ချိုးတော်ရေ
Vol. 20 Ch. 195
ထျန်းကန်းမြေမိစ္ဆာ...
အကြားနှင့်ပင် ခြောက်ခြားဖွယ်ကောင်းသော အမည်နာမကြောင့် လီနန်ခယ့်သည် သူတော့ မကြာခင်မှာပင် အထုပ်ထမ်းထွက်ပြေးရတော့မည်ဟု အာရုံရလိုက်မိ၏။
"အရိပ်နက်တပ်ဖွဲ့တွေကို ဧကရာဇ်အိုကြီးရဲ့ ဓားတစ်လက်လို့ယူဆမယ်ဆိုရင်၊ ထျန်းကန်းမြေမိစ္ဆာတွေကတော့ သူ့ရဲ့ ညာလက်ရုံးလို့ဆိုရမယ်"
ဟယ့်ပန်ကျွင်းက ဆက်ပြောသည်။
"သူတို့ကို ဘယ်သူမှ မမြင်ဖူးကြဘူး၊ ဘယ်လိုပုံပန်းသဏ္ဌာန်ရှိပြီး ဘယ်လောက်အစွမ်းထက်တယ်ဆိုတာလည်း ဘယ်သူမှမသိကြဘူး။ ထျန်းကန်းမြေမိစ္ဆာဆိုတာ လူတစ်ယောက်တည်းလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် အရိပ်နက်တပ်ဖွဲ့တွေလို လျှို့ဝှက်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဧကရာဇ်အိုကြီးက ဇာတ်ကိုနိုင်အောင်ထိန်းဖို့ ကြောက်စရာဇာတ်ကောင်ကို စေလွှတ်လိုက်ပြီဆိုတာပဲ"
"ဒါဆို ထျန်းကန်းမြေမိစ္ဆာတွေက တုန်းချီခရိုင်ကိုလာကြမှာလား"
"တိမ်တိုက်မြို့တော်ဆီသွားဖို့ ပိုဖြစ်နိုင်ချေရှိတယ်။ "
တိမ်တိုက်မြို့တော်ဟုတ်လား။
လီနန်ခယ့်က ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ နားမလည်နိုင်စွာမေးမိသည်။
"မင်းသမီးရှန်းယွမ်က တုန်းချီခရိုင်မှာပျောက်ဆုံးသွားတာလေ၊ သူတို့ကဘာလို့ တုန်းချီခရိုင်ကို တိုက်ရိုက်မလာကြတာလဲ"
"ကျွန်မက ဧကရာဇ်ကြီးမှမဟုတ်တာ၊ အဲ့အထိဘယ်သိမလဲ"
ဟယ့်ပန်ကျွင်းက သူမ၏ ပြည့်အိသောနှုတ်ခမ်းလွှာကို တင်းတင်းစေ့ကာ လှောင်ပြုံးပြုံးလိုက်၏။
"ဒါပေမဲ့ ဒါက ကျွန်မအဖြစ်စေချင်ဆုံးအရာပဲ။ ကျွန်မအဖေ သေဆုံးခဲ့ရတဲ့အဖြစ်ကလည်း ထျန်းကန်းမြေမိစ္ဆာတွေနဲ့ သေချာပေါက်ကိုပက်သက်နေတာ။ ဒီအခွင့်အရေးကိုအသုံးချပြီး သူတို့နဲ့တွေ့ကြည့်ရမယ်"
"မင်းငါ့ကို ဘာလို့ ရုတ်တရက်လာရှာလဲဆိုတာ သဘောပေါက်သွားပြီ"
လီနန်ခယ့် ထိုအမျိုးသမီး၏ရည်ရွယ်ချက်ကို ဒက်ခနဲ နားလည်လိုက်မိသည်။
ဟယ့်ပန်ကျွင်း၏ မက်မွန်ပွင့်ပမာ တင့်တယ်လှပသောမျက်နှာလေးက သူ့မျက်နှာအနားထိကပ်လာပြီး ပြုံးတုံ့တုံ့ဆို၏။
"ညီမလေးက ကိုကိုနန်ခယ့်ကို တုန်းဝမ်ခွင်းကိုဖယ်ရှားဖို့ ကူညီပေးခဲ့တာဆိုတော့ ကိုကိုကလည်း ညီမလေးကို ပြန်မကူညီသင့်ဘူးလား"
ထိုအမျိုးသမီးထံမှ ထွက်ပေါ်နေသော ရေမွှေးနံ့မှာ ပြင်းထန်စူးရှခြင်းမရှိဘဲ ပန်းတစ်ပွင့်အလား သင်းပျံ့နေခဲ့သည်။ လီနန်ခယ့် နောက်သို့တစ်လှမ်းဆုတ်ကာ မေးလိုက်သည်။
"ငါက ဘယ်လို ကူညီရမှာလဲ"
"ကျွန်မကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ ကူညီပေးပါ"
"နားလည်ပြီ"
နှစ်ဦးစလုံးမှာ ချက်ဆို နားခွက်ကမီးတောက်ကြသဖြင့် အသေးစိတ်ဆက်လက်ဆွေးနွေးနေဖို့ မလိုအပ်တော့။
ဟယ့်ပန်ကျွင်း၏ရည်ရွယ်ချက်မှာ လီနန်ခယ့်အား ညကင်းလှည့်အဖွဲ့ချုပ်တွင် ရရှိထားသော လက်ရှိရာထူးနှင့် ဖြန့်ကျက်ထားသောအဆက်အသွယ်များကို အသုံးပြုကာ ထျန်းကန်းမြေမိစ္ဆာများ၏ သွင်ပြင်လက္ခဏာ သို့မဟုတ် သွားလာလှုပ်ရှားမှုများကို တိတ်တဆိတ်စုံစမ်းခိုင်းရန် ဖြစ်သည်။
သူတို့နှစ်ဦးသည် တစ်ယောက်ကအမှောင်ထဲတွင်၊ တစ်ယောက်ကအလင်းထဲတွင် နှစ်ဖက်မျှကာ ပူးပေါင်းလုပ်ဆောင်ကြပြီး အပြန်အလှန်အားဖြည့်ကြမည် ဖြစ်သည်။
"ဒါဆို သဘောတူပြီမလား"
ဟယ့်ပန်ကျွင်းက သူမ၏ ဖြူနုသောလက်ကလေးကိုမြှောက်ကာ ကမ်းလှမ်းချက်ပြီးမြောက်ကြောင်းအနေဖြင့် လက်ဝါးရိုက်ရန်ပြင်လိုက်သည်။
လီနန်ခယ့်ကဆိုသည်။
"ပြဿနာက ငါ့အတွက်တော့ ကျေနပ်စရာမကောင်းသေးဘူးလေ။ ဒီတစ်ခေါက်အပေးအယူက အန္တရာယ်က အရမ်းကြီးလွန်းတယ်၊ ငါ့အသက်ဘေးအထိတောင် စိုးရိမ်ရနိုင်တယ်"
"ဒါဆို ကိုယ်ရေးအရာရှိလီဘက်က မျှတတယ်လို့ ခံစားရအောင် ညီမလေးဘာလုပ်ပေးရမလဲ"
ဟယ့်ပန်ကျွင်း၏မျက်ဝန်းအစုံမှာ ဆောင်းဦးရေကန်ပမာ ဝေဝေဆာဆာလှုပ်ရှားသွားသည်။ သူမ၏ ပါးလွှာသောနှုတ်ခမ်းနီနီလေးက အနည်းငယ်ကွေးညွတ်သွားရာ ညှို့ဓာတ်ကို အားဖြည့်ပေးလိုက်သကဲ့သို့ရှိ၏။ ပါးပြင်ထက်တွင် အရာပေါ်လာသော ပါးချိုင့်လေးနှစ်ဖက်မှာ ရှက်စနိုးဖြင့်ပွင့်လန်းလာသော ပန်းလေးတစ်ပွင့်လား မြှူဆွယ်လွန်းလှသည်။ လူကို လက်ခံချင်သလိုလို ငြင်းပယ်တွန်းလွှတ်ချင်သလိုလို မရေမရာသဘောထားအား ကလိကလိ ခံစားမိစေသည်။
စောစောကပင် ရဲရင့်ပြတ်သားစွာ ကမ်းလှမ်းစီစဥ်နေသော အမျိုးသမီးမှာ မျက်နှာဖုံးအထပ်ထပ်စွပ်ထားသည့် မိစ္ဆာမတစ်ကောင်အလား မြူဆွယ်ညှို့ငင်မှုကို ချက်ချင်းလှစ်ဟပြသလာလေသည်။
လီနန်ခယ့်သည် ထိုအမျိုးသမီးကို အမြဲတမ်းသတိထားဆက်ဆံပါသော်ငြား ဤအခြေအနေတွင်တော့ အတော်လေး ငေးမောမိသွားရ၏။
တကယ်ကို မျက်နှာအဖက်တစ်ရာပါတဲ့ မိစ္ဆာမလေးပါလား။
"ညီမလေးကို အရင်ကူညီပေးပါလား၊ ပြီးမှ ကိုကိုနန်ခယ့်ကို ပြန်အလျော်ပေးမယ်လေ"
ဟယ့်ပန်ကျွင်းက တမင်တကာ နုနယ်သနားစရာကောင်းဟန်ဆောင်ကာ ခပ်နွဲ့နွဲ့ဆိုလိုက်သည်။
လီနန်ခယ့်သည် မသိစိတ်ဖြင့် ခေါင်းညိတ်နာခံမိလုနီးပါး ဖြစ်သွားသော်ငြား ရုတ်ချည်းသတိပြန်ဝင်လာခဲ့သည်။ မိစ္ဆာမလေး၏နဖူးကို သူ လက်ညှိုးဖြင့်ထောက်ကာ တွန်းထုတ်လိုက်ပြီး ဆို၏။
"အဲလိုလှည့်ကွက်တွေ ငါ့အပေါ်လာသုံးလို့မရဘူး။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုရင်တော့ ရတယ်။ မင်းငါ့ကို မိုးနီအရောင်းအဝယ်လုပ်တဲ့ မှောင်ခိုအင်အားစုတချို့ ပြန်စုံစမ်းပေး"
"ဟော၊ ဝန်မင်းလီက ဒီအမျိုးသမီးကို ရုံတော်လက်ပါးစေအဖြစ် အမှုကူညီစုံစမ်းခိုင်းချင်တာလား"
ဟယ့်ပန်ကျွင်း၏မျက်လုံးများက ရုတ်ချည်းအေးစက်သွားပြီး မျက်နှာတစ်ခုလုံး လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်သွားသည်။
လီနန်ခယ့်က ဆိုသည်။
"ငါ့ဘာသာ ဘယ်နေရာမှာသုံးသုံး မင်းစိတ်ပူစရာမလိုဘူး။ တိုတိုပြောရရင် ပူးပေါင်းမလား မပူးပေါင်းဘူးလား တစ်ခုပဲရွေးလိုက်။
ဟယ့်ပန်ကျွင်း၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အမျိုးမျိုးပြောင်းလဲသွားသည်။ ဤအပေးအယူ၏ ကောင်းကျိုးဆိုးပြစ်ကို တွေးတောဆင်ခြင်ပြီးနောက် သူမက ချိုသာစွာပြုံးလိုက်ရင်း ဆို၏။
"ကိုကိုနန်ခယ့်ဘက် လိုလိုလားလားပူးပေါင်းချင်တာဟာ ညီမလေးရဲ့ကံကောင်းခြင်းပါပဲ။ ဒါဆို သဘောတူပြီနော်။ ကျွန်မတို့ရဲ့ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့ဖို့ ဆုတောင်းပါတယ်"
"ချောမွေ့တဲ့ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါစေ" လီနန်ခယ့်က လက်ဝါးကိုမြှောက်လိုက်သည်။
ဖျတ်
သူတို့နှစ်ဦး ကတိပြုသည့်အနေဖြင့် လက်ဝါးချင်းရိုက်လိုက်ကြသည်။
"ဩော်... ဒါနဲ့"
ဟယ့်ပန်ကျွင်းက သူမ၏ခါးမှ မဖွင့်ရသေးသော အရက်ဘူးငယ်လေးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
"ကိုကိုနန်ခယ့်အတွက် လက်ဆောင်လေး။ ဒါက ကျောက်ကပ်ကိုအားရှိစေတဲ့ ဆေးအရက်ပဲ။ ကြည့်ရတာ ကိုကိုနန်ခယ့်ရဲ့ခန္ဓာကိုယ်က နည်းနည်းအားနည်းနေပုံရတယ်"
လီနန်ခယ့်က လေသံအေးအေးဖြင့် မေးလိုက်သည်။
"သိချင်ရင် တည်းခိုခန်းလိုက်မလား"
"ရှင်ကကျွန်မကို ခံနိုင်ရည်ရှိပါ့မလား"
ဟယ့်ပန်ကျွင်းက စိန်ခေါ်လိုသောအကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။
ထိုအမျိုးသား၏မျက်နှာ ညိုမှောင်သွားသည်ကိုမြင်သော် အမျိုးသမီးက ကျေနပ်သွားဟန်ဖြင့် ပုခုံးကိုပုတ်ကာဆိုသည်။
"ကဲပါ၊ ကဲပါ၊ စတာပါ။ ဒီဆေးအရက်ထဲမှာ ကျွန်မက အဆိပ်အမျိုးအစားတစ်ရာလောက်ထည့်ထားတာ။ သောက်လိုက်ရင် သေချာပေါက်သေမှာမို့လို့ လျှောက်မမြည်းကြည့်နဲ့ဦး"
"တကယ်လား"
"ရွှေစင်စစ်ထက်တောင် သေချာသေးတယ်"
ထိုအမျိုးသမီးက အတည်ပေါက်ဆိုလေသည်။
လီနန်ခယ့်က အမျိုးသမီး၏အမူအရာကို ခေတ္တမျှအကဲခတ်ကြည့်လိုက်ပြီး အရက်ဘူးအဆို့ကို ဖွင့်ကာ တစ်ငုံသောက်လိုက်ပြီးနောက် နှုတ်ခမ်းကိုသပ်လျက် ခေါင်းညိတ်ပြလိုက်သည်။
"အရသာ တော်တော်ကောင်းတာပဲ"
ဟယ့်ပန်ကျွင်း ဆွံ့အသွားရသည်။
"ရှင်... ရှင် တကယ်သောက်လိုက်တာလား"
"အင်းလေ၊ အသေခံချင်လို့"
လီနန်ခယ့်က ပုခုံးတွန့်ပြလိုက်၏။
နောက်တစ်စက္ကန့်တွင် အမျိုးသမီးသည် ရုတ်ချည်းပင် ဗိုက်ကိုနှိပ်၍ မနားတမ်း ခွက်ထိုးခွက်လန်အော်ရယ်လေတော့သည်။ ဆံထုံးတွင် အလှဆင်ထားသော စံပယ်ပုလဲကလစ်လေးမှာလည်း ကိုယ်လုံးနှင့်အတူ လှုပ်ခါသွားသဖြင့် နေရောင်အောက်တွင် ပို၍ပင်လင်းလက်တောက်ပနေတော့၏။
"လီနန်ခယ့် ရှင်တော့အလှည့်စားခံလိုက်ရပြီ ဟားဟားဟား"
ဟယ့်ပန်ကျွင်းက အရက်ဘူးကိုလက်ညှိုးထိုးကာ ရယ်မောရင်းဆိုလေသည်။
"ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မဘာပြောခဲ့လဲ။ တစ်နေ့ကျရင် ရှင့်ကို ကျွန်မရဲ့ချိုးရေသောက်စေရမယ်လို့ ပြောခဲ့တယ်မလား။ ဒီအရက်ဘူးထဲကအရက်ကို ကျွန်မ ဘယ်လိုရေမျိုးနဲ့ချက်ထားလဲဆိုတာ ရှင်ခန့်မှန်းကြည့်စမ်း။ ရယ်ရလွန်းလို့ သေတော့မယ်။ လီနန်ခယ့်၊ ရှင်နောက်ဆုံးတော့ တစ်ပွဲရှုံးသွားခဲ့ပြီပဲ"
လီနန်ခယ့်က ရယ်မောအူမြူးနေသောအမျိုးသမီးကို မည်သည့်အမူအရာခံစားချက်မှမပါသောမျက်နှာဖြင့် ငြိမ်သက်စွာ ပြန်ကြည့်နေခဲ့သည်။
ထို့နောက် ခေါင်းကို နောက်သို့မော့လှန်ကာ ပုလင်းထဲရှိ အရက်အားလုံးကို တစ်စက်မကျန် မော့သောက်ချလိုက်တော့သည်။
ဟယ့်ပန်ကျွင်း၏ မျက်နှာထက်မှ အပြုံးများ အေးခဲသွားရသည်။ သူမ ခေတ္တမျှဆွံ့အသွားပြီးနောက် ခပ်ကြောင်ကြောင်ပြောလာ၏။
"ရှင်ကျွန်မကို မယုံဘူးလား။ ဒီတစ်ကြိမ်တော့ ကျွန်မတကယ်မလိမ်ဘူး။ ဒီအရက်က တကယ်ကြီး ကျွန်မရဲ့ချိုးရေနဲ့ချက်ထားတာ"
"ငါယုံပါတယ်။ အဲ့ဒါကြောင့် ပိုအရသာရှိနေတာ"
လီနန်ခယ့်က နှုတ်ခမ်းကိုသပ်လိုက်ပြီး လှည့်ထွက်သွားတော့သည်။
"ရှင်... အကျင့်ပျက်ကောင်"
ဟယ့်ပန်ကျွင်း၏ ပါးပြင်နုနုလေးမှာ ဒေါသကြောင့် စိမ်းပုပ်ပုပ်ပင်ဖြစ်သွားရသည်။
ထိုအမျိုးသား ခပ်အေးအေးထွက်ခွာသွားသည်ကို ကြည့်ရင်း သူမ၏မျက်နှာထက် အပြုံးတောက်တောက်လေး ပြန်လည်ထင်ဟပ်လာကာ ခပ်မဲ့မဲ့ကြိမ်းဝါးလိုက်သည်။
"ဒီမမလေးရဲ့ မြင့်မြတ်တဲ့ချိုးရေကို သောက်ဖို့မှန်းချင်သေးတယ်ဟုတ်လား။ အိပ်မက်မက်နေလိုက်"
ဤတိုတောင်းလှသော မိနစ်အနည်းငယ်အတွင်း ဉာဏ်ကြီးရှင်နှစ်ဦးသည် စိတ်ကူးဖြင့် ဉာဏ်စမ်းတိုက်ပွဲပေါင်းရှစ်ရာကျော် ဆင်နွှဲခဲ့ကြလေသတည်း။