အခန်း (၁၉၄)
Vol. 20 Ch. 194
ရဟန်းသုံးပါး ထွက်ခွာသွားပြီးနောက် ရှန်ချွန်းဟယ်သည် အစေခံမိန်းကလေးလာချပေးသော လက်ဖက်ရည်ခွက်အသစ်ကို လှမ်းယူလိုက်ပြီး လီနန်ခယ့်ကိုကြည့်ကာ ခပ်ဖွဖွရယ်မောလိုက်သည်။
"ဘုန်းကြီးတွေဆီကငွေညှစ်ရတာ တကယ်မလွယ်ဘူး။ အရင်နှစ်တွေက တလျှောက်လုံးရခဲ့တဲ့အလှူငွေတွေကျ အကုန်ဝှက်ထားပြီး တစ်ခုခုဆို အစိုးရဆီကလာနှိုက်ဖို့ပဲသိကြတာ"
လီနန်ခယ့်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
"နည်းနည်းတွန့်တိုတတ်ကြတာတော့ အမှန်ပဲ"
ရှန်ချွန်းဟယ်ကဆိုသည်။
"ဒီဝန်မင်းက ကျောင်းပြင်တဲ့ ရန်ပုံငွေမဖြစ်စလောက်ကို မက်မောလို့မဟုတ်ပါဘူး၊ သူတို့ကို နည်းနည်းလောက် ရွဲ့ချင်လို့။ သူတို့ပေးတဲ့ငွေတွေကို စာသင်ကျောင်းတွေဘာတွေ ပြုပြင်တဲ့နေရာမှာ သုံးပစ်မယ်၊ ပြီးတော့ အဲဒါတွေအကုန် မင်းနာမည်နဲ့ပဲလုပ်မှာ"
"ဝန်မင်း ဒါကတော့..."
"ငြင်းမနေပါနဲ့၊ ဒါကို အပြန်အလှန်အကျိုးပြုတဲ့ အရောင်းအဝယ်တစ်ခုလို့ပဲ သဘောထားလိုက်။ မင်း တစ်နေ့ကျ ဒီအထောက်အကူတွေကြောင့် ရာထူးကြီးကြီးရသွားရင် ဒီဝန်မင်းလည်း အကျိုးအမြတ်ရနိုင်တာပဲမဟုတ်လား"
ဤတစ်ကြိမ်တွင်မူ ရှန်ချွန်းဟယ်က လှည့်ပတ်မပြောတော့ဘဲ သူ၏အတွက်အချက်ကို တိုက်ရိုက်ဖွင့်ချလာ၏။
လီနန်ခယ့်လည်း ငြင်းဆန်ခြင်းမပြုတော့ချေ။
"ခဏနေလို့ မင်းအပြင်ထွက်တဲ့အခါ သူတို့မင်းကို ဘယ်လောက်ပဲပေးပေး ယူထားလိုက်။ ဘုန်းကြီးတွေရဲ့ငွေက ဘုရားတန်ခိုးတော်ဓာတ်တော်တွေ ပါဝင်နေလို့ မင်းကို ဘေးအန္တရာယ်ကင်းအောင် ကာကွယ်ပေးနိုင်လိမ့်မယ်"
ရှန်ချွန်းဟယ်က မျက်လုံးထောင့်များတွန့်သည်အထိ အဓိပ္ပာယ်ပါပါပြုံးပြလိုက်ပြီး ဆိုသည်။
"ဒါကို ဒီဝန်မင်းရဲ့ နှုတ်ဆက်လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ"
လီနန်ခယ့်က အလိုက်သင့်ရယ်မောပြီး ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်နားလည်ပါပြီ"
စောစာက ကပြသွားသော ရှန်ချွန်းဟယ်၏ ဒေါသအိုးပြဇာတ်မှာ လီချန်ကျောင်းတော်မှ လီနန်ခယ့်အပေါ် ကျေးဇူးကြွေးတင်ကျန်ရစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သူ ယခုမှရိပ်မိတော့သည်။
အလှူလက်ဖက်နဲ့ မျက်နှာလုပ်တယ်ဆိုသလိုပေါ့။
မိမိအရှေ့ရှိ ခန့်ညားထက်မြက်သောလူငယ်လေးကို ကြည့်ရင်း ရှန်ချွန်းဟယ်၏ မျက်လုံးများထဲ ရှုပ်ထွေးသောခံစားချက်များပေါ်လာကာ ခပ်တိုးတိုး ဆိုဆုံးမလာသည်။
"နန်ခယ့်... မင်းကိုယ်မင်း အရာရာမှာအလိုက်သင့်ဖြစ်အောင် အရမ်းကြီးလျှော့မပေးပါနဲ့။ လူငယ်တွေမှ ရှိသင့်ရှိထိုက်တဲ့ သတ္တိနဲ့မာန်မာနကို ထိန်းသိမ်းထားဦး။ အမှားတွေလုပ်မိလည်း ကိစ္စမရှိပါဘူး။ အရမ်းလည်ပတ်ချောမွေ့နေမှသာ အထက်လူကြီးတွေအမြင်မှာ မျက်စိစူးစရာဖြစ်လိမ့်မယ်"
"အစိုးရအရာရှိလုပ်ရင် အလင်းနဲ့အမှောင်ကြား မျှတအောင်နေထိုင်ပြီး အမှိုက်သရိုက်တွေကြား သန့်ရှင်းစင်ကြယ်နိုင်ရမယ် ဆိုတဲ့စကားတွေကိုလည်း မယုံနဲ့။ ဘာလို့လဲဆိုတော့ မင်းနဲ့ငါက အခုကတည်းက အမှိုက်သရိုက်တွေဖြစ်ပြီးခဲ့ကြပြီ"
...
ရုံးတော်ထဲမှထွက်လာချိန်တွင် ရှန်ချွန်းဟယ်ပြောသလိုပင် ဆရာတော်ဟွေဟိုင်တို့အဖွဲ့က သူ့ကို တကယ်ကြီးစောင့်ဆိုင်းနေခဲ့ကြလေသည်။
လီနန်ခယ့်ထွက်လာသည်ကို မြင်သောအခါ ချန်းမင်က ငွေစက္ကူတစ်ချို့နှင့် ညိုမှောင်သောကျောက်စိမ်းပြားတစ်ခုကို အိတ်ထဲမှထုတ်ယူကာ တိတ်တဆိတ်ကမ်းပေးလာသည်။
"ကိုယ်ရေးအရာရှိလီ၊ ဒါက ဆရာတော်က ဘုန်းကြီးကိုပေးခိုင်းလိုက်တာပါ၊ ကျေးဇူးတင်တဲ့လက်ဆောင်လို့ ပြောပါတယ်"
"ဒါကဘာလဲ"
လီနန်ခယ့်က ငွေစက္ကူကို အသာသိမ်းဆည်းလိုက်ပြီး ကျောက်စိမ်းပြားကို စူးစမ်းလိုစိတ်ဖြင့် လှမ်းယူလိုက်သည်။
ချန်းမင်က ဆိုသည်။
"ဆရာတော်ပြောတာကတော့ ဒါက တိမ်တိုက်မြို့တော်မှာရှိတဲ့ တာ့ဖာကျောင်းတော်ရဲ့ သက်သေခံတံဆိပ်ပြားလို့ပြောပါတယ်။ ဒါကိုကိုင်ဆောင်ထားသရွေ့ တာ့ဖာကျောင်းတော်ရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်ဖြစ်လာမှာပါ။ နောင်ကျ အခက်အခဲတစ်ခုခုကြုံရင် အဲဒီကိုသွားပြီး အကူအညီတောင်းလို့ရပါတယ်"
"အဲ့လိုလား ဒါဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ်"
လီနန်ခယ့်က ခပ်ဖွဖွရယ်မောလိုက်ပြီး ဆရာတော်ထံ လက်အုပ်ချီ၍ ဂါရဝပြုလိုက်၏။
ဆရာတော်ကလည်း ပြန်လည်အရိုအသေပေးကာ လှည့်ထွက်သွားတော့သည်။
ချန်းမင်ကလည်း သူတို့နောက်သို့ အလျင်အမြန် လိုက်ပါသွားခဲ့၏။
တဖြည်းဖြည်းဝေးကွာသွားသော ကျောပြင်များကိုကြည့်ရင်း လီနန်ခယ့် လက်ထဲကကျောက်စိမ်းပြားကို ပြန်ငုံ့ကြည့်ကာ ဆိုလိုက်သည်။
"ဘုန်းကြီးတွေများ တကယ်တွန့်တိုတာပဲ"
"ကိုကိုနန်ခယ့်"
ချိုမြိန်ချွဲပစ်သော အမျိုးသမီးသံတစ်ခုက လီနန်ခယ့်နားထဲသို့ တိုးတိုးလေးကပ်ဝင်လာကာ နေ့ခင်းကြောင်တောင် ပူလောင်လောင်တွင် အမျိုးသားကို အလန့်တကြားတုန်တက်သွားစေ၏။
လီနန်ခယ့် ဘေးသို့ အသံမပြုဘာမပြုရောက်လာသော အမျိုးသမီးကို မျက်နှာတည်ဖြင့်ကြည့်လိုက်သည်။
"ငါမင်းကို မိန်းကလေးမို့ မထိုးဘူးထင်နေလား"
"အိုက်ယား ကိုကိုနန်ခယ့်က လူဆိုးကြီးပါလား"
အမျိုးသမီး၏ ဆွဲဆောင်မှုရှိသောမျက်နှာလေးတွင် စိတ်ကောက်ချင်ဟန်အမူအရာလေး ပေါ်လာသည်။
ထိုအမျိုးသမီးမှာ ထျန်ချုံးဂိုဏ်း၏ ဟယ့်ပန်ကျွင်းဖြစ်ပြီး တုန်းဝမ်ခွင်းကို နှစ်ယောက်အတူဖြုတ်ချပြီးကတည်းက အစအနပင်မကျန် ပျောက်ကွယ်သွားသူဖြစ်၏။
လီနန်ခယ့်မှာ ထိုအမျိုးသမီး တုန်းချီခရိုင်ထဲတွင်ပင် မရှိလောက်တော့ဟု ထင်မှတ်ထားခဲ့သည်။
အခုတော့ ဆိုင်းမဆင့်ဗုံမဆင့် ထပ်ပေါ်လာပြန်လေပြီ။
အရင်ရက်တွေက သူမ စွဲစွဲမြဲမြဲဝတ်တတ်သော သိုင်းဝတ်စုံများနှင့်မတူဘဲ ဒီတစ်ခေါက်တွင် စိမ်းဖန့်ဖန့်ဂါဝန်ရှည်လေးဖြင့် ပေါ်လာခဲ့သည်။ ထက်မြက်သွက်လက်သည့်ဟန်တွင် မိန်းကလေးဆန်ဆန် နူးညံ့ချိုမြိန်မှုပါ ကိန်းအောင်းနေကာ ချစ်စဖွယ်ရှိလှ၏။
"မျက်နှာကြီးကဘာဖြစ်တာလဲ၊ မိန်းမချောလေးတစ်ယောက်ကလာပြီး ကလူကျီစယ်တာကို ရှင်ကမကြိုက်ဘူးပေါ့"
အမျိုးသား၏ ရှုတည်တည်မျက်နှာပေးကိုကြည့်ရင်း ဟယ့်ပန်ကျွင်း မျက်ဆံလှန်လိုက်မိသည်။
လီနန်ခယ့်မေးလိုက်သည်။
"မင်းဘာလို့အခုထိ ထွက်မသွားသေးတာလဲ"
"ဟဲဟဲ ရှင်ကကျွန်မကို အသုံးချလို့ဝပြီဆိုတော့လည်း မြန်မြန်ထွက်သွားစေချင်ပြီပေါ့လေ။ ယောက်ျားတွေအားလုံးဟာ နှလုံးသားမရှိတဲ့လူယုတ်မာတွေချည်းပဲလို့ အမေအမြဲပြောတာ မဆန်းတော့ပါဘူး"
ဟယ့်ပန်ကျွင်းက ခနဲ့လေသည်။
လီနန်ခယ့် သူမကိုလျစ်လျူရှုကာ ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာသည်။
ဟယ့်ပန်ကျွင်းက သူ့နောက်အပြေးလိုက်ပြီး လက်များကိုနောက်သို့ပစ်ကာ သူ့ရှေ့တည့်တည့်မှပိတ်ရပ်လျက် မပြုံးတပြုံးဆို၏။
"ရှင်က အိမ်ကမိန်းမကိုတင်ကြောက်ရတာမဟုတ်ဘဲ ကျွန်မကိုလည်းကြောက်ရသေးတယ်ပေါ့လေ ဟုတ်လား"
အမျိုးသမီးက ခြေဖျားလေးထောက်ကာ နောက်ပြန်လျှောက်နေရင်း ခြေချော်လဲကျမည်ကိုလည်း နည်းနည်းမှမစိုးရိမ်ဟန်ရှိ၏။
မို့မောက်သောရင်အစုံမှာ ယုန်မလေးမုန့်လောက်မကြီးမားသော်ငြား အတော်လေး မျက်စိပသာဒဖြစ်ဖွယ်တော့ရှိသည်ပင်။
သို့သော် ဆွဲဆောင်မှုအရှိဆုံးမှာတော့ ထိုအမျိုးသမီးထံမှ ခံစားရသော တည့်တိုးဆန်သည့် သူရဲကောင်းအရှိန်အဝါတစ်မျိုးပင်ဖြစ်သည်။ ယခုအချိန် ဂါဝန်စိမ်းလေးဝတ်ကာ မည်မျှပင် နူးညံ့ချိုမြိန်ဟန်ဆောင်ထားပါသော်ငြား မျက်နှာသွင်ပြင်နှင့် လှုပ်ရှားမှုဟန်ပန်ကတော့ အလယ်ပိုင်းအမျိုးသမီးများနှင့် တမူကွဲထွက်နေခဲ့သည်သာ။
"ပြော မင်းဘာအကူအညီလိုလို့ ပေါ်လာတာလဲ"
လီနန်ခယ့် အမှန်လည်း ဤအမျိုးသမီးကို နည်းနည်းကြောက်မိသည်။
ဉာဏ်ကောင်းသောလူများကို လှည့်ပတ်စကားကပ်ဖို့ မလွယ်ရသည့်ထဲ သည်တစ်ယောက်က ဉာဏ်ကောင်းရုံပါမက အလောင်းအစားလုပ်ရသည်ကိုလည်း အရူးအမူးစွဲလမ်းသည်လေ။
"ကျွန်မ ဒီရက်ပိုင်းအဖြစ်အပျက်တွေကို ကြားထားသေးတယ်"
အမျိုးသမီး၏မျက်လုံးများက မြေခွေးမတစ်ကောင်အလား လှည့်စားညှို့ယူခြင်းဆီသို့ အသွင်ပြောင်းသွားခဲ့သည်။
"မင်းသမီးရှန်းယွမ် ပျောက်သွားတယ်ဆို"
"မင်းမှာ သဲလွန်စရှိထားလို့လား"
လီနန်ခယ့်က ပြန်မေးသည်။
ဟယ့်ပန်ကျွင်းက သူ့မေးခွန်းကိုမဖြေဘဲ သူ့ဘာသာ တတွတ်တွတ်ပြောဆိုနေ၏။
"တကယ်တော့ မင်းသမီးရှန်းယွမ်လောက်အရေးကြီးတဲ့သူ ပျောက်ဆုံးသွားရင် နန်းမြို့တော်ကတပ်တွေပါ ဆင်းချလာရမှာကို အခုတော့ အရိပ်စောင့်တပ်တွေကိုပါ နေရာရွှေ့ပစ်လိုက်ပြီပေါ့"
"ဧကရာဇ်က စုံစမ်းဖို့ သီးသန့်လူလွှတ်လိုက်လို့ပဲ"
လီနန်ခယ့်က စကားအနှိုက်ခံမနေတော့ဘဲ တည့်တည့်ပြောချလိုက်သည်။
"ရှင့်ကို အဲ့ဒါဘယ်သူပြောတာလဲ"
ဟယ့်ပန်ကျွင်း၏နှုတ်ခမ်းထောင့်လေး ကွေးတက်သွားပြီး ခပ်လှောင်လှောင်ဆိုသည်။
"တပ်မှူးနျဲ့လား"
လီနန်ခယ့်ကဆိုသည်။
"မင်းမှာလည်း အတွင်းလူရှိထားမှာပဲမဟုတ်လား"
""ထျန်ချုံးဂိုဏ်းရဲ့ ထောက်လှမ်းရေးစွမ်းရည်ကို အထင်မသေးပါနဲ့"
ဟယ့်ပန်ကျွင်းက သေးသွယ်သွယ်လက်ချောင်းလေးဖြင့် ပါးပြင်ပေါ်ကဆံနွယ်အချို့ကို နားနောက်သို့ သပ်တင်လိုက်ရာ သူမ၏ လှောင်ပြောင်ဟားတိုက်လိုသောအမူအရာက ပိုမိုထင်ရှားလာသည်။
"အဲဒီဧကရာဇ်အိုကြီးက အဲဒီလောက်ထိမအပါဘူး။ မင်းသမီးရှန်းယွမ်သာ သူ့အတွက် တကယ်အရေးကြီးမယ်ဆိုရင် အရိပ်နက်တပ်ဖွဲ့ခွဲလေးတစ်ဖွဲ့ပဲ လွှတ်နေမှာမဟုတ်ဘူးလေ"
"မင်းပြောနေတာတွေ ငါတစ်ခုမှစိတ်မဝင်စားဘူး"
လီနန်ခယ့် ပုခုံးတွန့်ပြလိုက်သည်။
ဟယ့်ပန်ကျွင်းက ခပ်စစပြုံး၏။
"ရှင်မကြားချင်နားပိတ်ထား၊ ကျွန်မကတော့ဆက်ပြောနေမှာပဲ။ အဲ့ဒီဧကရာဇ်အိုကြီး ဒီလိုလုပ်ရတဲ့အကြောင်းပြချက် နှစ်ခုပဲရှိလိမ့်မယ်"
"ပထမတစ်ခု မင်းသမီးရှန်းယွမ်က သူ့အတွက် အဲ့လောက်အရေးမကြီးလို့"
"ဒါမှမဟုတ် ဒုတိယဖြစ်နိုင်ချေက မင်းသမီးရှန်းယွမ်ရောက်သွားမယ့်နေရာကို ကြိုသိထားပြီး အဲ့ဒါက သူ့အစီအစဥ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေလို့"
ထိုစကားကိုကြားချိန်တွင် လီနန်ခယ့် နှလုံးခုန်သံတစ်ချက်ရပ်သွားခဲ့သည်။
သို့သော် မပြောင်းလဲသောမျက်နှာထားဖြင့်သာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
"လူတိုင်းက မင်းနဲ့ငါလောက် ဉာဏ်ပြေးမနေကြဘူးလေ"
"ဒါပေမဲ့ လူတိုင်းက တုန်းဝမ်ခွင်းလောက်လည်း တုံးအမနေကြပါဘူး"
အမျိုးသမီးက ပက်ခနဲ ပြန်လည်ချေပသည်။
လီနန်ခယ့် ငြိမ်ကျသွားသည်ကိုမြင်တော့ ဟယ့်ပန်ကျွင်းက တည်ကြည်စွာဖြင့် ဆက်ပြောလာသည်။
"'မိုးနီကသေချာပေါက် တော်ဝင်မိသားစုနဲ့ပတ်သက်နေတယ်၊ ပြီးတော့ ဒီလျှို့ဝှက်ချက်ကိုဖွင့်လှစ်နိုင်မယ့် တစ်ခုတည်းသောသော့တံက မင်းသမီးရှန်းယွမ်ပဲ။"
'မင်းသမီးရှန်းယွမ်ရဲ့အလောင်း ဘယ်ကိုရောက်သွားလဲဆိုတာ ကျွန်မ မသိပေမဲ့ ကောလာဟလတွေထဲက သူနဲ့စုလျားရစ်ပတ်မယ့် သချိုင်းလူသားကလေးငယ် တစ်ဖန်ပြန်ပေါ်လာပြီဆိုတာတော့ သေချာတယ်"
"ဧကရာဇ်အိုကြီးရဲ့ အဓိကရည်ရွယ်ချက်က မင်းသမီးကို သတို့သားလောင်းအရှာလွှတ်ချင်တာ"
"တော်ဝင်နန်းတော်ထဲမှာ ထျန်းကန်းမြေမိစ္ဆာတွေလို့ခေါ်တဲ့ အစစ်အမှန်ပညာရှင်တွေ ရှိနေသေးတယ်။ ဧကရာဇ်က အချိန်ကျမှ အဲ့မိစ္ဆာတွေကိုလွှတ်ပြီး မင်းသမီးရဲ့သတို့သားကို နန်းတော်ဆီဖမ်းလာခဲ့ခိုင်းမှာလေ"