဟယ်က လီနန်ခယ့်ကို ပြုံးပြုံးကြီးကြည့်ကာ ဆိုလိုက်သည်။
"နန်ခယ့်၊ မင်း ညကင်းလှည့်အဖွဲ့ချုပ်ကိုပြောင်းရွှေ့ဖို့ အမိန့်စာကျလာပြီလို့ ငါကြားတယ်"
"ဟုတ်ပါတယ်၊ ခဏနေရင်ပဲ ကျွန်တော် သက်သေခံတံဆိပ်ပြား သွားထုတ်တော့မလို့ပါ"
လီနန်ခယ့်က ပြန်ပြောလိုက်သည်။
ရှန်ချွန်းဟယ်၏ မျက်နှာတစ်ခုလုံး အပြုံးများဖုံးလွှမ်းသွားပြီး ချီးကျူးစကားဆိုလေသည်။
"ဂုဏ်ယူစရာကောင်းလိုက်လေ။ ဒါပေမဲ့ မင်းထွက်သွားရင်တော့ ဒီရုံးတော်မှာ အားကိုးစရာလူတော်လူကောင်း မကျန်တော့ဘူး။ နောက်ပိုင်း ရှင်းစရာကိစ္စတွေရှိလာရင် ဘယ်လိုလုပ်ရပါ့ကွာ"
"ခရိုင်ဝန်မင်းရှိနေတာပဲ၊ မိုးပြိုရင်တောင် ဘာမှပြဿနာမရှိပါဘူး"
လီနန်ခယ့်က မြှောက်ပြောလိုက်ပြီးနောက် ဆရာတော်ဟွေဟိုင်တို့ကိုညွှန်ပြကာ ဆိုလိုက်သည်။
"ဒါနဲ့ ခရိုင်ဝန်မင်း၊ ကျွန်တော် စောစောက ရုံးတော်အဝင်ဝမှာ ဆရာတော်တို့နဲ့ဆုံခဲ့တယ်။ ကြည့်ရတာ ကျောင်းတော်ပြုပြင်ဖို့ ရန်ပုံငွေကိစ္စပြောမလို့ထင်တယ်"
"ဩော်... အဲဒီကိစ္စကိုး"
ရှန်ချွန်းဟယ်က သဘောပေါက်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။
ထို့နောက် သူက ဟွေဟိုင်အပါအဝင် ရဟန်းသုံးပါးလုံးကို အထဲသို့ဖိတ်ခေါ်ကာ ထိုင်စေပြီး အစေခံမိန်းကလေးအား လက်ဖက်ရည်ယူခဲ့ဖို့ညွှန်ကြားသည်။
ဆရာတော်ယုံမော့က စိတ်မရှည်တော့ဘဲ အရင်ဆုံး စတင်စကားဆိုသည်။
"ခရိုင်ဝန်မင်း၊ လွန်ခဲ့တဲ့ရက်ပိုင်းက မြေပြိုမှုကြောင့် ကျွန်တော်တို့ကျောင်းတော်ရဲ့ ပင်မကျောင်းဆောင်နဲ့ သံဃာဆောင်တွေ တော်တော်လေးပျက်စီးသွားပါတယ်။ အဲဒီနောက်မှာလည်း မိုးကြီးလေကြီး နှစ်ကြိမ်ဆက်တိုက်လောက်ကျထားတာကြောင့် လက်ရှိ သံဃာတော်တွေမှာ သီတင်းသုံးဖို့တောင်ခက်ခဲနေပါပြီခင်ဗျာ"
"ကျွန်တော်တို့ကို ကျောင်းတော်ပြုပြင်ရေးရန်ပုံငွေ ချပေးဖို့ သာသနာရေးဦးစီးဌာနထံ လျှောက်ထားခဲ့ပြီး ရန်ပုံငွေလည်းကျလာပြီလို့ ကြားသိရပါတယ်။ ဒါကြောင့် ကျောင်းတော်ကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ဖို့ ရန်ပုံငွေလာရောက်ထုတ်ယူခြင်း ဖြစ်ပါတယ်"
ရှန်ချွန်းဟယ်က စကားဆုံးသည်အထိ ငြိမ်သက်စွာနားထောင်နေခဲ့ပြီး သူ၏ အသားပြည့်အိကာ အဆီပြန်နေသောမျက်နှာကြီးက တလျှောက်လုံး အပြုံးတစ်ခုတပ်ဆင်ထားခဲ့၏။
ဆရာတော်ယုံမော့ စကားပြောပြီးသောအခါ သူကသက်ပြင်းချလျက် ဆိုလေသည်။
"ဒီဝန်မင်းအနေနဲ့ ဆရာတော်ရဲ့စိတ်ဆန္ဒနဲ့ သံဃာတော်တွေရဲ့အခက်အခဲကို နားလည်ပါတယ်။ ဒါပေမဲ့ အဲဒီရန်ပုံငွေအတွက်တော့ ခဏလောက်စောင့်ဆိုင်းရဦးမယ်ထင်တယ်"
ဘာ
စောင့်ဆိုင်းရဦးမယ်တဲ့လား။
ထိုစကားကိုကြားလိုက်ချိန်တွင် ဆရာတော်ယုံမော့မှာ ဆတ်ခနဲမတ်တပ်ရပ်လိုက်မိသည်။
"ခရိုင်ဝန်မင်း၊ ရန်ပုံငွေကကျလာပြီးပြီပဲ၊ ဘာလို့စောင့်နေရဦးမှာလဲ"
ရှန်ချွန်းဟယ်က တစ်ဖက်လူကို စိတ်ငြိမ်ငြိမ်ထားဖို့ လက်ကာပြလိုက်ပြီး အေးအေးလူလူပင် ဆိုလိုက်သည်။
"ရန်ပုံငွေ ရောက်လာတာတော့အမှန်ပဲ။ ဒါပေမဲ့ ဒီဝန်မင်းက အဲဒီငွေတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာသုံးလိုက်ပြီ။ ဆရာတော်တို့သိတဲ့အတိုင်း မြေပြိုမှုက ကျောင်းတော်ကိုတင် ပျက်စီးစေတာမဟုတ်ဘူး၊ သာမန်အရပ်သားတွေရဲ့ အိုးအိမ်တွေလည်း အများကြီးပျက်စီးသွားခဲ့တာလေ။"
"မိဘပြည်သူကို တပြေးညီအုပ်ချုပ်ရတဲ့ အရာရှိတစ်ယောက်အနေနဲ့ ဒီအပျက်အစီးတွေကို ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ။ ဘေးဒုက္ခသည်တွေကို ကူညီဖို့နဲ့ အရပ်သားတွေ အန္တရာယ်ကင်းကင်း နေထိုင်နိုင်ဖို့ ဒီဝန်မင်းအစွမ်းရှိသမျှ လုပ်ဆောင်ရမှာပေါ့။ ဆရာတော်တို့ကော သဘောမတူဘူးလား"
ဘုန်းကြီးချန်းမင်က မနေနိုင်ဘဲ ဝင်မေးလိုက်သည်။
"ဒါပေမဲ့ ဘေးအန္တရာယ်ကယ်ဆယ်ရေး ရန်ပုံငွေလည်း သီးသန့်ကျလာတယ် မဟုတ်ဘူးလား"
ရှန်ချွန်းဟယ်က လက်ကိုဝှေ့ယမ်းကာ စိတ်ပျက်ဟန်ဖြင့်ပြုံးလိုက်ရင်း ညည်းညူလာ၏။
"မလောက်ဘူးလေ။ အထက်ကချပေးတာက နည်းနည်းလေး၊ အဲဒါလောက်နဲ့ ဘယ်ဒုက္ခသည်ကို သွားပြီးကူညီရမှာလဲ။ သူတို့ငွေချပေးတာသာ လုံလောက်မယ်ဆိုရင် ဒီဝန်မင်းက ဆရာတော်တို့ရန်ပုံငွေကို ဘာကြောင့်ချေးငှားသုံးနေရမှာလဲ မဟုတ်ဘူးလား"
"ဒါပေမဲ့..."
"ကဲပါ၊ အငြင်းအခုံတွေ တော်ကြရအောင်။ ခဏလောက် စိတ်ရှည်ပါဦး၊ ဒီဝန်မင်းအနေနဲ့ ဆရာတော်တို့ဆီ အဲဒီရန်ပုံငွေပြန်ရောက်အောင် သေချာပေါက နည်းလမ်းရှာပေးပါ့မယ်။ ချေးငှားပြီးပေးရပေးရ တမင်တော့ အချိန်ဆွဲမထားပါဘူး"
"ခရိုင်ဝန်မင်း၊ ကျွန်တော်တို့ကို ရက်အတိအကျလေး သတ်မှတ်ပေးနိုင်မလား"
ဆရာတော်ဟွေဟိုင်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။
ရှန်ချွန်းဟယ်က ဝေဝေဝါးဝါးပင် ပြန်ဖြေလာ၏။
"မကြာပါဘူး၊ စိတ်မပူပါနဲ့။ ငွေအလုံအလောက်စုမိတာနဲ့ ဒီဝန်မင်းကိုယ်တိုင် ကျောင်းတော်ဆီ တိုက်ရိုက်လာပို့ပေးပါ့မယ်"
"ဒါပေမဲ့ ခရိုင်ဝန်မင်း၊ အခု သံဃာတော်တွေမှာ သီတင်းသုံးစရာနေရာတောင် ရှာရခက်နေပါတယ်"
ဆရာတော်ယုံမော့က စိုးရိမ်တကြီးဖြင့် ခပ်ဆောင့်ဆောင့်ပြောလိုက်သည်။
"ဒါကတော့ တကယ့်ပြဿနာပဲ"
ရှန်ချွန်းဟယ်က မျက်မှောင်ကြုတ်ကာ ခေတ္တမျှတွေးတောလိုက်ပြီးနောက် ရုတ်ချည်း မျက်ဝန်းများ လင်းလက်သွားပြီး နည်းပေးလာသည်။
"ဟုတ်ပြီ။ ကြိုးကြာဖြူတာအိုကျောင်းကတော့ မြေပြိုဒဏ်မသင့်လိုက်ဘူးထင်တယ်၊ နေရာလည်း ကျယ်ဝန်းတာပဲ။ ဆရာတော်တို့ ယာယီတော့ အဲဒီမှာသွားတည်းပြီး ကျပ်ကျပ်ညပ်ညပ် သီတင်းသုံးလိုက်ကြပါဦးလား"
ကြိုးကြာဖြူတာအိုကျောင်း ဟုတ်လား။
ယုံမော့နှင့် ချန်းမင်တို့မှာ ဆွံ့အသွားကြရသည်။
ဆရာတော်ယုံမော့က တအံ့တသြဆိုလာ၏။
"ခရိုင်ဝန်မင်း၊ အဲဒါကတာအိုကျောင်းလေ။ ကျွန်တော်တို့လို ဗုဒ္ဓဘာသာရဟန်းသံဃာတွေ တာအိုကျောင်းမှာသွားနေတာ သင့်တော်ပါ့မလား"
"ဘာလို့ မသင့်တော်ရမှာလဲ"
ရှန်ချွန်းဟယ်က မျက်နှာထားတင်းသွားပြီး စကားပြောရာတွင် တံတွေးများပင်စင်ထွက်လာခဲ့သည်။
"တာအိုဆရာတွေကော ရဟန်းတွေကော အကုန်လုံးက လူဝတ်လဲပြီးတောထွက်လာကြတဲ့သူတွေ မဟုတ်ဘူးလား။ အားလုံးက လူတွေကို ကောင်းမှုကုသိုလ်လုပ်ဖို့၊ သီလဆောက်တည်ဖို့နဲ့ သတ္တဝါတွေကိုကယ်တင်ဖို့ ဆုံးမဟောကြားနေကြတာပဲ။ တာအိုကလည်း ဗုဒ္ဓပဲ၊ ဗုဒ္ဓလည်း မူလကတာအိုပဲ။ အတူတူနေထိုင်သီတင်းသုံးတာ ဘာမှ မသင့်တော်တာမရှိပါဘူး။ ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်မယ်"
"ဒါပေမဲ့ သူတို့ကိုးကွယ်တာနဲ့ ကျွန်တော်တို့ကိုးကွယ်တာက မတူဘူးလေ"
ချန်းမင်က မျက်နှာငယ်လေးဖြင့် ဆိုလိုက်သည်။
ရှန်ချွန်းဟယ်က စိတ်မရှည်တော့ဟန်ရှိ၏။
"ဘာကွာလို့လဲ။ နောက်ပြီး ဆရာတော်တို့က ဗုဒ္ဓကိုနှလုံးသွင်းထားရင် နေရာတိုင်းဟာ ဘုရားကျောင်းပဲလို့ ပြောနေကျမဟုတ်လား။ ရုပ်ပွားတော်တွေမရှိတော့တာနဲ့ ဆရာတော်တို့ တရားမကျင့်ကြံနိုင်တော့ဘူး၊ ဘုန်းကြီးမလုပ်နိုင်တော့ဘူးလား"
"ဒါပေမဲ့... ဒါပေမဲ့..."
ကြမ်းသထက်ကြမ်းကာ ချဲ့ကားလာသောစကားများကြောင့် ချန်းမင်မှာ ပြန်ပြောစရာစကားပင်မရှိခဲ့ပေ။
ဆရာတော်ယုံမော့က မျက်နှာအကြီးအကျယ်ပျက်ကာ ဝင်ပြောလာသည်။
"ခရိုင်ဝန်မင်း ဒီရန်ပုံငွေကို တကယ်ထုတ်မပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော် တိမ်တိုက်မြို့တော်က သာသနာရေးဦးစီးဌာနမှာ သွားပြီးစုံစမ်းရုံပဲရှိတော့တယ်"
ဘုန်း
လက်ဝါးတုတ်တုတ်ကြီးတစ်ဖက်က စန္ဒကူးသားစားပွဲခုံကို ပြင်းစွာရိုက်ချလိုက်သဖြင့် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်များ တုန်ခါသွားခဲ့ရသည်။
ရှန်ချွန်းဟယ်၏မျက်နှာထက်မှ အပေါ်ယံအပြုံးများ ပျောက်ကွယ်သွားပြီး အေးစက်စူးရှသော အာဏာအငွေ့အသက်က အစားထိုးဝင်ရောက်လာသည်။
"ဘာလဲ၊ မင်းတို့က ငါရှန်ချွန်းဟယ်ကို ရန်ပုံငွေအလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲချင်တာလား"
"ကြိုက်တဲ့နေရာသွားပြီး စုံစမ်းကြည့်လိုက်ဦး။ တုန်းချီခရိုင်တစ်ခုလုံးမှာ ငါရှန်ချွန်းဟယ်လောက် ရိုးသားဖြောင့်မတ်တဲ့အရာရှိဆိုတာ နောက်တစ်ယောက်မရှိနိုင်ဘူး"
"မင်းတို့က ငါ့ကို အထက်ထိ တက်တိုင်ချင်တယ်ဟုတ်စ။ ကောင်းပြီ၊ အမြန်သွားကြ။ ဒီဝန်မင်းက ဒီနေရာမှာပဲစောင့်နေမယ်"
လေထုအခြေအနေမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။
ခရိုင်ဝန်မင်း ဒေါသတကြီးပေါက်ကွဲနေသည်ကို မြင်လိုက်ရသဖြင့် ချန်းမင်လည်း အကြီးအကျယ်ထိတ်လန့်ကာ စကားပင်မပြောနိုင်တော့။
ဆရာတော်ယုံမော့၏ မျက်နှာမှာ ဒေါသဖြင့်ပြာနှမ်းသွားပြီး လက်သီးကို တင်းနေအောင်ဆုပ်ထားလိုက်သည်။ ဆရာတော်ဟွေဟိုင်ကတော့ စိတ်ပျက်လက်ပျက်ပြုံးလျက်။
အားလုံး တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ရှန်ချွန်းဟယ်က လှောင်ပြုံးပြုံးကာ ခပ်ရွဲ့ရွဲ့ဆိုသည်။
"ဒီဝန်မင်းက ပေးမယ်လို့ပြောပြီးသားပဲ၊ အချိန်တန်ရင် ရလိမ့်မပေါ့။ နောက်ပြီး ဘုန်းကြီးတို့လို ကိုယ်ကျိုးစွန့်လာတဲ့ ဘုရားသားတော်တွေက ဒုက္ခသည်တွေကိုကယ်တင်ဖို့၊ ကုသိုလ်ယူဖို့နဲ့ သတ္တဝါအားလုံးအပေါ်ကရုဏာထားဖို့ အမြဲတမ်းအလေးထားကြတယ် မဟုတ်ဘူးလား"
"အခု ဒီဝန်မင်းက အဲ့ဒီရန်ပုံငွေတွေကို အလကားယူထားတာလည်းမဟုတ်ဘူး။ ဘေးဒုက္ခသည်တွေကို ကယ်တင်နေတာ။ ဘယ်လောက်တောင်ကြီးမားတဲ့ကုသိုလ်လည်း။ ဘုန်းကြီးတို့ ဘယ်နှနှစ်တရားအားထုတ်ပြီးမှ ဒီလောက်ကြီးမားတဲ့ကုသိုလ်မျိုး ရနိုင်မှာတဲ့လဲ"
"ကုသိုလ်ရှာပေးတဲ့ ဒီဝန်မင်းကိုတောင် ကျေးဇူးတင်ရဦးမယ်"
"ဒီလိုကြီးမားတဲ့ ကုသိုလ်အကျိုးကြောင့် နောက်ဆို ကျောင်းကို အလှူရှင်တွေတောင် ပိုရောက်လာကြဦးမယ်မဟုတ်လား"
ရှန်ချွန်းဟယ်၏ စကားတတ်မှုတွင် ရဟန်းသုံးပါး ဘာမှပြန်ပြောနိုင်စွမ်းမရှိတော့။
အနှစ်ချုပ်မှာတော့ ခရိုင်ဝန်မင်းက ငွေကိုထုတ်မပေးဘဲ တတ်နိုင်သမျှအချိန်ဆွဲထားချင်ခြင်းသာဖြစ်ကြောင်း သူတို့ သဘောပေါက်သွားရတော့၏။
ဆရာတော်ဟွေဟိုင်က ဘေးနားတွင် ပွဲကြည့်နေသော လီနန်ခယ့်ထံသို့ အကူအညီတောင်းသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
လီနန်ခယ့်အနေဖြင့် မသိချင်ယောင်ဆောင်ရန် ခက်ခဲသွားရသည်။ သူခဏမျှ ကြံစည်တွေးတောလိုက်ကာ ရှန်ချွန်းဟယ်အား အပြုံးဖြင့်ဝင်ပြောလိုက်သည်။
"ခရိုင်ဝန်မင်း၊ အမှန်ကဒီလိုပါ။ စောစောက ကျွန်တော်ရောက်လာတဲ့အချိန်မှာ ဆရာတော်ဟွေဟိုင်တို့က အရပ်သားတွေရဲ့အိုးအိမ်တွေ ရစရာမရှိအောင်ပျက်စီးသွားတာကို မြင်ပြီး အရမ်းစိတ်မကောင်းဖြစ်နေကြတာ"
"ဒါကြောင့် သူတို့က ကျောင်းတော်ပြုပြင်ရေးရန်ပုံငွေရဲ့ တစ်စိတ်တစ်ပိုင်းကို ဘေးဒုက္ခသည်တွေရဲ့ အိုးအိမ်ပြန်လည်တည်ဆောက်တဲ့နေရာမှာ ထည့်သွင်းလှူဒါန်းဖို့ တိုင်ပင်နေကြတာ ကြားခဲ့လိုက်ရတယ်။ နောက်ပြီး ရန်ပုံငွေရဲ့ဆယ်ပုံနှစ်ပုံကို ခရိုင်ရုံးတော်နဲ့ ခရိုင်ဝန်မင်းအတွက် ပေးလှူဖို့လည်း ဆုံးဖြတ်ထားကြသေးတယ်တဲ့။ ဒီနှစ်ပိုင်းမှာ ပြည်သူတွေကောင်းကျိုးအတွက် ဝန်မင်းဘယ်လောက်တောင် ခက်ခက်ခဲခဲစွမ်းဆောင်ပေးခဲ့ရသလဲ အားလုံးသိပါတယ်"
လီနန်ခယ့်စကားကိုကြားတော့ ဆရာတော်ယုံမော့မှာ ချက်ချင်းမျက်နှာပျက်သွားသည်။
သူ စကားဝင်ပြောဖို့ပြင်လိုက်စဉ်မှာပင် ကျောင်းထိုင်ဆရာတော်က သူ့ခြေထောက်ကိုတက်နင်းလိုက်သည်။ ဆရာတော်၏ ခပ်တင်းတင်းအကြည့်ကို မြင်သောအခါ အစီအစဥ်ကိုသဘောပေါက်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းသာငုံ့နေလိုက်ရတော့၏။
"အော်မီထော်ဖော"
လီနန်ခယ့် ပြေရာပြေကြောင်းပြောပြီးနောက် ဆရာတော်ဟွေဟိုင်က မတ်တတ်ရပ်ကာ အလိုက်သင့်ဝင်ပြောလာသည်။
"ခရိုင်ဝန်မင်း၊ ကိုယ်ရေးအရာရှိလီပြောသလိုပဲ ကျွန်တော်တို့ စောစောက အဲ့လိုတိုင်ပင်ခဲ့ကြတာပါ။ သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူပြည်သားတွေရဲ့ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးရတာကို မြင်တဲ့အခါ ကျွန်တော်တို့တကယ်ပဲ ရင်ထုမနာဖြစ်မိပါတယ်။"
"ဒါကြောင့် ကျွန်တော်တို့စီစဥ်ထားတာက ရန်ပုံငွေရဲ့တစ်စိတ်တစ်ပိုင်းကို ဘေးအန္တရာယ်ကယ်ဆယ်ရေးမှာ အသုံးပြုပါ့မယ်။ ထပ်ပြီးတော့ ဆယ်ပုံသုံးပုံကို ခရိုင်ဝန်မင်းနဲ့ ရုံးတော်အတွက် လှူဒါန်းပါ့မယ်။ ဒီဘုန်းကြီးအနေနဲ့ ခရိုင်ဝန်မင်းက ပြည်သူတွေအတွက် ပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်ပေးနေတာကို တကယ်ပဲ ကြည်ညိုမိပါတယ်။ ဒီမဖြစ်စလောက် အလှူငွေလေးကို ကြည်ကြည်ဖြူဖြူလက်ခံပေးပါ"
ဆရာတော်ဟွေဟိုင် ကိုယ်တိုင်ပြောကြားလာသဖြင့် ရှန်ချွန်းဟယ်၏မျက်နှာထားမှာ နောက်ဆုံးတော့ ပျော့ပျောင်းသွားခဲ့လေသည်။
"ဒီဝန်မင်းကို ဆုငွေချီးမြှင့်ဖို့မလိုပါဘူး၊ ဒီဝန်မင်းက ငွေကြေးမက်မောတတ်သူမဟုတ်ပါဘူး။ ဒီတော့ နောက်ကျရင် အရပ်သားတွေအတွက် လိုအပ်တဲ့နေရာမှာထည့်သုံးဖို့ သိမ်းဆည်းထားလိုက်ပါ့မယ်"
"ခရိုင်ဝန်မင်းရဲ့ ပြည်သူတွေအပေါ် ငဲ့ညှာစိတ်ဟာ တုန်းချီခရိုင်က အရပ်သားတွေအတွက်တော့ ကောင်းချီးတစ်ရပ်ပါပဲ"
ဆရာတော်က အလျင်အမြန် ဦးညွှတ်ချီးကျူးလိုက်သည်။
ရှန်ချွန်းဟယ်က လက်ကိုဝှေ့ယမ်းကာ ဆိုသည်။
"ကဲပါ၊ မနက်ဖြန်မနက်ကျရင် ရန်ပုံငွေလာထုတ်လှည့်။ ဒီဝန်မင်းအနေနဲ့ ဆရာတော်တို့အတွက် အတတ်နိုင်ဆုံးစုဆောင်းပေးပါ့မယ်။ ကျောင်းတော်ကို စောစောစီးစီးပြုပြင်နိုင်ရင် ပြည်သူပြည်သားတွေလည်း စိတ်အေးလက်အေးနဲ့ အမွှေးတိုင်ထွန်းပြီး ဘေးအန္တရာယ်ကင်းဖို့ ဆုတောင်းနိုင်တာပေါ့"
"ကျေးဇူးတင်ပါတယ် ခရိုင်ဝန်မင်း"
ထိုအခါမှ ဆရာတော်ဟွေဟိုင် ဟင်းခနဲ သက်ပြင်းချနိုင်ကာ ဆရာတော်ယုံမော့နှင့် ဘုန်းကြီးချန်းမင်တို့ကိုခေါ်၍ စိတ်အေးလက်အေးဖြင့် ထွက်ခွာသွားကြတော့လေ၏။